ပထမဦးဆုံး အလွှာခြားကြားစစ်ပွဲ အပိုင်း(၄)
Vol. 77 Ch. 1068
ထိုသိုင်းပညာရှင်များ၏ ရှေ့တွင် အစီအရင်တစ်ခု ပေါ်ထွက်လာပြီး လူများ ပေါ်ထွက်လာသည်။ သူတို့က စည်းမျဉ်းစည်းကမ်း မရှိဘဲ ကျင့်ကြံဆင့် မရှိသည့် သေမျိုးများမှ တာအိုဘိုးဘေးနှင့် ဆန့်ကျင်အဆင့် လူများအထိ ပါဝင်သည်။
ထျဲ့ကန်က ထိုလူများ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။
"အဲဒါက အလောင်းကောင်တွေလား။"
သူတို့ကို တိုက်ခိုက်လာသည့် ထိုသတ္တဝါများသည် သက်ရှိ မဟုတ်ပေ။ သူတို့၏ခန္ဓာကိုယ်မှ မရဏအနံ့ ထွက်ပေါ်နေလေ၏။ ထို့အပြင် အများစုက အရိုးခြောက် သို့မဟုတ် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ကင်းမဲ့နေကြသည်။
"အဲဒါဆိုတော့ ဒါက သူတို့ရဲ့ နည်းဗျူဟာကိုး" သူက ရေရွတ်လိုက်ပြီး အခြေအနေကို နားလည်သွားသည်။ ဤကမ္ဘာ၏ ကျင့်ကြံရေးစနစ်က သေခြင်းရှင်ခြင်းစွမ်းအားကို ထိန်းချုပ်မှု ပါဝင်နေသည့်အတွက် သာမန်သိုင်းပညာရှင်များကပင် မရဏအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် အလောင်းကောင်များကို အသက်ဝင်လာအောင် ပြုလုပ်နိုင်သည်။ သူတို့က ထိုအချက်ကို အရေးသာချက်အနေဖြင့် အသုံးပြုကာ သူတို့ကမ္ဘာရှိ လူသေများကို ထိန်းချုပ်ပြီး ဤစစ်ပွဲအတွက် အမြှောက်စာအဖြစ် အသုံးပြုခဲ့သည်။
ထျဲ့ကန်က အလျင်အမြန် လှုပ်ရှားကာ သူ့လူများအား နေရာအဖြစ် ပိုင်းခြားမည့် အစီအရင်ကို အသက်မသွင်းသေးဖို့ အမိန့်ပေးခဲ့သည်။
"ရုပ်သေးရုပ်တွေကို လွှတ်လိုက်" သူက အမိန့်ပေးလိုက်သည်။ အသင်္ချေအင်ပါယာကမ္ဘာဘက်တွင်လည်း အစီအရင်တစ်ခု ပေါ်ထွက်လာကာ ရုပ်သေးရုပ်များစွာ ထွက်ပေါ်လာ၏။ အများစုက လက်နက်မျိုးစုံ တပ်ဆင်ထားသည့် လူသားအသွင်ရှိကြပြီး တချို့သော ရုပ်သေးရုပ်များက တိရစ္ဆာန်၊ နတ်ဆိုးမျိုးနွယ်နှင့် ဆင်တူနေသည်။
တချို့ထိပ်သီးရုပ်သေးရုပ်များက ပင်ကိုနတ်ဆိုးနှင့် ကမ္ဘာဦးနတ်ဘုရားများအပေါ် မူတည်၍ ဖန်တီးထားခြင်း ဖြစ်၏။
ထျဲ့ကန်က ထိုတပ်ဖွဲ့နှစ်ခု ထိပ်တိုက်တွေ့ဆုံသည်ကို တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေလိုက်သည်။ ရုပ်သေးရုပ်နှင့် အလောင်းကောင်များက အကြောက်တရား သို့မဟုတ် တုံ့ဆိုင်းသည့် စိတ်ခံစားချက်ကို မရှိသည့်အတွက် တစ်ယောက်နှ င့်တစ်ယောက် ဆွဲဖြဲကြတော့သည်။ ဝိညာဉ် ပါရှိသည့် အဆင့်မြင့်ရုပ်သေးရုပ်များက သူတို့၏ အာရုံကို ပိတ်ဆို့ကာ သတ်ဖြတ်ရေးစက်ယန္တရားအဖြစ် ပြောင်းလဲခဲ့ကြသည်။
သူက ရုပ်သေးရုပ်များသည် အလောင်းကောင်များ၏ ခန္ဓာကိုယ်ကို ကိုက်ဖဲ့နေသည်ကို ကြည့်နေလိုက်၏။ ထိုသို့ဆိုလျှင်ပင် သူတို့၏ ခြေလက်များက ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသော်လည်း သူတို့သည် တစ်ဖက်လူဆီ တွားသွားကာ နောက်ဆုံးသော အခိုက်အတန့်တွင် သတ်နိုင်ဖို့ ကြိုးစားနေကြသေးသည်။
ပုံမှန်အားဖြင့် အဆင့်မြင့်ရုပ်သေးရုပ်များက တစ်ဖက်လူ၏ အားနည်းချက်ကို ရှာဖွေဖို့ လုပ်ဆောင်ချက် ထည့်သွင်းထားသော်လည်း အလောင်းကောင်များက အားနည်းချက် ရှိမနေပေ။ ထိုကြောင့် ရလဒ်သည် သူတို့ကို မီးရှို့ခြင်း၊ အေးခဲခြင်း၊ လျှပ်စစ်တိုက်ခြင်း၊ ခြေမွဖြစ်ခြင်း၊ ထိုးဖောက်ခြင်း သို့မဟုတ် ဖောက်ခွဲပစ်စေကာမူ အတူတူသာ ဖြစ်နေသည်။ ထို့အပြင် ထိုအလောင်းကောင်များက မရဏချီကြောင့် လှုပ်ရှားနေကြခြင်း ဖြစ်သည့်အတွက် ချီ၊ ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ် တိုက်ကွက်များသည်လည်း သူတို့အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
အလောင်းကောင်များက ဤစစ်ပွဲတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာကြသည်။ သူတို့က သေမျိုးအရေအတွက် များပြားမှုကြောင့် အရေးသာမှုရနေသည်မှာ ထူးဆန်းလှသည်။ တစ်ယောက်ချင်းစီအနေဖြင့် ထိုသေမျိုးများသည် ဤသို့သော တိုက်ပွဲမျိုးတွင် အသုံးမဝင်ပေ။ သို့သော်လည်း သိုင်းပညာအုပ်စိုးသူကမ္ဘာမှ သိုင်းပညာရှင်များသည် ထိုနည်းဗျူဟာကို ကျွမ်းကျင်ကြောင်း သက်သေပြခဲ့ကြသည်။ သေမျိုးထရီလီယံချီက ပေါက်ကွဲထွက်သွားသည့်အခါ အဆင့်(၅) ကျင့်ကြံသူကိုပင် ထိခိုက်သွားနိုင်သည်။
ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ သေမျိုးထရီလီယံချီက အငြိုးတရားအဖြစ် ပေါင်းစည်းခဲ့ကြသည်။ သူတို့ဖန်တီးထားသည့် သတ္တဝါများက အဆင့်(၅)မျှသာ ဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်စွမ်းက သူတို့၏အညှိုးတရားဖြင့် စိတ်ကို ညစ်ညမ်းစေနိုင်သည့် စွမ်းရည်ကြောင့် အားအနည်းဆုံး အဆင့်(၇)နှင့်ပင် ယှဉ်နိုင်သည်။
ဤအချက်ကြောင့် အလောင်းကောင်များသည် ရုပ်သေးရုပ်များကို ဖြည်းဖြည်းချင်း လွှမ်းမိုးသွားခဲ့၏။ ထို့ကြောင့် ထိုစက်ယန္တရားများသည် နည်းဗျူဟာကို ပြောင်းလဲကာ သူတို့မသေခင် ဖောက်ခွဲပစ်ခဲ့ကြသည်။ သူတို့က ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြင့် ရန်သူများကိုလည်း ဆွဲခေါ်သွားကြပြီး အလောင်းကောင်များ ရှေ့တိုးလာမှုကို လျော့ချပစ်ခဲ့သည်။
ဤတိုက်ပွဲက သွေးသံရဲရဲ မရှိသော်လည်း ခက်ထန်ပြီး ကြမ်းတမ်းလှသည်။
...................................................................................................................
အသင်္ချေအင်ပါယာကမ္ဘာဘက်
"ဒီနှုန်းနဲ့ဆိုရင် ငါတို့တွေ ရှုံးနိမ့်ရလိမ့်မယ်။" တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။
"အဲဒါက သိသာပါတယ်။ ငါတို့ရဲ့ ရုပ်သေးရုပ်အမြုတေက တည်ဆောက်ဖို့ အရင်းအမြစ်တွေ လိုသေးတယ်လေ။ အဲဒီလူတွေကတော့ သူတို့ဘက်မှာ အလောင်းကောင် သေမျိုးတွေ အများကြီး ရှိထားတယ်"
ယေဘုယျအားဖြင့် ကျင့်ကြံရေးမျိုးဆက်တစ်ခုအတွင်း သေဆုံးသည့် သေမျိုးပမာဏအရေအတွက်က အမြောက်အများဖြစ်လေရာ သမိုင်းကြောင်းတစ်လျှောက်ကို ဖော်ပြဖို့ မလိုတော့ပေ။ ထို့ကြောင့် သူတို့ဘက်တွင် ရှိနေသည့် သေမျိုးပမာဏကို စဉ်းစားကြည့်သည့်အခါ လူအားလုံးက တုန်တုန်ယင်ယင် ဖြစ်လာကြ၏။
"အဲ့ဒါဆိုတော့ နောက်တစ်လှမ်းက ဘာလဲ"တစ်ယောက်က မေးလိုက်သည်။
"ငါတို့ရဲ့ ခေါင်းဆောင်က ငါတို့ကို ဝင်ရောက်စွက်ဖက်ဖို့ အမိန့်ပေးမှာလား။"
"စောင့်ကြည့်တာပေါ့"
..........................................................................................
သိုင်းပညာအုပ်စိုးသူဘက်
လေဟာနယ်ထဲတွင် လူသုံးယောက် ဝန်းရံလျက်ရပ်နေသည့် ချင်းဟိန်က ထိုတိုက်ပွဲကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်ပေ။ ဤမရဏတပ်ဖွဲ့က ရန်သူ၏ လူအများစုကို ရှင်းထုတ်ဖို့ ရွေးချယ်ထားခြင်း ဖြစ်သော်လည်း တစ်ဖက်သူက တူညီသည့် နည်းဗျူဟာကို ထုတ်သုံးလာလိမ့်မည်ဟု မထင်မှတ်ထားမိပေ။
မရဏတပ်ဖွဲ့က တာအိုဘာသာနှင့် ရင်ဆိုင်သည့် စစ်ပွဲအတွင်း အတော်လေး အရေးပါခဲ့ပြီး အလားအလာကို ပြသခဲ့သည်။ သို့သော် ယခုတွင် ထိုအရာ၏ သက်ရောက်မှုက သိသိသာသာ လျှော့ချခံလိုက်ရ၏။
"ကျွန်မတို့တွေ ဘာလုပ်ကြမလဲ။" လျှပ်စီးလက်သီးက မေးလိုက်သည်။ သူမက ချက်ချင်းတုန့်ပြန်မှုကို မရလိုက်ပေ။
"ခရမ်းရောင်နဂါး ပြောစရာ ရှိသေးလား။" ချင်းဟိန်က နဂါးမြင့်တက်ရေးဂိုဏ်းမှ ထာဝရတန်းစားပုဂ္ဂိုလ်ကို ကြည့်ကာမေးလိုက်သည်။
"ကျုပ်တို့ဆီမှာ အလောင်းကောင်တွေရှိတာထက် သူတို့ဘက်မှာ ရုပ်သေးရုပ်တွေ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါဆိုတော့ သူတို့ကို ဆက်ပြီးတော့စောင့်နေရုံပဲ"
"ငါလည်း အဲ့လိုပဲတွေးနေတာ။" ချင်းဟိန်က တိုက်ပွဲမြေပြင်ကို လှမ်းကြည့်လိုက်သည်။ သူက ထိုလူနှစ်ယောက်ကိုအာရုံစိုက်ထားလေ၏။ အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့ ဖြစ်သည်။
"အခုငါတို့အတွက် စိုးရိမ်စရာက အဲဒီနှစ်ယောက်ပဲ။"
"မစိုးရိမ်ပါနဲ့။ ကျုပ်တို့ရဲ့အစီအစဉ်က သေချာပေါက် အလုပ်ဖြစ်မှာပါ" ခရမ်းရောင်နဂါးက ဖျောင်းဖျလိုက်သည်။
...........................................................................................
ထျဲ့ကန်က အသားကြိတ်ချေရေးဟု ညွှန်းဆိုရမည့် တိုက်ပွဲကို သေချာကြည့်နေသည်။ အခြေအနေက သူ့ဘက်တွင် မရှိကြောင်း သိထားသော်လည်း စိုးရိမ်ခြင်း မရှိပေ။ သူ့အနေဖြင့် စောင့်ဆိုင်းဖို့သာ လိုအပ်၏။ သိပ်မကြာခင် သူ့အာရုံကို ဖမ်းစားသွားသည့် တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။
အင်မော်တယ်အဆင့် ရုပ်သေးရုပ်ပမာဏက ရန်သူကို ချုပ်ထိန်းထားနိုင်ခြင်း မရှိတော့ပေ။
ထျဲ့ကန်က တိတ်တဆိတ် ညည်းတွားလိုက်၏။ ထိုအင်မော်တယ်အဆင့် ရုပ်သေးရုပ်များက တန်ဖိုးကြီးမားလှ၍ အများစုက တာအိုအခွင့်အလမ်းဂိုဏ်း၏ အပိုင်မဟုတ်သော်လည်း တစ်ခု ဆုံးရှုံးရသည်ကပင် သူအတွက် နာကျင်လှသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ်လူများကို တိုက်ပွဲမြေပြင်အတွင်း ဝင်ရောက်ဖို့ မိန့်ပေးခဲ့သည်။
"အားလုံး သွားဖို့ မလိုဘူး။ ရန်သူကို အချိန်ဆွဲထားရုံပဲ" သူက အမိန့်ပေးလိုက်စဉ် ရွေးချယ်ခံထားသည့်သူများက အစီအစဉ်အတိုင်း လိုက်လုပ်လိုက်ကြသည်။ လေဟာနယ်က ရုတ်ချည်းဆိုသလို တုန်ခါသွားပြီး ထိပ်တန်းအဆင့် အင်အားကြီးပုဂ္ဂိုလ်များ တိုက်ပွဲမြေပြင်အတွင်း ဝင်ရောက်လာကာ ထျဲ့ကန်က သေသေချာချာ လေ့လာစောင့်ကြည့်နေသည်။
" စလိုက်တော့" ထျဲ့ကန်က အမိန့်ပေးလိုက်သည့်အခါ တပ်ဖွဲ့တစ်ခုက ချက်ချင်းလှုပ်ရှားလိုက်သည်။ သူတို့ခေါင်းအထက် ရှုပ်ထွေးလှသည့်ပုံစံဖြင့် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုစက်ဝန်းက ကြောက်မက်ဖွယ် ဝါးမျိုရေး စွမ်းအားတစ်ခု ထုတ်လွှတ်လာသော်လည်း ထူးထူးဆန်းဆန်းဖြင့် သက်ရှိများအပေါ် သက်ရောက်မှု မရှိပေ။
ရုပ်သေးရုပ်အစိတ်အပိုင်းအားလုံးက ထိုအစီအရင်ဆီ ပျံသန်းသွားပြီး နောက်ပိုင်းတွင်အသုံးပြုဖို့ ပြန်လည်ပြုပြင်မည်ဖြစ်သည်။
ထျဲ့ကန်က စစ်ပွဲခန်းမမှ အမိန့်ကို ရရှိလိုက်သည့်အတွက် အမူရာတစ်ချက်ပြောင်းသွားသည်။
"အလောင်းကောင်တွေရဲ့ အစိတ်အပိုင်းတွေကိုပါ ယူသွားကြ။" သူက ရှင်းလင်းရေးတပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။ သူတို့က ညွှန်ကြားချက်အတိုင်း လိုက်လံ လုပ်ဆောင်လိုက်ကြ၏။ သူတို့က ရန်သူ၏ အလောင်းကောင် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် ယူဆောင်သွားကြသည်။
"သူတို့က အဲ့လိုလုပ်နိုင်တယ်လား။" လျှပ်စီးလက်သီးက မေးလိုက်သည်။
"တကယ့်မေးခွန်းက သူတို့တွေကို ဘယ်လိုတားရမလဲဆိုတာပဲ။" မြွေဓားမော့က ဖြတ်ပြောလိုက်သည်။
"ငါ ဆရာသခင်ငြိမ်းချမ်းရေးနဲ့ ပြောကြည့်လိုက်မယ်။"ချင်းဟိန်က ထပ်ပြောမနေဘဲထိုလူကိုဆက်သွယ်ကာ အခြေအနေကို ပြောပြလိုက်၏။
"အဲဒါဆိုတော့ ခင်ဗျားဘယ်လိုထင်လဲ"
"တကယ်လို့ ကျုပ်ကို အချိန်ပေးမယ်ဆိုရင် သူတို့ကို တားဆီးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ တကယ့်မေးခွန်းက ကျုပ်တို့တွေ အဲ့လိုလုပ်သင့်လားဆိုတာပဲ။"
"ခင်ဗျားက ဘာကိုပြောတာလဲ"
"ကျုပ် လေ့လာထားသလောက် ရန်သူရဲ့ ကျွမ်းကျင်အတတ်ပညာတတ် တာအိုက အတော်လေးကို ဖွံ့ဖြိုးတိုးတက်နေတာ။ သူတို့ နဲ့ရင်ဆိုင်ဖို့ကြိုးစားရင် ကျုပ်တို့တွေ ရှုံးနိမ့်သွားလိမ့်မယ်။ သူတို့ကို ရပ်တန့်ဖို့ အချိန်နဲ့အရင်းအမြစ်တွေကို ဖြုန်းတီးမယ့်အစား တခြားတစ်ခုကို အာရုံစိုက်တာ ပိုကောင်းလိမ့်မယ်။"
"ငါတို့တွေ အလောင်းကောင်တွေရဲ့ ခန္ဓာကိုယ်တွေကို ယူသွားခွင့်မပြုနိုင်ဘူး။ သူတို့တွေက ဘာလုပ်မလဲဆိုတာကို ကောင်းကင်ဘုံပဲ သိလိမ့်မယ်။"
"နောက်ဆုံးတော့ ရွေးချယ်မှုက ခင်ဗျားလက်ထဲမှာပဲ" ဆရာသခင် ငြိမ်းချမ်းရေးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်အမြင်တော့အခု တခြားတစ်ခုပေါ်မှာ ပိုပြီးတော့ အားစိုက်ထုတ်သင့်တယ်။ ကျုပ်တို့ရဲ့ကျွမ်းကျင်အတတ်ပညာဆိုင်ရာ နယ်ပယ်ရဲ့ လူအင်အားက အတော်လေးကို ပြတ်လပ်နေတာ။ တခြားတစ်ခုအပေါ်မှာ အာရုံစိုက်တာ အကောင်းဆုံးပဲ။"
ချင်းဟိန်က သက်ပြင်းချလိုက်၏။
"ခင်ဗျား ပြောတာမှန်တယ်"
ဤသို့သော အခြေအနေမျိုးတွင် သူက သူတို့၏ကမ္ဘာသည် အရင်ဂုဏ်ကျက်သရေကြီးမားသည့် အတိတ်နှင့်ယှဉ်လိုက်လျှင် မည်မျှအားနည်းကြောင်း ညည်းတွားမနေသင့်ပေ။ သူက ဆုံးဖြတ်ထားပြီးသားဖြစ်သည့်အတွက် တုံ့ဆိုင်းနေဖို့ မလိုအပ်ပေ။
ချင်းဟိန်က ထိုအလောင်းများကို စွန့်ပယ်ဖို့သာ ဆုံးဖြတ်လိုက်၏။
ထျဲ့ကန်က ဆက်လက် လေ့လာစောင့်ကြည့်နေသည်။ ထိုစဉ် အိပ်မက်လောကမှ သူ စောင့်ဆိုင်းနေသည့် အသံချိုချိုလေးကို ကြားလိုက်ရ၏။
"ခေါင်းဆောင် ဒီဘက်မှာ ပြီးသွားပြီ။"
"ကောင်းပြီ။ ခင်းကျင်းဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်မှာလား"
"မလိုဘူး။ အစီအရင်စက်ဝန်းပြားကို ပို့လိုက်မယ်။ အသက်သွင်းလိုက်ရုံပဲ။ စက်ဝန်းပြားကို မဖျက်ဆီးမိအောင်တော့ သေချာဂရုစိုက်ပါ။ အဲဒါဆို ပြဿနာရှိမှာ မဟုတ်ဘူး။"
'"ကောင်းပါပြီ"
ထျဲ့ကန်ရှေ့တွင် လေဟာနယ်အက်ကြောင်း အသေးလေးတစ်ခု ပေါ်ထွက်လာကာ အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် စက်ဝန်းပြားကို ယူကာ စွမ်းအားကို ထည့်သွင်းလိုက်၏။ ထို့နောက် ကိစ္စများက အမြန်အဆန်ဖြစ်ပေါ်လာကာ လူတချို့ကသာ အဖြစ်အပျက်ကို နားလည်လိုက်ကြသည်။
စက်ဝန်းပြားမှ သေးငယ်သည့် အစီအရင်လေးတစ်ခု ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် ဝါးမျိုရွေးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာ၏ ပစ်မှတ်က မရဏချီသာ ဖြစ်၏။
တစ်စက္ကန်လေးအတွင်း အလောင်းကောင် ထရီလီယံချီက သူတို့၏ခန္ဓာကိုယ်အတွင်း မရဏချီ ပျောက်ကွယ်သွားသည့်အတွက် လှုပ်ရှားမှု ရပ်တန့်သွားကြသည်။ ထိုအစီအရင်၏ ကြောက်ဖို့ကောင်းသည့် နောက်တစ်ချက်က ပစ်မှတ်ထားသည့် အလောင်းကောင်များ၏ အဆင့်နှင့် သက်ဆိုင်ခြင်း မရှိပေ။ သေမျိုး ဖြစ်စေ၊ မသေမျိုး ဖြစ်စေ သူတို့က ထိုစွမ်းအား၏အောက်တွင် လုပ်ဆောင်ချက် ရပ်တန့်သွားကြသည်။
ထျဲ့ကန်က ထိုရလဒ်ကို မြင်ကာ နှာခေါင်းရှုံ့လိုက်၏။ ထိုအလောင်းကောင်များက ဝိညာဉ်နဲ့ အသိစိတ် မရှိသော အနိမ့်ဆုံးအဆင့်မျှသာ ဖြစ်လေသည်။ ထိုကြောင့် သူတို့သည် မရဏချီ အတင်းအကြပ် စုပ်ယူခံရသည်ကို တားဆီးနိုင်ခြင်း မရှိပေ။
"ကျစ်"ချင်းဟိန်က ညည်းတွားလိုက်သည်။ သူက သူတို့၏ အကြီးမားဆုံး ဝှက်ဖဲ ရှုံးနိမ့်သွားသည်ကို ကြည့်နေရ၏။
"ဒါကအဆုံးသတ်လို့ ထင်နေလား။ သန့်စင်မှု စမယ်" ထျဲ့ကန်က အော်ပြောလိုက်သည်။
"အောမိသောဖော" ထိုစကားများက လက်ရှိတွင်ရှိနေသည့် အားလုံး၏ စိတ်ထဲ ထွက်ပေါ်လာသည်။ ထို့နောက် တိုက်ပွဲကွင်းပြင်အလယ်တွင် ရွှေရောင်ကြာပွင့် တစ်ခုထွက်ပေါ်လာကာ သေမျိုးများနှင့် တခြားသော အလောင်းကောင်များ၏ အမုန်းတရားကို သန့်စင်ပေးဖို့ ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွတ်လာခဲ့သည်။
ရွှေကြာက အသင်္ချေအင်ပါယာကမ္ဘာထဲ ပျံသန်းသွားပြီး တပ်ဖွဲ့အားလုံးထံ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ ကောင်းချီးပေးနေလေသည်။
"ငါ့လူတွေ နားထောင်ကြ" ထျဲ့ကန်က ပြောလိုက်သည်။
"သူတို့ရဲ့လူတွေက ငါတို့ကို ကောင်းချီးပေးပြီး သူတို့ဘက်ကို မုန်းတီးပြီး စွန့်ပယ်ခဲ့ပြီ။ ဒါက ငါတို့ရဲ့အနိုင်ရရှိမှုက ဂုဏ်ယူစရာဆိုတဲ့ နောက်ထပ် အရိပ်အမြွက်ပဲ။ အခု အေးအေးချမ်းချမ်း အနားယူချင်တဲ့ သနားစဖွယ် ဝိညာဉ်တွေအတွက် လက်စားချေပေးရမယ်”