ရှန်နန်းတော် ပြန်တည်ထောင်ခြင်း
Vol. 54 Ch. 583
ကျန်းကူရှင်း စကားပြောပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ ဟန်ထော်နဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ရှန်နန်းတော်ထဲ ဝင်ချင်တာကို ဟန်ကျွယ်က လိုက်တားမှာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကြက်ဥတွေအကုန်လုံးကို ခြင်းတစ်လုံးထဲမှာ ထည့်ထားမှာတော့ မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာရဲ့ အဓိကအင်အားစုအကုန်လုံးမှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေရှိနေရင် အနာဂတ်မှာ သူတို့တွေ ရှင်သန်ဖို့ ပိုလွယ်ကူမှာပါ။
အခုအချိန်မှာ ဟန်ကျွယ်က စွမ်းအားကြီးပြီး တိတ်ဆိတ်ဂိုဏ်းက ပြိုင်ဘက်ကင်းတယ်လို့ ထင်ရပေမဲ့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ။ အင်အားကြီးလှပါတယ်ဆိုတဲ့ တာအိုဂိုဏ်းတောင် နောက်ဆုံးမှာ ကျောင်းတော်သုံးကျောင်းအဖြစ် ပြိုကွဲခဲ့တာပဲ မဟုတ်ပါလား။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တာအိုပညာရှိတွေကို ဖျောင်းဖျဖို့ ငါကူညီမယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် ကျန်းကူရှင်းဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုပါတယ်။ အရင်တုန်းက ဟန်ကျွယ်လည်း သူ့ကို ဒီလိုမျိုး ကျေးဇူးတင်ခဲ့တာ မဟုတ်ပါလား။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး မေးလိုက်ပါတယ် “ဟန်ထော်က သူဘယ်သူလဲဆိုတာကို မသိသေးဘူး၊ ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားလဲ”
“ဒီအတိုင်းပဲ ဆက်နေ၊ ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ်”
“ဟုတ်ကဲ့ပါ”
ဟန်ကျွယ်ဟ လက်ဝှေ့ယမ်းပြီး ကျန်းကူရှင်းကို အပြင်ဘက် ပြန်ရွှေ့လိုက်ပါတယ်။ ကျန်းကူရှင်း တာအိုဘုံကျောင်းထဲမှာ ဆက်နေမယ်ဆိုရင် နှစ်ယောက်စလုံးကို အနေရခက်စေမှာပါ။
နှစ်ပေါင်းတစ်သောင်းက အရာတော်တော်များများကို ပြောင်းလဲဖို့ လုံလောက်ပါတယ်။ အနည်ဆုံး ဟန်ကျွယ်နဲ့ ကျန်းကူရှင်းကြားက ဆက်ဆံရေးဟာ အရင်ကလောက် မလေးနက်တော့ပါဘူး။ ဟန်ကျွယ်ဟာ အတိတ်ကို ပြန်ပြောင်းတွေးချင်စိတ် မရှိသလို ကျန်းကူရှင်းကလည်း စကားဆက်ပြောချင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ ဒါက ခါးသီးတဲ့ အမှန်တရားတစ်ခု မဟုတ်ပါလား။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်လာပြီးနောက် ကျန်းကူရှင်းဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ကျန်းကူရှင်းဟာ မချိပြုံးပြုံးလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “တာအိုပညာရှိရဲ့ စွမ်းအားက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ”
ဟန်ကျွယ်ရှေ့မှာ ထိုင်ရတာက ကျန်းကူရှင်းအတွက် အရမ်းကို စိတ်ဖိအားများပါတယ်။ ဟန်ကျွယ်ကို ကြည့်လိုက်တိုင်း သူ့နှလုံးခုန်နှုန်း မြန်သွားတာချည်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ကြားက ကွာခြားချက်ဟာ ကြီးမားလွန်းတဲ့အတွက် ကျန်းကူရှင်းဟာ သူ့တာအိုနှလုံးသားကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်တာပါ။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က သူ့တောင်းဆိုချက်ကို သဘောတူခဲ့ပါပြီ။ ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို ကောင်းကောင်းကြီး သိပါတယ်။ ဟန်ကျွယ်က ကတိကို လွယ်လွယ်မပေးတက်ပါဘူး။ ပေးပြီးဆိုကတည်းက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိလို့ပါ။
အတိတ်ကို ပြန်တွေးရင် ကျန်းကူရှင်းဟာ သက်ပြင်းချလိုက်ပါတယ်။ ပြဒါးငှက်ကြောင့် သေမျိုးကမ္ဘာမှာ ပိတ်မိပြီး ဘုံပျံမတက်ရဲတဲ့ လူငယ်လေးဟာ အခုတော့ သက်ရှိအားလုံး လေးစားရတဲ့ တာအိုပညာရှိတစ်ပါး ဖြစ်လာခဲ့ပါပြီ။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းက ထက်မြက်တယ်လို့ မတွေးပါဘူး။ ဘယ်လောက်ပဲ အရည်အချင်း ကောင်းပါစေ နှစ်သောင်းချီအတွင်း တာအိုပညာရှိဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာကို ဆင်းသက်ပြီး လေ့ကျင့်တဲ့ တာအိုပညာရှိတစ်ပါးပဲလို့ ကျန်းကူရှင်းက ယူဆလိုက်ပါတယ်။
‘ငါ့လက်ထက်မှာ ရှန်နန်းတော်က အရင်ရှန်နန်းတော်တွေထက် ကျော်တက်စေရမယ်’ ကျန်းကူရှင်းဟာ ပြင်းပြစွာတောက်လောင်တဲ့ ဆန္ဒနဲ့ မိုးကုပ်စက်ဝိုင်းဆီ ပျံသန်းသွားပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဟန်ကျွယ်ကို မျက်နှာသာပေးလိုတဲ့အတွက် သဘောတူကြောင်း ချက်ချင်း ပြန်ပြောပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်လည်း တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ စကားနည်းနည်းပါးပါး ထပ်ပြောပြီး တာအိုဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။
အိပ်မက် ပြီးဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးမသားက တော်တော် အရှက်မရှိတာပဲ၊ ဒီကိစ္စနဲ့ ငါ သူ့ကို အကြွေးတစ်ခု တင်သွားပြီ’
ဘာပဲဖြစ်ဖြစ် တောင်ဘက်စွန်း ကောင်းကင်အရှင်သာ သူ့ကို မဆန့်ကျင်ဘူးဆိုရင် ဟန်ကျွယ်ဟာ သည်းခံနိုင်ပါတယ်။
နှစ် ၈၀ ကြာပြီးနောက်။
“ငါ ကျန်းကူရှင်းက ရှေးဆရာသခင်တို့ရဲ့ လမ်းစဉ်ကို လိုက်နာပြီး ရှန်နန်းတော်ကို ပြန်တည်ထောင်တယ်၊ အနန္တကမ္ဘာမှာရှိတဲ့ အရည်အချင်း ထက်မြက်တဲ့သူမှန်သမျှ ရှန်နန်းတော်ထဲကို ဝင်နိုင်တယ်၊ ရှန်နန်းတော်က အရည်အချင်းအပေါ်ပဲ မူတည်ပြီး အဆင့်အတန်းကို သတ်မှတ်တယ်၊ ပါရမီရှင်တွေအတွက် လုံးဝမျှတတဲ့ ဂိုဏ်းတစ်ခုကို ငါ ဖန်တီးမယ်၊ ငါဟာ ငါ့အစွမ်းအစကိုသုံးပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်မယ်”
ကျန်းကူရှင်းရဲ့ အသံဟာ အင်မော်တယ်ကမ္ဘာကို ပဲ့တင်ထပ်သွားပေမဲ့ သိပ်ပြီးတော့ အာရုံစိုက်မခံရပါဘူး။ နာမည်ရှိ မျိုးနွယ်စု ပေါ်လာပြီးကတည်းက ကံတရားအထောက်အပံ့ဂိုဏ်း တည်ထောင်ကြတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းဟာ အကြောင်းတစ်ခုခုပြပြီး သူတို့နာမည်ကို အင်မော်တယ်ကမ္ဘာကို ကြော်ငြာကြတဲ့ လူချည်းပါပဲ။
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ထော်နဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ရှန်နန်းတော်ထဲ ဝင်သွားပြီဆိုတာကို သိလိုက်ရပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ကျယ်ကျောင်းတော် ဂိုဏ်းချုပ် ကျင်းတျန်ကုန်းနဲ့ နတ်ဆိုးသူတော်စင် ယီတျန်တို့လည်း ရှန်နန်းတော်ထဲ ဝင်သွားကြပါတယ်။
လက်ရှိ ရှန်နန်းတော်မှာ တပည့်တစ်သောင်းကျော် ရှိပြီး ကျင်းတျန်ကုန်းနဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကလွဲရင် ကောင်းကင်ဘဝဂ်ကျင့်ကြံသူ တစ်ယောက်မှ မရှိပါဘူး။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ဟန်ယွီဘက် လှည့်လိုက်ပါတယ်။
ဟန်ယွီဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို ရရှိပြီးကတည်းက ကျင့်ကြံမှုတွေ တစ်နေ့တစ်ခြား တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ထော်နဲ့ ယှဉ်ရင်တော့ သူ့အရည်အချင်းက နိမ့်ကျလွန်းတယ်လို့ ပြောလို့ရပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် ဟန်ကျွယ်ရဲ့ အကူအညီမပါဘဲ နတ်မင်းအဆင့်ရောက်ဖို့က မျှော်လင့်ချက် မရှိပါဘူး။
တကယ်လည်း ဟန်ကျွယ်ဟာ အများကြီး မမျှော်လင့်ထားပါဘူး။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ကျင့်ကြံခြင်းနှစ်တွေမှာ ပျော်စရာတစ်ခု ရှာချင်ရုံပါ။ ဟန်ကျွယ် တကယ်မျှော်လင့်တာက ဟန်ထော်ပါ။ ဟန်ကျွယ်ဟာ ဟန်ထော်က လောကဦးနတ်ဘီလူးအသွင် ပြောင်းလဲလာဖို့ မျှော်လင့်ထားပါတယ်။
ဟန်ယွီဟာ တောင်ကြားထဲမှာ ဂူအောင်းကျင့်ကြံနေတုန်းပါ။ ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ရှုပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
တိမ်ပင်လယ်ထက်မှာ နန်းဆောင်တွေ တစ်ဆောင်ပြီးတစ်ဆောင် တည်ရှိနေပါတယ်။ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ သွားချည်လာချည် ရှိနေပြီး တချို့ကတော့ မန္တန်သုံးကာ နန်းဆောင်တွေကို ဖန်တီးနေပါတယ်။
ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ ဟန်ထော်ဟာ နန်းတော်တံခါးတစ်ခုရှေ့မှာ ရပ်နေပြီး ပုံမှန်တိုးတက်လာတဲ့ ရှန်နန်းတော်ကို ကြည့်ရင်း သက်ပြင်းချလိုက်ပါတယ်။
အချိန်အကြာကြီး ကျင့်ကြံအားထုတ်ပြီးတဲ့ နောက်မှာတော့ ဟန်ထော်ဟာ နေစရာတစ်ခု ရှာတွေ့သွားပါပြီ။ ရှန်နန်းတော်ဟာ အသစ်တည်ထောင်ခါစ အင်အားစုတစ်ခုဖြစ်ပြီး ဟန်ထော်ဟာ ပင်မအဖွဲ့ဝင်ထဲမှာ ပါဝင်တာမို့ ရှန်နန်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တခြားခေါင်းဆောင်တွေနဲ့ယှဉ်ရင် သူက အားအနည်းဆုံး ဆိုတာကို ဟန်ထော် သိပါတယ်။
အသစ်ရောက်လာတဲ့ ကျင်းတျန်ကုန်းက သူ့ကို သံသယဝင်တဲ့အတွက် ယီတျန်က ကျင်းတျန်ကုန်းကို တိုက်ခိုက်လုနီးနီးပါပဲ။ ကံကောင်းထောက်မစွာပဲ ကျန်းကူရှင်းနဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သူ့ကို ထောက်ပံ့ပေးတဲ့အတွက် ဒီကိစ္စက အဲဒီနေရာမှာတင် အဆုံးသတ်သွားတာပါ။
တစ်ယောက်ယောက်က သူ့ကို သံသယဝင်တာကို ဟန်ထော် စိတ်မဆိုးပါဘူး။ အဲဒီအစား ဟန်ထော်ကို ပိုပြီးတော့ လှုံ့ဆော်ပေးလိုက်ပါတယ်။
ရှန်နန်းတော် တပည့်တွေကို တစ်ခဏ ကြည့်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့အခန်းထဲ ပြန်ဝင်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ကော်ဇောပေါ်မှာထိုင်ရင်း ဟန်ထော်ဟာ မျက်လုံးမှိတ်လိုက်ပါတယ်။ ရုတ်တရက် ဟန်ထော်ဟာ အိပ်မက်တစ်ခုထဲကို ဆွဲသွင်းခံလိုက်ရပါတယ်။
ဒီနေရာက တောအုပ်တစ်အုပ်ဖြစ်ပြီး သူ့ရှေ့မှာ နတ်အလင်းရောင်တွေ ဖြာထွက်နေတဲ့ ရုပ်သွင်တစ်ခု မတ်တတ်ရပ်နေပါတယ်။
ဟန်ထော်ဟာ လန့်သွားပါတယ် ‘ဘာဖြစ်သွားတာလဲ၊ ဘာဖြစ်လို့ ငါ သတိမထားမိရတာလဲ’ ဟန်ထော်ဟာ တစ်ဖက်လူကို သတိကြီးစွာ စိုက်ကြည့်ရင်း ခပ်တိုးတိုး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
နတ်အလင်းတန်းတွေ ဖြာထွက်နေတဲ့ရုပ်သွင်က ဟန်ကျွယ်ပါ။ ဟန်ကျွယ်ဟာ သိမ်မွေ့နူးညံတဲ့အသံနဲ့ မေးလိုက်ပါတယ် “မင်းကိုကြည့်ရတာ ဆန္ဒမပြည့်ဝပုံပဲ၊ မင်းရဲ့ ကျင့်ကြံမှုကို သဘောမကျဘူးထင်တယ်၊ ငါမင်းကို တာအိုကျင့်စဉ်တစ်ခု သင်ပေးမယ်၊ ဒါပေမဲ့ မင်းတန်ကြေးတစ်ခုတော့ ပေးဆပ်ရလိမ့်မယ်၊ ဘယ်လိုလဲ ဆန္ဒရှိရဲ့လား...”
ဟန်ထော်ဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ထော်ရဲ့ ပထမဆုံး တုံ့ပြန်မှုက ငြင်းဆန်ချင်တာပါ။ ဒါပေမဲ့ တစ်ဖက်လူက အရမ်းစွမ်းအားကြီးတဲ့အတွက် သူ့ကိုဒုက္ခပေးချင်ရင် ဒီလိုမျိုး အပိုတွေ လုပ်နေမှာမဟုတ်ဘူးလို့ တွေးမိလိုက်ပါတယ်။
“ကျွန်တော် ဘာလုပ်ဖို့ လိုအပ်လဲ၊ ခင်ဗျား ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း ကျွန်တော် မသိသေးဘူး၊ ကျွန်တော် ဘာဖြစ်လို့ ခင်ဗျားကို ယုံကြည်ရမှာလဲ”
“အရင်တုန်းက မင်းငါ့ကို လာရှာဖူးတယ်လေ”
“ကျွန်တော် ခင်ဗျားကို လာရှာဖူးတယ်”
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီးနောက် အတွေးနက်သွားပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို နှလုံးလှုပ်သွားပါတယ် “ခင်ဗျားက တိတ်ဆိတ်ဂိုဏ်းချုပ်လား...”
“ဒီကိစ္စက လူသိလို့မရဘူး၊ ငါ မင်းကို တာအိုကျင့်စဉ်တစ်ခု သင်ပေးမယ်၊ မင်က ငါ့အတွက် ကိစ္စတစ်ခု ဆောင်ရွက်ပေးရမယ်၊ မင်း အသက်ရှင်မရှင်ကတော့ မင်း ဘယ်လောက်ကြိုးစားလဲ အပေါ်ပဲ မူတည်တယ်၊ မင်းသာ စွမ်းအားကြီးမယ်ဆိုရင် ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ် မင်းခြေထောက်အောက် ရောက်ရမှာပဲ”
ဟန်ကျွယ်ရဲ့ လေသံက ညှို့ဓာတ်အပြည့်ပါပဲ။ ဟန်ထော်ဟာ တစ်ဖန်ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။
ဟန်ထော်နေရာမှာ ဟန်ကျွယ်သာဆိုရင် ကျိန်းသေပေါက် ငြင်းမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ထော် ဘယ်လိုရွေးမလဲဆိုတာကို သိချင်ပါသေးတယ်။ တကယ်တော့ ဟန်ကျွယ်ဟာ ဒီကိစ္စကို စနစ်နဲ့ တွက်ချက်လို့ရပေမဲ့ မတွက်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကိုယ်တိုင်က အဖြေစောင့်ချင်နေတာပါ။
“ကျွန်တော် သဘောတူတယ်” ဟန်ထော်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။
“ကျွန်တော်ရဲ့ အရည်အချင်းက အရမ်းထက်မြက်တယ်ဆိုတာကို ကျွန်တော် သိတယ်၊ ဒါပေမဲ့ မလုံလောက်သေးဘူး၊ အရည်အချင်းယှဉ်ရင် ကျွန်တော်က ယီတျန်ကို မမီဘူး၊ ကျင့်ကြံမှုမှာဆိုရင်လည်း ကျင်းတျန်ကုန်းကို မမီဘူး၊ ကျွန်တော် အခွင့်အရေးကြီးတစ်ခုကို လိုအပ်တယ်၊ စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော်ကို စီနီယာရဲ့ တာအိုကျင့်စဉ် သင်ကြားပေးပါ”
“ကောင်းပြီ”
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ အန္တိမမူလမဟာတာအိုကို စတင်ဟောကြားလိုက်ပါတယ်။
တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော် တစ်ယောက်တည်းကို နှစ်တစ်ရာကြာအောင် တာအိုဟောကြားပြီး အန္တိမမူလ မဟာတာအိုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအကြောင်းကြောင့် ဒီနောက်ပိုင်း ဟန်ထော်ရဲ့ ကျင့်ကြံမှုက ဒီရေအလား တိုးတက်လာမှာ ကျိန်းသေပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ သွေးစည်း ဖိနှိပ်မှုကိုလည်း လျှော့ပေါ့ပြီး ဟန်ထော်ရဲ့ အရည်အချင်းကို ထပ်တိုးသွားစေပါတယ်။
ကျင်းတျန်ကုန်းက သူ့ယုံကြည်သူ ဆိုပေမဲ့ ဟန်ထော်ကို ဖိအားပေးနေတာကို မတားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော်က ဖိအားတွေ ရင်ဆိုင်ရမှသာ ဆက်တိုက် တိုးတက်နေမှာ မဟုတ်ပါလား။
တကယ်လို့ သူသေကိုယ်သေ ရန်ငြိုးရှိလာခဲ့ရင်လည်း ဟန်ကျွယ်က ရှေ့ထွက်ပြီး ဖြေရှင်းပေးမှာပါ။ ဟန်ကျွယ် မျက်လုံးထဲမှာ ကျင်းတျန်ကုန်းက ပိုပြီးတော့ သဘောကျလာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။