နတ်ဘီလူးအဖြစ် အသွင်ပြောင်းလဲခြင်း
Vol. 54 Ch. 589
ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံ ပြုစုပြီးတဲ့အခါမှာ အင်မော်တယ်ကမ္ဘာဟာ ပြန်ပြီးတော့ လှုပ်ရှားလာပါတယ်။ မကြာခဏဆိုသလို စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ တာအိုဟောကြားသံကို ကောင်းကင်ဘုံတစ်ခွင်မှာ ကြားလာရပါတယ်။ ဒီခေတ်က ကပ်ဘေးမတိုင်ခင်တုန်းက အင်မော်တယ်ကမ္ဘာထက် ပိုပြီးတော့ စည်ကားလာပါတယ်။
ဟန်ကျွယ်ဟာ ဒီလိုဖြစ်ရတာက သူ့ကြောင့်လို့ ခံစားလိုက်ရပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက တာအိုကောင်းကင်မိစ္ဆာတွေ လက်ချက်နဲ့ ပျက်စီးသွားလောက်ပါပြီ။ သူ့ကြောင့်သာ မဟုတ်ရင် တာအိုပညာရှိတွေဟာ ပေါ်တင်ရော နောက်ကွယ်မှာရော တိုက်ခိုက်နေကြအုန်းမှာပါ။ ဒီလိုဆို ငြိမ်းချမ်းမှု မရှိနိုင်သလို ဒီလိုမျိုး စည်ကားမှုလည်း ရှိမလာနိုင်ပါဘူး။
‘ဟင်း... ငါက သူတော်ကောင်းကြီးပဲ’
ဒီလိုနဲ့ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်နဲ့ ပိုပိုနီးကပ်လာပါတယ်။ နှစ် ၁၀၀,၀၀၀ မပြည့်ခင် အဆင့်ထိုးဖောက်နိုင်ဖို့က ဘာမှခက်ခဲတဲ့အရာ မဟုတ်တော့ပါဘူး။ တာအိုပညာရှိ ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် ဟန်ကျွယ်ဟာ လွတ်လပ်တာအိုပညာရှိအဆင့်ကို မျှော်ကြည့်နိုင်တော့မှာပါ။
တစ်ခါလှမ်း ခြေတစ်လှမ်းနဲ့ ဟန်ကျွယ်ဟာ အခြေခိုင်ခိုင် လျှောက်လှမ်းပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တာအိုဘုံကျောင်းအပြင်မှာ ဒူးထောက်နေတဲ့ ရုပ်သွင်ကို ကြည့်လိုက်ပါတယ်။
မုရုံချီ။
မုရုံချီ ဟန်ကျွယ်ဆီကို လာမလည်တာ နှစ်သောင်းချီကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ လေးနှစ်က မုရုံချီဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေတုန်းမို့ ဝင်ခွင့်မပြုဘဲ အပြင်မှာ ဆက်ဒူးထောက်ခိုင်းထားတာပါ။
တာအိုဘုံကျောင်း တံခါးဟာ ရုတ်တရက် ပွင့်သွားပါတယ်။ မုရုံချီဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းထဲ ခပ်သုတ်သုတ် ဝင်လိုက်ပါတယ်။ တာအိုဘုံကျောင်းထဲ ရောက်တဲ့အခါမှာတော့ မုရုံချီဟာ ဒူးထောက်ပြီး ဦးညွှတ်လိုက်ပါတယ်။
“ဘာကိစ္စ ရှိလို့လဲ”
“ဆရာဘိုးဘိုး... ကျွန်တော်လည်း... ဂိုဏ်းတူဦးလေး စုချီလိုမျိုး ဖြစ်ချင်တယ်”
“အင်း... စုချီလို ဖြစ်ချင်တာလား...”
ဟန်ကျွယ်ဟာ မုရုံချီကို အကဲခတ်ကြည့်လိုက်ပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ မုရုံချီကို ယုံကြည်ပြီး တော်တော်လေး မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ မုရုံချီရဲ့ အရည်အချင်းက သိပ်မကောင်းတဲ့အတွက် အခုအချိန်မှာ ဟန်ကျွယ်စိတ်ထဲကို မဝင်နိုင်တော့ပါဘူး။
မုရုံချီဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ရောက်နေပြီ ဖြစ်တဲ့အတွက် ကိုယ်ပိုင်တပည့်တွေထဲမှာ ကျင့်ကြံမှုအလျင် မြန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘဝဂ်အဆင့်ကိုတော့ မထိုးဖောက်နိုင်သေးပါဘူး။
“ဆရာဘိုးဘိုး... ဒီကိစ္စက ဂိုဏ်းတူဦးလေးစုချီရဲ့ အမှား မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို သွားမေးပေမဲ့ သူက မဖြေဘူး၊ ဒါပေမဲ့ ကျွန်တော် ခန့်မှန်းမိပါတယ်၊ ဆရာဘိုးဘိုးဆီမှာ တပည့်တစ်ယောက်ရဲ့ အရည်အချင်းကို ပြောင်းလဲနိုင်တဲ့စွမ်းရည် ရှိတယ်ဆိုတာကို၊ ဆရာဘိုးဘိုး ဘာခိုင်းခိုင် ကျွန်တော် လုပ်ပါ့မယ်” မုရုံချီက အလေးအနက် ပြောလိုက်ပါတယ်။ မုရုံချီဟာ ဒီထက်စွမ်းအားကြီးလာဖို့ အများကြီး မျှော်လင့်တောင့်တနေတာပါ။
မုရုံချီဟာ တစ်ခါတုန်းက ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းထဲမှာတော့ မုရုံချီရဲ့ အရည်အချင်းဟာ သာမန်အဆင့်ပဲ ရှိပါတယ်။ ကိုယ်ပိုင်တပည့်တွေ မပြောနဲ့၊ အမည်ခံတပည့်တွေထဲမှာတောင် မုရုံချီက အရည်အချင်း ပိုကောင်းတဲ့ တပည့်တွေ ရှိနေပါတယ်။
“မင်း သေနိုင်တယ်နော်၊ ဒီဟာက ၁၀၀ ရာခိုင်နှုန်း အလုပ်ဖြစ်မယ်လို့ ငါ အာမမခံနိုင်ဘူး” ဟန်ကျွယ်က ပြောလိုက်ပါတယ်။
“ကျွန်တော် ဆန္ဒရှိပါတယ်၊ သေရမယ်ဆိုရင်တောင် ကျွန်တော် နောင်တမရပါဘူး၊ ဆရာဘိုးဘိုးဆီမှာ ဒီလိုမျိုး အစီအစဉ်ရှိလိမ့်မယ်လို့ ကျွန်တော် တထစ်ချ ယုံကြည်ထားတယ်၊ အနာဂတ် တပည့်တွေအတွက် ကျွန်တော်ကိုယ့်ကျွန်တော် အစမ်းသပ်ခံအဖြစ် စတေးရလည်း ရပါတယ်၊ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော် တိတ်ဆိတ်ဂိုဏ်းနဲ့ ဆရာဘိုးဘိုးကို လုံးဝ ကျေးဇူးပြန်ဆပ်မှာပါ” မုရုံချီက လေးနက်ပြတ်သားစွာ ပြောလိုက်ပါတယ်။
တခြားတပည့်တွေဆိုရင် ဟနက်ျွယ်ဟာ သဘောတူချင်မှ သဘောတူမှာပါ။ ဒီကိစ္စက ဟန်ကျွယ်ရဲ့ စွမ်းအင်ကို လျော့နည်းစေပါတယ်။ ဒါပေမဲ့ မုရုံချီရဲ့ စကားကို ကြားရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စိတ်ပျော့သွားပါတယ်။
မုရုံချီရဲ့ အရည်အချင်းသာ တိုးမြင့်သွားမယ်ဆိုရင် တာအိုအရှင်သခင်ထက် တိတ်ဆိတ်ဂိုဏ်းရဲ့ အကြီးဆုံးတပည့်နေရာကို ပိုပြီးတော့ ထိုက်တန်သွားမှာပါ။
“မင်း အဆင်သင့် ဖြစ်ပြီလား”
“ဖြစ်ပါပြီ”
စိတ်လှုပ်ရှားသွားတဲ့ မုရုံချီဟာ ခန္ဓာကိုယ် တုန်ယင်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပြီး မုရုံချီရဲ့ ခန္ဓာကိုယ်ကို အမှုန့်ဖြစ်အောင်လုပ်ကာ ဝိညာဉ်ပဲ ချန်ထားလိုက်ပါတယ်။ ဒီအဖြစ်ကြောင့် မုရုံချီဟာ ကြက်သေသေသွားပါတယ်။ မုရုံချီ မတုံ့ပြန်နိုင်ခင်မှာပဲ ဟန်ကျွယ်ဟာ မုရုံချီကို လောကဦးကမ္ဘာထဲ ဆောင်ယူလိုက်ပါတယ်။
လောကဦးကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ နတ်ဘီလူးချီ ၁၇၃ လုံး ပေါလောမျောနေပါတယ်။ တစ်လုံးက စုချီယူသွားတာမို့ ၁၇၃ လုံးပဲ ကျန်တော့တာပါ။ ဟန်ကျွယ်ဟာ မုရုံချီနဲ့ သင့်တော်မဲ့ နတ်ဘီလူးကို ရွေးချယ်လိုက်ပါတယ်။
တိုက်ခိုက်ရေး နတ်ဘီလူး။
ဒီနတ်ဘီလူးက စစ်နတ်ဘုရားဘွဲ့ရှိတဲ့ မုရုံချီနဲ့ ကွက်တိပါပဲ။ ဒီကိစ္စကနေ ဟန်ကျွယ်ဟာ မုရုံချီကို မျက်နှာသာပေးတုန်းဆိုတာ သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီရဲ့ ဝိညာဉ်ကို ဓမ္မစွမ်းအားနဲ့ ရစ်ပတ်ပြီး တိုက်ခိုက်ရေး နတ်ဘီလူးရဲ့ နတ်ဘီလူးချီထဲ တွန်းပို့လိုက်ပါတယ်။
ဟန်ကျွယ် နတ်ဘီလူးချီကို ထုတ်လွှတ်နိုင်တာက မဟာညီညွတ်မှုရုပ်သွင် တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လောကဦးကမ္ဘာရဲ့ လောကဦးချီ၊ ပဋိပက္ခမူလကျောက်တုံးနဲ့ တခြား အကောင်းစား ရတနာတွေကြောင့်လည်း ပါပါတယ်။ အခြေအနေ အရပ်အရပ် ပေါင်းစပ်လိုက်တဲ့အခါ ပဋိပက္ခ နတ်ဘီလူးကို မွေးဖွားနိုင်တဲ့ ဖြစ်နိုင်ချေတစ်ရပ် ရှိလာပါတယ်။ ဟုတ်ပါတယ်။ ဖြစ်နိုင်ချေပါ။
မုရုံချီရဲ့ ဝိညာဉ် တိုက်ခိုက်ရေးနတ်ဘီလူးနဲ့ စတင် ပေါင်းစပ်တဲ့အခါ ပြောပြလို့မရအောင် ခံစားရတဲ့ နာကျင်မှုကြောင့် မုရုံချီရဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မုရုံချီရဲ့ အော်ဟစ်သံကို မကြားသလိုနဲ့ ဆက်ပြီးတော့ ပေါင်းစပ်ပါတယ်။
မုရုံချီက အတော်လေး အကြမ်းခံပါတယ်။ အော်သာအော်ပြီး စောဒက မတက်ပါဘူး။
နှစ်သုံးရာကြာတဲ့အခါမှာတော့ မုရုံချီနဲ့ တိုက်ခိုက်ရေး နတ်ဘီလူးဟာ ရုပ်အဖြစ် ခဲသွားပါတယ်။ ဒါပေမဲ့ လုံးဝပေါင်းစပ်ဖို့ကတော့ အချိန်အများကြီး လိုအပ်ပါသေးတယ်။ နတ်ဘီလူးရှေ့မှာ မုရုံချီရဲ့ ဝိညာဉ်က အားနည်းလွန်းပါတယ်။ ဟန်ကျွယ်ရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် မုရုံချီ သေသွားတာ ကြာပါပြီ။
နောက်ကျန်တာကတော့ မုရုံချီအနေနဲ့ နတ်ဘီလူးချီကို နေသားတကျရှိရမှာပါ။ ဒီဖြစ်စဉ်အတွင်း မုရုံချီဟာ အလွန့်အလွန် နာကျင်မှုကို ခါးစည်းခံရပါတယ်။
တခြားတစ်ဖက်မှာတော့။
မုရုံချီ ပျောက်သွားတာက တခြားကိုယ်ပိုင်တပည့်တွေ အာရုံစိုက်တာကို ခံရပါတယ်။ လီရွှမ်အောက်ဟာ အခွင့်အရေးယူပြီး ဟန်ကျွယ်ကို လာရှာပါတယ်။ ဟန်ကျွယ်က လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်းခိုင်းထားတယ်လို့ ပြောလိုက်တဲ့အတွက် လီရွှမ်အောက်လည်း ထပ်ပြီးတော့ မမေးတော့ပါဘူး။
“ဂိုဏ်းချုပ်... နာမည်ရှိမျိုးနွယ်စုကို ဘယ်လိုတွေးလဲ” လီရွှမ်အောက်က အလွန်ယဉ်ကျေးစွာ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ အတွေးကို ထိုးဖောက်မြင်ပါတယ်။ လီရွှမ်အောက်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး ဟန်ကျွယ်နဲ့ ပိုနီးကပ်ချင်တာပါ။
“မင်း စိတ်ထဲရှိတာ ပြောကြည့်လေ”
လီရွှမ်အောက်ဟာ လန့်သွားပြီး အမြန်ပြောလိုက်ပါတယ် “တာအိုပညာရှိတွေက နာမည်ရှိမျိုးနွယ်စုကို ထောက်ပံ့ပေးနေတယ်၊ ဒါပေမဲ့ နာမည်ရှိမျိုးနွယ်စုမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူရော တာအိုပညာရှိအတုရော မရှိဘူး၊ ကျွန်တော့်အထင် နာမည်ရှိမျိုးနွယ်စုကို ထောက်ပံ့ပေးနေတာက ဧကရာဇ်ရှောင်နဲ့ ဖူရှီလိုမျိုး အထီးတည်းရှိတဲ့ တာအိုပညာရှိတွေ ဖြစ်နိုင်တယ်၊ နာမည်ရှိမျိုးနွယ်စုက နာမည်ကျော်ကြားတဲ့ သက်ရှိတွေကို လက်ခံတာဆိုတော့ နယ်ကျယ်ပြီး ကောင်းကင်တာအိုကလည်း အသိအမှတ်ပြုတယ်၊ သူတို့အနာဂတ်က အကန့်အသတ်မဲ့တယ်၊ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းအနေနဲ့ ကြိုတင်စီစဉ်သင့်တယ်”
လီရွှမ်အောက်ရဲ့ အတွေးက ဟန်ကျွယ်နဲ့ အတူတူပါပဲ။ ဟန်ကျွယ်ဟာ မုရုံချီကို ရုတ်တရက် တွေးမိသွားပါတယ်။ မုရုံချီသာ အောင်မြင်သွားမယ်ဆိုရင် ဒီတာဝန်နဲ့ ပိုပြီးတော့ သင့်တော်မှာပါ။
“ဘာလုပ်ရမလဲဆိုတာ ငါ သိပြီ၊ အရည်အချင်း အကန့်အသတ်ရှိတဲ့ တပည့်တွေကို နောက်တစ်ခါ ရွေးချယ်ရင် သူတို့ကို နာမည်ရှိမျိုးနွယ်စုဆီ ပို့လိုက်”
“ဂိုဏ်းချုပ်က အမြော်အမြင်ရှိပါပေတယ်၊ နာမည်ရှိမျိုးနွယ်စုထဲမှာ ကျွန်တော်ရဲ့ အဆက်အသွယ်တွေ ရှိတယ်၊ သူ့ကို ကြိုတင်ပြင်ဆင်ထားဖို့ ကျွန်တော် ပြောလိမ့်မယ်”
“အင်း”
လီရွှမ်အောက်ဟာ ဘာမှထပ်မပြောတော့ဘဲ ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
နာမည်ရှိမျိုးနွယ်စုအနေနဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ထောက်ပံ့မှုကို ငြင်းဆန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းက တာအိုပညာရှိအင်အားစု မဟုတ်ပါလား။
နားလည်လွယ်အောက် ပြောရရင် တာအိုပညာရှိဂိုဏ်းတွေက မိသားစုကြီးတွေနဲ့ တူပါတယ်။ ဝရုန်းသုန်းကား ဖြစ်လာပြီဆိုရင် နေရာတကာမှာ လျှောက်ပြီးတော့ ရင်းနှီးမြှုပ်နှံပါတယ်။ ဘယ်သူပဲနိုင်နိုင် မိသားစုက အကျိုးအမြတ်ရပြီး ဆက်ရပ်တည်နိုင်မယ် မဟုတ်ပါလား။
နာမည်ရှိမျိုးနွယ်စု၊ နတ်ဆိုးတွေနဲ့ တခြားမျိုးနွယ်စုတွေဟာ တာအိုပညာရှိဂိုဏ်းတွေရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီအစား သူတို့တွေဟာ တာအိုပညာရှိတွေရဲ့ ထောက်ပံ့မှုကို လက်ခံပြီး အမြင့်ကို ပိုတက်မှာပါ။
ဟန်ကျွယ်ဟာ မုရုံချီကို ဆက်ပြီးတော့ စောင့်ကြည့်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ချိန်တည်း အလုပ်နှစ်ခု လုပ်လို့ရတယ်ဆိုပေမဲ့ ဒီကိစ္စက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို သက်ရောက်စေပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ တပည့်တိုင်းကို ပဋိပက္ခနတ်ဘီလူးအသွင် မပြောင်းလဲပေးချင်တာပါ။
တပည့်တွေ ဘယ်လောက်စွမ်းစွမ်း သူ့ကို လိုက်မီမှာ မဟုတ်ပါဘူး။ ဟန်ကျွယ် တပည့်မွေးတယ် ဆိုတာကလည်း အနာဂတ်မှာ အလုပ်မရှုပ်အောင်ပါ။
မုရုံချီ ပဋိပက္ခနတ်ဘီလူးအသွင် ပြောင်းလဲနေစဉ်မှာ အင်မော်တယ်ကမ္ဘာကလည်း လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ တစ်ပါးပြီးတစ်ပါး ပေါ်လာကာ အင်မော်တယ်ကမ္ဘာကို လှုပ်ခတ်သွားစေပါတယ်။
လီတောက်ခုံးက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံရဲ့ ထိပ်ဆုံးမှာ နေရာယူနေတုန်းပါပဲ။ သူ့နောက်က နာမည်တွေကတော့ ဆက်တိုက် ပြောင်းလဲနေပါတယ်။ ဂျိရှင်းရှန်ကလည်း ထိပ်တန်း ၁၀ ယောက်ထဲကို ဝင်လာပါတယ်။ ဒီလိုဝင်လာဖို့လည်း မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ်တွေဟာ နေရာတကာမှာ တာအိုဟောကြားပြီး အားနည်းတဲ့ သက်ရှိတွေကို ကာကွယ်ခဲ့ကြပါတယ်။ အင်မော်တယ်ရုပ်တုတွေက အင်မော်တယ်ကမ္ဘာရဲ့ နေရာတကာမှာ ထိုးထိုးထောင်ထောင် တည်ရှိလာပြီး ယုံကြည်မှုစွမ်းအားက ကံတရား အထောက်အပံ့အသွင်ကို ပြောင်းလဲသွားပါတယ်။
ဒီလိုနဲ့ နှစ် ၃၀၀၀ ကုန်ဆုံးပြီးနောက်မှာတော့ မုရုံချီဟာ နတ်ဘီလူးချီကို လက်ခံနိုင်သွားပါတယ်။ ဒီနှစ်သုံးထောင်မှာ ဟန်ကျွယ်ရဲ့ ကာကွယ်မှုသာ မရှိခဲ့ဘူးဆိုရင် မုရုံချီဟာ နတ်ဘီလူးချီရဲ့ ဝါးမြိုမှုကို ခဏလေးနဲ့ ခံသွားရမှာပါ။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်လို့ ရသွားပါပြီ။ မကျင့်ကြံခင် ဟန်ကျွယ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပါတယ်။
ဟန်ထော်ဟာ သူ့တပည့်တွေကို တာအိုဟောကြားနေပါတယ်။ အခုလက်ရှိဟန်ထော်က တပည့်တစ်ရာကို လက်ခံထားပြီး မြေးတပည့်တစ်ထောင်ကျော် ရှိနေပါတယ်။ တပည့်အကုန်လုံးက သေမျိုးတွေ မဟုတ်ပါဘူး။
‘မဆိုးဘူး...’
ဟန်ထော်ဟာ ရှန်နန်းတော် အကြီးအကဲဆိုတဲ့ နာမည်ကို ပိုပိုပြီး အသုံးချလာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ယွီကို ကြည့်လိုက်တဲ့အခါမှာတော့ မျက်နှာအမူအရာ ပြောင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ယွီက လီတောက်ခုံးဘေးမှာ ကျင့်ကြံအားထုတ်နေလို့ပါပဲ။ ဟန်ကျွယ်လည်း ထူးဆန်းသွားပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ယွီက လီတောက်ခုံး တပည့်ဖြစ်သွားတာကို သိလိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။