နတ်ရွှေကျီးကန်း မိသားစု လှုပ်ရှားခြင်း
Vol. 55 Ch. 595
“ငါ တိတ်ဆိတ်ဂိုဏ်းကနေ ထွက်သွားဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး” ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ မျက်တောင်တစ်ချက် ခတ်ပြီး သေချာပြန်စဉ်းစားကြည့်တဲ့အခါ ဟန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းကနေ ဘယ်တော့မှ တစ်ယောက်တည်း ထွက်မသွားတာကို သွားတွေ့ပါတယ်။ ဟန်ကျွယ် အင်မော်တယ်ကမ္ဘာကို လာတုန်းကလည်း တိတ်ဆိတ်ဂိုဏ်းသားတွေ အကုန်လုံးကို ခေါ်လာခဲ့ပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကသာ တိတ်ဆိတ်ဂိုဏ်းကနေ ထွက်ခွာသွားကြတာပါ။
ဒါတွေကို တွေးမိသွားတဲ့ ရှင်းဟုန်ရွှမ်က စပ်စုလိုက်ပါတယ် “ယောက်ျား ဂိုဏ်းထဲမှာ နေရတာ မပင်ပန်းဘူးလား”
“ဘာဖြစ်လို့ ပင်ပန်းရမှာလဲ”
“အခုအချိန်မှာ ယောက်ျားကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူး၊ ဘာလို့ အပြင်ထွက်ပြီး တစ်ချက်လောက် မကြည့်တာလဲ”
“မင်း ကောင်းကင်တာအို ခန္ဓာသိမ်းတာကို ခံလိုက်ရတာလား” ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဟာ မယုံသင်္ကာ ကြည့်လိုက်ပြီး ရှင်းဟုန်ရွှမ်ကို သန့်စင်သင့်လားလို့ သူ့ကိုယ်သူ ပြန်မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ အမူအရာကို ကြည့်ပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားပါတယ် “ယောက်ျားက သတိထားလွန်းနေတာပဲ၊ ယောက်ျားက တာအိုပညာရှိ ဖြစ်နေတာတောင် အပြင်ထွက်ဖို့ ကြောက်နေသေးတယ်”
ရှင်းဟုန်ရွှမ် ဟန်ကျွယ်နဲ့ စတွေ့တုန်းက လူငယ်လေးတစ်ယောက်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းကလည်း ဟန်ကျွယ်ဟာ သတိကြီးပါတယ်။ အခု တာအိုပညာရှိ ဖြစ်လာတော့လည်း သတိကြီးကြီး ထားနေတုန်းပါပဲ။ ဒီအကြောင်းကြောင့်လည်း သူက တာအိုပညာရှိ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ပြီး အတိတ်နဲ့ ပစ္စုပ္ပန် အကြောင်းတွေကို ဆက်ပြီးတော့ ပြောကြပါတယ်။ လေးငါးဆယ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းထဲကနေ ထွက်လာပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။
တပည့်တွေဟာ မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ကြပါတယ်။
နှစ်သောင်းချီ ကြာပြီးနောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရွှေ့ပြောင်းပြီး နောက်မှာတောင် ဖူစန်းသစ်ပင်က ကိုယ်ပိုင်တပည့်တွေ စုဝေးတဲ့ နေရာတစ်ခု ဖြစ်နေတုန်းပါ။
ငရဲကြက်နက်ဟာ ဟန်ကျွယ်ဆီ ပျံသန်းလာပြီး အော်ပြောလိုက်ပါတယ် “သခင်... ကျွန်တော် တိုင်စရာရှိတယ်”
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ဘာကိစ္စတိုင်မှာလဲ”
“အာတနဲ့ ရှောင်အာက အပြင်ထွက်ချင်နေတယ်”
အာတနဲ့ ရှောင်အာဟာ ရွှေကျီးကန်းတွေ ဖြစ်ပါတယ်။ အတိတ်မှာတုန်းက သူတို့နှစ်ယောက်ရဲ့ အရည်အချင်းက ညံဖျင်းလွန်းတဲ့အတွက် မိသားစုထဲကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ အခု သူတို့နှစ်ယောက်ဟာ နတ်မင်းအဆင့်ကို ရောက်နေပြီဆိုပေမဲ့ ကောင်းကင်ဘဝဂ် အဆင့်နဲ့တော့ အလှမ်းဝေးနေပါသေးတယ်။
အာတက ချက်ချင်းပဲ ပြန်ငြင်းပါတယ် “မထွက်ချင်ပါဘူး၊ အဲဒီကြက်စုတ်က မဟုတ်တာတွေ လျှောက်ပြောနေတာ၊ ရွှေကျီးကန်းတစ်ကောင်က သွေးစည်းကို အသုံးပြုပြီး ကျွန်တော်တို့ကို ဆင့်ခေါ်နေတယ်လို့ပဲ ပြောမိတာပါ”
ရှောင်အာကလည်း ဒေါသကြောင့် တစ်ကိုယ်လုံးမှာ နေမီးလျှံစစ်တွေ တောက်လောင်လာပါတယ်။
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်က အနန္တကမ္ဘာမှာရှိတဲ့ ရွှေကျီးကန်းတွေကို ဆင့်ခေါ်နေမှန်း သိလိုက်ရပါတယ်။ ကျယ်ကျောင်းတော်ရဲ့ တိုက်ခိုက်မှုက အလွန်ကြမ်းတဲ့အတွက် ဒီလိုသာ ဆက်သွားမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်စုက ဖျက်သိမ်းရဖို့ သေချာသလောက် ရှိနေပါပြီ။ နတ်ဆိုးတွေ အကုန်လုံး သေဆုံးဖို့က မဖြစ်နိုင်ပေမဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ တော်ဝင်မိသားစုဖြစ်တဲ့ နတ်ရွှေကျီးကန်း မိသားစုကတော့ ရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းတို့တွေ တာအိုပညာရှိအတု အဆင့်ကို ရောက်ရင် အပြင်ထွက်ပြီး ကြိုက်တာ လုပ်လို့ရတယ်၊ အဲဒီမတိုင်ခင်တော့ အပြင်ထွက်ဖို့လည်း မစဉ်းစားနဲ့၊ မီးမွှေးဖို့လည်း မကြံနဲ့”
အဲဒီနောက် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရှေ့ကို လျှောက်သွားပြီး အကဲခတ်လိုက်ပါတယ်။ ဖူစန်းသစ်ပင်နဲ့ ချိတ်ဆက်ထားတဲ့ အချိန်-အာကာ ဝဲကတော့တွေက သုံးရာကျော်သွားပါပြီ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်မှာ ဒီလောက်များတဲ့ လောကတွေ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကံကောင်းထောင်မစွာပဲ ဒီလောကတွေက အင်မော်တယ်ကမ္ဘာကိုတောင် မမီပါဘူး။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖူစန်းသစ်ပင်ရဲ့ ကျင့်ကြံမှုဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်ကို ရောက်နေပြီး ကောင်းကင်ဘဝဂ် အဆင့်ကို အချိန်မရွေး တက်လှမ်းနိုင်နေပါပြီ။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အချိန်-အာကာသ ဝဲကတော့ ဖွင့်ခိုင်းပြီး အဲဒီဝဲကတော့တွေထဲက လောကကို ချောင်းကြည့်လိုက်ပါတယ်။
ပုကျိုးနတ်တောင်။
ပေတစ်သန်းကျော် ရှည်လျားတဲ့ တောင်ပံနဲ့ ခြေသုံးခြောင်း ရွှေကျီးကန်းဟာ အနောက်အရပ်ကနေ ပျံသန်းလာပြီး ပုကျိုးတောင်ပေါ်ကို တက်ဖို့ ပြင်လိုက်ပါတယ်။
“ဝုန်း...”
ဓားချီတစ်ခု ထိုးထွက်လာပြီး တိမ်ပင်လယ်ကို ပြန့်ကျဲစေကာ ပုကျိုးနတ်တောင်ကို တုန်ခါသွားစေပါတယ်။
ခြေသုံးခြောင်း ရွှေကျီးကန်းဟာ ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ပြီး အော်ပြောလိုက်ပါတယ် “ကျွန်တော်က နတ်ဆိုးမျိုးနွယ်စုရဲ့ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ပါ၊ စီနီယာ လီတောက်ခုံးဆီ အလည်လာတာပါ”
“မရဘူး”
လီတောက်ခုံးရဲ့ အသံဟာ အလွန်တရာ အေးစက်မာကြောလှပါတယ်။
ပုကျိုးနတ်တောင်က သက်ရှိတွေဟာ ရင်ထိတ်သွားကြပါတယ်။ သူတို့ဟာ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ကြားဖူးတာ ကြာပါပြီ။ လီတောက်ခုံးက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံမှာ နံပါတ်တစ် ချိတ်တယ်ဆိုပေမဲ့ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကလည်း ခေတဲ့သူ မဟုတ်ပါဘူး။ သူ့လက်အောက်မှာ နတ်ဆိုးတွေ အများကြီး ရှိပါတယ်။
“ဒီကိစ္စက ပုကျိုးနတ်တောင်ပါပါတယ်” ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ်။ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်က လီတောက်ခုံး မျက်နှာသာ မပေးမှာကို အစောကြီးကတည်းက ကြိုတွက်ထားပြီးသားပါ။
“ထွက်သွားစမ်း”
လီတောက်ခုံးရဲ့ မိုးခြိမ်းသံလို ထွက်ပေါ်လာပြီး ပုကျိုးနတ်တောင်က သက်ရှိတွေကို နားကန်းလုနီး ဖြစ်သွားစေပါတယ်။
“ဟမ်...” ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ဟာ အေးစက်စွာ နှာမှုတ်လိုက်ပြီး ထွက်ခွာသွားပါတယ်။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ နတ်ဆိုးတွေဟာ အရပ်ဆယ်မျက်နှာကနေ ပုကျိုးနတ်တောင်ဆီကို ရောက်လာကြပါတယ်။ နတ်ဆိုးရောင်ဝါဟာ လေထုထဲမှာ ပြည့်နှက်ပြီး တိမ်မည်းတွေ ဖြစ်ထွန်းကာ ကပ်ဘေးတစ်ခု ရောက်လာသလိုမျိုး ပုကျိုးနတ်တောင်တစ်ခုလုံးကို လွှမ်းမိုးလိုက်ပါတယ်။
အဝေးမှာရှိနေတဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး ကောက်ကြည့်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေက အရပ်ဆယ်မျက်နှာကနေ ပုကျိုးနတ်တောင်ဆီ အပြေးလာနေတာကို တွေ့လိုက်ရပါတယ်။ နတ်ဆိုးတွေက သမုဒ္ဒရာလိုမျိုး ပုကျိုးနတ်တောင်ကို နှစ်မြှုပ်ပစ်ချင်ပုံပါပဲ။
ဒီနတ်ဆိုးတွေထဲမှာ အစွမ်းအထက်ဆုံးက အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ရှိပါတယ်။
‘ဒီနတ်ဆိုးတွေက ပုကျိုးနတ်တောင်ကို တိုက်ခိုက်ချင်တာလား... ဒီလောက်အားနည်းတဲ့ နတ်ဆိုးတွေနဲ့ ပုကျိုးနတ်တောင်ကို ဘာလုပ်လို့ရမှာလဲ... နေပါအုန်း...’
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။
နတ်ဆိုးတွေက နတ်ဆိုးစစ်သား သန်းတစ်ရာကျော်ကို အသုံးပြုပြီး ပုကျိုးနတ်တောင်ကို တွယ်တက်နေတာက လီတောက်ခုံးကို ဒေါသထွက်အောင် လုပ်နေတာပါ။ လီတောက်ခုံးသာ ဒေါသထွက်ပြီး ဒီနယ်ရုပ်တွေကို သတ်ပစ်လိုက်မယ်ဆိုရင် အလွန်များပြားတဲ့ အကုသိုလ်ကံ ဖြစ်ပေါ်လာပြီး လီတောက်ခုံးရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို လျော့ကျသွားစေမှာပါ။ အဲဒီအချိန်ကျရင် လီတောက်ခုံးက ကောင်းကင်တာအို အထောက်အပံ့ခုံရဲ့ သူ့နေရာကို ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်လိုက်ပေမဲ့ ဘယ်တာအိုပညာရှိက နတ်ဆိုးတွေကို ထောက်ပံ့နေလဲဆိုတာ တွက်မရပါဘူး။
ဟန်ကျွယ် အမြင်မှာ တာအိုပညာရှိတစ်ပါးပါးက နတ်ဆိုးတွေကို ကျိန်းသေပေါက် ထောက်ပံ့နေပါတယ်။ မဟုတ်ရင် ကျယ်ကျောင်းတော်ကို မနိုင်တဲ့ နတ်ဆိုးတွေက ဘယ်လိုလုပ်ပြီး နောက်ထပ်ရန်သူအသစ် ရှာရဲမှာလဲ။
“ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ဘယ်သူ ထောက်ပံ့နေလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား...’ ဟန်ကျွယ်ဟာ နှလုံးမြှုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းဆိုသလို ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မီးလျှံတွေ တောက်လောင်နေတဲ့ ကြက်သွေးရောင် ခန်းမတစ်ခုကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်က ရုပ်သွင်တစ်ခုရှေ့ ဒူးထောက်နေတာကို တွေ့လိုက်ရပါတယ်။
‘သိကျွင်းပါလား...’
သိကျွင်းဟာ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ငုံ့ကြည့်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါ နတ်ဆိုးတွေရဲ့ အခြေအနေကို သိပြီးပြီ”
ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဘိုးဘေး... နတ်ရွှေကျီးကန်း မိသားစုကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ”
“ငါက မင်းရဲ့ ဘိုးဘေး မဟုတ်ဘူး၊ နတ်ရွှေကျီးကန်း မိသားစုရဲ့ သိကျွင်းက ငါရဲ့ ဓမ္မရုပ်တုတစ်ခုပဲ၊ ငါက ကံတရား ကျော်ဖြတ်ပြီး ပုံရိပ်ယောင်ထဲကနေ လွတ်မြောက်တာ ကြာခဲ့ပြီ”
“ဒါပေမဲ့...”
“နတ်ရွှေကျီးကန်း မိသားစုမှာ တာအိုပညာရှိ မရှိဘူး၊ အဲဒါကြောင့် မင်းတို့တွေ အင်မော်တယ်ကမ္ဘာမှာ အခြေခိုင်ဖို့ အရမ်းခက်လိမ့်မယ်၊ မင်းတို့တွေ ထပ်ခါထပ်ခါ ပြန်ကြိုးစားပြီး ထပ်ခါထပ်ခါ သုတ်သင်ခံရလိမ့်မယ်၊ မင်းလည်း သေမင်းတံခါးဝမှာ ရုန်းကန်ကြိုးစားပြီး အဆုံးမဲ့အောင် ပြန်လည်မွေးဖွားနေရလိမ့်မယ်”
ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။
သိကျွင်းက ဆက်ပြောပါတယ် “ဒါပေမဲ့ ငါ့မှာ နတ်ရွှေကျီးကန်း မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်၊ မင်း အောင်မြင်မယ်ဆိုရင် နတ်ရွှေကျီးကန်း မိသားစုမှာ တာအိုပညာရှိတစ်ပါး ပေါ်ထွန်းလာလိမ့်မယ်၊ ဒါပေမဲ့ ကျဆုံးမယ်ဆိုရင်တော့ နတ်ရွှေကျီးကန်း မိသားစုက သုတ်သင်ခံရလိမ့်မယ်၊ မင်းက ငါ့တည်ရှိမှုကို ထုတ်ပြောခွင့် မရှိဘူး၊ မင်း လုပ်ရဲလား”
ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ဟာ ရုတ်တရက် ခေါင်းမော့ပြီး ပြောလိုက်ပါတယ် “ကျွန်တော် လုပ်ရဲတယ်၊ နတ်ရွှေကျီးကန်း မိသားစုမှာ လမ်းမရှိတော့ဘူး”
“နတ်ဆိုးတွေကို ပုကျိုးနတ်တောင်ဆီ တွယ်တက်ခိုင်းပြီး လီတောက်ခုံးကို ဒေါသထွက်အောင်လုပ်၊ လီတောက်ခုံး ဒေါသထွက်ပြီး နတ်ဆိုးတွေကိုသတ်ရင် သူ့ရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ လျော့ကျသွားလိမ့်မယ်၊ ငါ မင်းကို ကောင်းကင်တာအို အကောင်းစား ရတနာတစ်ပါး ပေးမယ်၊ အမှောင်တားမြစ်နယ်မြေကို သွားယူချည်၊ ငါ မင်းကို လမ်းညွှန်ပေးမယ်”
“ဟုတ်ကဲ့ပါ”
ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ဟာ အလွန်တရာမှာ စိတ်လှုပ်ရှားသွားပါတယ်။ ကောင်းကင်တာအို အကောင်းစား ရတနာဆိုတဲ့ စာလုံးတွေက ရွေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ချာချာလည်သွားစေပါတယ်။
ပုံရိပ်ယောင် အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘သိကျွင်းကလည်း ကောင်းကင်တာအိုကို ပစ်မှတ်ထားနေတာလား... သူက ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကို ကောင်းကင်တာအို အကောင်းစား ရတနာတောင် ပေးလိုက်သေးတယ်’
‘တစ်ခုခုတော့ မှားနေပြီ... ဒီစွမ်းအားကြီး ပုဂ္ဂိုလ်တွေက ကောင်းကင်တာအို မကဘူး၊ မဟာတာအိုကိုတောင် ကျော်ဖြတ်ပြီးပြီလေ၊ ဘာဖြစ်လို့ ကောင်းကင်တာအိုကို တိုက်ခိုက်နေသေးတာလဲ’
ဟန်ကျွယ်ဟာ အကြောင်းရင်းကို ထပ်တွက်လိုက်ပါတယ်။
[စနစ်၏ အကန့်အသတ်ထက် လွန်ကဲသော ကံအခြင်းအရာ ပါဝင်နေ၍ တွက်ချက်မရပါ။]
‘ဟင်...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘သိကျွင်းက ဒီလောက် စွမ်းအားမကြီးပါဘူး’
ဟန်ကျွယ် နားလည်သလောက် တာအိုဘိုးဘေးကသာ စနစ်ရဲ့ အကန့်အသတ်ထက် လွန်ကဲတာပါ ‘သိကျွင်း တိုက်ခိုက်တာရဲ့ အကြောင်းရင်းက တာအိုဘိုးဘေးကြောင့်လား...’
ဟန်ကျွယ်ဟာ အကြောင်းရင်းကို စဉ်းစားမရတဲ့အတွက် လီတောက်ခုံးဆီ အသံလွှင့်ပြီး နတ်ဆိုးတွေကို မသတ်ဖို့နဲ့ ပုကျိုးနတ်တောင်ကို အစီအမံနဲ့ ကာကွယ်ထားဖို့ ပြောလိုက်ပါတယ်။
ကျယ်ကျောင်းတော်က နတ်ဆိုးတွေကို လိုက်နေတာ ဖြစ်တဲ့အတွက် နတ်ဆိုးတွေသာ ပုကျိုးနတ်တောင်ကနေ မခွာရင် ကျယ်ကျောင်းတော်ရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို ခါးစည်း ရင်ဆိုင်ရမှာပါ။
လီတောက်ခုံးဟာ ချက်ချင်းပဲ မန္တန် သုံးလိုက်တဲ့အခါ ပုကျိုးနတ်တောင် အစွန်းကနေ ဓားအလင်းတန်းတွေ မြှင့်တက်သွားပြီး လေထဲမှာ ပေါလောမျောသွားပါတယ်။ ဓားဦးတွေက ကောင်းကင်ကို မျက်နှာမူထားတဲ့အတွက် တော်တော်လေး ခမ်းနားထည်ဝါလှပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။