နတ်ဆိုးအလောင်း
Vol. 30 Ch. 408
ဟန်လိသည် အတွေးထဲ နစ်မြောသွားစဉ် သူ့အမူအရာသည် ပြောင်းလဲသွားပြီး သူက ကောင်းကင်ထက်တွင် ဝိညာဉ်သေနှင့်အတူ ရပ်သည်။ သူ့ရှေ့ရှိ ဗလာကင်းမဲ့နေသော ဧရိယာသည် ရုတ်တရက် ဝိုးတဝါး ပုံပျက်ယွင်းလာသည်။ သည်ပုံပျက်တွန့်ခေါက်မှုထံမှ လူသားပုံစံနတ်ဆိုးတစ်ကောင်သည် ထကြွလာကာ ၎င်း၏ ရက်စက်ကြမ်းကြုတ်သည့် သွးများကို ဖြဲ၍ သူတို့ကို ပြုံး၍ ကြည့်သည်။
“ဘာကောင်လဲဟ…” ဟန်လိသည် ထိုနတ်ဆိုးကောင်ကို မြင်သည့်အခါ ထိုသို့ မအော်ဟစ်မိဘဲ မနေနိုင် ဖြစ်ရသည်။
၎င်း၏ခန္ဓာကိုယ်သည် အစိမ်းရောင့်ရင် ရှိကာ တောက်တောက်ပပ အနက်ရောင်ချပ်ဝတ်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ အမျိုးအမည်ကိုတော့ မသိရပေ။ ၎င်းသည် ထက်ရှလှသော လက်သည်းရှည်များကိုလည်း ပိုင်ဆိုင်ထား၏။
“သန့်စင်ထားတဲ့ အလောင်းကောင်တစ်ကောင်လား…”
ထိုနတ်ဆိုးကောင်ထံမှ အလောင်းကောင် အနံ့ စူးရှရှ ထွက်ပေါ်နေသည်။ သို့ဖြစ်၍ ဟန်လိသည် ၎င်းနတ်ဆိုးကောင်၏ ဖြစ်တည်မှုကို သိရှိသွားစေသည်။
၎င်း၏ ပုံပန်းသွင်ပြင်အရ အဆင့်နိမ့် ချပ်ဝတ်အလောင်းကောင် မဟုတ်ဖို့ များသည်။ ၎င်းကို သခင်ကြီးကျိနစ်ယင်က ထူးကဲသောနည်းလမ်းတချို့နှင့် သန့်စင်ထားတာ ဖြစ်ရမည်။
စိတ်ထဲ၌ ထိုသို့ တွေးကာ ဟန်လိက လက်ဝေ့ယမ်းသည်။ သူ၏ အစိမ်းရောင်တောက်ပခြင်းဓားမြှောင်မှာ ဆယ်မီတာလောက်ရှည်သော ရေနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲလျက် ရှေ့သို့ ကြမ်းတမ်းစွာ ထိုးထွက်သွားလေ၏။ တချိန်တည်းမှာ ဝိညာဉ်သေသည် သူ့လက်ချောင်းကို တိတ်တဆိတ် ပင့်မြှောက်သည်။ သွေးအလင်းတန်းတစ်ခုကို ထုတ်လွှတ်၏။ ၎င်းမှာ ဝိညာဉ်သေ မကြာသေးခင်က သန့်စင်မွန်းမံထားသော သွေးဝိညာဉ်စူး ဖြစ်လေ၏။
ထိုသွေးဝိညာဉ်စူးသည် သန့်စင်ထားသော အလောင်းကောင်၏ ရင်ဘက်အောက်ပိုင်းသို့ ထွင်းဖောက်သွားပြီး အပေါက်တစ်ခု ကျန်ခဲ့စေ၏။ ထိုအခါ အလောင်းကောင်သည် အံ့အားသင့်ဟန်ဖြင့် သူ့ကိုယ်သူ ငုံ့ကြည့်သည်။ ဟန်လိသည် ကျေနပ်သွား၏။ သူက အစိမ်းရောင်ရေနဂါးကိုပါ နောက်ကနေ ဆက်၍ တိုက်ခိုက်စေသည်။
ရေနဂါးသည် အစိမ်းရောင်တောက်တောက်အဖြစ်သို့ ပြန့်ကြဲသွားကာ အလောင်းကောင်ကို နောက်ဘက် ဆယ်ပေလောက်ထိ လွင့်ထွက်သွားစေသည်။ ထို့နောက်တွင်မူ သည်အလောင်းကောင်က အော်သံ ပြု၏။ ချက်ခြင်း ထရပ်ကာ ဟန်လိကို စိုက်ကြည့်သည်။
“မကောင်းတော့ဘူး။ သာမန်မှော်ရတနာတွေရဲ့ တိုက်ခိုက်မှုဟာ ဒီသန့်စင်ထားတဲ့ အလောင်းကောင်အပေါ် သက်ရောက်မှု မရှိဘူး…”
ဟန်လိသည် သူ့အစိမ်းရောင်တောက်ပခြင်းဓားမြှောင်ကို ခပ်မြန်မြန် ပြန်ဆင့်ခေါ်လိုက်လေသည်။ သူ့စိတ်ထဲ၌လည်း သုန်မှုန်သွား၏။
ဟန်လိ၏ တိုက်ခိုက်မှုသည် ထိုအလောင်းကောင်ပေါ်သို့ လုံးဝကို သက်ရောက်မှု မရှိခဲ့ပေ။ သွေးဝိညာဉ်စူးကြောင့် ဖြစ်ပေါ်သွားသော ဒဏ်ရာသည်ပင် လျင်မြန်သောနှုန်းဖြင့် ကုသနေသေး၏။
ဟန်လိ၏ အမူအရာမှာ နက်မှောင်သွားသည်။ သူသည် ဝိညာဉ်သေနှင့်အတူ အလင်းတန်းတစ်ခုတည်းအဖြစ် ပျံသန်းထွက်ကာ သည်အလောင်းကောင်ကို ဘေးကနေ ဖြတ်ကျော်သွားချင်နေသည်။ ဟန်လိသည် ထိုအလောင်းကောင်က သူ့အပေါ် အန္တရာယ်ပြုနိုင်မည့်အပေါ် မစိုးရိမ်ပေ။ သို့သော် သည်အလောင်းကောင်ကြောင့် အချိန်ကြာသွားပြီး သခင်ကြီးကျိနစ်ယင်က သူ့ကို မှီလာနိုင်သည် မဟုတ်လား။ ဟန်လိသည် သူ့အနောက်ဘက်သို့ ဖြတ်ခနဲ တချက် လှမ်းကြည့်သည်။
သူသည် တခြားထွက်ပြေးလာသော ကျင့်ကြံသူများကိုလည်း သန့်စင်ထားသော အလောင်းများက တားဆီးလိုက်တာကို မြင်ရလေသည်။
ဟန်လိ၏ စိတ်ထဲ တုန်လှုပ်သွားရင်း သူနှင့် ဝိညာဉ်သေတို့သည် သူတို့၏ စွမ်းအားကုန် အသုံးပြု၍ အလင်းတန်းအဖြစ်သို့ ပြောင်းလဲပြီး သန်စင်ရုပ်အလောင်းကို ကျော်လွန်လာသည်။ ထို့နောက်တွင်တော့ သည်အလောင်း၏ မျက်လုံးများသည် အစိမ်းရောင်လင်းလက်ကာ ၎င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ဝေဝါးကာ မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်။
ထိုအခါ ဟန်လိသည် ရုတ်တရက် ဘေးသို့ အသာအယာ ရှောင်လိုက်လေသည်။ သူက လက်သည်းငါးခု အနက်ရောင်ဓားအလင်းတန်းကို ရှောင်ရှားလိုက်နိုင်သည်။ ထိုတိုက်ခိုက်မှုသည် သူ့ကို ဝှီခနဲ ဖြတ်ကျော်သွားပြီး မီတာလေးဆယ်အကွာလောက်ထိ ရောက်သွားသည်။ ဟန်လိသည် လေအေးတချက် ရှိုက်သွင်းမိလိုက်ပြီး ထိုဓားအလင်းထံ ခေါင်းလှည့်ကာ ကြည့်သည်။ ထင်ထားသည့်အတိုင်းပင် သန့်စင်ထားသော အလောင်းသည် သူ့နောက်ဘက် မလှမ်းမကမ်းတါင် ရပ်နေလေ၏။ ၎င်း၏ထက်ရှသော လက်သည်းတို့မှာ အနက်ရောင်အလင်း လက်မအချို့လောက်ထိ ဆန့်ထွက်လို့နေသည်။
မြန်လိုက်သည့် ဖြစ်ခြင်း။ ထိုအလောင်းကောင်သည် ၎င်း၏ မူလနေရာကနေ ဖြတ်ခနဲအတွင်း မီတာတစ်ရာလောက်ထိ ရွှေ့လျားသွားလာနိုင်ချေသည်။ ၎င်းမှာ ဟန်လိ မြေပြင်ပေါ်တွင် တိမ်မီးခိုးခြေလှမ်းများကို အသုံးပြုသည့်အခါ၌ အမြန်နှုန်းနီးပါးလောက်ကို မြန်သည်။ ထိုအလောင်းကောင်က လေထဲတွင်ပင် ထိုသို့သော အမြန်နှုန်းကို အသုံးပြုနိုင်နေသည်။ ဤသည်မှာ ယုတ္တိထက်ပင် ကျော်လွန်နေချေပြီ။
ဟန်လိ၏ အသားအရေမှာ ပြာနှမ်းသွားလေပြီ။
သူသည် ထိုအလောင်းကောင် လက်ထဲမှ မလွတ်နိုင်လောက်ဟု သဘောပေါက်သွားသည်။ သခင်ကြီးကျိနစ်ယင်က သူတို့ ထွက်ပြေးတာကို ခုလောက်ထိ တည်ငြိမ်စွာ လစ်လျူရှုထားသည့် အကြောင်းရင်းမှာ ဤအလောင်းကောင်များ ဖြစ်နေပေသည်။
အခု ဤအချက်ကို သိသွားသည့်အခါ ဟန်လိ၏ အမူအရာပေါ်တွင် အလျင်လိုဟန် ပေါ်လာသည်။ သူက သူ့သိုလှောင်အိတ်ကို ချက်ခြင်း ထိပုတ်သည်။ ချက်ခြင်းပင် အနီရောင်အလင်းတန်းနှစ်ခုနှင့်အတူ မိုးပြာအလင်းတစ်ရာသည် ပျံသန်းထွက်ကာ သူ့ပတ်ပတ်လည်၌ သိပ်သည်းစွာ တည်ရှိလေသည်။
ထိုအလင်းများ လွင့်ပြယ်သွားပြီးနောက်မှာတော့ သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်နှင့် ခြောက်မီတာလောက် အရှည်ရှိသည့် မိုးပြာလူဝံများ ပေါ်လာကြသည်။ ထိုလူဝံကြီးများသည် ပေါ်လာသည်နှင့် ၎င်းတို့၏ လက်ကြီးများကို ပင့်မြှောက်သည်။ သူတို့၏ လက်ချောင်းများထံမှ မိုးပြာအလင်းတန်းဆယ်ခုသည် အလောင်းကောင်ထံ တိုးဝင်သွားကုန်သည်။
ထိုမျှ သိပ်သည်းပြည့်နှက်နေသော တိုက်ခိုက်မှုများကို မရှောင်နိုင်လေသည့်အခါ နတ်ဆိုးအလောင်းကောင်၏ မျက်လုံးထံမှ ရက်စက်လိုသည့်အလင်း ဖြတ်ခနဲ တောက်ပပြီး အနက်ရောင်ချီလုံးတစ်ခုကို ထိုမိုးပြာအလင်းတန်းများအား ရင်ဆိုင်ဖို့ ထွေးထုတ်လာသည်။
၎င်းအနက်ရောင်ချီက မိုးပြာအလင်းများစွာကို လွင့်ပါးသွားစေသည်။ သို့သော် ထိုမိုးပြာအလင်းများက မိုးပြာအခိုးအငွေ့များအဖြစ်သို့ လွင့်ပါးသွားရုံမျှသာ။ အလင်းများ ဖြာထွက်ပြန့်ကြဲသည်။ နတ်ဆိုးသားရဲကောင်က ၎င်း၏ သွားများကို ဟဖြဲကာ လူဝံကြီးများထံ လွှမ်းမိုးမှုအပြည့်ဖြင့် တိုးဝင် လာလေတော့သည်။
အက်သံများ ဆက်တိုက် ထွက်ပေါ်သည်။ ရုပ်သေးလူဝံ အချို့သည် အနက်ရောင်အလင်းလက်သည်းများကြောင့် တစစီ ဖြစ်ကုန်ကြသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက မျက်မှောင်ကြုတ်၏။ ဝိညာဉ်သေသည် ချက်ခြင်းပင် မီတာတစ်ရာကျော် မြင့်မားသော သွေးအလင်းတစ်ခုကို ထုတ်လွှတ်ကာ ၎င်းအား သွေးနီရောင်ဆေဘာဓားအဖြစ် သိပ်သည်းစေသည်။ ထိုဓားကြီးသည် သန့်စင်ထားသော အလောင်းကောင်ထံ ကြမ်းတမ်းစွာ ခုတ်ပိုင်းဝင်လာ၏။
ထန်။ သွေးဆေဘာဓားက နတ်ဆိုးအလောင်းကောင်၏ ဦးခေါင်းကို ခုတ်ပိုင်းသည်။ သို့သော် သတ္တုချင်း ထိခတ်သံကိုသာ ကြားလိုက်ရသည်။ ထိုဓားခုတ်ချက်များက ၎င်းကို မထိခိုက်စေနိုင်ပုံ ရသည်။ အလောင်းကောင်၏ ဒေါသကို ဆွပေးလိုက်သလိုပင်။ အလောင်းကောင်သည် သွေးဓားကို ၎င်း၏လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ ဝေ့ယမ်းပစ်သည်။ ၎င်း၏ ဒေါသကို ပုံချသည့်အနေဖြင့် ထိုဆေဘာဓားကို ဖျက်စီးပစ်ချင်ပုံ ရသည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ ဟန်လိသည် မပျော်ရွှင်ဘဲ မနေနိုင် ဖြစ်သွားလေသည်။ မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ဝိညာဉ်သေ၏ သွေးဆေဘာဓားသည် ခရမ်းမီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ချက်ခြင်းပင် ကြမ်းတမ်းသော မီးတောက်များက အလောင်းကောင်ကို ထွေးခြုံသွား၏။ အလောင်းကောင်မှာ အလန့်တကြား ဖြစ်ကာ ၎င်း၏လက်များဖြင့် ခန္ဓာကိုယ်ကို ပုတ်သည်။ခါသည်။
သို့ရာတွင် နတ်ဆိုးသားရဲကောင်က သည်မီးတောက်များသည် ငြှိမ်းသေဖို့ ခက်ခဲသော်လည်း ၎င်းအပေါ် ဒဏ်ရာများ မဖြစ်စေတာကို လျင်မြန်စွာ တွေ့ရှိသွားပြီး လစ်လျူရှုထားလိုက်တော့သည်။
သို့ပေမည့် ၎င်းက ခေါင်းမော့လာချိန်တွင်တော့ အဖြူရောင်ပိုက်ကွန်နှစ်ခုက ၎င်းအပေါ် တိတ်တဆိတ် ဖုံးအုပ်ကာ ပိတ်လှောင်ပစ်လေတော့သည်။ ယင်းပိုက်ကွန်တို့မှာ သွေးကျောက်စိမ်း ပင့်ကူများ၏ ပင့်ကူအိမ်များတည်း။
နတ်ဆိုးအလောင်းကောင်သည် အကြီးအကျယ် လန့်သွားကာ ခွန်အားရှိသမျှ ချိုးဖျက်နိုင်ဖို့ ကြိုးစားသည်။ သို့ပေမည့် တချိန်တည်းမှာ ခရမ်းမီးတောက်များသည် ခရမ်းမီးတောက်များစပါးအုံးမြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲလျက် ၎င်း၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ထွေးရစ်ထားလေသည်။
ပင့်ကူအိမ်များနှင့် မီးတောက်များက ၎င်း၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားလေရာ ၎င်းသည် အချိန်တစ်ခုထိတော့ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ထို့နောက်တွင်တော့ ဟန်လိသည် သူ၏ ပင့်ကူနှစ်ကောင်နှင့် ရုပ်သေးများကို ရုတ်သိမ်းကာ ဝိညာဉ်သေနှင့်အတူ အလင်းတန်းအဖြစ်သို့ ပြောင်းကာ နောက်သို့ တစက်လေးမျှ လှည့်မကြည့်လေဘဲ ချက်ခြင်း ပျံသန်းထွက်ပြေးတော့သည်။
သူ နားကြားမှားတာသာ မဟုတ်လျှင် သခင်ကြီးကျိနစ်ယင်ဘက်ခြမ်းမှ အလန့်တကြား အော်သံတစ်သံကို ကြားလိုက်ရပေသည်။ သူသာ ခုချိန်၌ ထွက်ပြေးဖို့ အခွင့်အရေး မရခဲ့ပါက သူ့အနေဖြင့် ထိုမိစ္ဆာအိုကြီး၏ ကျွန်ဖြစ်သွားမှာ သေချာနေလေပြီ။
ဟန်လိနှင့် ဝိညာဉ်သေတို့၏ ပူးပေါင်းစွမ်းအားကြောင့် သူတို့သည် အသက်တရှိုက်စာမှာပင် ကီလိုမီတာငါးဆယ်လောက်ထိ ပျံသန်းလာနိုင်ခဲ့ပေသည်။ ဦးတည်ရာများကို အကြိမ်ကြိမ် ပြောင်းလဲပြီးနောက်မှာ သူတို့နှစ်ယောက်သည် အမည်မဲ့ကျွန်းငယ်တစ်ခုကို ဖြတ်ကျော်လာသည်။
ချက်ခြင်းပင် ဟန်လိတို့သည် ၎င်းကျွန်းပေါ်သို့ သက်ဆင်း၍ သူတို့ကိုယ်သူတို့ အောက်ဘက် မီတာလေးဆယ်လောက်မှာ နစ်မြုပ်နေစေသည်။ ထို့နောက်တွင် သူတို့က ဝတ်ရုံရှည်များဖြင့် သူတို့၏ အော်ရာများကို ဖုံးကွယ်ကာ သူတို့၏ ချီကိုများကို အမည်မဲ့မန္တာန်တစ်ခု အသုံးပြု၍ ထိန်းချုပ်ထားလိုက်ကြသည်။
ထိုသို့ ပြုလုပ်ပြီးနောက်မှာပင် ဟန်လိသည် စိတ်မအေးနိုင်သေးပေ။ သူက ဟိုနှစ်ယောက်( သခင်ကြီးကျိနစ်ယင်နှင့် လူထူးခြားမီးတောက်နီ) တို့၏ စိတ်ဝိညာဉ်အာရုံကနေ လွတ်ခဲ့ပြီလားကို မသိသေးသည် မဟုတ်လား။ တကယ်တော့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ထက် စိတ်ဝိညာဉ်အာရုံ စွမ်းအား၌ အဆမတန် သာလွန်လေသည်။
ကံဆိုးစွာဖြင့် ဟန်လိသည် ကီလိုမီတာငါးဆယ်အကွာ၌ သခင်ကြီးကျိနစ်ယင်သည် သူ့မူလနေရာတွင်သာ ရပ်နေဆဲ၊ ထွက်ပြေးသူများနောက်သို့ မလိုက်ဘဲ ရှိနေတာကိုတော့ သိနိုင်ဖို့ နည်းလမ်း ရှိမနေခြင်းပင်။ ထို့အပြင် သူ့ဘေးတွင် အနီရောင်ဝတ်စုံ၊ ခရမ်းရောင်မျက်နှာဖြင့် လူတစ်ယောက်က အစိမ်းရင့်ရောင်အဖြစ် သန့်စင်ထားသော အလောင်းကောင် ဆယ့်နှစ်ကောင်ကျော်နှင့်အတူ ရှိနေသည်။
သူတို့နှစ်ယောက်၏ ရှေ့တွင်တော့ လေထဲတွင် လွင့်မြောနေသော သတိမေ့နေသည့် သက်လတ်ပိုင်းလူတစ်ယောက် ရှိသည်။ သူ၏ခန္ဓာကိုယ်ကို ထူးခြားသော အပ်များဖြင့် ထိုးစိုက်ထားခြင်း ခံရသည်။ ထိုအပ်များက အပြာရောင်အလင်း ထုတ်လွှတ်နေ၏။
အကြီးအကဲကျောက်နှင့် တခြားသူများကမူ သူတို့နှစ်ယောက်၏ နောက်တွင် ကြောက်ကြောက်လန့်လန့်ဟန်များဖြင့် ရှိနေသည်။ သူတို့က အသက်ပင် ရဲရဲမရှုဝံ့ကြချေ။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများ၏ ဂုဏ်ဒြပ်သည်ပင် ကင်းမဲ့နေချေသည်။
“ခရမ်းဝိညာဉ်မိန်းကလေးက တကယ်ပဲ လွတ်မြောက်သွားလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ အစတုန်းကတော့ ကျုပ်က သူမကို တာအိုရောင်းရင်းမီးတောက်နီ လက်ထဲ အပ်မလို့ပဲ။ ကြည့်ရတာ အနာဂတ်မှာ ကျုပ်တို့ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရှာရတော့မယ့် ပုံပဲ…”
သခင်ကြီးကျိနစ်ယင်သည် တည်ငြိမ်သောဟန်ပန်ဖြင့် ထိုသို့ ပြောသည်။
“ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့…စီနီယာဝူ။ အဲ့မိန်းကလေးက ကျုပ်အထင် ထိပ်ဆုံးကိုယ်လုပ်တော် ဆယ်ယောက်ထဲမှာ ပါတယ် ဆိုပေမယ့်လည်း ခင်ဗျားရဲ့ မြေးက သူမကို အတော်လေး စိတ်ဝင်စားနေပုံ ရတယ်။ ကျုပ်တို့က သူမကို သူ့အတွက် ထားပေးလိုက်မယ်ဆိုရင်ကော…”
ခရမ်းရောင်မျက်နှာနှင့်သူသည် တဟားဟား အော်ရယ်၍ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ရောင်းရင်းမီးတောက်နီကို ကျေးဇူးတင်ရမှာပေါ့။ ကျုပ်တို့ ပြန်ရောက်တာနဲ့ ကျုပ်က လိပ်ရင်းမြစ်ကျွန်းကို မိန်းမချောအယောက်နှစ်ဆယ်လောက် ပို့ပေးလိုက်ပါမယ်လေ။ ဒါ့အပြင် ခင်ဗျားရဲ့ ဆရာဟာ ကျုပ်ရဲ့ စီနီယာအဖြစ် သတ်မှတ်နိုင်တယ်။ ကျေးဇူးပြုပြီး ကျုပ်က သူ့ကို လေးစားသမှု ပေးတဲ့အကြောင်း ပြန်ပြောလိုက်ပါအုံး…”
“စီနီယာ…ကျုပ်လည်း ဆရာ့ကို မမြင်ရတာ အချိန်တခု ရှိနေပြီ။ ကျုပ် သူ့ကို တွေ့ခဲ့ရင်တော့ ကျိန်းသေပေါက် ခင်ဗျားအကြောင်း ပြောပြလိုက်ပါ့မယ်…”
လူထူးခြားမီးတောက်နီသည် အလွန်ယဉ်ကျေးသောလေသံဖြင့် မျက်လုံးကစားကာ ထိုသို့ ဆိုသည်။ သူက ဆက်ပြောလာသည်။
“ဒါပေမဲ့လည်း အဲ့ခရမ်းဝိညာဉ်မိန်းကလေးက လွတ်မြောက်သွားတယ်ဆိုတော့ သူမဟာ ကြယ်နန်းတော်နဲ့ ဆက်သွယ်နိုင်တယ်။ အဲ့ကျ ကျုပ်တို့အတွက် ပြဿနာ တစ်ခုခု ဖြစ်လာနိုင်လား…”
မီးတောက်နီသည် စိတ်ပူဟန် အရိပ်အမြွက်ဖြင့် ထိုသို့ ဆိုသည်။
“ကြယ်နန်းတော်လား။ ဟားဟား…ဘာပြဿနာမှ မရှိဘူး…”
သခင်ကြီးကျိနစ်ယင်က နှာခေါင်းရှုံ့ကာ ပြောသည်။
“ကျုပ် သိသလောက်ဆို ကောင်းကင်ကြယ်နန်းတော်ရဲ့ အကြီးအကဲတွေဟာ အကုန်လုံး တံခါးပိတ်ကျင့်ကြံနေတာကြတာ။ ခုလက်ရှိမှာ သူတို့ဟာ ကိစ္စအသေးအမွှားလေးတွေလောက်ကို ပါဝင်မှာ မဟုတ်တာ သေချာတယ်။ ကြယ်နန်းတော်ရဲ့ ဟိုမြေခွေးအိုကြီးနှစ်ယောက်ကလည်း ဘာအကြောင်းရင်းမှ မရှိဘဲ နတ်အနှစ်သာရအလင်းပေါင်းစည်းခြင်းလို့ ခေါ်တဲ့ ပညာရပ်တချို့ကို သန့်စင်မွန်းမံနေကြတယ်။ ဒါ့ကြောင့် သူတို့နှစ်ယောက်ဟာ နှစ်တိုင်းရဲ့ သတ်မှတ်ထားတဲ့အချိန်ရဲ့ လတဝက်ပဲ ကောင်းကင်ကြယ်မြို့ကနေ ထွက်နိုင်ကြတယ်။ မဟုတ်ရင် သူတို့ရဲ့ ကျင့်ကြံမှုက အတော်လေး လျော့ကျသွားလိမ့်မယ်။ ကြည့်ရတာ လာမယ့် ကောင်းကင်လေဟာနယ်ခန်းမဆီ သွားမယ့် ခရီးစဉ်က ကျုပ်တို့အတွက် ပူပန်ရမယ့် ရန်သူတွေ အတော်လေး နည်းနေတဲ့ ပုံပဲ…”
သခင်ကြီးကျိနစ်ယင်၏ လေသံတွင် တဖက်သူ၏ အခက်အခဲအပေါ် ဝမ်းသာနေသည့်သဘော ပြည့်နေသည်။ မီးတောက်နီ၏နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားလေ၏။
“ဒါပေမဲ့လည်း ကျုပ်ဆရာ အရင်တုန်းက တခါ ပြောခဲ့ဖူးတယ်။ ကောင်းကင်ကြယ်မြို့ရဲ့ ပညာသခင်နှစ်ယောက်ဟာ အဲ့မြို့မှာပဲ ရှိနေမယ်ဆို၊ သူတို့ရဲ့ အနှစ်သာရပေါင်းစည်းခြင်းတောင်ရဲ့ အထောက်အပံ့နဲ့ဆို သူတို့ဟာ ရပ်တန့်လို့ မရတဲ့ တည်ရှိမှုတွေတဲ့။ ဒါ့အပြင် သူတို့ဟာ နတ်အနှစ်သာရပေါင်းစည်းခြင်းအလင်းမှာ မြင့်မားတဲ့ မဟာအောင်မြင်မှု ရသွားခဲ့ရင် ကောင်းကင်ကြယ်မြို့မှာတင် ကန့်သတ်နေတော့မှာ မဟုတ်ဘူး။ ပြန့်ကြဲကြယ်ပင်လယ်များ တခုလုံးကို အကြွင်းမဲ့ အုပ်စိုးနိုင်လိမ့်မယ်တဲ့…”
မီးတောက်နီသည် စိတ်ပူပန်ဟန်ဖြင့် ထိုသို့ ဆိုသည်။