မိုးမြေမူလစွမ်းအား
Vol. 52 Ch. 570
ကောင်းကင်တာအို စိတ်ဝိညာဉ်ရဲ့ စကားကို ကြားလိုက်ရပေမဲ့ ချုံရှီလိုင်ဟာ မျက်နှာတစ်ချက် မပျက်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကို တော်တော်လေး အထင်အမြင် သေးသွားပါတယ် ‘မင်းက ငါ့ကို သူငယ်နှပ်စားလေးများ မှတ်နေတာလား...’
ချုံရှီလိုင်ရဲ့ မျက်လုံးထဲမှာ ကောင်းကင်တာအို စိတ်ဝိညာဉ်ရဲ့ နည်းလမ်းကို ပြက်လုံးတစ်ခုလိုပါပဲ။ သူ ရည်ရွယ်ချက်ကလည်း အထင်ရှားကြီးပါ။ ဦးနှောက်ခြောက်ခံပြီး ခန့်မှန်းနေစရာတောင် မလိုပါဘူး။
ကောင်းကင်တာအို စိတ်ဝိညာဉ်က ပြောလိုက်ပါတယ် “ဟန်ကျွယ်သားရဲ့ ကျင့်ကြံမှုက ပိုပိုအားကောင်းလားပြီ၊ သူက ယီတျန်ကိုတောင် မီနေပြီ၊ ဒီအတိုင်းဆက်သွားရင် အနာဂတ်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာလိမ်မယ်၊ မင်း တာအိုဘိုးဘေးရဲ့ ကိုယ်ပွားကို မရခင် ဟန်ကျွယ်ကို မရင်ဆိုင်ရဲဘူးဆိုရင်တောင် သူ့သားကို ရှင်းပစ်ဖို့ နည်းလမ်းရှာသင့်တယ်”
“ငါ နည်းလမ်းရှာလိုက်မယ်”
ချုံရှီလိုင်ဟာ မျက်လုံးမှိတ်ပြီး တာအိုပေါင်းစပ်တာကို ဆက်လုပ်ပါတယ်။
ကောင်းကင်တာအို စိတ်ဝိညာဉ်ဟာ ဘာမှထပ်မပြောတော့ဘဲ ခန်းမထဲကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
သတ်ဖြတ်ခြင်း တာအိုတံဆိပ်ကို ရရှိပြီးနောက် ဟန်ကျွယ်ဟာ အပြင်ထွက်ပြီး လျှောက်မသွားပါဘူး။ တာအိုဘုံကျောင်းထဲမှာပဲ ဆက်နေပြီး ကျင့်ကြံတာကို အာရုံစိုက်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပြီး မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ် ၂,၀၀၀ ကြာသွားပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ကျိုးဖန်သည် အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာပါပြီ။]
ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချပြီး စာစောင်တွေကို ထပ်ကြည့်လိုက်တဲ့အခါ ကျိုးဖန်နဲ့ ပတ်သက်တဲ့ တခြားစာစောင်တွေကို သွားတွေ့ပါတယ်။ ဆက်တိုက် သေတာနဲ့ ဆက်တိုက် ပြန်ရှင်တာကလွဲရင် ကျိုးဖန်ဟာ အခွင့်အရေးတချို့လည်း ရလိုက်ပါသေးတယ်။
[သင့်တပည့် ကျိုးဖန်သည် သုခဘုံငရဲ ကံတရား အထောက်အပံ့နှင့် ပေါင်းစပ်မိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တပည့် ကျိုးဖန်သည် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်ပါးအား သုံးသပ်နားလည်သွား၏။]
‘တကယ် အထင်ကြီးဖို့ကောင်းတာပဲ... ဇာတ်လိုက်လို့ မပြောရဘူး...’ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ကျိုးဖန်က ပဋိပက္ခမြို့ကို ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ်။
ကျိုးဖန်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကိုတောင် ရောက်ရှိနေပါပြီ။ ကျိုးဖန်ဟာ ဘေးဒုက္ခကနေ အကျိုးအမြတ်ရပြီး တာအိုအရှင်သခင်ကိုတောင် ယှဉ်နိုင်သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို ကြည့်လိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ စုချီရဲ့ လှုံ့ဆော်မှုကြောင့် နေ့တိုင်း ဂူအောင်းကျင့်ကြံပြီး အရူးအမူး ကျင့်ကြံအားထုတ်ပါတယ်။ တာအိုအရှင်သခင်ကလည်း ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်နဲ့ တဖြည်းဖြည်း ပိုနီးကပ်လာပါပြီ။
ဟန်ကျွယ် ဒီဟာနဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်အားရပါတယ်။ အတိတ်မှာတုန်းက တာအိုအရှင်သခင်ဟာ ကျိုးဖန်ထပ် ပိုပြီးတော့ ထင်ရာစိုင်းခဲ့တာပါ။ အခုလိုမျိုး နေ့တိုင်း အရူးအမူး ဂူအောင်းကျင့်ကြံနိုင်တာက တာအိုအရှင်သခင်အတွက် ကောင်းတဲ့ကိစ္စတစ်ခုပါ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်က တပည့်တွေကို ဆက်ကြည့်လိုက်ပြီး နေရာကနေ ရုတ်တရက်ထကာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်မှာ ဖွားခနဲ ပေါ်လာပါတယ်။
တပည့်တွေဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့တွေကို လျစ်လျူရှုပြီး ဖူစန်းသစ်ပင်ကို ကြည့်လိုက်ပါတယ်။
ဖူစန်းသစ်ပင်ဟာ ခန့်ညားထည်ဝါတုန်းရှိပြီး အလွန်တရာ တည်ငြိမ်ပုံပေါ်က ဘာမှထူးဆန်းတာ မရှိပါဘူး။ ဒါပေမဲ့ ဖူစန်းသစ်ပင်က အချိန်-အာကာသ ဝဲကတော့ ရာချီကနေလာတဲ့ ထူးဆန်းတဲ့စွမ်းအားတစ်မျိုးကို စုပ်ယူနေတာ ဟန်ကျွယ် ခံစားမိပါတယ်။
ဟန်ကျွယ်က အသံလွှင့်ပြီး မေးလိုက်ပါတယ် “မင်း ဘာလုပ်နေတာလဲ”
“ဟင်...” ဖူစန်းသစ်ပင်ဟာ မုန့်ခိုးစားတာ လူမိသွားတဲ့ ကလေးသူငယ်လိုမျိုး အထိတ်တလန့် ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အနီးအနားမှာရှိတဲ့တပည့်တွေကို အဝေးရွှေ့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အရံအတားတစ်ခု တည်ဆောက်ပြီး ဖူစန်းသစ်ပင်တစ်ဦးတည်းကိုပဲ မေးခွန်းထုတ်လိုက်ပါတယ်။
ဖူစန်းသစ်ပင်ရဲ့ လုပ်ဆောင်ချက်က ရာချီတဲ့ကမ္ဘာဆီ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ တည်နေရာကို ပေးလိုက်သလိုပါပဲ။ အရေးအကြီးဆုံးက ဟန်ကျွယ်ကို ဘာမှမပြောတာပါ။
ကြောက်လန့်သွားတဲ့ ဖူစန်းသစ်ပင်ဟာ ချက်ချင်းပဲ ပြန်ရှင်းပြပါတယ် “သူတို့စွမ်းအားကို ကျွန်တော် စုပ်ယူရင် ကျွန်တော် ပိုပြီး စွမ်အားကြီးလာတယ်လို့ ခံစားရလို့ပါ၊ အဲဒါကြောင့် ကျွန်တော် သူတို့ စွမ်းအားကို စုပ်ယူနေတာပါ... ကျွန်တော် လုပ်ရပ်က တစ်ခုခု မှားနေလို့လား”
“ငါမင်းကို တည်နေရာ မပေါ်စေနဲ့လို့ ပြောထားတယ်မလား”
“မပေါ်စေပါဘူး၊ ကျွန်တော်က စွမ်းအားလေးပဲ စုပ်ယူတာပါ”
“ကမ္ဘာစွမ်းအားက မင်းဆီကို ထိုးလာနေတာ... အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက စွမ်းအား ဘယ်ဘက်သွားတယ်ဆိုတာကိုတောင် မခံစားနိုင်ဘူးလို့ ထင်နေတာလား”
“ကျွန်တော်...”
“ငါ့ကို ဘာလို့မပြောတလဲ”
“ကျွန်တော် အသွင်ပြောင်းချင်တယ်... ဒါပေမဲ့ သခင်ကမှ ကျွန်တော်ကို အသွင်မပြောင်းစေချင်တာ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါက မင်းကို အသွင်မပြောင်းစေချင်တာ မဟုတ်ဘူး၊ မင်း ကောင်းကင်တာအို နတ်သစ်ပင်လေ၊ ကောင်းကင်တာအိုက မင်းကို အသွင်ပြောင်းဖို့ ခွင့်မပြုထားဘူး”
ဟန်ကျွယ်က အမှန်ပြောတာပါ။ အခုအချိန် တာအိုစက်ကွင်းထဲမှာ စိတ်ဝိညာဉ်ချီတွေ ပြည့်နှက်နေတဲ့အတွက် ဖူစန်းသစ်ပင်ကို ထပ်ပြီးတော့ မလိုအပ်တော့ပါဘူး။
ဖူစန်းသစ်ပင်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ဒါဆိုလည်း ကျွန်တော် ရပ်လိုက်မယ်”
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို တာအိုပညာရှိအာရုံနဲ့ ထိုးဖောက်ပြီး ဖူစန်းသစ်ပင် စုပ်ယူထားတဲ့ စွမ်းအားကို စစ်ဆေးလိုက်ပါတယ်။ ဖူစန်းသစ်ပင် စုပ်ယူထားတဲ့ စွမ်းအားက ကံတရား အထောက်အပံ့နဲ့ ဆင်တူသလို ကုသိုလ်ကံနဲ့လည်း ဆင်တူပါတယ်။ ဒါပေမဲ့ အတိအကျပြောဖို့ ခက်ပါတယ်။
ဒါက ဟန်ကျွယ် ဒီလိုစွမ်းအားမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ အားကောင်းပေမဲ့ မကြမ်းတမ်းပါဘူး။ ဖူစန်းသစ်ပင်ထဲမှာ ရေပူစမ်းတွေ တရစပ် ထွက်ပေါ်နေသလိုပါပဲ။ ဟန်ကျွယ်လည်း ခေါင်းခြောက်ခံပြီး စဉ်းစားမနေဘဲ စနစ်ကို မေးလိုက်ပါတယ် “ဒါ ဘယ်လိုစွမ်းအားမျိုးလဲ”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မိုးမြေမူလ: ကိုယ်ပိုင်နိယာမရှိသော နေရာတွင်သာ ပေါ်ပေါက်လာနိုင်သည့် ရင်းမြစ်စွမ်းအား ဖြစ်သည်။ မိုးမြေမူလ ကုန်ဆုံးအောင် စုပ်ယူခဲ့ရလျှင် ထိုစုပ်ယူခဲ့ရသော ကမ္ဘာ ပြိုလဲလိမ့်မည်။]
‘ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား...’ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ဖူစန်းသစ်ပင်က နတ်သစ်ပင် မဟုတ်ဘဲ မိစ္ဆာသစ်ပင်လို့ ခံစားလိုက်ရပါတယ် ‘ဒီကမ္ဘာရာချီသာ မိုးမြေမူလစွမ်းအား ကုန်ခမ်းအောင် စုပ်ယူခဲ့ရရင် သက်ရှိတွေ ဘယ်လောက်တောင် သေကျေပျက်စီးကြမလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ နေလယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်အောက်မှာ ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ရဲ့ အမူအရာကို မမြင်တွေ့နိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ် တိတ်ဆိတ်သွားတာနဲ့ ဖူစန်းသစ်ပင်ဟာ စိတ်လေးသွားပါတယ်။ ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ကို အကြောက်ဆုံးပါ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင် မသိမသာ တုန်ခါနေတာကို တွေ့လိုက်ရတဲ့အတွက် စိတ်ပျော့သွားပါတယ် “တရှီကျဲ့ကမ္ဘာကလွဲရင် ကျန်တဲ့ကမ္ဘာတွေက စွမ်းအားကို စုပ်ယူလို့ရတယ်၊ ဒါပေမဲ့ အလွန်အကျွံ မစုပ်ယူမိစေနဲ့၊ သူတို့တွေ အချိန်ကြာကြာ တည်ရှိလေလေ မင်းအတွက် အကျိုးအမြတ် ဖြစ်ထွန်းလေလေပဲ”
တရှီကျဲ့ကမ္ဘာမှာ အမှောင်ဘုရင် တာအိုပညာရှိ ရှိနေတာကြောင့် ဖူစန်းသစ်ပင်သာ တရှီကျဲ့ကမ္ဘာရဲ့ မိုးမြေမူလစွမ်းအားကို စုပ်ယူရင် အမှောင်ဘုရင် တာအိုပညာရှိက ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကို အလွယ်တကူ ရှာတွေ့နိုင်မှာပါ။
ဟန်ကျွယ်ရဲ့ စကားကြောင့် ဖူစန်းသစ်ပင်ဟာ ပျော်ရွှင်သွားပါတယ် “မစိုးရိမ်ပါနဲ့၊ ကျွန်တော် အန္တရာယ်ကို အာရုံခံနိုင်ပါတယ်၊ ကျွန်တော် တစ်ခါမှာ တရှီကျဲ့ကမ္ဘာရဲ့ စွမ်းအားကို မစုပ်ယူဖူးဘူး”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး အရံအတားကို ဖျက်လိုက်ပါတယ်။ အဲဒီနောက် လှည့်ထွက်သွားပါတယ်။ တာအိုဘုံကျောင်းကို ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ငါတပည့်တွေတောင် ကြီးပြင်းလာကြပြီ၊ ကိုယ်ပိုင်အတွေးတွေ ကိုယ်ပိုင်အမြင်တွေ ကိုယ်ပိုင်ခံယူချက်တွေ ရှိလာပြီ၊ အချိန်ကုန်တာ တကယ်မြန်တာပဲ၊ သစ်ပင်တောင် ကိုယ်ပိုင် အတွေးအမြင် ရှိနေပြီ...’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့တပည့်တွေရဲ့ မျက်နှာသာပေးမှုက လျော့ကျမသွားတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[လီမုယဲ့သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
‘ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... နောက်ထပ် အကူအညီ တောင်းအုန်းမလို့လား...’
ဟန်ကျွယ်ဟာ ငြင်းဆန်ချင်ပေမဲ့ အရင်နားထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လီမုယဲ့ပြောမှာက အရေးကြီး သတင်းအချက်အလက်လည်း ဖြစ်နိုင်ချေရှိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အိပ်မက်ထဲကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ အိပ်မက်နယ်မြေက တာအိုစက်ကွင်းတစ်ခု ဖြစ်ပြီး သုခဘုံလိုမျိုး တောက်ပလှပါတယ်။
လီမုယဲ့ဟာ ဟန်ကျွယ်ရှေ့ ရောက်လာပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... မတွေ့ရတာ အတော်ကြာပြီနော်၊ ကျင့်ကြံတာ ဘယ်လိုနေလဲ”
ဟန်ကျွယ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်ပါတယ် “အဆင်ပြေပါတယ်၊ ငါ့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ”
“ကောင်းကင်တာအိုက အသိဉာဏ်ရှိလာပြီ၊ ဒါက မဟာတာအို အနန္တကပ်ဘေးရဲ့ နိမိတ်ပဲ” လီမုယဲ့ဟာ သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်လေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို သိပြီးသားမို့ အံအားသင့်ခြင်း မရှိပါဘူး။
လီမုယဲ့က ဆက်ပြောပါတယ် “ကောင်းကင်တာအို တရားမျှတတာက ခံစားချက်မရှိလို့၊ ခံစားချက်မရှိလို့ သူ့ရှေ့မှာ သက်ရှိအားလုံးက ညီတူမျှတူ ဖြစ်နေတာ၊ ဥပမာပေးရရင် ကောင်းကင်တာအိုမှာ အသိဉာဏ် ရှိလာတာနဲ့ လောဘလည်း ရှိလာနိုင်တယ်၊ ဒီလိုဆိုရင် မျှော်လင့်ထားလို့မရတဲ့ ကပ်ဘေးတွေ ဖြစ်ပေါ်လာနိုင်တယ်၊ အရင်ကပ်ဘေးတွေမှာတုန်းက ငါတို့တာအိုပညာရှိတွေ ပူးပေါင်းပြီး ရန်သူကို နှိမ်နင်းလို့ရပေမဲ့ အခုတစ်ခါက ကောင်းကင်တာအိုဖြစ်နေတော့ ငါတို့တွေ ရှင်းလို့ရမှာ မဟုတ်ဘူး၊ ဒီကိစ္စက တော်တော်ဒုက္ခများလိမ့်မယ်”
“ဒါဆို မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ”
“တာအိုရောင်းရင်းဟန်က ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုအရယူထားတာဆိုတော့ ကောင်းကင်တာအို ထိန်းချုပ်တာကို မခံရဘူး၊ ကောင်းကင်တာအိုကို မထိခိုက်ဘဲ ကောင်းကင်တာအိုရဲ့ အသိဉာဏ်ကို ဖျက်ဆီးလို့ရတဲ့ နည်းလမ်း မရှိဘူးလား”
“မင်း အတွေးလွန်နေပြီ၊ ကောင်းကင်တာအိုကိုကို ပန်ကူးနတ်ဘုရားက ဖန်တီးပြီး တာအိုဘိုးဘေးက ထပ်မံတည်ဆောက်ထားတာ၊ ငါလို့ လူအယောက် တစ်သောင်းပေါင်းရင်တောင် ကောင်းကင်တာအိုကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို ဘိုးဘေးရှီတျန်ဆီသွားပြီး အကူအညီ တောင်းပေးပါလား”
“ဘိုးဘေးရှီတျန်က ပြန်လာပြီလား”
“ဟုတ်တယ် ပြန်လာပြီ”
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် “ငါနဲ့ ဘိုးဘေးရှီတျန်ရဲ့ ဆက်ဆံရေးက သာမန်ပဲ၊ ဘယ်လိုလုပ်ပြီး ဖျောင်းဖျလို့ရမှာလဲ၊ တခြားတစ်ယောက်ကိုသာ အကူအညီ သွားတောင်းလိုက်ပါ”
ဘိုးဘေးရှီတျန်က စွမ်းအားကြီးလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်နဲ့ မတွေ့ချင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။