← Chapters

ဖန်တီးရှင် ကျောက်စိမ်းပြား၊ ကောင်းကင်တာအို အသစ်

Vol. 55 Ch. 596

ဖန်တီးရှင် ကျောက်စိမ်းပြား၊ ကောင်းကင်တာအို အသစ်

Vol. 55 Ch. 596

ပုကျိုးနတ်တောင်မှာ ဓားအလင်းတန်း အစီအမံ ထွက်ပေါ်လာတဲ့အခါ နတ်ဆိုးတွေဟာ ရှေ့ဆက်တိုးလို့ မရတော့ပါဘူး။ ဒါပေမဲ့ တချို့နတ်ဆိုးတွေဟာ အတင်းတိုးဝင်ဖို့ ကြိုးစားတဲ့အတွက် အစီအမံလက်ချက်နဲ့ အစအန မကျန်အောင် ဖျက်ဆီးခံလိုက်ရပါတယ်။ နတ်ဆိုးတွေလည်း ကြောက်ရွံ့ထိတ်လန့်သွားပြီး ရှေ့ဆက်မတိုးရဲတော့ပါဘူး။

အဝေးတစ်နေရာမှာတော့ ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်နဲ့ နတ်ဆိုးသူတော်စင်တွေဟာ တောင်ကြားတစ်ခုမှာ စုဝေးနေပါတယ်။

နတ်ဆိုးသူတော်စင်တစ်ပါးက ပြောလိုက်ပါတယ် “လီတောက်ခုံးက အရူးလုပ်မခံပုံပဲ၊ ကျွန်တော်တို့တွေ ဆက်တိုက်အုန်းမှာလား”

ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပါတယ် “မလိုဘူး၊ လီတောက်ခုံးက မာနကြီးတယ်၊ သည်းခံနိုင်စွမ်း မရှိဘူး၊ သူက ငါတို့အစီအစဉ်ကို သိရင်တောင် ကျိန်းသေပေါက် ခုန်ဆင်းလိမ့်မယ်၊ သူက ငါတို့ကို သူကြောက်နေတယ်လို့ မထင်စေချင်ဘူးလေ”

“ကျွန်တော်တို့ အခုအချိန် ပုကျိုးနတ်တောင်ဆီကို သွားရင် လီတောက်ခုံး အသတ်ခံရဖို့ များတယ်၊ သူ ဘယ်လောက်စွမ်းတယ်ဆိုတက လူတိုင်းအသိပဲ”

တခြားနတ်ဆိုးသူတော်စင်တွေဟာ ဒီစကာက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။ သူတို့တွေဟာ လီတောက်ခုံးကို မျက်နှာချင်း မဆိုင်ချင်ပါဘူး။

နတ်ဆိုးတွေ ပုကျိုးနတ်တောင်ကို ဝန်းရံထားတယ်ဆိုတဲ့ သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကျယ်ကျောင်းတော်ဟာ ပုကျိုးနတ်တောင်ကို ချဉ်းကပ်လာပါတယ်။

အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နှစ်တစ်ထောင် ကြာသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပထမဆုံး ပုကျိုးနတ်တောင်ကို ကြည့်လိုက်တဲ့အခါ နတ်ဆိုးတွေ မရှိတော့တာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါ ပုကျိုးနတ်တောင် အစွန်းမှာ သတ်ဖြတ်ငွေ့တွေ လွှင့်ပျံနေတာကို တွေ့လိုက်ရပါတယ်။

‘လီတောက်ခုံး လှုပ်ရှားလိုက်တာများလား...’

ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကို ချက်ချင်း စစ်ဆေးကြည့်လိုက်တဲ့အခါ လီတောက်ခုံးက နံပါတ်သုံးဆီ ကျသွားပြီး တစုန်ကောင်းကင်က နံပါတ်တစ်နေရာ ရောက်နေတာ တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ကျယ်ကျောင်းတော်က နတ်ဆိုးတွေကို တိုက်ခိုက်ချင်ပေမဲ့ ဗုဒ္ဓဂိုဏ်းက ဝင်တားတာကြောင့် နတ်ဆိုးတွေဟာ ပုကျိုးနတ်တောင်ကို ဆက်ဝန်းရံထားခဲ့ပါတယ်။

ဒါကြောင့် လီတောက်ခုံးဟာ မပျော်မရွှင်ဖြစ်ပြီး နတ်ဆိုးတွေကို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ လီတောက်ခုံးဟာ နတ်ဆိုးစစ်သား သန်းတစ်ရာကျော်ကို သတ်ဖြတ်လိုက်တဲ့အတွက် အကုသိုလ်ကံများစွာ ဖြစ်ပေါ်လာပြီး ကံတရား အထောက်အပံ့ တော်တော်များများကို ချေဖျက်လိုက်တာ ဖြစ်ပါတယ်။

ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်ကလည်း လီတောက်ခုံးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပါတယ်။ ကောင်းကင်တာအို အကောင်းစား ရတနာကြောင့်သာ မဟုတ်ရင် ရွေကျီးကန်း နတ်ဆိုးဧကရာဇ်ဟာ နေရာမှာတင် သေသွားမှာပါ။

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လီတောက်ခုံးကို အပြင်မတင်ပါဘူး။ ဒါက သူ့ရဲ့ ရွေးချယ်မှုပါ။

တကယ်တော့ ဗုဒ္ဓဂိုဏ်းက နတ်ဆိုးတွေကို ကာကွယ်ချင်တာ မဟုတ်ပါဘူး။ ကျယ်ကျောင်းတော်ကိုသာ ဆန့်ကျင်တာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချုံရှီလိုင်ကို သွားမရှာပါဘူး။ ဟန်ကျွယ်ဟာ သူ့အင်အားစုတွေ သဟဇာတ ဖြစ်နေအောင် လိုက်မလုပ်ပါဘူး။ ဒီကိစ္စက ယုတ္တိမရှိတဲ့အပြင် ပြဿနာတွေကို ပိုပြီးတော့တောင် ဆွဲဆောင်လာနိုင်ပါတယ်။

တိုက်ပွဲထဲမှာ အင်အားပိုကြီးလာတာက မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဒီကိစ္စကို ဆက်မတွေးတော့ဘဲ သူ့သား ဟန်ထော်ကို ကြည့်လိုက်ပါတယ်။

ဒီနှစ်တွေမှာ ရှန်နန်းတော်ဟာ သေမျိုးကမ္ဘာကို အာရုံစိုက်နေပါတယ်။ ဟန်ထော်ကိုယ်တိုင်လည်း သေမျိုးကမ္ဘာကို တပည့်လက်သားတွေနဲ့ ကိုယ်တိုင်သွားပါတယ်။ ဟန်ထော် သွားဖို့ ရွေးချယ်လိုက်တဲ့ သေမျိုးကမ္ဘာက တစုန်ကောင်းကင်ကမ္ဘာပါ။ ရှန်နန်းတော်နဲ့ တစုန်ကောင်းကင်ဂိုဏ်းက ဆက်ဆံရေးတစ်ခုခု တည်ဆောက်ထားပုံပါပဲ။

ဟန်ထော်ရဲ့ ကျင့်ကြံမှုက ဘယ်တော့မှ နောက်ကျ ကျန်မနေခဲ့ပါဘူး။ အခုဆိုရင် ဟန်ထော်ဟာ မူလဆန်းကြယ် နတ်စွမ်းအား သုံးပါးအဆင့်ကို ရောက်နေပါပြီ။

အဲဒီနောက် ဟန်ထော်ဟာ ယီတျန်ကို ကြည့်လိုက်ပါတယ်။ ဒီ ကောင်းကင်တာအိုရဲ့ သားတော်ကတော့ မူလဆန်းကြယ် နတ်စွမ်းအားငါးပါးကို ရောက်နေပါပြီ။ ကောင်းကင်တာအို သားတော်က တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။

ဟန်ယွီကတော့ အရှေ့ပင်လယ်ရဲ့ နဂါးဘုရင် နန်းတော်မှာ အရက်သောက်နေပါတယ်။ အရှေ့ပင်လယ်ရဲ့ သတ္တမ မင်းသမီးက ဟန်ယွီကို မြင်မြင်ချင်း ကြိုက်သွားပါတယ်။ အရှေ့ပင်လယ်ရဲ့ နဂါးဘုရင်ကလည်း ဟန်ယွီရဲ့ ဆရာသခင်က လီတောက်ခုံးမှန်း သိလိုက်ရတဲ့အတွက် ချက်ချင်းကို သမက်တော်ချင်သွားပါတယ်။

ဒါကို တွေ့မြင်သွားတဲ့ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ဒီကောင်က ငါနဲ့တူတော့ စန်းပွင့်တာပေါ့’ ဟန်ကျွယ်ဟာ သူ့မျိုးဆက်တွေရဲ့ ဘဝကို ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ ဝင်ပါရအောင်လည်း အဲဒီလောက် အားယားနေတာ မဟုတ်ပါဘူး။

အရှေ့ပင်လယ်ရဲ့ နဂါးဘုရင်က မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်သာ ရှိတဲ့အတွက် ဟန်ကျွယ်နဲ့ တွေ့ဖို့တောင် မထိုက်တန်ပါဘူး။

ဟန်ကျွယ်ဟာ တခြားသူတွေကို လျှောက်ကြည့်ပြီးနောက် လေးငါးဆယ်ရက် ကြာတဲ့အခါ ကျင့်ကြံမှုကို ဆက်ပါတယ်။

ဒါက တာအိုပညာရှိတစ်ပါးရဲ့ ဘဝပါ။ ဟန်ကျွယ်ဟာ သူ့အချိန်အများစုကို တရားထိုင်ရင်း ကျင့်ကြံအားထုတ်ရင်းနဲ့ပဲ ကုန်ဆုံးပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံမြောက်၊ မဟာအန္တိမခန်းမ။

ဖန်းလျန်ဟာ ခန်းမထဲကို ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာပါတယ်။ သူ့မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေပြီး သူ့ရောင်ဝါက လေးနက်တည်ကြည် ခမ်းနားသိမ်မွေ့နေပါတယ်။

ဘိုးဘေးရှီတျန်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ့ဆီ လျှောက်လာတဲ့ ဖန်းလျန်ကို ကြည့်လိုက်ပါတယ်။ ဘိုးဘေးရှီတျန်ဟာ ဖန်းလျန်ကို ငေးမောကြည့်လိုက်ပါတယ်။

ဖန်းလျန်ဟာ ဘိုးဘေးရှီတျန်နဲ့ ပေတစ်ရာအကွာမှာ ရပ်လိုက်ပြီး ပြောလိုက်ပါတယ် “ဘိုးဘေးရှီတျန်... တာအိုဘိုးဘေးက ဘိုးဘေးရှီတျန်ကို လာရှာခိုင်းလို့၊ အကြောင်းရင်းကိုတော့ ဘိုးဘေးရှီတျန် သိတယ်မလား...”

“သိတယ်၊ ဖန်တီးရှင် ကျောက်စိမ်းပြားမလား...” အဲဒီနောက် ဘိုးဘေးရှီတျန်ဟာ ဖန်းလျန်ကို အကဲခတ်ပြီး သက်ပြင်းချလိုက်ပါတယ် “တာအိုဘိုးဘေး ဖြစ်လာတာ ဘယ်လိုခံစားရလဲ”

“အများကြီးကို ထိုးဖောက်မြင်ပြီး အများကြီးကို သည်းခံရတယ်”

“တာအိုဘိုးဘေးက ဘယ်မှာလဲ”

“တာအိုဘိုးဘေးက နေရာတိုင်းမှာရှိတယ်”

“တာအိုဘိုးဘေးက မင်းကို ဘာလို့ လာမရှာတာလဲ”

“လောကဦး နတ်ဘီလူး”

ဘိုးဘေးရှီတျန်ဟာ တိတ်ဆိတ်သွားပါတယ်။

ဖန်းလျန်က မေးလိုက်ပါတယ် “ဖန်တီးရှင် ကျောက်စိမ်းပြား ဘယ်မှာလဲ၊ ကျွန်တော့်ကို ပေးလို့ရမလား”

“ငါ မင်းကို ဖန်းတီးရှင် ကျောက်စိမ်းပြား ပေးလို့မရဘူး၊ အဲဒါက ဒီနေရာမှာ မရှိတော့ဘူး၊ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကိုလည်း ငါ မသိဘူး၊ ဒီရတနာက စိတ်ဝိညာဉ် ရှိတယ်၊ ပြီးခဲ့တဲ့ ကပ်ဘေးမှာ ကွယ်ပျောက်သွားတာ၊ ဒီကိစ္စကြောင့် ငါ အင်မော်တယ်ကမ္ဘာက သက်ရှိတွေကို တာအို မဟောကြားရသေးဘူး၊ ငါ ဖန်တီးရှင် ကျောက်စိမ်းပြားရဲ့ သဲလွန်စကို ရှာချင်ပါတယ်၊ ဒါပေမဲ့... နှာမြောဖို့ကောင်းတယ်...”

ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “အဲဒါက ကောင်းကင်တာအိုမှာ မရှိတော့ရင် အဆုံးသတ်အပျက်အစီး နတ်ဘုံ ဒါမှမဟုတ် ရှေးဟောင်းပျက်သုဉ်းနယ်မြေမှာ ပေါ်လာနိုင်တယ်၊ မင်သွားရှာပေါ့၊ တာအိုဘိုးဘေးက မင်းကို ကျိန်းသေပေါက် ကာကွယ်ပေးမှာပါ”

“မင်း အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံမှာ တာအိုမိစ္ဆာတွေကို ဂရုစိုက်ဖို့ လိုလိမ့်မယ်၊ ရှေးဟောင်း ပျက်သုဉ်းနယ်မြေမှာတော့ နတ်ဘီလူးတွေကို သတိထားရလိမ့်မယ်”

ဖန်းလျန်ဟာ နှာခေါင်းရှုံ့ပြီး မဟာအန္တိမခန်းမထဲကနေ ထွက်ခွာသွားပါတယ်။ ဖန်းလျန် ထွက်သွားတဲ့အခါမှာတော့ ဘိုးဘေးရှီတျန်ဟာ သက်ပြင်းချပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “တာအိုဘိုးဘေး... ခင်ဗျား ဘာတွေများ ကြံစည်နေတာလဲ၊ ဟိုးအရင်တုန်းက ခင်ဗျား တစ်ခုခုကို ကြောက်နေပုံပဲ၊ အခု ငါ ပုံရိပ်ယောင်ကို ထိုးဖောက်မြင်ပြီး အရာအားကို ကျော်ဖြတ်နိုင်ခဲ့တာတောင် ခင်ဗျား ဘာနောက် လိုက်နေလဲဆိုတာ အခုထိ မမြင်နိုင်သေးဘူး”

ဘိုးဘေးရှီတျန်ရဲ့ မှတ်ဉာဏ်ထဲမှာ တာအိုဘိုးဘေးက အရမ်းလျှို့ဝှက် ဆန်းကြယ်ပါတယ်။ လောကကြီး ဖန်တီးပြီးနောက် ဘိုးဘေးရှီတျန်က အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်ပေမဲ့ အမြဲတမ်း ဂူအောင်း ကျင့်ကြံနေခဲ့ပါတယ်။

ဘိုးဘေးရှီတျန်ဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါ လက်ထဲမှာ ခရမ်းရောင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာပါတယ်။

ကျယ်ကျောင်းတော် တာအိုပညာရှိရဲ့ တာအိုစက်ကွင်း။

ဟွမ်ဇွမ်တျန်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရှေ့မှာ လေးလေးစားစား ဒူးထောက်နေပြီး မော်မကြည့်ရဲပါဘူး။ ဂိုဏ်းချုပ်တျန်ကျွယ်က ပြောလိုက်ပါတယ် “မင်းလုပ်‌ဆောင်ချက်က မဆိုးဘူး၊ အခု မင်းက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံမှာ ထိပ်တန်းဆယ်ယောက် ဝင်သွားပြီ၊ မင်းက ကျယ်ကျောင်းတော်ကို အရှက်မရစေဘူး”

ဟွမ်ဇွမ်တျန်က ပြန်ဖြေလိုက်ပါတယ် “ဒါတွေ အားလုံးက ကျယ်ကျောင်းတော်ရဲ့ ကံတရား အထောက်အပံ့ကြောင့်ပါ၊ ဂိုဏ်းချုပ်နေရာမှာ တခြားလူတွေဆိုရင်လည်း ကျွန်တော်ထက် ပိုပြီးတော့ စွမ်းဆောင်နိုင်မှာပါ”

“နှိမ့်ချနေတာ တော်တော့၊ ငါ မင်းကို အရေးကြီး ပြောစရာရှိတယ်”

“ပြောပါ တာအိုပညာရှိ”

“ချန်ကျောင်းတော်နဲ့ ကျယ်ကျောင်းတော်က ပူးပေါင်းပြီး ကောင်းကင်တာအို အသစ်ကို ဖန်တီးဖို့ ပြင်ဆင်နေတယ်၊ မင်း မြန်မြန် တပည့်သစ်စုဆောင်းပြီး ကောင်းကင်တာအိုအသစ်ဆီ ပို့လိုက်”

“ဟုတ်ကဲ့ပါ” ဟွမ်ဇွမ်တျန်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။

“အင်း... ဒီကိစ္စကို မင်း ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ရင် ငါ မင်း တစ်ယောက်တည်းကို သီးသန့် တာအိုဟောကြားပေးမယ်”

“တာအိုပညာရှိရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

“မင်းသွားလို့ ရပြီ”

ဟွမ်ဇွမ်တျန်ဟာ ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံကနေ ထွက်လာပြီးနောက် ဟွမ်ဇွမ်တျန်ဟာ တိမ်ပင်လယ်ကို ခံစားချက် ကင်းမဲ့တဲ့ မျက်နှာနဲ့ ခရီးနှင်ရင်း ဂိုဏ်းချုပ်တျန်ကျွယ် ပြောလိုက်တာတွေကို ပြန်စဉ်းစားလိုက်ပါတယ်။

‘ကောင်းကင်တာအို အသစ်... တစ်ခုခုတော့ မှားနေပြီ၊ အခုကျယ်ကျောင်းတော်နဲ့ ချန်ကျောင်းတော်က အင်မော်တယ်ကမ္ဘာမှာ အရေးကြီးနေသေးတာကို၊ ကျောင်းတော်နှစ်ခုက ပိုပြီးတော့တောင် စည်ကား တိုးတက်လာသေးတယ်၊ ဘာဖြစ်လို့ ကောင်းကင်တာအို အသစ်ကို ဖန်တီးချင်ရတာလဲ”

ဟွမ်ဇွမ်တျန်ဟာ ထောင်ချောက်တစ်ခုကို အနံ့ရလိုက်ပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ တာအိုပညာရှိတွေရဲ့ အစီအစဉ်ထဲမှာ ဝင်ပါလို့ မရပါဘူး။ စုံစမ်းဖို့ မပြောနဲ့ နည်းနည်း မူမမှန်ရင်တောင် တာအိုပညာရှိတွေက သတိထားမိသွားနိုင်ပါတယ်။

ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ဟွမ်ဇွမ်တျန်ဟာ ရေခဲပါးပေါ် နေ့တိုင်း လမ်းလျှောက်နေရတာပါ။ ဟွမ်ဇွမ်တျန်ဟာ ခြေလှမ်းတိုင်းကို ဂရုတစိုက် လှမ်းနေရတာပါ။ ဟွမ်ဇွမ်တျန်ဟာ ဒီကိစ္စက ဟန်ကျွယ်နဲ့ ဆက်စပ်နေလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ မျှခြေ အခြေအနေကို ဖျက်ဆီးလိုက်ပါတယ်။ လက်ရှိ ငြိမ်းချမ်းမှုကလည်း ဟန်ကျွယ် စွမ်းအားကြီးလွန်းလို့ တည်ရှိနေတာပါ။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်နဲ့ မယှဉ်ရဲတဲ့အတွက် အတူပူးပေါင်းနေကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းကို တွေးမိလိုက်တဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။

ဟန်ကျွယ်က တာအိုပညာရှိ ဖြစ်လာပြီးနောက် သူ့စွမ်းအားကို ထုတ်မပြဘဲ အင်မော်တယ်ကမ္ဘာကို ငြိမ်းချမ်းရေး ယူဆောင်လာပါတယ်။ လက်ရှိအင်မော်တယ်ကမ္ဘာက ကပ်ဘေး မတိုင်ခင်တုန်းကထက် ပိုပြီးတော့တောင် စည်ကား တိုးတက်နေပါတယ်။ ဒါတွေအကုန်လုံးက ဟန်ကျွယ်ကြောင့် မဟုတ်ပါလား။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ် ခြေလှမ်းအတိုင်း တစ်သွေမတိုင်း လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ဘယ်လို ဆက်သွယ်ပြီး ဒီကိစ္စကို ပြောရမလဲဆိုတာ စဉ်းစားလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်အနေနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပေါ်တင်ကြီး သွားလို့မရပါဘူး။ ဟန်ကျွယ်က သူ့အိပ်မက်ထဲ လာလည်အောင် လုပ်ရပါ့မယ်။

‘ငါ ဒဏ်ရာရရသွားရင် ဆရာက ငါ့ကို ကျိန်းသေပေါက် သတိထားမိမှာပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters