← Chapters

သစ္စာဖောက်တွေလား

Vol. 77 Ch. 1077

သစ္စာဖောက်တွေလား

Vol. 77 Ch. 1077

“အဲဒါဆိုတော့ မာနကြောင့် ဒီလိုလုပ်နေတာလား။ အသက်ပေါင်းသန်းပေါင်းများစွာကို ဒီလိုတုံးအအ အရာကြောင့် သေဆုံးခွင့်ပြုလိုက်မှာလား” ဝမ်ဝေ့က မေးလိုက်သည်။

“မာနတင် မကဘူး။ ဒါက သိုင်းပညာရှင်ရဲ့ ဂုဏ်သိက္ခာပဲ” ချင်းဟိန်က ပြန်ပြောလိုက်သည်။

“ကျုပ်တို့သာ နောက်ဆုတ်ပြီး အညံ့ခံလိုက်ရင် ဒီကမ္ဘာမှာ ကျင့်ကြံသူတွေအားလုံး စုဆောင်းထားတဲ့ သိုင်းကျမ်းတွေက ပြန့်ကျဲသွားပြီး ကျင့်ကြံရေးစနစ်က အလကား ဖြစ်သွားလိမ့်မယ်”

သူတို့၏ သိုင်းပညာစနစ်၏ အဓိကအတွေးအခေါ်သည် လိုက်လျောညီထွေ ဖြစ်နိုင်သော်လည်း အညံ့ခံ၍ မရပေ။

မဟုတ်ပါက မရဏနယ်ပယ်ကို မည်သူကမှ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ ရွှေခန္ဓာအဆင့်ကိုပင် ထုတ်ပြောဖို့ပင် မလိုတော့ပေ။ ထို့ကြောင့် သူတို့၏ ကမ္ဘာက၊ ကျင့်ကြံရေးစနစ်ကို ထိန်းသိမ်းဖို့ရာအတွက် ဖြစ်သည်။

“ခင်ဗျားက ဒိုင်မေးရှင်းအနိမ့်အတွက် အန္တရာယ်ကပ်ဘေးဆိုတာကိုလည်း ယုံကြည်ထားတယ်” ချင်းဟိန်က ဆက်ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ ခုခံမှုတွေက တခြားကမ္ဘာတွေကို ကျုပ်တို့က ဆုံးရှုံးရမယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ခုခံရမယ်ဆိုတာမျိုး ပြသစေချင်တယ်”

ဝမ်ဝေ့က ထိုစကားများကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ချင်းဟိန်ဝန်းကျင်တွင် စုစည်းနေသည့် ထူးထူးဆန်းဆန်း ကြမ္မာကို သတိပြုမိလိုက်၏။

စိတ်ဝင်စားစရာပဲ။ ဒါက အစစ်အမှန်ကောင်းကင်တာအိုရဲ့ မျှခြေညီစက်ယန္တရားရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုလား…

အစစ်အမှန်ကောင်းကင်တာအိုက မျှခြေညီအပေါ်မှာ လုပ်ဆောင်ထားတာဆိုတော့ အနည်းဆုံးတော့ ဒိုင်မေးရှင်းအနိမ့်မှာ ဖြစ်နိုင်တယ်။ အဲဒါဆိုတော့ အဲဒါက သူ့ကို မျက်နှာသာပေးပြီး ကြမ္မာအမြောက်အများနဲ့ ကောင်းချီးပေးထားတယ်ဆိုရင်တောင် သူ့လမ်းမှာ အခက်ခဲဆိုတာ ထားရှိဦးမှာပဲ…

မဟုတ်ရင် အန္တိမသဟဇာတရဲ့ ငါ ဒိုင်မေးရှင်းအနိမ့်ကို စည်ပင်ကြွယ်ဝတဲ့ ခေတ်ကာလပြောင်းမှာကို ကာကွယ်တားဆီးဖို့ နောက်ဆုံးကြိုးပမ်းမှုလား…

အန္တိမသဟဇာတသည် အစစ်အမှန်ကောင်းကင်တာအို၏ မျှခြေညီစက်ယန္တရားကို ဝင်ရောက်စွက်ဖက်နိုင်သည့်အရာထဲမှ တစ်ခုဖြစ်ပြီး ကိုယ်ကျိုးအတွက် လုပ်ဆောင်နိုင်သည်။

ချင်းဟိန် ဒါမှမဟုတ် အဲဒီကြမ္မာကို အမွေဆက်ခံတဲ့သူတွေက ငါ့အတွက် ပြဿနာမရှိဘူး။ ဒါပေမဲ့ အမည်မသိအပြောင်းအလဲ ဖြစ်မလာအောင်တော့ သေချာအနီးကပ် စောင့်ကြည့်ဖို့လိုတယ်…

ဝမ်ဝေ့က သုံးသပ်လိုက်ပြီး ချင်းဟိန်၏ အနောက်မှ မြူခိုးထဲကြည့်လိုက်သည်။

“မင်းတို့တွေကရော”

သူ့အသံက မြူခိုးကို ထိုးဖောက်သွားကာ ကမ္ဘာ၏ ခုံရုံးထဲရပ်နေကြသည့် လူများဆီ ရောက်ရှိလာသည်။

“မင်းတို့တွေကရော ချင်းဟိန်နဲ့ အတွေးအတူတူပဲလား။ သူ့ရဲ့ရွေးချယ်မှုကြောင့် မင်းတို့ကမ္ဘာကို ဒုက္ခတွေ့ချင်ကြတာလား”

အခန်းက တိတ်ဆိတ်သွားပြီး လျှပ်စီးလက်သီးက သတ္တိစုစည်းကာ ပြောလိုက်သည်။

“ဟုတ်တယ်”

သူမက မြွေဓားမော့၏ စတေးမှုကို အလကားအဖြစ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူမက သေဆုံးသည်အထိ တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီး ဤကမ္ဘာကို သစ္စာဖောက်ကာ အညံ့ခံသည့်သူများကိုလည်း သတ်ပစ်မည် ဖြစ်သည်။ သူမ ပြောပြီးသည့်နောက်တွင် တခြားသူများကလည်း လိုက်လံပြောလိုက်ကြ၏။ သူတို့က ရိုးရိုးသားသားမျှဝေ၍ ဖြစ်စေ သို့မဟုတ် လူအုပ်အတိုင်း လိုက်ပြော၍ ဖြစ်စေ ကိစ္စမရှိပေ။ သူတို့က နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ဖို့ သဘောတူထားကြလေသည်။

“နှမြောစရာပဲ” ဝမ်ဝေ့က ဆရာသခင်ငြိမ်းချမ်းရေးကို တစ်ချက်ကြည့်လိုက်သည်။ သူက အခန်းအတွင်း ရှိမနေသော်လည်း အားလုံးက သူ မည်သူ့ကို ကြည့်နေမှန်း ပြောနိုင်ကြ၏။

“နတ်ဘုရားသဟဇာတကမ္ဘာက လူတွေလား”

“ဘာ ဘာတွေပြောနေတာလဲ” ဆရာသခင်ငြိမ်းချမ်းရေးက အမူအရာပျက်ယွင်းလျက် ပြန်ပြောလိုက်သည်။

“တကယ်ကို ကောင်းမွန်တဲ့ အကြံအစည်ပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ဒီတာအိုဆရာတွေက ဒီကမ္ဘာမှာ နယ်ရုပ်တစ်ရုပ်ချန်ထားခဲ့ဖို့ သူတို့ကိုယ်တိုင် လက်တစ်ချောင်းကို ဖြတ်တောက်လိုက်တာပဲ။ အဲဒါမှ အမှောင်ကနေ ကျူးကျော်မှုကို စတင်နိုင်မှာလေ။ သူတို့က ဒီကမ္ဘာရဲ့ ကျွမ်းကျင်အတတ်ပညာတာအို ၇၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ အထူးသဖြင့် ဆေးဝါးတာအိုပေါ့။

သူတို့ပြန်လာဖို့ အချိန်ကျလာတဲ့အခါကျရင် သူတို့တွေက ဝန်ဆောင်မှုပေးတာကို ရပ်တန့်လိုက်ရုံပဲ။ ဒီကမ္ဘာက ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ မရနိုင်ဘူးဆိုတာပဲ သိသွားရင် ဖရိုဖရဲအခြေအနေ ကျရောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျူးကျော်မှုက ပိုပြီးတော့တောင် အောင်မြင်သွားဦးမယ်။ တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ။ ဘယ်သူများ အဲ့လိုမျိုး အစီအစဉ်မျိုး တွေးမိပါလိမ့်။”

အခန်း၏ အပူချိန်က ရုတ်ချည်းဆိုသလို ကျဆင်းသွားကာ အားလုံးက ဆရာသခင်ငြိမ်းချမ်းရေးကို ကြည့်လိုက်ကြသည်။

“သူ့စကားကို နားမထောင်နဲ့” တာအိုသိုင်းပညာရှင်က ပြောလိုက်သည်။

“သူက သံသယမျိုးစေ့ကို စိုက်ပျိုးပြီး အထဲကနေ လှုံ့ဆော်ဖို့ ကြိုးစားနေတာ”

ထိုစကားများ၏ နောက်ကွယ်က အကျိုးအကြောင်းသင့်နေသော်လည်း လူများစွာက ပထမကောင်းကင်ဧကရာဇ်၏ စကားများကို သတိမထားဘဲ မနေနိုင်ကြပေ။ ထိုအရာထဲတွင် အမှန်တရားတချို့ ကိန်းအောင်းနေလေ၏။ ဘဝငြိမ်းချမ်းရေးနန်းဆောင်က ကျွမ်းကျင်အတတ်ပညာတာအို၏ ဈေးကွက် ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့သည်။ အကယ်၍ သူတို့ထံ တစ်စုံတစ်ခုဖြစ်ပျက်သွားပါက ကမ္ဘာကြီးသည် ဖရိုဖရဲ ဖြစ်သွားလိမ့်မည်။

ဘဝငြိမ်းချမ်းရေးနန်းဆောင်က အဆင့်(၄)မှ အဆင့်(၆)အထိ အကောင်းဆုံးအရင်းအမြစ်များကို လက်ဝါးကြီး အုပ်ထားခဲ့သည်။ ထိပ်သီးဧကရာဇ်မျိုးနွယ်အများစုက ဘဝစွမ်းအင်ဆေးလုံးများကို ဝယ်ဖို့ရာ ပိုက်ဆံအမြောက်အများ သုံးစွဲကြလေ့ရှိသည်။

သူတို့က ဆေးဖော်စပ်နည်းနှင့် ဆေးဝါးပညာရှင်များ ရှိကြသော်လည်း သူတို့၏ ကောင်းကင်ရွေးချယ်ခံများကို အကောင်းဆုံးကိုသာ အသုံးပြုစေလိုသည့်အတွက် ဘဝငြိမ်းချမ်းရေးနန်းဆောင်ကသာ ထိုဆေးလုံးများကို ထောက်ပံ့ပေးထားသည်။

“ဆရာသခင် ငြိမ်းချမ်းရေး ပြောတာမှန်တယ်။ သူ့ရဲ့ အဓိပ္ပာယ် မရှိတာတွေကို နားမထောင်နဲ့” ချင်းဟိန်က ပြောလိုက်သည်။

“အဲဒီတာအိုဆရာတွေကို ကျုပ်က သူတို့နဲ့ စကားပြောချင်တယ်လို့ ပြောပေးပါဦး” ဝမ်ဝေ့က ကြည့်ကာ ပြောလိုက်သည်။

ထို့နောက် သူက ဤကမ္ဘာ၏ ထာဝရအဆင့် ပုဂ္ဂိုလ်အသစ်ဖြစ်သည့် နတ်ဘုရားနတ်ဆိုးဂိုဏ်းခေါင်း‌ဆောင်ကို ကြည့်လိုက်သည်။

“မင်းတို့နောက်ကလူတွေအတွက်လည်း အတူတူပဲ”

ဝမ်ဝေ့က သူ့စကားများသည် မည်သို့သော ယောက်ယက်ခတ်မှုကို ဖြစ်စေကြောင်း ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့သည်။ သူက ဆောက်လုပ်ထားသည့် ယာယီတဲများဆီသွားကာ ထာဝရအဆင့်ပုဂ္ဂိုလ်များကို ဆင့်ခေါ်ခဲ့သည်။

“ဒီစစ်ပွဲက ပြင်ပအင်အားစုတွေကနေ ဝင်ရောက်စွက်ဖက်နိုင်ချေရှိတယ်ဆိုတော့ သတိထားသင့်တယ်။ သတိလက်လွတ်ဖြစ်ပြီးတော့ ဒုက္ခမတွေ့စေနဲ့” ဝမ်ဝေ့က သတိပေးခဲ့သည်။

“ကျုပ်တို့ နားလည်ပါပြီ”

“အောင်းရှန် ပင်လယ်မျိုးနွယ်ခေါင်းဆောင်နဲ့ တွေ့ပြီး ငါတို့ဘက်ကို ဝင်ဖို့ ဖျောင်းဖျခဲ့” ဝမ်ဝေ့က ကုသရေးဆေးလုံးတစ်လုံးကို ထုတ်ကာ ပြောလိုက်သည်။

“ဒါက ဘာအတွက်လဲ” အောင်းရှန်က မေးလိုက်၏။

“ဒီသိုင်းပညာရှင်တွေက သူက သူတို့ဘက်ကို ဝင်ဖို့ ငြင်းဆန်တုန်းက ဒဏ်ရာရအောင် လုပ်ခဲ့တယ်လေ။ သူက အခု ပင်လယ်ထဲမှာ အသက်ရှင်တဲ့ နတ်ဆိုးမျိုးနွယ်တချို့နဲ့အတူ ပုန်းအောင်းနေတာ။ သူ ငါတို့ဘက်ကို မဝင်ချင်ဘူးဆိုရင်တောင် ဒီဆေးလုံးကို လက်ဆောင်အနေနဲ့ ပေးခဲ့လိုက်”

“အသက်ရှင်နေတဲ့ နတ်ဆိုးတွေ ရှိနေသေးတာလား” သူက ကမ္ဘာတစ်ခြမ်းနှင့် ပင်လယ်ကို စစ်ဆေးကြည့်ပြီးသော်လည်း ဘာမှမတွေ့ရသေးပေ။

“ဟုတ်တယ်။ ရာခိုင်နှုန်း တော်တော်နည်းတယ်” ဝမ်ဝေ့က တည်နေရာကို ပြောပြလိုက်သည်။

“သတိကြီးကြီးထားပြီးတော့ လေးစားသမှုလည်း ပြ။ ဒီလိပ်အိုကြီးက အတော်လေး အားကောင်းတယ်။ သူတို့ရဲ့ ထာဝရအဆင့် ပုဂ္ဂိုလ်တွေတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ်။ အဲ့လိုဆိုရင်တောင် သူက သူ့လူတွေကို ကာကွယ်ပေးနေရလို့ ဒဏ်ရာရသွားခဲ့တာ ”

ဝမ်ဝေ့က အပိုပြောနေခြင်း မဟုတ်ပေ။ သူက ထိုအဖြစ်အပျက်ကို မြင်စဉ်အခါက အံ့အားသင့်သွားမိ၏။ သူက ဤသို့ အားကောင်းသည့် ထာဝရဦးသျှောင်တစ်ယောက်ကို မမြင်တွေ့ခဲ့ဖူးပေ။

“သူက ဘယ်လောက်တောင် အားကောင်းတာလဲ” အောင်းရှန်က မေးလိုက်သည်။

“ငါးဆ တိုက်ခိုက်ရေးအဆင့်နဲ့ ယှဉ်ရင် သူက ပင်လယ်ထဲမှာ ၆ဆလောက်ရှိမယ်”

“လျှို့ဝှက်ထာဝရဧကရာဇ်လား”

“မဟုတ်ဘူး။ သူက ထာဝရဦးသျှောင်”

“သူတို့က ဒိုင်မေးရှင်းအနိမ့်ရဲ့ ဖိနှိပ်မှုအောက်မှာ အဲ့လိုစွမ်းအားမျိုးအထိ ရောက်နိုင်တာလား” အောင်းရှန်က မေးလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ အချိန်သတ်မှတ်ချက်တစ်ခုနဲ့ပေါ့”

“ဒီလိပ်အိုကြီးက ဘယ်လောက်တောင် သက်တမ်းရှိနေပြီလဲ”

“သူက ဗလာခေတ်ကာလကတည်းက ရှင်ကျန်ခဲ့တာဆိုတော့ ရှေးကျတယ်လို့တောင် ဆိုလို့ရတယ်”

“အခုတော့ အဓိပ္ပာယ်ရှိသွားပြီ” အောင်းရှန်က ခေါင်းညိတ်လိုက်သည်။

“သေချာသွား” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် အားလုံးကို ပြန်လွှတ်လိုက်သည်။ ထို့နောက် လက်တစ်ချက်အဝှေ့တွင် သူ့ရှေ့မှောက်၌ ပိတ်ကားချပ်တစ်ခု ပေါ်ထွက်လာကာ မိန်းမလှတစ်ဦး ပေါ်ထွက်လာခဲ့သည်။

ဓားအရှင်က မျက်နှာဖုံးမပါဘဲ ပိတ်ကားချပ်ပေါ် ပေါ်ထွက်လာခြင်း ဖြစ်၏။

“ဂိုဏ်းချုပ်” သူမက အရိုအသေပေးလိုက်သည်။

“ကျုပ်တို့ပဲရှိတာ။ ဘာမှ အားနာနေဖို့ မလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“နောက်ဆုံးသတင်းက ဘယ်လိုလဲ”

“အတူတူပါပဲ။ သူတို့က ဒီတိုက်ပွဲကို ဝင်ရောက်စွက်ဖက်ချင်ပေမဲ့ မင်းကို ကြောက်နေကြတာ။ သူတို့က ဟယ်ရှစ်ယီကို ကတိစကားတည်ဖို့ ဖိအား ဆက်ပေးနေကြတယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဟယ်ရှစ်ယီရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလဲ”

“ဒီမှာတော့ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ သူက အင်အားစုတွေ အများကြီးကို နှစ်သိမ့်ထာပြီး ကျန်တာတွေက သူ့ကို ဒေါသထွက်နေတုန်းဆိုတာပဲ သိတယ်”

“အဲဒါဆိုတော့ သူက ပြင်ဆင်ပြီးသား ဖြစ်နိုင်သလို ပြင်ဆင်နေဆဲလည်း ဖြစ်နိုင်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ကျုပ်တို့ စီးပွားရေးရော သက်ရောက်မှု ရှိလား”

“အရင်ကထက် ပိုပြီးတော့ စည်ပင်ကြွယ်ဝနေပါတယ်။ သူတို့က ကျွန်မတို့ကို ကျေနပ်အောင် လုပ်ဖို့ ကြိုးစားပြီး အခွင့်အလမ်းတွေ အများကြီး ပေးထားတယ်” ဓားအရှင်က ရှင်းပြလိုက်သည်။

“ဒါပေါ့။ ဒါက အယောင်ပြသက်သက်ပဲလေ။ အချိန်ကျလာတဲ့အချိန်ကျရင် သူတို့က အားလုံးကို ပြန်ယူသွားလိမ့်မယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ကြယ်တာရာသားရဲကမ္ဘာကရော ဘယ်လိုလဲ။ သူတို့ရဲ့ စီးပွားရေးရော ဘယ်လိုလဲ”

“လူတချို့က သူတို့ကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့ကြသေးတယ်။ ကျွန်မတို့ ဝင်ရောက်မစွက်ဖက်ခင်အထိပေါ့။ နောက်ပိုင်း သူတို့က လက်လျှော့သွားကြတယ်။ အခု သူတို့ကို ကျွန်မတို့လိုမျိုးပဲ ဆက်ဆံနေတယ်လေ”

ဝမ်ဝေ့က စက္ကန့်ပိုင်းကြာ အတွေးထဲ နစ်မြောသွားလေသည်။

“တခြားတင်ပြစရာ ရှိသေးလား”

“တစ်ယောက်က ကုန်သွယ်ရေးဗဟိုချက်ကို တခြားကမ္ဘာ့အသိုက်အဝန်းအားလုံးဆီ ဖြန့်ဝေဖို့ အဆိုပြုလာပြီးတော့ အားလုံးရဲ့ စွမ်းအားကို စုစည်းပြီး ကျွန်မတို့နဲ့ ရင်ဆိုင်ချင်နေတာ။ အခုတော့ အရှင့်ရဲ့ ဆုံးဖြတ်ချက် မကြားခင်အထိ သူ့ကို ယာယီနှောင့်နှေးထားတယ်။”

“နှောင့်နှေးထားဖို့ မလိုဘူး။ ဒီလိုမျိုးအဆင့်မှာ မြန်မြန်ဆန်ဆန် ချဲ့ထွင်တာက သူတို့ရဲ့ စွမ်းအားကို ပြန့်ကျဲသွားစေပြီးတော့ ပိုပြီးတော့ အားနည်းသွားစေလိမ့်မယ်။ တကယ်လို့ သူတို့သာ ဒီလိုအရာမျိုး လုပ်ဖို့ တုံးအတယ်ဆိုရင် ကောင်းကင်ဘုံအထိတောင် ချီးကျူးလိုက်ဦးမယ်”

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ကောင်းပါပြီ။ နောက်ထပ် အမိန့်ရှိသေးလား”

“ဝမ်ကျူကို အသူရာချောက်နက်ကို စောင့်ကြည့်ဖို့ ပြောထားလိုက်။” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

(ထုံရို့ပင်း သွားခဲ့တဲ့ ချောက်နက်ကို အသူရာချောက်နက်လို့ ပြောင်းရေးထားပါတယ်)

“အဲဒီလူတွေ စိတ်ပျက်လက်ပျက်နဲ့ စည်းတံဆိပ် ဖွင့်လိုက်တာမျိုးကို မလိုချင်ဘူး”

“ကောင်းပါပြီ” ထို့နောက် ဝမ်ဝေ့က တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာရှိ ကောင်းပေါ်ချင်းနှင့် ဖျက်စီးခြင်းအရှင်ကို ဆက်သွယ်ကာ ဟယ်ရှစ်ယီ၏ အပြုအမူများကို စစ်ဆေးကြည့်ခဲ့သည်။ သူက သတင်းဆိုးတချို့ကို လက်ခံရရှိခဲ့၏။ စိတ်ဝိညာဉ်ဧကရာဇ်ဂိုဏ်းကို မျှခြေညီဖို့ ကောင်းပေါ်ချင်း ဖန်တီးထားသည့် ဧကရာဇ်ဂိုဏ်းမဟာမိတ်က သစ္စာဖောက်တချို့ ပါဝင်နေဟန်ပေါ်သည်။ တချို့သော သတင်းအချက်အလက်များက ပေါက်ကြားသွားပြီး သူတို့က ဟယ်ရှစ်ယီကို စောင့်ကြည့်နိုင်သည့် စွမ်းရည်ကို ဆုံးရှုံးသွားခဲ့ရသည်။

ဝမ်ဝေ့က သူတို့ထံ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များအား စေလွှတ်ပေးမည်ဟု ကတိပေးခဲ့သည်။

ဒီစစ်ပွဲအဆုံးသတ်သွားတာနဲ့ ဟယ်ရှစ်ယီ၊ ဧကရာဇ်ကျားနဲ့ ကုန်သွယ်ရေးဗဟိုချက်ကို အဆုံးသတ်ပစ်ရမဲ့အချိန်ပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်ကာ ပြုံးလိုက်မိပြီး ပျောက်ကွယ်သွားလေ၏။

All Chapters