← Chapters

လီရွှမ်အောက်၏ ရည်မှန်းချက်၊ ကျယ်ကျောင်းတော်၏ အင်အား

Vol. 54 Ch. 584

လီရွှမ်အောက်၏ ရည်မှန်းချက်၊ ကျယ်ကျောင်းတော်၏ အင်အား

Vol. 54 Ch. 584

ရှန်နန်းတော် ပြန်တည်ထောင်ခါစက သက်ရှိတွေဟာ အထင်အမြင်သေးကြပါတယ်။ ဒါပေမဲ့ နှစ်တစ်ထောင်အတွင်းမှာပဲ ရှန်နန်းတော်ဟာ သူ့အင်အားကို ပြသလာပါတော့တယ်။

လျှို့ဝှက်နယ်မြေအသီးသီးမှာ အကောင်းစားရတနာအတွက် တိုက်ခိုက်ကြလို့ရှိရင် ရှန်နန်းတော်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို မျက်စိကျစရာ ကောင်းပါတယ်။ အဆင့်တူရင် ရှန်နန်းတော် တပည့်တွေကို အနိုင်ယူနိုင်တဲ့ ကျင့်ကြံသူက ရှားပါတယ်။

ရှန်နန်းတော်ရဲ့ ဂုဏ်သတင်းက ပိုကြီးလာလေလေ ပါရမီရှင်တွေ ပိုဝင်ရောက်လာလေလေပါပဲ။

ဒီအတောအတွင်း ဟန်ထော်ကတော့ ဂူအောင်းကျင့်ကြံနေပါတယ်။

ကျင်းတျန်ကုန်းကတော့ ဟန်ထော်ကို ပိုပြီးတော့ မကျေမနပ် ဖြစ်လာပါတယ်။ အဓိကမကျေနပ်တဲ့ အကြောင်းရင်းက ရှန်နန်းတော်အတွက် ဘာအကျိုးမှ မဆောင်လို့ပါ။ ဒါပေမဲ့ ကျန်းကူရှင်းက ဟန်ထော်ကို မျက်နှာသာပေးတဲ့အတွက် ကျင်းတျန်ကုန်းလည်း ဘာမှမတက်နိုင်ပါဘူး။

ကျင်းတျန်ကုန်းက တာအိုပညာရှိအတုဆိုပေမဲ့ ကျယ်ကျောင်းတော်ကို သစ္စာဖောက်ခဲ့တာကြောင့် ရှန်နန်းတော်ကလွဲရင် တခြားဘယ်နေရာမှ သွားစရာ မရှိပါဘူး။

မျက်တောင်တစ်ခတ်အတွင်း နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်လာပြီး တိတ်ဆိတ်ဂိုဏ်းသားတွေကို တာအိုစတင် ဟောကြားပါတယ်။ အရင်လိုပဲ ဟန်ကျွယ်ဟာ နှစ်တစ်ရာကြာအောင် တာအိုဟောကြား ပါတယ်။

တာအိုဟောကြားပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တာအိုဘုံကျောင်းဆီ ခေါ်သွားပါတယ်။

လွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လီရွှမ်အောက် ပြန်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တာအိုဟောကြားနေတာကို မဖျက်ချင်တဲ့အတွက် ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ရွှေ့ပြီး ဘာမှမပြောခဲ့ပါဘူး။ လီရွှမ်အောက်ကလည်း ပါးနပ်သူမို့ တာအိုစက်ကွင်းထဲ ရောက်တယ်ဆိုရင်ပဲ တာအိုဟောကြားတာကို နားထောင်ပြီး ဘယ်သူ့ကို မနှောင့်ယှက်ပါဘူး။

လီရွှမ်အောက်ဟာ ရုတ်တရက် နိုးလာပြီး ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဒူးထောက်လိုက်ပါတယ်။

“မင်း ဘာဖြစ်လို့ ပြန်လာတာလဲ”

ဟန်ကျွယ်ရဲ့ အမေးကို လီရွှမ်အောက်က ပြန်ဖြေပါတယ် “မိုးကောင်းကင်မျိုးနွယ်စုက တည်ငြိမ်သွာပြီ၊ ကျွန်တော် သူတို့ကို ထပ်ပြီးတော့ ကူညီစရာ မလိုတော့ဘူး၊ ဒါကြောင့် ကျွန်တော် ကျင့်ကြံမှု တိုးတက်အောင် ပြန်လာပြီး ကျင့်ကြံအားထုတ်တာ၊ ကျွန်တော် စွမ်းအားကြီးလာရင် ဂိုဏ်းချုပ်အတွက် ပိုပြီးတော့ အလုပ်လုပ်နိုင်တာပေါ့”

ဟန်ကျွယ်ဟာ ဘာမှပြန်မပြောဘဲ လီရွှမ်အောက်ကို စိုက်ကြည့်လိုက်ပါတယ်။

လီရွှမ်အောက်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ဆိုပေမဲ့ ဟန်ကျွယ်ရဲ့ အကြည့်ကို ရင်ဆိုင်ရတဲ့အခါမှာ အပြစ်ရှိသလို ခံစားလိုက်ရပါတယ်။

“ရတယ်၊ မင်းရဲ့ အရည်အချင်းက လီတောက်ခုံးကို မမီဘူးဆိုပေမဲ့ မင်းက တခြားနေရာတွေမှာ သူ့ထက် အရည်အချင်း ပိုရှိတယ်၊ ငါကလည်း အဲဒီလိုလူမျိုးကို လိုအပ်နေတာ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ အတွင်းရေးကိစ္စတွေကို မင်း စီမံရလိမ့်မယ်”

ဟန်ကျွယ်ရဲ့ စကားကြောင့် လီရွှမ်အောက်ဟာ ဝမ်းသာသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ လီရွှမ်အောက်ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ လီရွှမ်အောက်လည်း ပြုံးပြုံးပျော်ပျော်နဲ့ တာအိုဘုံကျောင်းထဲက ထွက်လာပါတယ်။

မိုးကောင်းကင်မျိုးနွယ်စုမှာ အချိန်အကြာကြီး နေပြီးနောက် လီရွှမ်အောက်ဟာ အဓိပ္ပာယ်မရှိတော့သလို ခံစားခဲ့ရပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုက လျင်မြန်စွာ အင်အားကြီးထွားလာပေမဲ့ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဟန်ကျွယ် ရှိနေတာကို လီရွှမ်အောက် သိပါတယ်။

လီရွှမ်အောက်ဟာ ဟန်ကျွယ်ဘေးမှာနေပြီး ကောင်းကင်တာအို ကျားခုံကို အမြင့်ကနေ စီးကြည့်ချင်တာပါ။ ဟန်ကျွယ်ရဲ့ အမြင်က အင်မော်တယ်ကမ္ဘာနဲ့တင် ရပ်တန့်မနေဘူးလို့ လီရွှမ်အောက် ယုံကြည်ထားပါတယ်။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်နေပါတယ်။ တချို့က တိုက်ခိုက်ခံရပြီး တချို့က အခွင့်အရေးတွေ ရကြပါတယ်။ တချို့ကတော့ ဆန်းကြယ်စွမ်းအားတွေကို သင်ယူ တတ်မြောက်သွားကြပါတယ်။ လူအမျိုးမျိုး ကိစ္စမျိုးစုံမို့ ဟန်ကျွယ်ဟာ စိတ်ဝင်တစား လိုက်ဖတ်ပါတယ်။

ဒီအချိန်မှာပဲ...

“ငါက ရွမ်လိန့်ကျောင်းတော်ရဲ့ ကောင်းကင်အရှင်ရွှမ်တုပဲ၊ နှစ်သုံးရာကြာရင် ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမမှာ ငါ တာအိုဟောကြားမယ်၊ သက်ရှိအားလုံးကို တာအို လာနားထောင်နိုင်တယ်”

ကောင်းကင်အရှင် ရွှမ်တုက စလှုပ်ရှားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက်တည်း သတ်နိုင်တာမို့ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်းလျန်ကို ကြည့်လိုက်ပါတယ်။ ဖန်းလျန်ဟာ တာအိုဘိုဘေးနဲ့ ပေါင်းစပ်နေတုန်းပါ။ ဖန်းလျန်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကို ထိပ်ဆုံးအဆင့်ကို ရောက်သွားပြီမို့ တကယ်ကို ယုတ္တိမဲ့လွန်းပါတယ်။

ကောင်းကင်တာအိုရဲ့ မူလစွမ်းအားက တကယ်ကို အထင်ကြီးဖို့ကောင်းတာပါ။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ခေါင်းထဲကို အကြံအစည်ကြီးတစ်ခု ဝင်လာပါတယ် “ငါ ဖန်းလျန်ကို လောကဦး ကောင်းကင်ထောင်ထဲမှာ ချုပ်နှောင်ရင် တာအိုဘိုးဘေးက သတိထားမိပြီး ငါ့ကို တားမှာလား”

[တာအိုဘိုဘေးသည် တာအိုစက်ကွင်း၏ အကန့်အသတ်ထက် ကျော်လွန်သောကြောင့် ကျိန်းသေပေါက် အာရုံခံမိလိမ့်မည်။ တားမည် မတားမည်ကိုတော့ စနစ်အနေဖြင့် မတွက်ချက်နိုင်ပါ။]

ဟန်ကျွယ်လည်း မတက်နိုင်ဘဲ လက်လျှော့လိုက်ရပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်အနေနဲ့ တာအိုဘိုဘေးကို ရန်စရဲသေးပါဘူး။

အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဟန်ယွီဆီ ရောက်သွားပါတယ်။ ဟန်ယွီဟာ မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် အဆင့်ကို ရောက်ရှိသွားပါပြီ။ သိပ်မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို ဟန်ယွီကို လုံးဝကို အသွင်ပြောင်းလဲပေးလိုက်တာပါ။ ဒါပေမဲ့ သူ့ဘိုးဘေး ဟန်ထော်နဲ့ ယှဉ်ရင်တော့ နောက်ကောက်ကျနေပါသေးတယ်။

ဟန်ထော်ဟာ ဂူအောင်းကျင့်ကြံနေတုန်းမှာပဲ နတ်မင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ သက်ရှိတွေက ကျင့်စဉ်တွေကို လေ့ကျင့်နေချိန်မှာ ဟန်ထော်က မဟာတာအိုကို ကျင့်ကြံ အားထုတ်နေတာပါ။ သူ့ကျင့်ကြံမှုနည်းလမ်းက တာအိုပညာရှိနဲ့တောင် ယှဉ်နေပါပြီ။ ဒီလိုကျင့်ကြံမှုမျိုးက ဘယ်လိုလုပ်ပြီး မမြန်ဘဲ နေမှာလဲ။

ဟန်ထော်နဲ့ ဟန်ယွီ နှစ်ယောက်စလုံးက ဂူအောင်းကျင့်ကြံနေတဲ့အတွက် ဟန်ကျွယ်ဟာ ဇာတ်ကားကြည့်သလိုမျိုး မခံစားရပါတယ်။ ဒါပေမဲ့ သူတို့တွေ ဂူအောင်းကျင့်ကြံနေတာကို ဟန်ကျွယ်က ကျေနပ်အားရပါတယ်။

ပြောရမယ်ဆိုရင် ဟန်ကျွယ်မှာ နောက်ထပ် မျိုးဆက်တစ်ဦးလည်း ရှိပါသေးတယ်။ ဒီမျိုးဆက်က ဟန်ထော်ရဲ့သမီး ဟန်ရှင်ယွမ်ပါ။ ဟန်ရှင်ယွမ်ဟာ မကြာသေးခင်က သေဆုံးသွားပြီး ရန်ထျန်တုန်းဆီမှာ သရဲအမှုထမ်း လုပ်နေပါတယ်။ ရန်ထျန်တုန်းက ဟန်‌ထော်ကို သိတဲ့အတွက် ဟန်ရှင်ယွမ်ကို လက်ခံထားတာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ရှင်ယွမ်ကို သိပ်ပြီးတော့ အာရုံမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် လောလောယ်မှာ ဟန်ရှင်ယွမ်က လုံခြုံပါတယ်။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာမရှိတာနဲ့ ဟန်ရှင်ယွမ်ကို ကြည့်လိုက်ပါတယ်။

ဟန်ရှင်ယွမ်ရဲ့ အလုပ်က ရိုးရှင်းပါတယ်။ ရန်ထျန်တုန်းကို ကမ္ဘာတစ်ခုခုရဲ့ သေခြင်းရှင်ခြင်း ကိစ္စတွေ မှတ်တမ်းတင်ဖို့ ကူညီပေးရတာပါ။ ဒီရာထူးမှာပဲ တခြားသရဲအမှုထမ်း လေးငါးဆယ်ယောက် ရှိပါတယ်။ သူတို့တွေက ကိုယ့်အလုပ် ကိုယ်လုပ်ကြတဲ့အတွက် သိပ်မပင်ပန်းပါဘူး။

ဒီအချိန်မှာ ဟန်ရှင်ယွမ်ဟာ သူ့နေရာမှာ ကျင့်ကြံအားထုတ်နေပါတယ်။

ဟန်ကျွယ်ဟာ ဟန်ရှင်ယွမ်ကိုကြည့်ပြီး ရင်းနှီးတယ်လို့ မခံစားရပါဘူး။ ဟန်ရှင်ယွမ်က ဟန်ထော်နဲ့ မတူဘဲ ဟန်ထော်ရဲ့ မိန်းမနဲ့ တူနေတာ ဖြစ်နိုင်ပါတယ်။ အတန်ကြာ ကြည့်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ငြီးငွေ့သွားပါတယ်။

ဟန်ရှင်ယွမ်ကို အကြံတချို့ ပေးဖို့ကိုတော့ ဟန်ကျွယ်ဟာ လောလောယ်မှာ မလိုဘူးလို့ ခံစားရတဲ့အတွက် မပေးဖြစ်ပါဘူး။ ဟန်ရှင်ယွမ် ကိုယ်တိုင်ကလည်း အာဏာတွေ စွမ်းအားတွေကို သိပ်ပြီးတော့ လိုချင်တပ်မက်စိတ် မရှိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ မျိုးဆက်တွေမှာ သူတို့ကောင်းချီးနဲ့ သူတို့ပါ။ ဟန်ကျွယ်ဟာ သူ့မျိုးဆက်တွေနဲ့ သူ့ဘေးနားက လူတွေကို ကာကွယ်ချင်တယ်ဆိုရင် ပုံမှန်စွမ်းအားကြီးနေဖို့ လိုအပ်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ပါ။

ငရဲပြည်၊ အောက်ကမ္ဘာ။

ရန်ထျန်တုန်းဟာ ရန်ငြိုးစိတ်ဝိညာဉ် အမှုတစ်ခုကို စုံစမ်းစစ်ဆေးပြီးပြီမို့ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ဒီလိုရက်တွေက တကယ်ကို ပျင်းဖို့ကောင်းတာပါ။ ရန်ထျန်တုန်းဟာ စပြီးတော့ ဒုက္ခများသလို ခံစားလာရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ငရဲမင်း ဖြစ်လာကတည်း ရန်ထျန်တုန်းမှာ ကျင့်ကြံဖို့အချိန် မရှိလို့ပါပဲ။ ဒါ့အပြင် မကြာခဏဆိုသလိုလည်း သက်ရှိကမ္ဘာက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ကောင်းကင်ဘုံမှာ နာမည်ကျော်ကြားချင်တဲ့အတွက် ငရဲပြည်ကိုလာပြီး ပြဿနာလာရှာလေ့ ရှိပါတယ်။

ဒီအချိန်မှာပဲ ခန်းမထဲကို ရုပ်သွင်တစ်ခု ပျံသန်းဝင်လာပါတယ်။

ရန်ထျန်တုန်းဟာ ဒီရုပ်သွင်ကို မော့ကြည့်ပြီး မှင်သက်သွားပါတယ်။ အဲဒီနောက် အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ဘယ်လိုလုပ်ပြီး ဒီ‌ရောက်လာတာလဲ”

ဒီရုပ်သွင်က တခြားလူမဟုတ်ပါဘူး။ ဟန်ထော်ပါ။

နတ်မင်းအဆင့်ကို ရောက်ရှိပြီးနောက် ဟန်ထော်ရဲ့ ရောင်ဝါဟာ ထိပ်သီးကျင့်ကြံသူရဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါပြီ။ ဘေးနားဝန်းကျင်က သရဲအမှုထမ်းတွေဟာ ဒီရောင်ဝါကို ခံစားမိပြီး ကြက်သီးမွေးညင်းထကာ တုန်လှုပ်ချောက်ချားကုန်ပါတယ်။

ဟန်ထော်ဟာ အပြုံးနဲ့ ပြန်ဖြေပါတယ် “ကျွန်တော် မိတ်ဆွေဟောင်းတစ်ယောက်ဆီ လာလည်တာပါ၊ ငရဲမင်းရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ရင် ကျွန်တော် သေတာကြာပြီ”

ရန်ထျန်တုန်းက စနောက်လိုက်ပါတယ် “မင်းရဲ့သမီး ဒီမှာရှိနေတာကို မင်း သိတယ်မလား”

ဟန်ထော်ဟာ လက်သီးဆုပ်လိုက်ပါတယ် “ငရဲမင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်တော်ရဲ့ သမီးက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ကျရောက်ပြီး ကျွန်တော်တို့နှစ်ယောက်ကြားက ရေစက်လည်း ပြတ်တောက်သွားလောက်ပြီ၊ ကျွန်တော် သူ့ကို တွေ့ချင်တယ်၊ သူက ဒီကမ္ဘာမှာကျန်ရစ်တဲ့ ကျွန်တော်ရဲ့ တစ်ဦးတည်းသော မိသားစုဝင် မဟုတ်လား”

ဟန်ရှင်ယွမ်အကြောင်း ပြောမိတဲ့အခါ ဟန်‌ထော်ဟာ အပြစ်ရှိတယ်လို ခံစားလိုက်ရပါတယ်။ ဟန်ထော်ဟာ ဒီနှစ်တွေမှာ ဟန်ရှင်ယွမ်ကို တကယ်မေ့နေတာပါ။

“သူက မင်းရဲ့ တစ်ဦးတည်းသော ဆွေမျိုး မဟုတ်ဘူး” ရန်ထျန်တျန်းဟာ မေးစေ့ကို ပွတ်ပြီး မသိမသာ ပြုံးလိုက်ပါတယ်။

မှင်သက်သွားတဲ့ ဟန်ထော်ဟာ တအံတဩနဲ့ ပြန်မေးပါတယ် “ကျွန်တော့်မှာ အဆက်ရှင်နေတဲ့ တခြားမျိုးဆက်တွေ ရှိသေးလို့လား”

ရန်ထျန်တုန်းဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘မျိုးဆက်တင် မဟုတ်ဘူး၊ မင်းအဖေက အသက်ရှင်လျက် ရှိနေသေးတယ်၊ မင်းမှာ တခြားညီအစ်ကို မောင်နှမတွေတောင် ရှိနိုင်သေးတယ်’ ရန်ထျန်တုန်းဟာ ဒီစကားတွေကို စိတ်ထဲမှာပဲ ပြောရဲပါတယ်။ ဟန်ကျွယ်ရဲ့ အစီအစဉ်ကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် ထုတ်မပြောရဲပါဘူး။

“မင်းမှာ ဟန်ယွီလိုခေါ်တဲ့ မျိုးဆက်တစ်ယောက် ရှိတယ်၊ သူက မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် အဆင့်ကို ရောက်နေပြီ၊ မင်း သူ့ကို သနားရင် ရှန်နန်းတော်ထဲ ခေါ်သွင်းလိုက်ပေါ့၊ ဟန်မိသားစု သုတ်သင်ခံရပြီးကတည်းက သူက တစ်ကိုယ်တော် ကျင့်ကြံနေတာဆိုတော့ ရေစက်နည်းနည်းပဲ ရှိတယ်”

ရန်ထျန်တုန်းဟာ ဟန်ယွီအကြောင်း ပြောမိတဲ့အခါ ဟန်ကျွယ်ကို မတွေးမိဘဲ မနေနိုင်ပါဘူး။ ဟန်ကျွယ်ကလည်း အရင်တုန်းက ဟန်ယွီလိုပါပဲ။ ပြောရမယ်ဆိုရင် ဟန်ထော်ထက် ဟန်ယွီက ဟန်ကျွယ်နဲ့ ပိုတူပါတယ်။

“ဟန်ယွီ...” ဟန်ထော်ဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ဒီနာမည်ကို စိတ်ထဲမှာ အသေမှတ်ထားလိုက်ပါတယ်။

အဲဒီနောက် ရန်ထျန်တုန်းဟာ ဟန်ထော်ကို ဟန်ရှင်ယွမ်ဆီ ခေါ်သွားပါတယ်။

အင်မော်တယ်ကမ္ဘာ၊ ပင်လယ်ဒေသ။

ကျယ်ပြောတဲ့ ကျွန်းတစ်ကျွန်းမှာ အသွင်ပြောင်းထားတဲ့ သက်ရှိတစ်သန်းကျော်ဟာ တောတောင်လွင်ပြင်မှာ ထိုင်ပြီး တာအိုဟောကြားတာကို နားထောင်နေပါတယ်။

ဒီအချိန်မှာ ကျယ်ကျောင်းတော်ရဲ့ လက်ရှိဂိုဏ်းချုပ် ဟွမ်ဇွမ်တျန်ဟာ သူ့တာအိုဘုံကျောင်းရှေ့မှာ ရပ်ပြီး သူဖိတ်ခေါ်ထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ကို ကြည့်လိုက်ပါတယ်။ လက်ရှိ ကျယ်ကျောင်းတော်ကို ကြည့်ရင် ဟွမ်ဇွမ်တျန်ရဲ့ ရင်ထဲမှာ ဂုဏ်ယူမှုတွေ ပြည့်နှက်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ရွေးချယ်စရာ မရှိဘဲ ဂိုဏ်းချုပ် ဖြစ်လာခဲ့တယ်ဆိုပေမဲ့ သူ့ ဦးဆောင်မှုအောက်မှာ ကျယ်ကျောင်းတော်က တစ်နေ့တခြား အင်အားကြီးမားလာခဲ့ပါတယ်။ အခုဆိုရင် အင်မော်တယ်ကမ္ဘာရဲ့ လားရာကို ဆုံးဖြတ်နိုင်တဲ့ ထိပ်သီးအင်အားစုထဲမှာ ပါဝင်ခဲ့ပါပြီ။

ရုပ်သွင်တစ်ခုဟာ ဟွမ်ဇွမ်တျန်ရှေ့မှာ ဆင်းသက်လိုက်ပါတယ်။ ဒီရုပ်သွင်က ကျယ်ကျောင်းတော် တပည့်တစ်ဦးပါ။ ကျယ်ကျောင်းတော် တပည့်ဟာ ဟွမ်ဇွမ်တျန်ရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်ပါတယ် “ဆရာ... မိုးကောင်းကင်ဘိုးဘေးက ကျွန်တော်တိုနဲ့ အတူပူးပေါင်းပြီး နတ်ဆိုးတွေကို ဖျက်ဆီးဖို့ သဘောတူလိုက်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters