ကောင်းကင်ဘုံမီးပြင်းဖို
Vol. 11 Ch. 165
အန္တိမအစီအရင်ဂိုဏ်းမှာ နေမဝင်အင်ပါယာ၏ယာယီအခြေစိုက်စခန်းဖြစ်၏။ အိမ်ရှေ့စံမင်းသားဟွမ်းထျန်းမင်က ဤနေရာမှထိန်းချုပ်ကွပ်ကဲနေခြင်းပင်။
စစ်စခန်းထဲရှိလူတိုင်း၏ ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် မှော်နက်အရှိန်အဝါတစ်ခုလွင့်မျောနေပေသည်။ ၎င်းမှာ ဟွမ်းထျန်းမင်၏လက်ချက်ပင်ဖြစ်ချေသည်။
နေမဝင်အင်ပါယာစစ်တပ်ကြီး၏မူလခွန်အားဖြင့်ဆိုလျှင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုဖိနှိပ်နိုင်ဖို့ဆိုသည်မှာ အိပ်မက်တစ်ခုအလားပင်။ ထို့ကြောင့် ဟွမ်းထျန်းမင်က သူတို့၏စွမ်းရည်နှင့်သက်တမ်းကိုအသုံးပြု၍ လျှို့ဝှက်နည်းဗျူဟာတစ်ခုကို ထုတ်သုံးခဲ့သည်။ ထို့ကြောင့် လူတိုင်း၏ခွန်အားမှာ များပြားလှသောအတိုင်းအတာအထိ မြင့်တက်လာခြင်းဖြစ်၏။
ထိုအကြောင်းကိုတော့ ဟွမ်းထျန်းမင် မည်သူ့ကိုမှမပြောထားပေ။ ထိုလူများ၏အသက်က သူနှင့်ဘာမှမသက်ဆိုင်ပေ။
ဟွမ်းထျန်းမင်က အန္တိမအစီအရင်ဂိုဏ်းခေါင်းဆောင်ဟောင်း၏ပင်မခန်းမထဲရှိ အထွတ်အမြတ်ထားအပ်သောဗဟိုခန်းမထဲတွင် ထိုင်နေလေသည်။ သူသည် တစ်စုံတစ်ရာကိုစဉ်းစားခန်းဝင်နေသည့်အလား မျက်လုံးကိုမှိတ်ထားလေ၏။
"ကြည့်ရတာ အဲ့ဒီဓားသိုင်းကျင့်ကြံသူက ဒီမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အငြိုးအတေးတစ်ခုဖြစ်ပုံပဲ"
ဟွမ်းထျန်းမင်က မျက်လုံးပြန်ဖွင့်လိုက်ပြီး ရက်စက်တော့မည့်ဟန်ဖြင့်ပြုံးလိုက်လေသည်။
"ပြီးတော့ ဒီဓားသိုင်းကျင့်ကြံသူလေးဆီမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့အရှိန်အဝါကိုမြင်နေရတယ်"
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားနှင့် ထိုဓားသွားပိုင်နက်နယ်မြေကြောင့်များဖြစ်လေမလား။ ဖုတ်ကောင်တစ်ကောင်ချင်းစီမှာ တိုက်ခိုက်ဖို့အတွက်တင် အသုံးချနိုင်တာမဟုတ်ဘဲ တစ်ပြိုင်တည်းမှာပင် ဟွမ်းထျန်းမင်၏မျက်လုံးနှစ်လုံးလို လုပ်ဆောင်ပေးလေသည်။ ဖုတ်ကောင်ကြီးမြင်ခဲ့ရသမျှအရာတိုင်းကို ဟွမ်းထျန်းမင်လည်းမြင်ရသည်သာ။
ယခုလေးတင်မြင်လိုက်ရသောမြင်ကွင်းမှာ ဖုတ်ကောင်ကြီးထံမှအမြင်အာရုံက ဟွမ်းထျန်းမင်၏အသိဉာဏ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သောအရာပင်။
တစ်ချိန်တည်းမှာပင် ဖုတ်ကောင်ကြီးက နောက်ကလိုက်နေခြင်းကိုရပ်တန့်လိုက်သည်မှာ ဟွမ်းထျန်းမင်ဆီက အမိန့်ရလိုက်သောကြောင့်ပင်။
"ဓားသိုင်းပညာရှိအဆင့်အမွေအနှစ်နှစ်ခုတဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေကအဆင့်နိမ့်နိမ့်လေးပါ။ ဘာမှစိုးရိမ်စရာမရှိဘူး"
သူ့ခွန်အားများသာ ပြန်လည်အားပြည့်လာပါက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ပင်ဖြစ်စေ ယဲ့ချိုးပိုင်ပင်ဖြစ်စေ မျက်စိတစ်မှိတ်အတွင်းသတ်ဖြတ်ပစ်နိုင်သည်ဟု ယုံကြည်မှုပြည့်ဝနေလေသည်။
ထိုအချိန်မှာ သံချပ်ကာအမျိုးသားတစ်ယောက်က အထဲကိုလျှောက်ဝင်လာပြီး ကြောက်လန့်တုန်လှုပ်နေသောအမူအရာဖြင့် ဒူးတစ်ဖက်ထောက်ချလိုက်သည်။
"အိမ်ရှေ့စံမင်းသားကို နှုတ်ခွန်းဆက်သအပ်ပါတယ်"
ဟွမ်းထျန်းမင်လည်း မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။
"ကြည့်ရတာ တစ်ခုခုဖြစ်ခဲ့ပုံထောက်တယ်"
စစ်ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားမှာ သူ့ခေါင်းကိုညွှတ်ကိုင်း၍ ကြောက်ရွံ့နေသောအမူအရာဖြင့် စကားဆိုလာလေသည်။
"ရှေ့တန်းမှာ ကိစ္စတစ်ခုဖြစ်သွားပါတယ် အရှင်.. စစ်ကြောင်းသုံးကြောင်းစလုံး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းရဲ့အပြင်ဘက်မှာ ချုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်"
ဟွမ်းထျန်းမင်၏အမူအရာမှာ မပြောင်းလဲချေ။ သူက သူ့လက်ချောင်းကိုခပ်ဖြည်းဖြည်းကြွလိုက်ပြီး ပြန်ချလိုက်ရင်း ကျောက်စိမ်းစားပွဲကိုခေါက်နေလေရာ တတောက်တောက်မြည်သံထွက်ပေါ်လာချေသည်။ ထိုအခိုက်အတန့်လေးမှာ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေပေသည်။
ကျောက်စိမ်းစားပွဲကို လက်ချောင်းဖြင့်ခေါက်နေသောအသံသာလျှင် စည်းချက်ကျကျထွက်ပေါ်နေ၏။ ထိုအသံကား ညင်ညင်သာသာပင်။ သို့သော် စစ်ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသား၏နားထဲမှာတော့ သေမင်း၏အချက်ပေးသံအလား…။
အိမ်ရှေ့စံမင်းသား၏စွမ်းဆောင်ရည်အကြောင်း သူတို့ကောင်းကောင်းသိကြသည်။ အန္တိမအစီအရင်ဂိုဏ်းတော်ထဲတွင် အိမ်ရှေ့စံမင်းသားဖန်တီးထားသော အကျဉ်းထောင်တစ်ခုရှိသည်။ ထိုအကျဉ်းထောင်မှာ တစ္ဆေများပြည့်နှက်နေသောချိုင့်ဝှမ်းအတွင်း၌ တည်ရှိလေသည်။ မရေမတွက်နိုင်သောတစ္ဆေများကလည်း လက်စားချေရန်တစာစာအော်ဟစ်နေကြပေသည်။
အကယ်၍ သူသာအမှားလုပ်ခဲ့မိပါက အိမ်ရှေ့စံမင်းသားက ထိုအကျဉ်းထောင်ထဲသို့ အညှာအတာကင်းမဲ့စွာဖြင့် ပစ်ချလိုက်မည်ဖြစ်ပေသည်။ ထိုအခါကျလျှင် သရဲတစ္ဆေတစ်ကောင်က သူ့ခန္ဓာကိုယ်ကိုလှိုက်စားနေသောနာကျင်မှုမျိုးကို ခံစားရလိမ့်မည်။ ထိုနာကျင်မှုမှာ သေခြင်းတရားထက်ပင် ပိုဆိုးဝါးလှသည်။ ထိုကဲ့သို့သောအတွေ့အကြုံမျိုးကို မည်သူမှဒုတိယတစ်ခေါက်မခံစားလိုကြပေ။
ဟွမ်းထျန်းမင်လည်း မျက်ခုံးပင့်ပြပြီး တည်ငြိမ်စွာမေးလိုက်သည်။
"ဆုံးရှုံးမှုကရောဘယ်လောက်ရှိလဲ"
အိမ်ရှေ့စံမင်းသား၏မေးခွန်းကိုကြားသောအခါ ထိူလူလည်း ထိတ်လန့်တကြားပြန်ဖြေလိုက်ရသည်။
"မြေကမ္ဘာမိစ္ဆာတပ်က ချန်းယွမ်အဆင့်ပညာရှင်သုံးဦးကိုဆုံးရှုံးလိုက်ရပါတယ်"
"အံ့ဖွယ်မြေအောက်ဘုံစစ်တပ်က တပ်သားငါးရာ"
"အဝါရောင်နွေဦးစစ်တပ်က ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးနဲ့ လူတစ်ရာကျော်ဆုံးရှံးလိုက်ရပါတယ်။ သူတို့က ဆုံးရှုံးမှုအကြီးဆုံးပါပဲ"
ထိုလူထံမှတင်ပြလာသောစကားကို ကြားသည့်အခါ ဟွမ်းထျန်းမင်က ခပ်တိုးတိုးရေရွတ်လိုက်လေသည်။ သူ့ဘက်က လုံးဝဂရုမစိုက်တာမျိုးမဟုတ်ပေ။ သဘာဝအားဖြင့်ဆိုလျှင် သူတို့အတွက်တော့ ဤသည်မှာကြီးမားသောဆုံးရှုံးမှုတစ်ရပ်ပင်။
သို့သော် ဟွမ်းထျန်းမင်း၏နည်းလမ်းအရဆိုလျှင်မူ ဤနည်းဖြင့် သူ ထိုတပ်သာများကို ပြန်လည်အသက်သွင်းဖန်တီးရန် ပိုလွယ်ကူသွားပေသည်။ သူ့အနေနှင့် လျှို့ဝှက်နည်းဗျူဟာကို တစ်ဖန်ပြန်သုံးလိုက်ရုံသာ။
သို့သော် လူတစ်ယောက်၏ခွန်အားကို ချန်းယွမ်အဆင့်သို့ အတင်းအကျပ်မြှင့်တင်ပေးလိုက်မည်ဆိုပါက ထိုလူ၏သက်တမ်းမှာ ဆုံးခန်းတိုင်သွားပေလိမ့်မည်။
အများဆုံးရှိလှ သက်တမ်းတစ်နှစ်မျှသာ နေနိုင်တော့မည်ဖြစ်၏။ သို့သော် အဓိပ္ပာယ်မရှိသောဤစစ်ပွဲကြီးကိုအဆုံးသတ်ရန်မှာ တစ်နှစ်မျှဖြင့်လုံလောက်ပါသည်။
ဟွမ်းထျန်းမင် ညင်သာစွာစကားဆိုလိုက်သည်။
"ကောင်းပြီ။ စစ်တပ်သုံးခုစလုံးရဲ့တပ်မှူးတွေကို ပြန်ခေါ်လိုက်"
"ပြီးတော့ မြေကမ္ဘာ၊ ရွှမ်းနဲ့ ဟွမ်းစစ်တပ်တို့အတွက် တပ်မှူးအသစ်ပြောင်းလိုက်"
သံချပ်ကာဝတ်အမျိုးသားမှာ ထိုစကားကိုကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံးတုန်ယင်သွားပေသည်။
ထိုတပ်မှူးသုံးယောက် အပြစ်ပေးခံရတော့မည်ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် ဤကဲ့သို့သောအမှားကြီးတစ်ခု ကျူးလွန်ထားသည်မဟုတ်ပါလား။ သေတော့မသေနိုင်သေးပေ။ သို့သော် သေခြင်းတရားကိုရှောင်လွှဲနိုင်ခဲ့သည့်တိုင် အပြစ်တော့အပေးခံရဦးမည်ဖြစ်၏။ ချိုင့်ဝှမ်းထဲရှိလှောင်အိမ်လေးမှာ တစ်ဖန်အသက်ပြန်ဝင်လာလေတော့မည်။
"မှန်လှပါ"
သံချပ်ကာဝတ်အမျိုးသား ပြန်လှည့်ထွက်သွားချေသည်။
ဟွမ်းထျန်းမင်လည်း ထိုအခြင်းအရာကိုမြင်သောအခါ မတ်တတ်ထရပ်၍ ခန်းမ၏အနောက်ဘက်သို့လျှောက်လာလိုက်သည်။ အနောက်ဘက်တွင်မူ ချိတ်ပိတ်အစီအရင်ဖန်တီးထားသောအခန်းတစ်ခန်းရှိသည်။ အစီအရင်ကြီးထဲတွင် အမျိုးသမီးတစ်ယောက်ကို ချိန်းကြိုးများဖြင့်ရစ်ပတ်ချည်နှောင်ထားသည်။
ထိုချိန်းကြိုးများတွင် ဝိညာဉ်ရေးရာချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ ထိုအမျိုးသမီး၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ရေးရာချီစွမ်းအင်များ ဆက်တိုက်ထိုးသွင်းပေးနေဟန်ပင်။
ထိုမြင်ကွင်းကိုမြင်သော် ဟွမ်းထျန်းမင်က ကြမ်းကြုတ်ရက်စက်လှသောအပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်လေသည်။
"ကောင်းကင်ဘုံမီးပြင်းဖိုက ဒီဘက်ခေတ်မှာလည်းရှိလိမ့်မယ်လို့ထင်မထားဘူး။ နည်းနည်းတော့အားနည်းတယ်ဆိုပေမဲ့ပေါ့"
အမျိုးသမီးကား ကျန်းချန်ပင်။
ဟွမ်းထျန်းမင် ယခုလုပ်နေသောအရာမှာ ကျန်းချန်၏ခွန်အားကို အတင်းအကျပ်တိုးမြှင့်နေခြင်းပင်။ သူ(မ)သာ အာကာသနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပါက မီးပြင်းဖိုဆီမှစွမ်းအားများကို စုပ်ယူနိုင်လိမ့်မည်။
ဤနည်းဖြင့် ဟွမ်းထျန်းမင်၏ခွန်အားများလည်း အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်လာပြီး သူ့ခွန်အားအထွတ်အထိပ်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဖြစ်၏။
ထို့ပြင် ဝိညာဉ်ရေးရာချီစွမ်းအင်ပေါင်းစပ်မှုကြောင့် ကျန်းချန်သည်လည်း ချန်းယွမ်အလယ်အလတ်အဆင့်သို့ ရောက်လာချေပြီ။
သို့သော် တစ်စုံတစ်ယောက်၏ခွန်အားကို အတင်းအကျပ်ဖိအားပေးပြီးတိုးမြှင့်ပေးခြင်းမှာ ထိုလူ၏အခြေခံအုတ်မြစ်ကို မတည်မငြိမ်ဖြစ်စေသလို ခန္ဓာကိုယ်ကလည်း ထိုအရာကိုတောင့်မခံနိုင်ချေ။
သို့သော် ထိုကိစ္စများက ဟွမ်းထျန်းမင်နှင့်မသက်ဆိုင်ပေ။ သူ့အဖို့တော့ အဆင့်တစ်ခုအထိရောက်ပြီးသွားလျှင် အဆင်ပြေပြီဲသာ။
သူ(မ)ရဲ့အခြေခံအုတ်မြစ်မတည်မငြိမ်ဖြစ်တော့ရော ဘာအရေးလဲ...
မြင်ကွင်းကား မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ပြောင်းလဲသွားလေသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့နေအိမ်၌ ယဲ့ချိုးပိုင်နှင့်ကျန်လူများမှာ အစည်းအဝေးခန်းမထဲသို့ ပြန်ရောက်နေလေပြီ။ အားလုံးက သူတို့အား လက်ခုပ်သြဘာချီးမြှင့်၍ကြိုဆိုကြသည်။
ဝူဒီရှီက ရှေ့ကိုလျှောက်လာပြီး အပြုံးလေးဖြင့်စကားဆိုလေသည်။
"မင်းကအသက်ငယ်ပြီးအလားအလာလည်းရှိတယ်"
"ကြည့်ရတာ ငါတို့မျိုးဆက်မှာ ဆက်ခံသူတစ်ယောက်ပေါ်လာပြီထင်ပါရဲ့"
ယဲ့ချိုးပိုင်မှာ မာနမထောင်လွှားတတ်ချေ။ သူ၏ကျေးဇူးတင်ရှိမှုကိုဖော်ပြရန်အတွက် နှိမ့်ချစွာဖြင့်ခေါင်းညိတ်ပြရုံသာလုပ်သည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကလည်း သူတို့ဂိုဏ်းချုပ်ဆီသို့လျှောက်သွားပြီး တီးတိုးစကားဆိုလိုက်လေသည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းချုပ်ကြီးက ထိုအကြောင်းကိုကြားပြီးသောအခါ ယဲ့ချိုးပိုင်ကို ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်လေသည်။
ထို့နောက် ယဲ့ချိုးပိုင်ရှေ့ကိုလျှောက်လာပြီး တောင်းပန်စကားဆိုလိုက်လေ၏။
"ချုံခိုတိုက်ခိုက်ရေးအစီအစဉ်အကြောင်းပြောတုန်းက ငါ့စကားတွေကြမ်းသွားတယ်။ တောင်းပန်ပါတယ်"
ယဲ့ချိုးပိုင်လည်း ကြက်သေသေသွားရရှာသည်။
ထို့နောက် ဂိုဏ်းချုပ်ကြီးက ပြုံးလျက် စကားဆိုလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းလိုလူငယ်လေးတွေရှိနေမှတော့ ဒီတိုက်ပွဲမှာအနိုင်ရနိုင်မဲ့အကြောင်းအရင်းလည်းရှိလာတာပေါ့ကွာ"
ဝူဒီရှီကလည်း ပြုံးလိုက်မိသည်။
"ယဲ့ချိုးပိုင်က ဒီအစီအစဉ်အတွက် အဓိကဆုချီးမြှင့်မှုကိုခံယူသင့်တဲ့လူပါပဲ ကန့်ကွက်မဲ့လူများရှိသေးလား"
လူတိုင်းကပြုံးလိုက်ကြပြီး ခေါင်းခါယမ်းပြသည်။ သူတို့မှာ သဘာဝကျကျပင်ကန့်ကွက်စရာမရှိကြချေ။
ထိုချုံခိုတိုက်ခိုက်ရေးအစီအစဉ်ကိုလည်း ယဲ့ချိုးပိုင်ကပင် အကြံပေးခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤအစီအစဉ်က နေမဝင်အင်ပါယာကိုအထိနာစေခဲ့ပြီး စစ်တပ်သုံးခု၏တိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုအထိ နှောင့်နှေးစေခဲ့လေသည်။
နေမဝင်အင်ပါယာကို နှောင့်နှေးအောင်လုပ်ရင်း မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်၏ချုံခိုတိုက်ခိုက်ရေးအသင်းကိုလည်း အောင်အောင်မြင်မြင်ကယ်တင်နိုင်ခဲ့သည်။
ဤစစ်ဆင်ရေးအောင်မြင်ခဲ့ခြင်းမှာ ယဲ့ချိုးပိုင်၏ကျေးဇူးများကြောင့်ဟုပြောလျှင်လည်း မမှားပေ။
ဤချုံခိုတိုက်ခိုက်မှုကြောင့် လူတိုင်း၏မျက်နှာထက်ရှိသုန်မှုန်ထိုင်းမှိုင်းမှုများကို ဖယ်ရှားပစ်လိုက်နိုင်ပေသည်။
အစကမူ နေမဝင်အင်ပါယာ၏ဖွဲ့စည်းပုံမှာ အလွန်အစွမ်းထက်လှသည်ဟု သူတို့ထင်ခဲ့ကြသည်။ ၎င်းမှာ ပြိုင်ဘက်ကင်းလှပေသည်ဟုပင်။
ယခုမူ ဤစစ်ဆင်ရေးကြောင့် သူတို့စိတ်ထဲရှိအတွေးများလည်း ပြောင်းပြန်လှန်ပစ်လိုက်သလိုပြောင်းလဲသွားလေပြီ။ စိတ်ဓာတ်များလည်း အကြီးအကျယ်တက်လာပြီဖြစ်၏။
ဝူဒီရှီက ခပ်ပြုံးပြုံးလေးစကားဆိုလာလေသည်။
"ပြောပါဦး ယဲ့ချိုးပိုင်.. မင်း ဘယ်လိုဆုမျိုးလိုချင်လဲ"
ယဲ့ချိုးပိုင်လည်း တဒင်္ဂမျှတွေးကြည့်လိုက်သည်။ သို့သော် သူ ခေါင်းယမ်းလျက်သာ ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ ဒီအကြောင်းကို နောက်မှပြောကြတာပေါ့။ အခုတော့ တိုက်ပွဲကိုပဲအာရုံစိုက်ကြရအောင်"
မည်သို့ပင်ဖြစ်စေ သူ့မှာလည်း ဘာမှချို့တဲ့မနေပေ။
အမှန်အတိုင်းပြောရလျှင် ကျင့်ကြံရေးအရင်းအမြစ်များပင်ဖြစ်စေ ရတနာများပင်ဖြစ်စေ သူ့ဆရာက ပိုမိုကောင်းမွန်သောအရာများကို ပေးနိုင်သည်သာ။
ဤအကြီးအကဲများပေးမည့်အရာကို သူ စင်စစ်စိတ်မဝင်စားချေ။