ရုပ်သွင်အမှန်
Vol. 30 Ch. 409
“မဟာအောင်မြင်မှုအဆင့် ဟုတ်လား…။ ဟက်…ဒါက အဲ့ပညာသခင်နှစ်ယောက်ရဲ့ အတွေးသပ်သပ်ပဲ။ သူတို့ဟာ ဘယ်သူမှ နတ်အနှစ်သာရပေါင်းစည်းခြင်းအလင်းပညာရပ်ဟာ ဒီပြန့်ကြဲကြယ်ကျွန်းများမှာ ပြန့်နှံ့နေတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီ ဖြစ်ပေမယ့် ဘယ်သူကမှ ဒါကို ဘာကြောင့် မကျင့်ကြံခဲ့လဲကိုတောင် မစဉ်းကြဘူးလေ။ တကယ်တော့ ပင်လယ်သမုန္ဒရာကြမ်းပြင်ကနေ ဘယ်လိုကဘယ်လို ပေါ်ထွန်းလာမှန်း မသိရတဲ့ အနှစ်သာရပေါင်းစည်းခြင်းတောင်နဲ့ ဒါကို ကောင်းကင်ကြယ်မြို့ရှိ ရွှေ့ပြောင်းနိုင်ခဲ့တာဟာ သူတို့အတွက် ကံကောင်းသွားခဲ့တာလို့ သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ပင်မအချက်ဆီ ပြန်နိုင်ဖို့ဆို ဒီနတ်အနှစ်သာရပေါင်းစည်းခြင်းအလင်းဟာ ပြင်ပအရာဝတ္ထုတွေအပေါ် မှီခိုရတဲ့ ကျင့်ကြံခြင်းပဲ။ ဒီပညာရပ်ကို တည်ထောင်ခဲ့တဲ့သူ ရေးသားခဲ့တာက ဟာသပဲလို့တော့ ငါထင်တယ်။ လောကမှာ ဘယ်ပညာရပ်ကများ ဒြပ်စင်ငါးခု ထိန်းချုပ်ဖို့ ဖြစ်နိုင်မှာတဲ့လဲ။ ဒါ့အပြင် ဒီပညာရပ်အပေါ် သူတို့ရဲ့ ကျင့်ကြံခြင်းဟာ အဓိပ္ပာယ်လုံးဝ မရှိဘူး။ သူတို့ဟာ ဒီပညာရပ်အပေါ် ကျင့်ကြံလို့ မအောင်မြင်ခဲ့ရင်တောင် သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နယ်ပယ် တစ်ခုတည်းနဲ့တင် ဒီလောကမှာ ထူးကဲတဲ့တည်ရှိမှု ဖြစ်နေပြီပဲလေ…”
သခင်ကြီးကျိနစ်ယင်က ထိုသို့ဆိုသည်။
“စီနီယာ ပြောသလိုပဲ ဖြစ်ပါစေလို့ ကျုပ် မျှော်လင့်ပါတယ်…” မီးတောက်နီသည် စိတ်ပူနေဆဲ ဖြစ်သော်လည်း သူသည် သဘောတူရန်သာ တတ်နိုင်လေသည်။
“နတ်သမီးခရမ်းဝိညာဉ်နဲ့ သူ့တမန်တော်နှစ်ယောက်အပြင် ထွက်သွားတဲ့သူတွေထဲမှ နှစ်ယောက်ဟာ ကောင်းကင်ကျယ်ပြန့်အလောင်းကောင်တွေ လက်ထဲကနေ ချိုးဖျက်သွားနိုင်ကြတယ်။ ဒါကတော့ မထင်မှတ်စရာပဲ…”
သခင်ကြီးကျိနစ်ယင်သည် တွေးတွေးဆဆဖြင့် ထိုသို့ ဆိုလာသည်။
“အမှန်ပါပဲ။ နတ်သမီးခရမ်းဝိညာဉ်ဟာ သူမနဲ့အတူ သူမရဲ့ ဂိုဏ်းအကာအကွယ် ရတနာ ဖြစ်တဲ့ နဂါးသစ်သားပြားကိုပါ ယူလာခဲ့တာပါ။ ဒီအကာအကွယ်ကြောင့် သူမနဲ့ သူမရဲ့ တမန်တော်တွေက ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားခဲ့ကြတာ။ ဒါပေမဲ့ ကျန်တဲ့ လွတ်မြောက်သွားတဲ့ နှစ်ယောက်ကတော့ အတော်လေး ထူးခြားတယ်…”
လူထူးခြားမီးတောက်နီသည်လည်း အံ့အားသင့်သွားသည်။ သူက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြ၏။
“သူတို့ကို ထားလိုက်ပါတော့။ ဒီငါးလေးနှစ်ကောင်အတွက် ငါတို့ ပူပန်နေဖို့ မလိုဘူး။ ခန္ဓာကိုယ်ပိုင်စိုးထားတဲ့အတွက်ကြောင့် ငါ့မှော်စွမ်းအားက ကန့်သတ်ခံထားရတာကြောင့်သာ မဟုတ်ရင် ဒီကောင်တွေ ငါ့မျက်စိရှေ့ကနေ မလွတ်သွားအောင် တခြားနည်းလမ်းတွေကို အသုံးပြုနိုင်မှာ။ အခုလည်း အရေးကြီးဆုံး ရည်ရွယ်ချက်ဖြစ်တဲ့ သစ္စာဖောက်တပည့်ကိုလည်း ဖမ်းမိသွားပြီပဲ။ ငါ သူ့ကို သူ ယူသွားတဲ့ ကောင်းကင်လေဟာနယ် မြေပုံအပျက်အစီးက ဘယ်နေရာရောက်နေလဲ သိရဖို့ ခေါ်သွားလိုက်မယ်…”
သခင်ကြီးကျိနစ်ယင်သည် ဟန်လိနှင့်ဝိညာဉ်သေတို့ ထွက်ပြေးသွားသည့်အပေါ် နည်းနည်းလေးမျှ အရေးမစိုက်ဟန်ဖြင့် ထိုသို့ ပြောလာသည်။
သည်စကားကို ကြားသည့်အခါ လူထူးခြားမီးတောက်နီသည် ထိုကိစ္စကို ဆက်မပြောတော့ပေ။ ခဏအကြာတွင် သူက သခင်ကြီးကျိနစ်ယင်ကို နှုတ်ဆက်ကာ အနက်ရောင်တိမ်တိုက်အဖြစ်သို့ ပြောင်း၍ ပျံသန်းထွက်လာတော့သည်။
မီးတောက်နီသည် မိုးကုပ်စက်ဝန်းထဲ ပျောက်ကွယ်သွားတာ မြင်သည့်နောက် သခင်ကြီးကျိနစ်ယင်က မသိမသာ နှာခေါင်းရှုံ့လိုက်၏။ သူ့လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ သူ့လက်ချောင်းများကို ဖြေလျှော့လိုက်သည်။ ထိုအခါ လက်မ အနည်းငယ် အရှည်ရှိသည့် ပင့်ကူအိမ်အဖြူရောင်အလုံးတစ်ခု ပေါ်လာလေသည်။
ကျိနစ်ယင်သည် ထိုပင့်ကူမျှင်တို့ကို ကြည့်နေရင်း သူ့ပုံစံက ထူးခြားသည့်ဟန် ဖြစ်ပေါ်၏။
“သွေးကျောက်စိမ်းပင့်ကူ၊ ဒီကောင်တွေကို ထပ်တွေ့ရလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိခဲ့ဘူး။ ကြည့်ရတာ မိုးကောင်းကင်က ငါ့ကို ပြစ်မထားဘူးနဲ့တူတယ်။ ငါ့မှာ အခွင့်အရေးတစ်ခု ရှိနေတုန်းပဲ…”
သခင်ကြီးကျိနစ်ယင်က တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရုတ်တရက် သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ဝမ်းခေါင်းသံနှင့် ရယ်မောလိုက်လေသည်။ အကြီးအကဲကျောက်နှင့် တခြားသူများမှာ တုန်လှုပ်ချောက်ခြား ကုန်သည်။
ကျိနစ်ယင်က ထိုသို့ ရယ်မောနေတာကို ရပ်လိုက်ပြီးနောက် မာမာထန်ထန် ပြောဆိုသည်။
“သွားကြမယ်…ငါတို့ ကျွန်းကို ပြန်မယ်…”
ယင်းနောက်မှာ သူသည် လေထဲတွင် လွင့်မြောနေသော သက်လတ်ပိုင်းလူကို ဆုပ်ကိုင်ကာ ပြန်လေတော့သည်။
ဟန်လိသည် သူနှင့် ကီလိုမီတာငါးဆယ်အကွာ၌ မည်သို့ ဖြစ်ပျက်နေတာကို မသိနေပေ။ သူက တလလုံး မြေအောက်တွင်သာ နေနေ၏။ သူက သတိအလွန်ထားတတ်သူ မဟုတ်လား။ ယင်းနောက် သူက အနီးဝန်းကျင်တွင် မည်သူမျှ မရှိတာ သေချာစေပြီးမှ ကောင်းကင်ကြယ်မြို့သို့ ဝိညာဉ်သေနှင့်အတူ ပြန်လာခဲ့တော့သည်။
သည်ခရီးစဉ်က သူ့ကို ကြီးကြီးမားမား တုန်လှုပ်စေခဲ့ပေသည်။ သူ့အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်လား။ သို့သော် သူ့ကို မကျေမနပ် အဖြစ်စေဆုံးကတော့ ဘာအကျိုးအမြတ်မှ မရလေဘဲ သည်မျှကြီးမားသော အန္တရာယ်ကို ကြုံခဲ့ရတာပင်။ ကောင်းကင်လျှပ်စီးဝါးက သခင်ကြီးကျိနစ်ယင်လက်ထဲသို့ ကျရောက်သွားပြီဟုသာ သူ မှတ်ယူထားလိုက်တော့သည်။ ထိုသို့ဖြင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ကြယ်မြို့သို့သာ ပြန်လာခဲ့ရသည်။
ထိုမြို့ကတော့ အရင်ကအတိုင်းသာ။ စည်ကားသိုက်မြိုက်လျက်ပင်။ ကြယ်နန်းတော်၏ မြို့စောင့်များက ဟန်လိကို စီနီယာဟု တလေးတစား ခေါ်ဝေါ်ကြချိန်တွင်လည်း ဟန်လိမှာ မပျော်နိုင်ချေ။ ခုမှ သူက သေဘေးကနေ မနည်းလွတ်အောင် လုပ်လာခဲ့ရတာ မဟုတ်လား။ သူသည် မှုန်တေတေဖြင့် မြို့ထဲသို့ ဝင်လာခဲ့ချေသည်။
သို့သော် သုံးဆယ့်ကိုးထပ်မြောက်ရှိ သူ့လှိုဏ်ဂူထံ ပြန်လာချိန်တွင်တော့ ဟန်လိသည် မင်သက်သွားရသည်။ လှိုဏ်ဂူအပြင်ဘက်ရှိ အတားအဆီးများ၏ အပြင်နားတွင် အသံပို့လွှတ်ခြင်းအဆောင်တစ်ခုသည် ငြိမ်သက်စွာ ရှိလို့နေပေသည်။
ဟန်လိသည် မျက်မှောင်ကြုတ်ကာ အဆောင်ကို ယူကြည့်သည်။ အဆောင်ထံမှ အမျိုးသမီးတစ်ယောက်၏ ကြည်သာလှသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဟန်လိမှာ ထိုအမျိုးသမီးအသံကို ကြားရသည့်အခါ၌ စစချင်းတော့ မင်သက်သွားသေးသည်။ သို့သော် တအောင့်အကြာတွင် သူက ဒေါသထွက်သွား၏။ ထိုအသံပိုင်ရှင်မှာ အမျိုးသမီးဖန် မဟုတ်လား။ သူမက သူ့ကို ခုလောက်ထိ ဘေးဒုက္ခထဲ ခေါ်သွားပြီးခဲ့တာတောင်မှ အခု သူ့အိမ်တံခါးကို အရှက်မရှိ ထပ်လာခေါက်ဝံ့ နေသည်။
ဒေါသထွက်လွန်းသဖြင့် ဟန်လိက ၎င်းအသံပို့လွှတ်ခြင်းအဆောင်ကို ချက်ခြင်း ဖျက်စီးပစ်သည်။ သို့ပေမည့်လည်း သူမ ပြောခဲ့သော စကားများက ဟန်လိ၏ စိတ်ကို မငြိမ်မသက် ဖြစ်စေခဲ့တာတော့ အမှန်ပင်။
ဟန်လိသည် လေးလေးနက်နက် စဉ်းစားခန်းဝင်နေလေ၏။
အမှန်တိုင်းပြောရပါမူ သူသည် ထိုအမျိုးသမီးသုံးယောက် လွတ်မြောက်နိုင်စွမ်း ရှိခဲ့သည့်အပေါ် နည်းနည်းတော့ အံ့အားသင့်မိသည်။ သို့ပေမည့် ခုလက်ရှိ၌ သူသည် သူတို့အပေါ် အကောင်းမမြင်နေပေ။ သူမက သူ့ကို တည်းခိုခန်းတစ်ခု၌ တွေ့ပြီး ကောင်းကင်လျှပ်စီးဝါး အကြောင်း ဆွေးနွေးဖို့ကို တောင်းဆိုထားခြင်းပင်။
သည့်အတွက် ဟန်လိမှာ ဒေါသဖြစ်နေသလို သူ့စိတ်ခံစားချက်များမှာလည်း မငြိမ်မသက် ဖြစ်နေရသည်။
သို့ပေမည့် အဆုံးသပ်တွင် ဟန်လိက သူတို့နှင့် သွားတွေ့ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူမတို့ လက်စားချေမည့် မည်သည့်ကိစ္စကိုမဆို အကူအညီမပေးဖို့ စဉ်းစားထားသည်။ ကောင်းကင်လျှပ်စီးဝါးကိုလည်း ဈေးတွင်သာ တန်ကြေးပိုပေးကာ ဝယ်ယူတော့မည်ဟု တွေးထားသည်။ တခြားသူများအတွက် ကောင်းကင်လျှပ်စီးဝါးက သူ့လောက် အသုံးတည့်လိမ့်မည် မဟုတ်မှန်း ဟန်လိက သေချာနေသည်။
တကယ်တော့ ရှားပါးလှသော သစ်သားဓာတ်ရင်းမြစ်များသည် တချို့သော ထူးခြားသည့် မှော်ရတနာများကလွဲ၍ မှော်ရတနာသန့်စင်ဖို့အတွက် ပင်မသတ္တုအမယ်အဖြစ် အသုံးပြုတတ်ကြပေသည်။
ထိုသို့ဖြင့် ဟန်လိသည် သူမတို့ ချိန်းဆိုထားသော တည်းခိုခန်းထံသို့ ဦးတည်လာခဲ့သည်။
တစ်နာရီလောက် အကြာတွင် ဟန်လိသည် တခမ်းတနားအမည်ရှိ တည်းခိုခန်းထံ ရောက်လာပြီး တတိယထပ်သို့ ဝိညာဉ်သေနှင့်အတူ တက်လာခဲ့သည်။
ထိုတည်းခိုခန်းမှာ နည်းနည်းတော့ ထူးခြားသည်။ ပထမနှစ်ထပ်မှာ သေမျိုးများအတွက် ဖြစ်ပြီး တတိယထပ်ကမူ ကျင့်ကြံသူများအတွက်ပင်။ ဟန်လိသည် သူမတို့ ပြောထားသော အခန်းကို ရှာဖွေရာ အဖြူရောင်အလင်းလွှာ ခပ်ဖျော့ဖျော့လွှမ်းနေသော အခန်းတံခါးတစ်ခုကို တွေ့သည်။
ထိုအလင်းလွှာကို မြင်သည့်အခါ ဟန်လိသည် လှောင်ပြောသည် အရိပ်အမြွက် ဖြစ်ပေါ်မိသည်။ ထိုမိန်းမလှများသည် ပြီးခဲ့သော အဖြစ်သနစ်များကြောင့် အကြီးအကျဘ် မင်သက်တုန်လှုပ်ခဲ့ပုံ ရသည်။
ဟန်လိက ပေါ့ပေါ့ပါးပါး ခေါင်းယမ်းကာ သူ့လက်ကို အသုံးပြု၍ ထိုအတားအဆီးထံ အဖြူရောင်အလင်းစက်တစ်စက်ကို ပစ်လွှတ်လိုက်သည်။ ထိုအခါ လှိုင်းဂယက်များ ထသွား၏။
အခန်းထဲမှ မည်သည့်အသံဗလံမှ ထွက်မလာပေ။ သို့သော် ခဏအကြာတွင်မူ ဟန်လိသည် စိတ်ဝိညာဉ်အာရုံလှိုင်းတစ်ခုက သူနှင့် ဝိညာဉ်သေတို့ထံ အလျင်အမြန် ရောက်ရှိလာပြီး ထိုအခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ ထို့နောက်တွင် အဖြူရောင်လင်းလက်မှုနှင့်အတူ တံခါး၏ အတားအဆီးမှာ ကွယ်ပျောက်သွားသည်။ နတ်သမီးခရမ်းဝိညာဉ်၏ အေးစက်ကြည်လင်သော အသံကိုပါ ကြားရ၏။
“စီနီယာ နှစ်ယောက် ရောက်လာပြီပဲ။ ကျေးဇူးပြုပြီး ဝင်လာပါရှင့်။ ကျမတို့ ညီမတွေက ရှင်တို့ကို စောင့်နေတာပါ…”
ဟန်လိက အခန်းတံခါးကို တည်တည်ငြိမ်ငြိမ် တွန်းဖွင့်၍ ဝိညာဉ်သေနှင့်အတူ ဝင်လာသည်။
အခန်းအပြင်အဆင်က ရိုးရှင်းပါသည်။ အနီရောင်သစ်သားစားပွဲနှင့် ထိုင်ခုံတချို့ကလွဲ၍ တခြားပစ္စည်းများ ရှိမနေပေ။ သို့သော် သည်အခန်းထဲ၌ သူနှင့် မရင်းနှီးသော အမျိုးသမီးတစ်ယောက် ထိုင်နေတာ မြင်သည့်အခါ အံ့အားသင့်သွားပေသည်။ ထိုအမျိုးသမီးမှာ အဝါရောင်ဝတ်စုံဖြင့်။ ကြည့်ကောင်းသော ဖြူရော်ရော်မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ သူမ၌ တောက်ပကြည်လင်သော မျက်ဝန်းတို့ ရှိ၏။ သူမက ဟန်လိကို ပြုံးယောင်သမ်း၍ လှမ်းကြည့်သည်။
အနည်းငယ် အံ့အားသင့်သွားပြီးနောက်မှာ သူက ချိတုံချတုံဖြင့် သံသယစိတ်ဖြစ်ကာ လှမ်းမေးသည်။
“ခင်ဗျားက အမျိုးသမီးခရမ်းဝိညာဉ်များလား…”
ဟန်လိသည် နတ်သမီးခရမ်းဝိညာဉ်၏ ရုပ်သွင်အမှန်ကို မမြင်ဖူးသော်လည်း သူမက အနှိုင်းမဲ့အလှပိုင်ရှင်ဟု ကြားဖူးထားသည်။ ဟန်လိသည် အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်တောင်ခတ်ကာ တွေးလိုက်မိသည်။
သူမဆိုတာ သေချာပါ့မလား။ ဒီ မိန်းကလေးက ကြည့်လို့ရှုလို့ ကောင်းပေမယ့် သူမရဲ့ ကျော်ကြားလှတဲ့ အလှဂုဏ်သတင်းနဲ့တော့ ကိုက်ညီမနေဘူး။ ဒါက သူမရဲ့ ရုပ်သွင်အမှန်များ မဟုတ်တာလား…”
“စီနီယာ အံ့အားသင့်သွားတယ် ထင်တယ်။ ဝမ်နင်ရဲ့ ရုပ်သွင်အမှန်ကြောင့် စီနီယာဟန်က စိတ်များ ပျက်သွားတာလား။ ရှင့်ကို စိတ်ပျက်စေတဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒါက ကျမရဲ့ ရုပ်သွင်အမှန်ပါပဲ…”
ထိုအဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက ဟန်လိ အံ့အားတသင့် ဖြစ်နေတာကို မြင်သည့်အခါ ခပ်ရေးရေး ပြုံး၍ မထူးခြားနားဟန်ဖြင့် ပြောလေသည်။
“ရုပ်သွင်အမှန်လား…” ဟန်လိသည် ထိုအမျိုးသမီးငယ်၏ မျက်နှာကို ခဏလောက် အာရုံစိုက်ကြည့်သည်။ ယင်းနောက်တွင်တော့ သူက စကားမဆိုလေဘဲ ခေါင်းခါပြသည်။ သူသည် သူမ၏ရုပ်သွင်၌ မည်သည့်မူမမှန်တာကိုမျှ မမြင်သော်လည်း သူမ၏ ခုပုံစံရုပ်သွင်သည် နတ်သမီးခရမ်းဝိညာဉ်၏ ရုပ်သွင်အစစ်အမှန်ဟု မယုံကြည်နိုင်သေးဘဲ ရှိနေတုန်းပင်။
တကယ်တော့ သည်လောကတွင် ထူးခြားသော ရတနာများစွာ ရှိပေသည်။ လူတစ်ယောက်၏ ရုပ်အမှန်ကို ဖုံးကွယ်ပေးထားသော တခြားမျက်နှာပိုင်ရှင်အဖြစ်သို့ ပြောင်းပေးနိုင်သော ရတနာများသည် အနည်းဆုံး တစ်ခု သို့မဟုတ် နှစ်ခုလောက်တော့ ရှိနေလိမ့်မည်သာ။