အကြီးအကဲ
Vol. 30 Ch. 410
နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိ မယုံတာကို မြင်သည်။ သို့သော် သူမက သည်ရုပ်သွင်အကြောင်း ထပ်မပြောတော့ပေ။ ထိုအစား သူမက ဝိညာဉ်သေဘက်သို့ လှည့်၍ ချိုသာစွာ ပြုံးပြီး ပြောလိုက်သည်။
“ဒီတော့ ဝိညာဉ်သေဟာ စီနီယာဟန်ရဲ့ ကိုယ်ပွား(ပြင်ပပြန်လည်မွေးဖွားခြင်း)ပေါ့…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ထိုအမျိုးသမီးအား အချိန်အတော်ကြာ အေးစက်စက် စိုက်ကြည့်နေသည်။ ယင်းနောက် သူက အေးတိအေးစက် မေးလိုက်၏။
“အမျိုးသမီးခရမ်းဝိညာဉ်က ဒါကို ဘယ်လိုများ သိပါသလဲ…”
“စီနီယာ…အံ့အားသင့် သွားဖို့ မလိုပါဘူး။ ကျမတို့ဂိုဏ်းမှာလည်း ကိုယ်ပွားသန့်စင်တဲ့ နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကိုယ်ပွားဖန်တီးဖို့ ကုန်ကျစရိတ်ဟာ ကြီးမားလွန်းပြီး အောင်မြင်နိုင်ချေကလည်း နည်းပါတယ်။ ဒါ့ကြောင့် ကျမတို့ဂိုဏ်းက ဒါကို အသုံးပြုခဲလှပါတယ်။ ဒါပေမဲ့ စီနီယာရဲ့ ကိုယ်ပွားဟာ တကယ်ကို ထူးခြားတာပဲ။ ပုံမှန်ဆို ကိုယ်ပွားတစ်ယောက်ရဲ့ ကျင့်ကြံမှုဟာ မပြောပလောက်ဘူးလေ။ စီနီယာရဲ့ ကိုယ်ပွားကျတော့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကို။ ဒါက တကယ်ကို ထူးခြားတာ မဟုတ်လား…”
နတ်သမီးခရမ်းဝိညာဉ်က တောက်ပရွှန်းလဲ့စွာ ပြုံး၍ ပြောသည်။
“နတ်သမီးက ခုလောက်ထိ ဖြတ်မြင်နိုင်မှတော့ ကျုပ်လည်း မဖုံးကွယ်ထားတော့ပါဘူး။ ဒါပေမဲ့ တခြားရောင်းရင်းနှစ်ယောက်ကော ဒီမှာ မရှိကြဘူးလား…”
ဟန်လိက အေးအေးဆေးဆေးဟန်ပန်ဖြင့် ဝန်ခံသည်။ သို့သော် သူက အခန်းထဲသို့ တချက်ထပ် ဝေ့ကြည့်ပြီးနောက်မှာ တခြားမေးခွန်းတစ်ခုကို မေးလိုက်သည်။ သူသည် ဝိညာဉ်သေမှာ သူ့ကိုယ်ပွားမှန်း သိသွားဖို့ အချိန်တစ်ခုသာ လိုမည်မှန်း သိပြီးသား ဖြစ်၏။ သို့ဖြစ်၍ သူက ထူးကဲ ထိတ်လန့်မနေပေ။
“စီနီယာ…ကျေးဇူးပြုပြီး ထိုင်ပါအုံး။ ကျမရဲ့ စီနီယာအစ်မနှစ်ယောက်က ဈေးမြို့ကို ပစ္စည်းတချို့ သွားဝယ်ပါတယ်။ ဒီကောင်းကင်ကြယ်မြို့မှာ ရေရှည်နေဖို့အတွက်ကော နေထိုင်မယ့်နေရာကိုပါ သွားရှာကြတာပါ…”
ထိုအမျိုးသမီးက ဟန်လိကို ထိုင်ဖို့ ဖိတ်ခေါ်ပြီး ညင်သာနူးညံ့သော လေသံဖြင့် ရှင်းပြချက် ပေးသည်။
ထိုင်ခုံပေါ် ဝင်ထိုင်ပြီးနောက် ဟန်လိက မျက်မှောင်ကြုတ်၍ သံသယဝင်ဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျားတို့သုံးယောက်က ပြင်းပြတေးသံဂိုဏ်းကို ပြန်ဖို့ စိတ်ကူး မရှိကြတာလား…”
“ပြင်းပြတေးသံဂိုဏ်းကို ပြန်ဖို့လား။ ကျမတို့ မပြန်ဝံ့ဘူး။ ကျိနစ်ယင်ကျွန်းက ကျမတို့ရဲ့ ရန်သူ ဖြစ်လာပြီး ကျမတို့ ဂိုဏ်းအကြီးအကဲနှစ်ယောက်ကလည်း သစ္စာဖောက်သွားမှတော့ ကျမတို့ ပြန်လိုက်ရင် မကောင်းတဲ့သူတွေလက်ထဲ ကျရောက်သွားမှာပေါ့။ ဒါ့ကြောင့် ကျမတို့ဂိုဏ်း စုဆောင်းထားတာတွေနဲ့ အချိန်တစ်ခုအထိတော့ ပြင်းပြတေးသံဂိုဏ်းကို ဒီကောင်းကင်ကြယ်မြို့မှာပဲ ပြန်ဖွဲ့စည်းမလို့ပါ…”
နတ်သမီးခရမ်းဝိညာဉ်သည် သက်ပြင်းချကာ ပြုံး၍ ဆိုသည်။
“ကျုပ် သိပါပြီ…” ဟန်လိက ခေါင်းညိတ်သည်။ ဟန်လိသည် သူတို့နှင့် များများစားစား ပတ်သတ်မှု မရှိသည် ဖြစ်၍ အပိုတွေ ထပ်မေးမနေတော့ပေ။
နတ်သမီးခရမ်းဝိညာဉ်ကလည်း ဟန်လိ၏ တုန့်ပြန်မှုကို စိတ်ထဲမထားပေ။ သူမက ဟန်လိအတွက် လဘ္ဘက်ရည်တစ်ခွက်ကို ငှဲ့ပေးလာ၏။ ထို့နောက်တွင် သူမသည် ပြောသည်။
“ကျမတို့က သန့်စင်ထားတဲ့ အလောင်းကောင်တွေ ဝိုင်းထားတဲ့ ကြားကနေ ထွက်ပြေးလွတ်မြောက်လာတဲ့အချိန်မှာ စီနီယာကိုယ်တိုင်လည်း ဘယ်လိုဘယ်ပုံ လွတ်လာနိုင်ခဲ့လဲကို မြင်ခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ စီနီယာဟန်က ကောင်းကင်လျှပ်စီးဝါးအတွက် ကျမတို့ကို ကူညီပေးခဲ့မှန်း စီနီယာအစ်မဖန် ပြောလို့ ကျမ သိပြီးပါပြီ။ ဒါ့ကြောင့် ကျမက သူမကို စီနီယာရဲ့ လှိုဏ်ဂူမှာ စကားပြောဖို့အတွက် အသံပို့လွှတ်ခြင်းအဆောင်တစ်ခုကို သွားထားခိုင်းခဲ့တာပါ…”
ဟန်လိသည် သူ့စိတ်ထဲ၌ ရှိနေသော ကိစ္စကိုသာ တိုက်ရိုက် မေးရန် ဆုံးဖြတ်လိုက်သည်။
“အဲ့အသံပို့လွှတ်ခြင်း အဆောင်ထဲကအတိုင်းဆို နတ်သမီးဆီမှာ ကောင်းကင်လျှပ်စီးဝါး ပိုင်ဆိုင်ထားတယ်လို့ ပြောထားတယ်။ ဒါ အမှန်ပဲလား…။ ဒီဝါးက ကျိနစ်ယင်ကျွန်းရဲ့ လက်ထဲ ကျရောက်သွားခဲ့ပြီ မဟုတ်ဘူးလား….”
ဟန်လိ၏ တည့်တိုးဆန်ဆန် မေးမြန်းမှုက နတ်သမီးခရမ်းဝိညာဉ်ကို ရယ်ချင်စိတ် ဖြစ်သွားစေသည်။ သူမက ကောင်းကောင်းမွန်မွန် ပြန်ဖြေလာသည်။
“စီနီယာက လိုရင်းကို ခုလောက်ထိ မြန်မြန်ကြီး ပြောမှတော့ ကျမလည်း အချိန်ဆွဲမနေတော့ပါဘူး။ အစတုန်းက ကျမတို့ဂိုဏ်းက ဂိုဏ်းငယ်တစ်ခုစီကနေ အဲ့ကောင်းကင်လျှပ်စီဝါး အပိုင်းကို တစ်ခုတည်း ရခဲ့တာ မဟုတ်ပါဘူး။ နှစ်ခုပါ။ တစ်ခုကတော့ တခြားသူတွေ လုယူသွားခဲ့ပြီ ဖြစ်ပေမယ့် ကျန်တစ်ခုကတော့ ကျမတို့ လက်ထဲမှာပါ။ စီနီယာက ဒီဝါးကို လိုချင်တယ်ဆို ဂျူနီယာအနေနဲ့ ပေးချင်ပါတယ်…”
ဟန်လိမှာ ပျော်သွား၏။ သို့သော် သူက မည်သည့်စိတ်လှုပ်ရှားမှုကိုမျှ ထုတ်မပြပေ။ ထိုအစား သူက သူမကို လေးလေးနက်နက် ကြည့်၍ မေးလိုက်သည်။
“ပေးမယ် ဟုတ်လား။ နတ်သမီးက ဘာကြောင့်များ ခုလောက်ထိ အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို ပြောရတာလဲ။ ခင်ဗျားတို့က ဒီပစ္စည်းကို သုံးပြီး ကျုပ်ကို ဒီနေရာထိ ရောက်အောင် ဖြားယောင်းခဲ့မှတော့ ခင်ဗျားတို့ တောင်းဆိုမယ့် အခြေအနေတွေ ရှိထားပြီးသားမလား။ ပြောပါ။ ဒါမှ ကျုပ် စဉ်းစားကြည့်လို့ ရမှာပေါ့…”
နတ်သမီးခရမ်းဝိညာဉ်သည် မင်သက်သွားပြီး သူမ၏ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ပြီးနောက် ရိုးသားစွာ ပြောလာသည်။
“အမှန်တိုင်း ပြောရမယ်ဆို ကောင်းကင်လျှပ်စီးဝါးက ကျမတို့ဂိုဏ်းအတွက် ဘာမှ အသုံးမဝင်ပါဘူး။ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက စီနီယာပါဝင်ပေးခဲ့တဲ့အတွက် ကျမတို့က ကျေးဇူးသိတတ်တဲ့အနေနဲ့ ဒီဝါးကို စီနီယာဆီ ပေးသင့်တာပါ။ ဒါပေမဲ့ ခု ကျမတို့က အရမ်း အားနည်းသွားခဲ့ပြီ။ ကျမတို့ရဲ့ အင်အားကို ထောက်ပံ့မယ့်သူ မရှိတော့ဘူး။ ဒါ့ကြောင့် စီနီယာကသာ ကျမတို့ဂိုဏ်းရဲ့ ဧည့်အကြီးအကဲအဖြစ် လုပ်ဆောင်ပေးမယ်ဆိုရင် ဒီဝါးသာမက ကျမတို့က နှစ်စဉ် စိတ်ဝိညာဉ်ကျောက်တုံးသုံးရာကို ပေးပါ့မယ်။ စီနီယာ မငြင်းဖို့ကိုတော့ ကျမတို့ မျှော်လင့်မိပါတယ်…”
“ဧည့်အကြီးအကဲ ဟုတ်လား…” ဟန်လိ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ သူက သူတို့သည် ထိုသို့ တောင်းဆိုလာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
“ဒါ့အပြင် အရင်တုန်းက ပြောထားတဲ့အတိုင်းပဲ။ စီနီယာရဲ့ ကျင့်ကြံမှုမှာ ကိုယ်လုပ်တော်တစ်ယောက်ယောက် လိုအပ်တာရှိရင် ကျမတို့ဂိုဏ်းက ထူးချွန်တဲ့ တပည့်တစ်ယောက်ကို လိုလိုလားလား ထောက်ပံ့ပေးပါမယ်…”
နတ်သမီးခရမ်းဝိညာဉ်က တည်ငြိမ်စွာ ထပ်ပြောသည်။
ဟန်လိ၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ စိတ်ဝိညာဉ်ဆေးပင်များ၏ အကူအညီများ ရှိနေသည် ဖြစ်၍ ဟန်လိအဖို့ စိတ်ဝိညာဉ်စွမ်းအား ပမာဏနည်းနည်းလောက်ကိုသာ အထောက်အပံ့ ဖြစ်စေနိုင်သော စုံတွဲကျင့်ကြံမှုမျိုး၏ အကူအညီကို မလိုအပ်ပေ။
သို့ရာတွင် ကောင်းကင်လျှပ်စီးဝါးကတော့ သူ့အတွက် လိုအပ်ပေသည်။ သူ့အနေဖြင့် ၎င်းဝါးကို ဆိုင်တစ်ခုခုတွင် မရှာနိုင်ဖို့ များသည်။
ချင့်ချိန်စဉ်းစားပြီးနောက်မှာ ဟန်လိက ပြန်ဖြေသည်။
“မင်းတို့ ပြောတဲ့ တောင်းဆိုမှုက ကျုပ် အတွက် အဆင်မပြေဘူး။ ကျုပ်က တကိုယ်တည်း နေတဲ့အပေါ် အသားကျနေတာ ကြာခဲ့ပြီ။ ဒါ့ကြောင့် ဂိုဏ်းတခုခုနဲ့ ချည်နှောင်ခံရမှာမျိုး ကျုပ် မဖြစ်ချင်ဘူး။ ရောင်းရင်းတို့က ကျုပ်ကို တခြားတောင်းဆိုမှုတချို့တလေနဲ့ ကမ်းလှမ်းနိုင်ပါတယ်။ မဟုတ်ရင်တော့ ကျုပ်လည်း ဒီဝါးကို ပေါက်ဈေးထက် သုံးဆယ်ရာခိုင်နှုန်းလောက် ပေးပြီးတော့ပဲ ဝယ်ပါ့မယ်…”
“စီနီယာကတော့ နောက်ပြီ။ မဟာနတ်သစ်သားသုံးမျိုးထဲမှာ ပါတဲ့ ဒီလို ထိပ်တန်းအဆင့် သတ္တုအမယ်ဝါးဟာ ဈေးကွက်ထဲမှာ တန်ဖိုး ဘယ်လောက် ရှိနေမလဲ။ ဒီဝါးဟာ အသုံးပြုဖို့အတွက် ရည်ရွယ်ထားတာ မရှိဘူးဆိုရင်တော့ တကယ်ကို ဈေးကြီးပေးပြီး ဝယ်ဖို့ မတန်ပါဘူး။ ဒါပေမဲ့ သစ်သားဓာတ်ရင်းမြစ်ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံတဲ့ ကျင့်ကြံသူတစ်ယောက်အတွက်တော့ ဒီဝါးဟာ တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာတစ်ခုပဲ…”
ဟန်လိ၏ ငြင်းဆန်မှုက နတ်သမီးခရမ်းဝိညာဉ်ကို အံ့အားမသင့်သွားစေပေ။ သို့သော် သူမက စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူမည့် ဟန်လိ၏ တောင်းဆိုမှုကိုလည်း ငြင်းဆန်လိုက်သည်။
ဟန်လိက မျက်မှောင်ကြုတ်သွားသည်။ ထိုအမျိုးသမီးက သူသည် ဒီကောင်းကင်လျှပ်စီးဝါးကို အမှန်တကယ် လိုချင်နေမှန်း သိနေပုံ ရသည်။
သို့ပေမည့် ဟန်လိသည် ထိုကောင်းကင်လျှပ်စီးဝါးအပိုင်းတစ်ခုလောက်အတွက်နှင့်တော့ သူ့ကိုယ်သူ ပြင်းပြတေးသံဂိုဏ်းက ဖြစ်စေချင်သည့်ဆန္ဒအတိုင်း သူ့ကိုယ်သူ ကျရောက်ခံလိမ့်မည်တော့ မဟုတ်ပေ။
ဟန်လိသည် ကောင်းကင်လျှပ်စီးဝါးကို စွန့်လွှတ်ပြီး တခြားသတ္တုအမယ်များ သုံးကာ သူ့မှော်ရတနာကို သန့်စင်မည့် အကြောင်း တွေးနေရုံရှိသေး အမျိုးသမီးငယ်က ကတိတစ်ခုဖြင့် ထပ်မံ ကမ်းလှမ်းလာပြန်သည်။
“စီနီယာက အချုပ်အနှောင်တွေကို သဘောမကျမှတော့ ကျမတို့ဂိုဏ်းရဲ့ အမည်ခံအကြီးအကဲတစ်ယောက်အနေနဲ့ပဲ လုပ်ဆောင်ပေးမယ် ဆိုရင်ကော။ ဒါဆိုရင် ရှင်က အကြီးအကဲတစ်ယောက်လိုလည်း ဆက်ဆံခံရမယ်။ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်တွေကိုလည်း လက်ခံပေးဖို့ မလိုတော့ဘူးလေ။ ကျမတို့ဂိုဏ်းကလည်း ကျမတို့ကိုယ်ကျမတို့ ကာကွယ်ဖို့အတွက် ရှင်ရဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ဆိုတဲ့ ဂုဏ်ဒြပ်ကို အသုံးပြုနိုင်မယ်။ အဲ့လိုဆိုရင်ကော စီနီယာ စိတ်ဝင်စားပါသလား…”
“အမည်ခံအကြီးအကဲ…” နတ်သမီးခရမ်းဝိညာဉ်၏ စကားက ဟန်လိကို မင်သက်သွားစေသည်။
“ အဲ့လိုဆို ပြင်းပြတေးသံဂိုဏ်းက ရန်သူတော်ကြီးတစ်ယောက်ယောက်နဲ့ ကြုံတဲ့အချိန်ကျရင် ငါက လှုပ်ရှားပေးဖို့ မလိုတော့ဘူး မလား…”
ဟန်လိသည် သံသယဝင်ဟန်ဖြင့် မယုံကြည်နိုင်ဖြစ်ကာ ထိုသို့ မေးလိုက်သည်။
“ကျမတို့ဂိုဏ်းက ဘာပြဿနာပဲ ကြုံကြုံ ဒါမှမဟုတ် စီနီယာရဲ့ အကူအညီကို တောင်းလာခဲ့ရင်လည်း စီနီယာရဲ့ သဘောအတိုင်းပဲ ဖြစ်စေရပါမယ်။ အဲ့လိုဆိုရင်တောင် ကျမတို့က စီနီယာကို့ ကျေးဇူးတင်နေပါပြီ…”
သူမသည် ချက်ခြင်း ပြန်ဖြေသည်။
ဟန်လိသည် ခေါင်းငုံ့ကာ စဉ်းစားသွားသည်။ ထို့နောက် သူက ခေါင်းပြန်မော့ကာ ဖြည်းဖြည်းချင်း ပြောသည်။
“နတ်သမီးခရမ်းဝိညာဉ်… ကျုပ် မမှားဘူးဆို ခင်ဗျားတို့ ဂိုဏ်းက အားနည်းနေတဲ့အချိန်မှာ တခြားအင်အားစုတွေက ခင်ဗျားတို့ ဂိုဏ်းကို အန္တရာယ်လာမပေးနိုင်အောင် ကျုပ်ရဲ့ အကာအကွယ်ကို ယူထားချင်တာမလား…”
“စီနီယာ ပြောတာ မှန်ပါတယ်။ အဲ့အချိန်ကျလာရင် ကျမတို့က စီနီယာရဲ့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူဆိုတဲ့ ဂုဏ်ဒြပ်ကို ထုတ်ဖော်ချင်တာပါ။ ဒါက အကြီးအကဲမုန့်နဲ့ အကြီးအကဲကျောက်တို့ရဲ့ သစ္စာဖောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေအပေါ် တန်ပြန်တဲ့ သဘောပါ…”
ထိုအမျိုးသမီးငယ်က ပြုံး၍ ဆိုသည်။
“ဒီလို အခြေအနေတွေဆိုရင်တော့ ကျုပ် လက်ခံနိုင်တယ်။ ဒါပေမဲ့ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ် ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အဖြစ် တခြားကျင့်ကြံသူတွေကို စမိတ်ဆက်မှာ မဟုတ်ဘူး။ ခင်ဗျားက တခြားကျင့်ကြံသူတွေဟာ ကျုပ်ကို ခင်ဗျားတို့ ဂိုဏ်းရဲ့ အကြီးအကဲအဖြစ် လက်ခံယုံကြည်စေချင်တာပဲ မလား…”
စဉ်းစားပြီးနောက်မှာ ဟန်လိသည် သဘောတူလိုက်သည်။ သူ့အပေါ် ပြဿနာ ကြီးကြီးမားမား မဖြစ်စေဟု ခံစားမိသည့်အပြင် သူ၏ ကောင်းကင်လျှပ်စီးဝါးအပေါ် လိုချင်နေသည့် စိတ်ဆန္ဒကြောင့် ဟန်လိက ထိုသို့ သဘောတူလိုက်တာပင်။
“ကောင်းပါပြီ။ အချိန်ကျလာလို့ ဒီသဘောတူညီမှုကို စီနီယာက မငြင်းဆန်သရွှေ့ ကျမနဲ့ ကျမရဲ့ စီနီယာအစ်မတွေက စီနီယာ့ကို ကောင်းကောင်း ပြုမူဆက်ဆံမှာပါ…”
အမျိုးသမီးငယ်၏ အမူအရာတွင် ပျော်ရွှင်သွားဟန်တို့ ဖြစ်ပေါ်သည်။
သူတို့နှစ်ယောက်သည် သဘောတူညီမှု ရပြီးသည့်အခါ နတ်သမီးခရမ်းဝိညာဉ်သည် အချိန်ဆက်၍ ဆွဲနေဖို့ စိတ်ကူးမရှိတော့ပေ။ သူမက ထူးခြားသောသေတ္တာတစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ထိုသေတ္တာက အတော်လေး ထူးခြားပြီး ကျောက်စိမ်းသတ္တုအမယ်နှင့် ပြုလုပ်ထားတာပင်။ ၎င်းသေတ္တာကိုယ်ထည်သည် ကြည်လင်၍ ထွင်းဖောက်မြင်ရပြီး မိုးပြာမြူလွှာတစ်ခု မသိမသာ ခြုံလွှမ်းထားသည်။
ဟန်လိ၏ စဉ်းစားမရဟန် အမူအရာကို မြင်သည့်အခါ နတ်သမီးခရမ်းဝိညာဉ်က ရှင်းပြလာသည်။
“ဒီသေတ္တာကို ကျောက်စိမ်းကော်လို့ သိကြတဲ့ ပစ္စည်းတမျိုးနဲ့ သန့်စင်ဖန်တီးထားတာပါ။ ဒါက အမည်မှာ ကျောက်စိမ်း ဆိုတာ ပါပေမယ့်လည်း ဒါကတော့ ကျောက်စိမ်း ဒါမှမဟုတ် တခြားဒြပ်စင်ငါးမျိုးနဲ့ ပြုလုပ်ထားတာတော့ မဟုတ်ပါဘူး။ ဒီပစ္စည်းတမျိုးတည်းနဲ့သာ ကောင်းကင်လျှပ်စီးဝါးရဲ့ စိတ်ဝိညာဉ်ချီ စိမ့်ထွက်မှာကို မစိုးရိမ်တော့ဘဲ ထိန်းသိမ်းထားနိုင်မှာပါ…”
ဟန်လိသည် ခေါင်းညိတ်၏။ သူက ကျောက်စိမ်းကော် ဟူသော အမည်ကို အရင်က မကြားဖူးခဲ့သော်လည်း ထိုပစ္စည်းသည် ရှားပါးအမယ်မှန်း အလွန်တန်ဖိုးရှိမှန်းတော့ သေချာသည်။
ထို့နောက်တွင် နတ်သမီးခရမ်းဝိညာဉ်သည် သူမ၏ နူးညံ့သောလက်ချောင်းလေးကို ဆန့်ထုတ်သည်။ ဖြတ်ခနဲ လင်းလက်မှုနှင့်အတူ ပဲစေ့အရွယ်ခန့် အစိမ်းရောင်အလင်းတစ်ခုသည် သူမ၏ လက်ထိပ်ပေါ်တွင် ပေါ်လာသည်။
ယင်းနောက် သူမက သေတ္တာကို ချက်ခြင်းလက်ငင်း ပေါ့ပေါ့ပါးပါး ထိကြည့်သည်။ အစိမ်းရောင်အလင်းက မိုးပြာမြူလွှာနှင့် ထိမိပြီးနောက် ခပ်တိုးတိုးအက်သံတစ်သံ ထွက်ပေါ်သည်။ မိုးပြာအလင်းမြူသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး သေတ္တာက ဖြည်းဖြည်းချင်း ပွင့်ဟသည်။
စိတ်အားတက်ကြွစွာဖြင့် ဟန်လိသည် သေတ္တာထံ အာရုံစိုက်၍ လှမ်းကြည့်သည်။