အသက် ၈၀,၀၀၀၀၊ ပုကျိုးနတ်တောင်
Vol. 54 Ch. 585
Chapter 585 80,000 Years Old, Buzhou Divine Mountain
“မိုးကောင်းကင်မျိုးနွယ်စုက နတ်ဆိုးတွေကို ရင်ဆိုင်ဖို့အတွက် အင်အား ဘယ်လောက်သုံးမှာလဲ” ဟွမ်ဇွမ်တျန်က ပြန်မေးလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်က နတ်ဆိုးတွေကို အမြဲတမ်း အထင်သေးနေခဲ့တဲ့လူပါ။ ဟွမ်ဇွမ်တျန်ရဲ့ အမြင်မှာ နတ်ဆိုးတွေက အားနည်းလွန်းပြီး ခေါင်းဆောင်မရှိပါဘူး။
ကျယ်ကျောင်းတော် တပည့်က ပြန်ဖြေပါတယ် “မိုးကောင်းကင်မျိုးနွယ်စုက ကျွန်တော်တို့တွေ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင် အင်မော်တယ်ဧကရာဇ် ငါးရာကို စေလွှတ်ပေးပါမယ်တဲ့”
‘အင်မော်တယ်ဧကရာဇ် ငါးရာ...’
ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပြီး နည်းနည်း စိတ်ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ဧကရာဇ် ငါးရာက နတ်မင်းအဆင့် ကျင့်ကြံသူအတွက် ဒုက္ခပေးကောင်း ပေးနိုင်ပေမဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူကို ရင်ဆိုင်ရမယ်ဆိုရင် သေမျိုးနဲ့ မခြားလို့ပါပဲ။ ဒါပေမဲ့ ဒါက မကောင်းတာလည်း မဟုတ်ပါဘူး။ မိုးကောင်းကင်မျိုးနွယ်စုက အကျိုးနည်းနည်းပဲ ဆောင်မယ်ဆိုရင် အကျိုးအမြတ်ခွဲဝေရင်လည်း နည်းနည်းပဲ ပေးရမှာပါ။
“အင်း... ရပြီ၊ သွားတော့”
“ဟုတ်ကဲ့”
ကျယ်ကျောင်းတော်တပည့် ထွက်သွားတဲ့အခါ ဟွမ်ဇွမ်တျန်ဟာ အဝေးက တာအိုဟောကြားနေတာကို ကြည့်လိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ဖို့က အလျင်မလိုပါဘူး။ ကျယ်ကျောင်းတော် အင်အားကြီးလာအောင် အရင်ဆုံး လုပ်မှာပါ။ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်သောင်းချီတုန်းက သေမျိုးကမ္ဘာမှာ ဖြစ်ပျက်ခဲ့သလိုမျိုး ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက်ကို ထပ်ရင်ဆိုင်ရမှာပါ။
ဒါပေမဲ့ အဲဒီတုန်းက တာအိုပညာရှိကို ရင်ဆိုင်ရခဲ့တာ မဟုတ်ပါလား။ မဟုတ်ရင် သူရှုံးနိမ့်ခဲ့မှာ မဟုတ်ပါဘူး။ တခြားသူတွေလိုပဲ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်က တာအိုပညာရှိတစ်ပါးဖြစ်ပြီး လေ့ကျင့်ဖို့အတွက် သေမျိုးကမ္ဘာမှာ ပြန်မွေးဖွားတာလို့ ယုံကြည်ထားပါတယ်။
ဟွမ်ဇွမ်တျန်ဟာ တာအိုဘုံကျောင်းထဲကို ပြန်ဝင်ပြီး မျှော်လင့်ချက်ကြီးစွာ ယုံကြည်မှုရှိစွာ ပြုံးလိုက်ပါတယ်။ အခုအချိန်မှာ ဟွမ်ဇွမ်တျန်ကို ရဲရဲဝံ့ဝံ့ စွန့်စားစေတာက တာအိုပညာရှိနေရာကလွဲရင် တခြားဘာမှ မရှိတော့ပါဘူး။
အချိန်ဟာ ပုံမှန်လည်ပတ်ပြီး နှစ် ၁,၅၀၀ ကျော် ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် ၈၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ အဆုံးသတ် အပျက်အစီး နတ်ဘုံသို့ ဦးတည်ကာ မဟာတာအိုကို လိုက်စားပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာတစ်ပါးနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို အမွေဆက်ခံ ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ကောင်းကင်တာအိုတွင်သာ နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာ တစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ခွေးစနစ်ကို ကျိန်ဆဲလိုက်ပါတယ် ‘ငါ့ကို အပြင်ထွက်ဖို့ ထပ်ဖြားယောင်းပြန်ပြီ’
ဟန်ကျွယ်ဟာ တစ်ခါတည်း နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်နည်းနဲ့မှ ကောင်းကင်တာအိုထဲကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုလမ်းစဉ်က ကိုယ်ပိုင်နယ်မြေကို တရစပ် ချဲ့ထွင်ဖို့ပါ။ နယ်ခြားမြေခြားကိုသွားပြီး လုယက်ဖို့ မဟုတ်ပါဘူး။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်နှင့် ကျပမ်း သဘာဝရတနာ တစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ပုကျိုးနတ်တောင်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ပုကျိုးနတ်တောင်: ဧရာမပန်ကူး နတ်ဘုရား၏ ကျောရိုးမှ ဖြစ်တည်လာပြီး ရှန်တျန်ချီကို ထုတ်လွှတ်ပေးကာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို တိုးပွားစေသည်။ မြေပြင်ပေါ်သို့ ချလိုက်သည်နှင့် သူ့ဘာသာ ဆင့်ကဲတိုးတက်နိုင်၏။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ငါ့စနစ်က ပုကျိုးနတ်တောင်ကိုတောင် ထုတ်ပေးနိုင်တာလား...’
ပုကျိုးနတ်တောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဘိုးဘေးမှော်ဆရာ လက်ချက်နဲ့ ကျိုးပျက်သွားခဲ့တာပါ။ အဲဒီအချိန်ကတည်းက သက်ရှိတွေဟာ ပုကျိုးနတ်တောင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထပ်မမြင်ရတော့ပါဘူး။
ဟန်ကျွယ်ဟာ ပုကျိုးနတ်တောင်ကို ထုတ်ယူလိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ ပေါလောမျောနေတဲ့ တောင်လေးတစ်လုံး ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ပုကျိုးနတ်တောင်ရဲ့ အလေးချိန်ကို မခံစားရပါဘူး။
အခုအချိန်မှာ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီ တိုးတက်ဖို့အတွက် သဘာဝရတနာတွေကို မှီခိုစရာ မလိုတော့တာကြောင့် ဒီပုကျိုးနတ်တောင်က သိပ်ပြီး အသုံးမဝင်လှပါဘူး။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို တိုးစေတယ်ဆိုတဲ့ အချက်ကို တွေ့သွားပါတယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပြီး လီတောက်ခုံးကို ပြန်လာဖို့ အိပ်မက်ပေးလိုက်ပါတယ်။ နေ့ဝက်အကြာမှာပဲ လီတောက်ခုံးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်လာတဲ့အတွက် ဟန်ကျွယ်ဟာ လီတောက်ခုံးကို တာအိုစက်ကွင်းထဲ ရွှေ့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပုကျိုးနတ်တောင်ကို ထုတ်ယူပြီး ပြောလိုက်ပါတယ် “ဒါက ပုကျိုးနတ်တောင်ပဲ၊ နေရာကျယ်ကျယ် တစ်နေရာရှာပြီး အောက်ချလိုက်၊ ဒီတောင်က မင်းကို ကောင်းကင်တာအို ကံတရား အထောက်အပံ့ ရစေလိမ့်မယ်၊ ဒီတောင်က မင်း တာအိုပညာရှိ ဖြစ်လာဖို့အတွက် ပထမခြေလှမ်းပဲ”
လီတောက်ခုံးဟာ ကြက်သေသေသွားပါတယ်။ ပုကျိုးနတ်တောင် ဒဏ္ဍာရီကို သူလည်း ကြားဖူးပါတယ် ‘ဂိုဏ်းချုပ်က ပုကျိုးနတ်တောင်ကို ဘယ်ကနေ ရလာတာလဲ’ လီတောက်ခုံး အံဩတကြီး ဖြစ်သွားပေမဲ့ ပုကျိုးနတ်တောင်ကို အလိုလို လှမ်းယူလိုက်ပါတယ်။
“အခုအချိန်ကစပြီး မင်းက ပုကျိုးနတ်တောင်ရဲ့ အရှင်ပဲ၊ မင်း ကြိုက်သလို လုပ်လို့ရတယ်” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်”
“ကျွန်တော် ဘာလုပ်ဖို့ လိုလဲ”
“သက်ရှိတစ်ယောက်ယောက်က ပုကျိုးနတ်တောင်ပေါ် တက်လာခဲ့ရင် လက်ခံလိုက်၊ အဲဒါက မင်းရဲ့ ကံတရား အထောက်အပံ့ကို တိုးတက်စေလိမ့်မယ်၊ ကောင်းကင်တာအို ကုသိုလ်ကံမရှိဘဲ တာအိုပညာရှိ ဖြစ်လာဖို့ အရမ်းခက်တယ်၊ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူချင်လည်း ရတယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာမလဲဆိုတာ ငါ အတပ်မပြောနိုင်ဘူး၊ ရှေးခေတ်ကစလို့ တာအိုပညာရှိတိုင်းက ကောင်းကင်တာအို ခရမ်းရောင်ချီကို မှီပြီး တာအိုပညာရှိ ဖြစ်ခဲ့ကြတာချည်းပဲ၊ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုပညာရှိ ဖြစ်တဲ့လူက လက်ချိုးရေလို့ရတယ်”
လီတောက်ခုံးဟာ စနစ်လည်း မရှိသလို လောကဦး နတ်ဘီလူးလည်း မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူနိုင်လိမ့်မယ်လို့ ဟန်ကျွယ် မထင်ပါဘူး။
တကယ်လို့ လီတောက်ခုံးမှာ ဒီလိုအရည်အချင်းမျိုး ရှိတယ်ဆိုရင်တောင် ကောင်းကင်တာအိုကံကနေ မလွတ်မြောက်နိုင်ပါဘူး။ ဟန်ကျွယ် ကောင်းကင်တာအိုကို မမှီခိုဘဲ တာအိုပညာရှိ ဖြစ်နိုင်တာက စနစ်ရဲ့ တာအိုစက်ကွင်းထဲမှာပဲ ကျင့်ကြံအားထုတ်နေလို့ပါ။ ဒါကြောင့် ကောင်းကင်တာအိုက ဟန်ကျွယ်ကို မနှောင်ဖွဲ့နိုင်တာ ဖြစ်ပါတယ်။
“ကျွန်တော် နားလည်ပါတယ်” လီတောက်ခုံးဟာ ကျေးဇူးတင်စွာ ပြောလိုက်ပါတယ် ‘သူက ငါ့ကို တာအိုပညာရှိဖြစ်ဖို့ တကယ်ကူညီချင်တာလား...’
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး လီတောက်ခုံးကို အပြင်ဘက် ရွှေ့လိုက်ပါတယ်။ လမ်းကြောင်းကတော့ ထွင်းပြီးပါပြီ။ ဘာဆက်လုပ်မလဲဆိုတာကတော့ လီတောက်ခုံးအပေါ်ပဲ မူတည်ပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးက ကောင်းကင်တာအိုကို တစ်ယောက်တည်း ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါမှသာ ကောင်းကင်တာအိုရဲ့ နှောင်ဖွဲ့မှုကို မခံရမှာပါ။
၇၄ နှစ် ကြာပြီးနောက်။
“ငါ တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမ အစောင့်အရှောက် လီတောက်ခုံးက ဒီနေ့မှာ ပုကျိုးနတ်တောင်ကို ပြန်လည် ပြင်ဆင်ပြီး ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို အင်အားကြီးစေမယ်၊ အနန္တကမ္ဘာမှာရှိတဲ့ ဓားကျင့်ကြံသူတိုင်း ပုကျိုးနတ်တောင်ကိုလာပြီး ဓားတာအိုကို မေးမြန်းနိုင်တယ်”
လီတောက်ခုံးရဲ့အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ နတ်မင်းအဆင့် အထက်က ကျင့်ကြံသူအားလုံး ကောင်းကင်တာအို ကံတရား အထောက်အပံ့ တိုးသွားတာကို အာရုံခံမိလိုက်ကြပါတယ်။
ဒီတစ်ခါမှာတော့ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုပညာရှိတွေတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ခန်းမမှာ စုဝေးလိုက်ကြပါတယ်။
“တကယ်ပဲ ပုကျိုးနတ်တောင်လား...”
“ဟုတ်တယ်၊ ငါ ပုကျိုးနတ်တောင်ကို အရင်က မြင်ဖူးတယ်၊ တစ်ရောင်ဝါတည်းပဲ”
“ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး ပုကျိုးနတ်တောင်ကို ရသွားတာလဲ”
“ငါလည်း မသိဘူး၊ ဆန်းကြယ်စွမ်းအားတချို့ကနေ ဖြစ်ပေါ်လာတာ ဖြစ်လိမ့်မယ်”
“ဒီအကွက်နဲ့ဆိုရင် အနာဂတ်မှာ လီတောက်ခုံး တာအိုပညာရှိ ဖြစ်လာဖို့က သေချာသွားပြီ”
တာအိုပညာရှိတွေဟာ သက်ပြင်းချလိုက်ပါတယ်။ ဒီလိုသက်ပြင်းချတဲ့အထဲမှာ ကောင်းကင်အရှင် ရွှမ်တုတောင် ပါပါတယ်။
တာအိုပညာရှိတွေရဲ့ ဆရာသခင်တွေ၊ ဖူရှီနဲ့ ကောင်းကင်အရှင်ရွှမ်တုတို့ အကုန်လုံးဟာ ပုကျိုးနတ်တောင်ကို အရင်က မြင်ဖူးပါတယ်။ ပုကျိုးနတ်တောင်မှာ အချိန်တစ်ခုအထိတောင် နေဖူးကြပါတယ်။ တဖြည်းဖြည်း မြင့်တက်လာတဲ့ မြေသားထုကို ကြည့်ရင်း တာအိုပညာရှိတွေဟာ လောကဦးကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ်။
ပုကျိုးနတ်တောင်ကို နေရာချပြီးနောက် အလွန်များပြားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံဟာ ကောင်းကင်ကနေ လီတောက်ခုံးဆီကို ဆင်းသက်လာပါတယ်။
ပုကျိုးနတ်တောင်ဟာ ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိတဲ့ ရှန်တျန်ချီကို ထုတ်လွှတ်ပေးနိုင်တဲ့အတွက် မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ပြိုးထောင်နိုင်ပါတယ်။ ဒီကုသိုလ်ကံက လီတောက်ခုံးရဲ့ ကျင့်ကြံမှုကို အဆင့်လေးတစ်ဆင့် တိုးသွားဖို့ လုံလောက်ပါတယ်။
နောက်ကျလို့ ပုကျိုးနတ်တောင်မှာ သက်ရှိတွေ ပိုပိုပေါ်လာမယ်ဆိုရင် လီတောက်ခုံး ရရှိမဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့က ခန့်မှန်းမရအောင်ပါပဲ။ လီတောက်ခုံးဟာ ချက်ချင်းဆိုသလို ကောင်းကင်ဘုံတစ်ခွင်မှာ နာမည်ကြီးသွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းကလည်း ပြန်ပြီးတော့ ကျော်ကြားသွားပါတယ်။ အစောင့်အရှောက်တောင် ဒီလောက်စွမ်းအားကြီးနေရင် အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။
အင်မော်တယ်ကမ္ဘာက တောင်ကြားတစ်ခုမှာ ဟန်ယွီဟာ မတ်တတ်ရပ်ပြီး အရှေ့အရပ်ကို ကြည့်ကာ ရေရွတ်လိုက်ပါတယ် “ပုကျိုးနတ်တောင်... ဓားကျင့်ကြံသူ...”
ဟန်ယွီဟာ ဘုံပျံတက်လာပြီးကတည်းက ခြေဦးတည့်ရာ လျှောက်သွားနေခဲ့တာပါ။ အခု အခွင့်အရေးတစ်ခု ပေါ်လာပြီ ဖြစ်တဲ့အတွက် လက်လွတ်ခံမှာ မဟုတ်ပါဘူး။ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဟန်ယွီဟာ ကြီးကျယ်ခမ်းနားတဲ့ ရောင်ဝါရှိရာဘက်ကို ဦးတည် ပျံသန်းပါတော့တယ်။ ကံကောင်းရင် လီတောက်ခုံးလိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်ဆီမှာ တပည့်ခံလို့ရနိုင်တယ် မဟုတ်ပါလား။
ဟန်ယွီတင် မဟုတ်ပါဘူး။ တခြား မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာလည်း ဒီလိုအတွေးမျိုး ရှိကြပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်။
ဂျိရှင်းရှန်ဟာ ခြံဝင်းတစ်ခုထဲမှာ မတ်တတ်ရပ်ပြီး တိမ်ပင်လယ်ကို ငုံ့ကြည့်လိုက်ပါတယ် “ကောင်းလိုက်တဲ့အကွက်... ဆရာသခင်လို့ မပြောရဘူး”
ဂျိရှင်းရှန်ဟာ စိတ်ထဲမှာလည်း လန့်သွားပါတယ်။ ပုကျိုးနတ်တောင်ရဲ့ ကံတရား အထောက်အပံ့က တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ မြေပြင်ပေါ် ရောက်ရုံပဲ ရှိပါသေးတယ်၊ သူ့ရဲ့ မိုးကောင်းကင် မျိုးနွယ်စုတစ်ခုလုံးထက် ပိုကြီးကျယ်ပြီး ပိုခမ်းနားနေပါတယ်။ ဒီလိုနည်လမ်းမျိုးက လီတောက်ခုံးကို ထောက်ပံ့ဖို့ ဟန်ကျွယ် ထုတ်သုံးတာကလွဲပြီး ဘာများ ဖြစ်နိုင်အုန်းမှာလဲ။
ပုကျိုးနတ်တောင် ဒဏ္ဍာရီတွေကို ပြန်တွေးရင်း ဂျိရှင်းရှန်ဟာ ရုတ်တရက် နားလည်သွားပါတယ်။
ဒဏ္ဍာရီအရ ပုကျိုးနတ်တောင်ဟာ ဧရာမ ပန်ကူးနတ်ဘုရားရဲ့ ကျောရိုးကနေ ဖြစ်တည်လာတာပါ။ ကောင်းကင်တာအိုက ပန်ကူးနတ်ဘုရားရဲ့ စိတ်ဆန္ဒပါ။ ဒီတော့ ပုကျိုးနတ်တောင် ပေါ်လာတာက ကောင်းကင်တာအိုရဲ့ တုံ့ပြန်မှုကို ခံရတာ မဆန်းပါဘူး။
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘နေပါအုန်း... လီတောက်ခုံးက ပုကျိုးနတ်တောင် ရှိသွားရင် မိုးကောင်းကင် မျိုးနွယ်စုကို စောင့်ကြပ်အုန်းပါ့မလား... ဒီလိုဆို တိတ်ဆိတ်ဂိုဏ်းရဲ့ အင်မော်တယ်တွေကရော မိုးကောင်းကင်မျိုးနွယ်စုမှာ ဆက်နေကြအုန်းပါ့မလား...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။