ကောင်းကင်ဘုံသို့တိုင် တာအိုဟောကြားခြင်း
Vol. 53 Ch. 579
“ဘယ်လို ဆန်းကြယ်စွမ်းအားလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။ လှုပ်လှုပ်ရှားရှား မဖြစ်စေဘဲ ချုံရှီလိုင်ကို ဒဏ်ရာရစေနိုင်တဲ့ ဒီဆန်းကြယ်စွမ်းအားက သာမန်တော့ မဖြစ်နိုင်ပါဘူး။ ချုံခိုတိုက်ခိုက်ဖို့ တော်တော်အသုံးဝင်တဲ့ ဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်နိုင်ပါတယ်။
ချုံရှီလိုင်က ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ဒီဆန်းကြယ်စွမ်းအားက အိပ်မက်နဲ့ ဆင်တူတယ်၊ ဒါပေမဲ့ အိပ်မက်လည်း မဟုတ်ဘူး၊ ကျွန်တော့်ကို တခြားနေရာတစ်ခုထဲ ဆွဲသွင်းပြီး တိုက်ခိုက်တာ၊ အဲဒီနေရာထဲမှာ ကျွန်တော်ခံစားခဲ့ရတဲ့ ထိခိုက်မှုမှန်သမျှက ကျွန်တော်ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဆီကို အကုန်လုံး ရောက်လာတယ်”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “အဲဒီနေရာမှာ မင်း သူ့ကို ခုခံနိုင်လား”
“ခုခံနိုင်ပါတယ်၊ ဒါပေမဲ့ စည်းတချို့တော့ ရှိတယ်”
“ကောင်းကင်အရှင်ရွှမ်တုက မင်းကို တစ်ခုခု ပြောသေးလား”
“ဘာမှမပြောပါဘူး၊ သူက ဆရာကို ရန်မစချင်တဲ့ပုံပဲ၊ ဆရာနာမည်ကိုတောင် မပြောဘူး”
“အင်း... တစ်ခုခုရှိလာတာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့”
“ကျွန်တော် နားလည်ပါပြီ”
ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ ထွက်ခွာသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ရုတ်တရက် ခုန်ထွက်ကာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ လီမုယဲ့ရဲ့ တာအိုစက်ကွင်းရှေ့မှာရပ်ပြီး ကောင်းကင်အရှင်ရွှမ်တုရဲ့ ကျင့်ကြံမှုကို ပုံတူကူးလိုက်ပါတယ်။
“တာအိုရောင်းရင်း... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ” ကောင်းကင်အရှင်ရွှမ်တုရဲ့ တည်ငြိမ်လှတဲ့ လေသံဟာ တာအိုစက်ကွင်းထဲကနေ ထွက်ပေါ်လာပါတယ်။
“လမ်းကြုံတာပါ၊ ကျွန်တော် စီနီယာရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်တော့ဘူး” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ပထမတော့ သတိကြီးကြီးထားနေပေမဲ့ ဟန်ကျွယ်က သူ့စီနီယာလို့ ခေါ်လိုက်တဲ့အတွက် မျက်နှာနည်းနည်း ပြေလျော့သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ လီမုယဲ့ရဲ့ ကြောင်သူတော် ကြွက်သူခိုး အကျင့်ကို မကြိုက်ပါဘူး။ အခြေအနေကို နားလည်ပြီးနောက်မှာ လီမုယဲ့က သေသင့်တယ်လို့ ကောင်းကင်အရှင်ရွှမ်တု ခံစားခဲ့ရပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်က ရွမ်လိန့်ကျောင်းတော်နဲ့ ရင်ဆိုင်တဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို အလိုလို ရန်သူအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ အခုကြည့်ရတာတော့ ဟန်ကျွယ်က ရန်သူဖြစ်ပုံ မပေါ်ပါဘူး။
‘ဒီကောင် တကယ်ပဲ လမ်းကြုံတာလား... မဖြစ်နိုင်ဘူး... သူက ငါ့ကျင့်ကြံမှုကို စစ်ဆေးပြီး မနိုင်မှန်းသိလို့ ပြန်ဆုတ်သွားတာလား...’ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပြီး သူ့အတွေးက ဖြစ်နိုင်ချေများတယ်လို့ ခံစားလိုက်ရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ နဂိုကတည်းက ကောင်းကင်တာအိုကို လာချင်တာ မဟုတ်ပါဘူ။ ကျင့်ကြံတာကိုပဲ အချိန်ပေးချင်တာပါ။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကိုပြန်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ကာ ကောင်းကင်အရှင်ရွှမ်တုကို စိန်ခေါ်တိုက်ခိုက်ပါတယ်။ အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို သတ်နိုင်သွားပါတယ်။
ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်ရဲ့ ဆန်းကြယ်စွမ်းအားက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ၊ ငါရဲ့သိစိတ်ကို တခြားနေရာဆီ ဆွဲသွင်းနိုင်တယ်’
ဟုတ်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ရဲ့ သိစိတ်ကို တခြားနေရာတစ်ခုကို ဆွဲထည့်လိုက်ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ ကွဲကြေနတ်ဘီလူးရဲ့ စွမ်းအားကိုသုံးပြီး အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့နေရာကို တစ်စစီ လုပ်ပစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။
‘မဖြစ်သေးဘူး... အသက်ရှူကြိမ်ဆယ်ကြိမ်က ကြာလွန်းတယ်... ဒီကောင့်မှာသာ စစ်ကူရှိနေရင် ငါ ကျိန်းသေပေါက်နိုင်ဖို့ မလွယ်ဘူး၊ ငါ့အသက်တောင် အန္တရာယ်ပြန်ရှိနိုင်တယ်’
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆက်တိုက်ပြီး ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက်တည်းသတ်ဖို့ နည်းလမ်း ရှာဖွေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုကလည်း ကောင်းကင်တာအို ပညာရှိ ထိပ်ဆုံးအဆင့်ဆိုတဲ့အတိုင် တကယ်ကို စွမ်းအားကြီးလွန်းပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်အရှင်ဝူဖာလိုမျိုး ကျင့်ကြံမှု ဖိနှိပ်ခံလိုက်ရတာလို့တောင် သံသယ ဝင်သွားပါတယ်။ ကောင်းကင်အရှင်ဝူဖာက ကောင်းကင်တာအိုထဲဝင်ဖို့အတွက် သူ့ရဲ့ လွတ်လပ်တာအိုပညာရှိအဆင့်ကို ဖိနှိပ်ခဲ့တာ မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုပညာရှိ ဖြစ်နေပါပြီ။ အကြိမ်များစွာ စမ်းသပ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက်တည်း ဘယ်လိုသတ်ရမလဲဆိုတာ ရှာတွေ့သွားပါတယ်။
တိုက်ပွဲစစချင်း ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ်တဲ့ ပညာရပ်နဲ့ အစောင့်အရှောက် နတ်ဘီလူးနဲ့ အရံအတား နတ်ဘီလူးကို ပေါင်းစပ်ပြီး ကောင်းကင်အရှင်ရွှမ်တုရဲ့ အထူးဆန်းကြယ်စွမ်းအားကို ဟန့်တားလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။
တာအိုပညာရှိတစ်ပါးအနေနဲ့ ဟန်ကျွယ်ဟာ ကိစ္စတော်တော်များများကို ရုတ်ခြည်း လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက်တည်း ဘယ်လိုသတ်ရမလဲဆိုတာ သိသွားတာကြောင့် စိတ်ပေါ့ပြီး လန်းဆန်းသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုက သူ့ကို ရန်လာမစရင် သွားတိုက်ဖို့ စိတ်ကူး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်အရှင်ရွှမ်တုကို သတ်လိုက်ရင် သူ့ထက်ပိုအဆင့်မြင့်တဲ့ တည်ရှိမှုကို ဆွဲဆောင်သွားမှာမို့လိုပါ။ ဟန်ကျွယ်ဟာ ရန်သူ့ကို သတ်ပြီး အဆင့်မတက်ချင်ပါဘူး။ အဲဒါက ပင်ပန်းလွန်းပါတယ်။
ဟန်ကျွယ် ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ဇွေတျန် လာလည်ပြန်ပါတယ်။ ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအချိန်ကို နားလည်နေပါပြီ။ ဟန်ကျွယ်ဟာ အချိန်အများစုမှာ နှစ်တစ်ထောင်တိုင်း ဂူအောင်းကျင့်ကြံမှုကို အဆုံးသတ်လေ့ရှိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို ဝင်ခွင့်ပြုလိုက်ပါတယ်။ အရင်လိုပဲ ဟန်ဇွေတျန်ဟာ ကျင့်ကြံမှုဆက်မတိုးတော့တဲ့ သက်ရှိတွေစာရင်းကို လာတင်ပြတာပါ။ ဒီတစ်ကြိမ်မှာတော့ အင်မော်တယ်ဧကရာဇ် ၈,၀၀၀ ဟာ ကျင့်ကြံမှု ထပ်မတိုးနိုင်တော့ပါဘူး။
ဧကရာဇ်အဆင့်ကို နှစ်တစ်သောင်းအတွင်း ရောက်နိုင်တာက အရည်အချင်းရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုနဲ့ ဟန်ကျွယ်ရဲ့ မကြာခဏ တာအိုဟောကြားတာကိုပါ ထည့်တွက်ဖို့ လိုပါတယ်။
“ဆရာဘိုးဘိုး... သူတို့ကို ဒီတစ်ခါလည်း မိုးကောင်းကင်မျိုးနွယ်စုထဲ ဝင်ခိုင်းမှာလား” ဟန်ဇွေတျန်က မေးလိုက်ပါတယ်။
“မင်းမှာ အကြံတစ်ခုခု ရှိလို့လား”
ဟန်ကျွယ်ဟာ ဟန်ဇွေတျန် ဒီလိုမေးပြီဆိုကတည်း အကြံတစ်ခုခုရှိနေမှန်း သိလိုက်ပါတယ်။
“ကျွန်တော် အနန္တကမ္ဘာမြင်ကွင်းကနေ သိရသလောက် မိုးကောင်းကင်မျိုးနွယ်စု အင်မော်တယ်ကမ္ဘာကို အုပ်စိုးနိုင်နေပြီ၊ ကျွန်တော်တို့ တိတ်ဆိတ်ဂိုဏ်းရဲ့ အကူအညီကို ထပ်ပြီး မလိုတော့ဘူး၊ ကျွန်တော်တို့တွေ မိုးကောင်းကင်မျိုးနွယ်စုကို ဒီထက်အင်အားကြီးလာအောင် ကူညီလိုက်ရင် မကောင်းလောက်ဘူးထင်တယ်၊ မိုးကောင်းကင်မျိုးနွယ်စုက အင်အားကြီးလွန်းရင် ကျန်တဲ့အင်အားစုတွေက ပူးပေါင်းပြီး တိုက်ခိုက်လိမ့်မယ်၊ နောက်ပြီး မိုးကောင်းကင်မျိုးနွယ်စု အတွင်းမှာလည်း ပြဿနာတွေ ပေါ်လာနိုင်တယ်၊ ကျွန်တော်တို့ လွှတ်ထားတဲ့ အမည်ခံတပည့်တွေကလည်း စိတ်မပြောင်းဘူးလို့ မပြောနိုင်ဘူး”
ဟန်ကျွယ်ဟာ ဟန်ဇွေတျန်စကားကြောင့် အံအားသင့်သွားပါတယ် ‘ဒီကောင်လေးက တိတ်ဆိတ်ဂိုဏ်းမှာ အမြဲတမ်းနေပေမဲ့ လူတွေရဲ့ နှလုံးသားကိုတော့ ထိုးဖောက်မြင်နိုင်သားပဲ... ဒါက သူ့ရဲ့ အရည်အချင်းများလား...’
“အဲဒီတော့ မင်းက ဘယ်လိုလုပ်မှာလဲ”
“ပထမဆုံး စေလွှတ်လိုက်တဲ့ အမည်ခံတပည့်တွေလိုမျိုး သူတို့ကို ကမ္ဘာအသီးသီးဆီ စေလွှတ်လိုက်ပါ၊ နောက်ပြီး သူတို့ထဲက ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ပြီး အနန္တကမ္ဘာမြင်ကွင်းထဲ ဆွဲထည့်လိုက်မယ်၊ ဒီလိုဆိုရင် ကျွန်တော်တို့တွေ သူတို့နဲ့ အချိန်မရွေး ဆက်သွယ်လို့ပြီ”
“ကောင်းပြီလေ... မင်းဘာသာ ကြည့်စီစဉ်လိုက်”
“ကျေးဇူးပါပဲ ဆရာဘိုးဘိုး...” ဟန်ဇွေတျန်ဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စကားက သူ့အဆင့်အတန်းကို မြင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ကျင့်ကြံဖို့ပဲသိတဲ့ တခြားတပည့်တွေထက်စာရင် ဟန်ဇွေတျန်ဟာ ဟန်ကျွယ်အတွက် ကိစ္စအများကြီးကို စီမံဆောင်ရွက်ပေးနိုင်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ဇွေတျန်ဟာ အင်မော်တယ်ဧကရာဇ် ရှစ်ထောင်ထဲကနေ ခေါင်းဆောင်ရှစ်ဦး ရွေးချယ်ပြီး ကိုယ်ပိုင်တပည့်တွေဆီမှာ တပည့်ခံစေပါတယ်။ ဒီလိုနည်းနဲ့ ခေါင်းဆောင်ရှစ်ဦးဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်လို့ ယူဆလို့ရသွားပါပြီ။
ဟန်ကျွယ်ကလည်း ဒီခေါင်းဆောင်ရှစ်ဦးကို အနန္တကမ္ဘာမြင်ကွင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက် ဖူစန်းသစ်ပင်ဟာ အင်မော်တယ်ရှစ်ထောင်ကို ရှစ်အုပ်စုခွဲကာ ကမ္ဘာအသီးသီးကို ပို့လိုက်ပါတယ်။ ဒါကြောင့် အခုဆိုရင် တိတ်ဆိတ်ဂိုဏ်း ကောင်းကင်တာအို အပြင်ဘက်ကို စေလွှတ်တာက အုပ်စုကိုးစု ရှိသွားပါပြီ။
ကနဦး ထွက်ခွာသွားတဲ့ အင်မော်တယ်ဧကရာဇ်တွေက သူတို့ရောက်ရာကမ္ဘာမှာ အခြေတည်ပြီး အားကောင်းတဲ့ ဂိုဏ်းတွေကို တည်ထောင်ထားကြပါတယ်။ သူတို့ရဲ့ ကံတရား အထောက်အပံ့ကလည်း ဒီရေလား တိုးတက်လို့နေပါတယ်။
ဖူစန်းသစ်ပင်ဟာ ဒီအတောအတွင်း သေမျိုးကမ္ဘာတချို့ကိုလည်း ဆက်သွယ်မိထားပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာတွေက လေ့လာစူးစမ်းဖို့ မတန်ဘူးလို့ ယူဆထားပါတယ်။
ကောင်းကင်တာအို အပြင်ဘက်မှာရှိတဲ့ ကမ္ဘာတွေက တာအိုပညာရှိတွေ တာအိုပညာရှိအတုတွေနဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေ ဖန်တီးထားတာပါ။ ကမ္ဘာရဲ့ အင်အားကလည်း ဖန်တီးသူရဲ့ ကျင့်ကြံမှုအဆင့်အတန်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ကမ္ဘာတွေ မရှိတာတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ကောင်းကင်တာအိုက မမီပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုအပြင်ဘက်မှာ ကမ္ဘာတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။
စီစဉ်စရာရှိတာ အကုန်လုံး စီစဉ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ထပ်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ အသက်တစ်သိန်းမပြည့်ခင် လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကိုရောက်ဖို့ ရည်စူးထားပါတယ်။ ဒါမှသာ ဟန်ကျွယ်ဟာ လွတ်လပ်တာအိုပညာရှိအဆင့်ကို မျှော်ကြည့်နိုင်မှာပါ။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ မဟာအန္တိမခန်းမ။
တခြားတာအိုပညာရှိ စက်ကွင်းတွေနဲ့ မတူတာက မဟာအန္တိမခန်းမရဲ့ ပတ်ဝန်းကျင်ကို မြူခိုးတွေ အုပ်စိုင်းနေတာပါ။ တစ်ချက်ကြည့်ရုံနဲ့ လျှိုဝှက်ဆန်းကြယ်တယ်လို့ ခံစားရစေပါတယ်။
ခန်းမထဲမှာ ဘိုးဘေးရှီတျန်၊ ခုနစ်ပါးတာအိုပညာရှိ၊ ကျောက်စိမ်းဗောဓိနဲ့ သိကျွင်းတို့ စုဝေးနေကြပါတယ်။
သိကျွင်းက စနောက်လိုက်ပါတယ် “ငါ မင်းရဲ့ နိဗ္ဗာမဟာတာအိုကို လက်ခံလိုက်မယ်၊ ဒီမဟာတာအိုနဲ့ဆိုရင် ငါ့ဆီမှာ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုရယူနိုင်တဲ့ တာအိုပညာရှိ လေးငါးဆယ်ပါးလောက် ရှိလာနိုင်တယ်”
ခုနစ်ပါးတာအိုပညာရှိက နှာခေါင်းရှုံ့လိုက်ပါတယ် “ဟန်ကျွယ်က တကယ်ကို မရိုးရှင်ဘူး၊ သူ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါး ရှိနေတယ်လို့ ငါ သံသယ ဝင်မိတယ်”
ဘိုးဘေးရှီတျန်ဟာ ခေါင်းခါလိုက်ပါတယ်။
“ဒီကောင်လေး လောကဦးနတ်ဘီလူး မဟုတ်ရင် ဘာမှမဖြစ်ဘူး” ကျောက်စိမ်းဗောဓိက တဟားဟားနဲ့ ဝင်ပြောလိုက်ပါတယ်။
ခုနစ်ပါးတာအိုပညာရှိက မေးလိုက်ပါတယ် “မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ”
ကျောက်စိမ်းဗောဓိက ပြောလိုက်ပါတယ် “လောကဦးနတ်ဘီလူးက ပဋိပက္ခဆီကို ကပ်ဘေးဒုက္ခတွေ ယူဆောင်လာမှာ၊ တာအိုဘိုးဘေးရဲ့ တွက်ချက်မှုအရ လောကဦးနတ်ဘီလူးက ပဋိပက္ခနတ်ဘီလူးတွေကို တက်နင်ပြီး အင်အားကြီးလာမှာ၊ ဟန်ကျွယ်က အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ၊ သူ လှုပ်ရှားတာကလည်း မဖြစ်မနေမှ လှုပ်ရှားတာ၊ သူက လောကဦးနတ်ဘီလူးနဲ့ မတူဘူး၊ ပဋိပက္ခနတ်ဘီလူးနဲ့ ပိုတူတယ်၊ တာအိုရောင်းရှင်းရှီတျန်ရဲ့ စကားအရ ဒီကောင်လေးက ပဋိပက္ခနတ်ဘီလူး ဓမ္မရုပ်တုတွေကို သုံးတယ်ဆိုပဲ”
ခုနစ်ပါး တာအိုပညာရှိဟာ တိတ်ဆိတ်သွားပါတယ်။
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “ဒီအတောအတွင်း အမှောင်းတားမြစ်နယ်မြေထဲမှာရှိတဲ့ ကောင်တွေက ဂနာမငြိမ် ဖြစ်နေတယ်၊ မင်းတို့တွေ သူတို့နဲ့ ဝေးဝေးနေပြီး အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို ကာကွယ်ကြအုန်း၊ ကျောက်စိမ်းဗောဓိ... မင်းလည်း အမှောင်တားမြစ်နယ်မြေကို ပိုအာရုံစိုက်အုန်း၊ အင်မော်တယ်ကမ္ဘာနဲ့ အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို စိုက်ကြည့်မနေနဲ့၊ ဗုဒ္ဓဂိုဏ်းက စွမ်းအားကြီးနေပြီပဲ၊ ဒီထက်ပိုပြီး အစီအစဉ်တွေဆွဲဖို့ မလိုတော့ပါဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။