ဝါးကို ပြုစုပျိုးထောင်ခြင်း
Vol. 30 Ch. 411
“ဒါက ကောင်းကင်လျှပ်စီးဝါးလား…” အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေသည်။ ထိုသေတ္တာထဲတွင် တစ်လက်မလောက်ဗြက်ရှိသည့် ဝါးပိုင်းတစ်ခု ရှိနေသည်။ ၎င်းဝါးပိုင်း၏ အမြစ်များကတော့ သွေ့ခြောက်နေသည်။ မည်သို့ပင် ကြည့်ကြည့် ထိုဝါးက သာမန်ဝါးနှင့် အလွန်တူသည်။
ဟန်လိ၏ စိတ်ထဲတွင် သံသယ ဖြစ်နေမိ၏။ သူက နတ်သမီးခရမ်းဝိညာဉ်ထံ အမူအရာကင်းမဲ့စွာဖြင့် တချက် လှမ်းကြည့်သည်။
ထိုအမျိုးသမီးငယ်က ဟန်လိ သံသယဝင်နေတာကို မြင်သည်။ သူမက ပေါ့ပေါ့ပါးပါး ရယ်မော၏။ သူမက သူမ၏လက်ချောင်းနှစ်ခုကြားတွင် ထိုသွေ့ခြောက်နေသော ဝါးကို ဖိချလိုက်သည်။ တခြားလက်တစ်ဖက်ဖြင့် တဖိန့်ဖိန့်တောက်ပနေသော ဓားတိုတစ်လက်ကို ထုတ်ယူ၏။ ယင်းနောက် သူမက ထိုဓားဖြင့် ဝါးပိုင်းကို အားကုန် ထိုးစိုက်ချသည်။ ဓားသွားနှင့် ထိမိသည်နှင့် ဝါးသည် လျှပ်စစ်စက်ဝန်းပြတ်တစ်ခုကို ထုတ်လွှတ်လာပြီး ဓားကို ပြန်ကန်ထွက်သွားစေသည်။
ထိုသည်ကိုမြင်မှ ဟန်လိ၏ သံသယများသည် ရှင်းသွားတော့သည်။ သူက ထိုဝါးပိုင်းကို သေတ္တာထဲသို့ ပြန်ထည့်ပြီး သေချာ သိမ်းဆည်းလိုက်သည်။
တအောင့်အကြာတွင် နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိကို ပြင်းပြတေးသံဂိုဏ်း၏ အပိုင် အာဏာစက်တံဆိပ်ပြားတစ်ခုကို ပေးသည်။ သူတို့နှစ်ယောက်က ခဏ စကားစမြည် ထပ်ပြောကြပြီးနောက်မှာတော့ ဟန်လိသည် ထွက်ခွာလာခဲ့သည်။
ဟန်လိ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့က ထိုတည်းခိုးခန်းထံ ပြန်ရောက်လာကြသည်။ နတ်သမီးခရမ်းဝိညာဉ်က အကျိုးအကြောင်း ပြောပြတာကို ကြားရပြီးနောက်မှာ သူမတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အတော်အတန်ကြာ ကြည့်နေမိသည်။
“ဂျူနီယာညီမလေး….အစ်မတို့ ဒီကိစ္စကို နည်းနည်းတော့ ဆွေးနွေးတိုင်ပင်ထားတယ်။ အစ်မတို့က ကောင်းကင်လျှပ်စီးဝါးရဲ့ ဂုဏ်ဒြပ်ကို အသုံးပြုပြီး တခြားအမြုတေဖွဲ့စည်းခြင်းတစ်ယောက်ကို ရှာနိုင်လောက်ပါတယ်။ ဘာကြောင့်များ ဒီလူနဲ့ပဲ ညှိနှိုင်းခဲ့ရတာလဲ…”
အမျိုးသမီးဖန်က အထွန့်တက်သည်။ ကျိုးယုထင်က တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း သူမက မျက်မှောင်ကြုတ်လျက် စဉ်းစားမရ ဖြစ်နေသည့်ပုံပင်။
“စီနီယာအစ်မတို့က ကျမ သူ့ကို ကျမတို့ဂိုဏ်းရဲ့ အကြီးအကဲအဖြစ် လုပ်ပေးမလား မေးခဲ့တဲ့အချိန်တုန်းက သူ ဘယ်လောက်မျက်နှာပျက်သွားလဲကို မမြင်ခဲ့လို့။ ဒါ့အပြင် ကောင်းကင်လျှပ်စီးဝါးကလွဲလို့ တခြား ဘာကိုပဲ ပေးပေး သူက သဘောတူလိမ့်မှာ မဟုတ်ဘူး။ စီနီယာအစ်မရဲ့ ဖြားယောင်းတဲ့ပညာရပ်ကလည်း သူ့အပေါ် သက်ရောက်မှု မရှိဘူးလို့ ပြောခဲ့တယ်မလား။ တခြား အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေကို ဖိတ်ခေါ်ဖို့ ကောင်းကင်လျှပ်စီးဝါးကို အသုံးပြုမယ်ဆို စီနီယာအစ်မဟာ ဒီပစ္စည်းအပေါ် အများကြီး မျှော်လင့်ထားတာပဲ ဖြစ်လိမ့်မယ်။ ဒီလျှပ်စီးဝါးဟာ မဟာနတ်သစ်သားသုံးမျိုးထဲက တစ်ခုလို့ ကျော်ကြားပေမယ့်လည်း ဒီပစ္စည်းရဲ့ အသုံးဝင်မှုဟာ နည်းပါးလွန်းတယ်။ ထိပ်တန်းမှော်ရတနာတွေကို သန့်စင်ဖန်တီးတာကလွဲလို့ ဘယ်သူကမျှ ဒီဝါးကို တခြား အရာတွေမှာ အသုံးမပြုကြဘူးလေ။ ပြီးတော့ မှော်ရတနာသန့်စင်ခြင်း ပညာရပ်တွေကို နားလည်ထားတယ်သူတွေဆို ကျမတို့ရဲ့ ဒီဝါးရဲ့ ပမာဏဟာ လုံးဝ အသုံးတည့်နေမှာ မဟုတ်ဘူးဆိုတာကိုပါ သဘောပေါက်ကြလိမ့်မယ်။ ကောင်းကင်လျှပ်စီးဝါးမှာ အဆင့်အများကြီး ရှိတာကို အစ်မလည်း သိပါတယ်။ ကျမတို့ရဲ့ လျှပ်စီးဝါးဟာ နှစ်ပေါင်းတစ်ထောင်ပဲ သက်တမ်းရှိတာလေ။ ဒါကို မှော်ပစ္စည်းအဖြစ် သန့်စင်မယ်ဆိုရင်လည်း အံ့အားသင့်ဖို့ကောင်းလောက်အောင် အစွမ်းထက်လိမ့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီပစ္စည်းကို ချန်ထားတာထက် ပိုကောင်းတဲ့ နေရာမှာ အသုံးပြုတာက ပိုကောင်းတယ်မလား။ ဒါ့အပြင် သူက ဂိုဏ်းအကြီးအကဲအဖြစ် သဘောတူခဲ့တော့လည်း ကျမတို့က သူ့ကို လေးလေးစားစား ဆက်ဆံပေးရုံလောက်ပဲ။ နှစ်စဉ် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏတစ်ခု ပေးရုံပဲ။ ကျမတို့ဂိုဏ်းက မဟာရန်သူတော်တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့ အချိန်ရောက်လာခဲ့ရင်တော့ သူ ငြင်းလောက်မှာ မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျမတို့က သူ့အပေါ် ကောင်းခဲ့တယ်မလား…”
နတ်သမီးခရမ်းဝိညာဉ်သည် မထူးခြားနားဟန်ပန်ဖြင့် ထိုသို့ ရှည်ရှည်ဝေးဝေး ပြောပြလာသည်။
သူမက ခါးသီးစွာပြုံးလိုက်ပြီး ဆက်၍ ပြောသည်။
“ဒီ့အပြင် တခြားသူတွေဟာ ကောင်းကင်လျှပ်စီးဝါးအပေါ်မှာ စိတ်ဝင်စားမှု ရှိခဲ့ရင်တောင် ဘယ်သူကများ ကျမတို့ရဲ့ ခုလက်ရှိ အခြေအနေအောက်မှာ ကျမတို့ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်ချင်ပါ့မလဲ။ အစတုန်းကတော့ အမေဟာ သူ့ရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးပြုပြီး အကြီးအကဲကျောက်နဲ့ အကြီးအကဲမုန့်တို့ကို ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဆက်ဆံနိုင်ခဲ့တယ်။ ဂိုဏ်းကိုယ်စား သူတို့ကို ဆောင်ရွက်ခိုင်းနိုင်ခဲ့တယ်။ တကယ်တော့ အဆင့်မြင့်ကျင့်ကြံသူတွေကို ချည်နှောင်ထားနိုင်ဖို့ စွဲဆောင်နိုင်တဲ့ ပညာရပ်တွေနဲ့ မိန်းမလှတွေအပေါ်ကိုပဲ မှီခိုတာဟာ လွယ်လွယ်ကူကူပဲ သစ္စာဖောက်ခြင်းကို ဆိုက်ရောက်သွားစေနိုင်တယ်…”
ထို့နောက်တွင်တော့ အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့သည် တိတ်ဆိတ်သွားကြသည်။
မကြာသေးခင်က ကြီးကြီးမားမား သစ္စာဖောက်မှုများ တွေ့ကြုံခဲ့ရပြီးနောက်မှာတော့ သူတို့နှစ်ယောက်သည် သူတို့၏ စွဲဆောင်နိုင်သည့်ပညာရပ်များအပေါ် များစွာ ယုံကြည်မှု ဆက်ရှိမနေတော့ပေ။ သူတို့၏ ဂျူနီယာညီမလေး ပြောသည့်စကားများက အကျိုးအကြောင်းသင့်သည်ဟု သူမတို့က ခံစားမိသည်။
“ခုချိန်ကစပြီး ဂိုဏ်းရဲ့ ကိစ္စတွေကို ကျမတို့သုံးယောက်ကပဲ ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ ဂိုဏ်းသားတွေထဲက တစ်ယောက်ယောက်ဟာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်မလာသေးခင်ထိတော့ ကျမတို့ဂိုဏ်းမှာ ဂိုဏ်းခေါင်းဆောင်ရယ်လို့တော့ ရှိလာသေးမှာ မဟုတ်ဘူး။ ဒါက အလျင်လိုလို့ မရဘူး…”
အမျိုးသမီးငယ်သည် ပြတ်ပြတ်သားသား ပြောသည်။
သည်တစ်ကြိမ်တွင် ပြင်းပြတေးသံဂိုဏ်း၏ တမန်တော်နှစ်ယောက်မှာ သဘောတူကြသည်။
“ကျင့်ကြံမှုနက်ရှိုင်းတဲ့ စီနီယာဟန်ကို ကျမတို့ရဲ့ ဂိုဏ်းကိစ္စတွေနဲ့ ပတ်သတ်ပြီးလို့ကော အကူအညီတောင်းနိုင်ဖို့ မျှော်လင့်လို့ ရနိုင်လောက်လား…”
ကျိုးယုထင်က အေးတိအေးစက် မေးလိုက်သည်။
“မလိုပါဘူး။ ညီမက သူနဲ့ အများကြီး မပြောဆို မဆက်ဆံဘူးပေမယ့်လို့ သူ့စကားတွေအရ သူဟာ တကိုယ်တည်ပဲ ကျင့်ကြံချင်တဲ့သူ တစ်ယောက် ဖြစ်တယ်။ သူက ကျင့်ကြံခြင်းလောကရဲ့ ပြင်ပကိစ္စဝိစ္စတွေကို စိတ်မဝင်စားလောက်ဘူး။ မဟုတ်ရင် ကျမက အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို သူ့အတွက် ကိုယ်လုပ်တော်အဖြစ် ပေးပါ့မယ်လို့ ကမ်းလှမ်းခဲ့တဲ့အချိန် သူက စိတ်လှုပ်ရှားသွားလောက်ပြီ…”
နတ်သမီးခရမ်းဝိညာဉ်သည် ခေါင်းခါလိုက်၏။ သူမ၏ ဟန်ပန်တွင် လေးစားသည့် အရိပ်အယောင် လှစ်ဟပေါ်သည်။
“ဟူး…တို့လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေး တစ်ခုတလေများ ရှိမလား သိချင်မိပါတယ်…”
အမျိုးသမီးဖန်သည် ထိုသို့ ပြောလာ၏။ သူမက အမြုတေဖွဲ့စည်းခြင်းအဆင့်အပေါ် အများကြီး မမျှော်လင့်ထားသည့်အလား။ ကျိုးယုထင်က သည်စကားကို ကြားသည့်အခါ သူမ၏ မျက်နှာထက်တွင်လည်း မသိမသာ ဝမ်းနည်းသည့်ဟန် ဖြစ်ပေါ်သ်ည။ ကြည့်ရတာ သည်မိန်းမလှများသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ချင်စိတ် ကြီးမားနေပုံ ရသည်။
ထိုအချိန်တွင် ဟန်လိသည် သူ့လှိုဏ်ဂူကို ပြန်ရောက်လာခဲ့ပြီး ဖြစ်သည်။ သူက ခပ်လောလော မလှုပ်ရှားပေ။ ထိုအစား အရင်ဆုံး သူက ရှေးဟောင်းမှတ်တမ်းများကို လေ့လာကြည့်ရှုရန်သာ ရွေးချယ်သည်။
ခက်ခက်ခဲခဲ ရှာဖွေပြီးနောက်မှာ သူက ကျောက်စိမ်းပြားတစ်ခုထံမှ ထိုကောင်းကင်လျှပ်စီးဝါးအတွက် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရှာတွေ့သည်။ ထိုအပင်ကို သည်နည်းလမ်းအတိုင်း အတိအကျဖြင့် သူ့ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးသည်။
သူက အသစ်စိုက်ပျိုးထားသော ကောင်းကင်လျှပ်စီးဝါးပင်ပေါက်ကို ကြည့်နေရင်း အတော်လေး စိတ်လှုပ်ရှားနေသည်။
တကယ်တော့ သူက ကောင်းကင်လျှပ်စီးဝါး၌ မတူညီသော အရည်အသွေးများစွာ ရှိသည်ကို နားလည်ထားပြီး ဖြစ်သည်။ သို့ပေမည့် သူက ဤသည်ကို စိတ်ထဲမထားပေ။ အကြောင်းမှာ ကောင်းကင်လျှပ်စီးဝါး၏ အရည်အသွေးနှင့် စိတ်ဝိညာဉ်သဘာဝတို့သည် ၎င်း၏ သက်တမ်းပေါ်တွင်သာ မှီခိုနေသောကြောင့်ပင်။
ပုံမှန်အဖြူရောင်အလင်းလျှပ်စီးကို ထုတ်လွှတ်သော ကောင်းကင်လျှပ်စီးဝါးသည် အနည်းဆုံး သက်တမ်းငါးထောင် သို့မဟုတ် ထိုထက်နည်းသော သက်တမ်း ရှိပေသည်။ ထိုဝါးပင်က သက်တမ်းငါးထောင်ထက် ကျော်လျှင် ၎င်း၏လျှပ်စီးအရောင်သည် အပြာရောင် ဖြစ်လာပြီး များစွာလည်း ပိုအားကောင်းလာလိမ့်မည်။
သက်တမ်းတစ်သောင်းထိ ရောက်လာချိန်တွင်တော့ ၎င်း၏ လျှပ်စီးသည် ရွှေရောင်မှိန်ဖျော့ဖျော့ ဖြစ်လာပေမည်။ ထိုအဆင့်ကျလျှင် လျှပ်စီးသည် မကောင်းဆိုးဝါးမိစ္ဆာပညာရပ်များကို ထိန်းချုပ်နိုင်သည့် အံ့အားသင့်ဖွယ် သက်ရောက်မှုကို ပိုင်ဆိုင်လာပေမည်။ ၎င်းကို မိစ္ဆာဒုက္ခလျှပ်စီးဟု သိကြလေသည်။
ရွှေလျှပ်စီးဝါး ဟူသော အဆင့်သည် ကျင့်ကြံခြင်းလောက၌ မြင်ဖူးခဲ့သော သက်တမ်းအရင့်ဆုံး လျှပ်စီးဝါးဟု ပြောကြသည်။ ထိုအဆင့် ရွှေလျှပ်စီးဝါးကိုလည်း ကျင့်ကြံခြင်းလောက၌ တစ်ကြိမ်တစ်ခါသာ မြင်ဖူးခဲ့သည်။ မည်သူကမျှ ၎င်းဝါးမှာ မည်သည့်နေရာကနေ ထွက်ပေါ်မှန်း မသိကြပေ။ ၎င်းက ဝါးပိုင်းငယ်တစ်ခုအဖြစ် တည်ရှိသည်။ သို့ဖြစ်၍ ၎င်းဝါးပိုင်းငယ်အတွက် ပြန့်ကြဲကြယ်ပင်လယ်များတွင် နှစ်ပေါင်းထောင်ချီကြာ သွေးလွှမ်းခဲ့ရသည်။ အင်အားစုကြီးများစွာက ၎င်းအဆင့် ဝါးပိုင်းငယ်အတွက် ပွင့်ပွင့်လင်းလင်းက တဖုံ၊ ကွယ်ဝှက်၍ တမျိုး ယှဉ်ပြိုင်ကြသည်။ သည်လိုဖြင့် ထိုဝါးပိုင်းငယ်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏လက်ထဲသို့ လက်ဆင့်ကမ်း ကျရောက်ခဲ့ပေသည်။
သို့သော် အဆုံးသပ်တွင်မူ မည်သူကမျှ ၎င်းဝါးပိုင်းကို မှော်ရတနာတစ်ခု ဖြစ်သည့်အထိ မသန့်စင်နိုင်ခဲ့ကြပေ။ အကြောင်းမှာ ထိုဝါးသည် ရုတ်တရက် ကွယ်ပျောက်သွားသောကြောင့်ပင်။ သည့်အတွက်ကြောင့် ထိုအချိန်တုန်းက အင်အားစုကြီးများစွာကို အတော်လေး ဒေါသတကြီး ဖြစ်စေခဲ့သည်။ သူတို့သည် ထိုဝါးပိုင်းကို အချိန်အတော်ကြာသည့်အထိ ဆက်တိုက် ရှာဖွေခဲ့ကြပြီးမှ တဖြည်းဖြည်းချင်း လက်လျော့ခဲ့တာ ဖြစ်သည်။
သည့်အတွက်ကြောင့် သက်တမ်းတစ်ထောင်ရှိသော ရွှေလျှပ်စီးဝါးမှာ မည်မျှ အဖိုးတန်ကြောင်းကို ပြသနေသည်။
ဟန်လိသည် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကို နှစ်ပေါင်းတစ်သောင်းလောက်ထိ သက်တမ်းရှိအောင် ခုထိ မပျိုးထောင်ဖူးပေ။ ပုံမှန်အားဖြင့် ဆေးလုံးများအတွက် လိုအပ်သော အမျိုးအမည်များသည် အများဆုံးမှ နှစ်ပေါင်းနှစ်ထောင်လောက်သာ။ ကောင်းကင်လျှပ်စီးဝါးကို ရွှေလျှပ်စီးဝါးအဖြစ်ထိ ပျိုးထောင်ချင်သော အာသိသသည် ဟန်လိ၏ စိတ်ထဲ၌ မြင့်တက်နေသည်။ သို့ဖြစ်၍ သူသည် နည်းနည်းတော့ စိတ်မတည်ငြိမ်နိုင် ဖြစ်ခဲ့သည်။
လာမည့်နေ့များတွင် ဟန်လိသည် အစိမ်းရောင်အရည်ကို အသုံးပြု၍ ထိုဝါးကို သက်တမ်းရင့်မှည့်စေသည်။ ကောင်းကင်ကြယ်ဈေးမြို့သို့လည်း မကြာမကြာ သွားကြသည်။ သူ ဖန်တီးမည့် ဝါးတိမ်အုပ်ဓားများ မှော်ရတနာအတွက် သည်ဝါးကို ပင်မအမယ်အဖြစ် အသုံးပြုရမည့်အပြင် တခြားရှားပါးသော အထောက်အပံ့သတ္တုအမယ်များလည်း လိုအပ်ပေသည်။ ထို့နောက်တွင်မှ သူ့အမြုတေမီးတောက်ဖြင့် မှော်ရတနာကို သန့်စင်မွန်းမံ ရမည် ဖြစ်သည်။
ထို့အပြင် သည်ဓားများမှာ အစုံလိုက်မှော်ရတနာများ ဖြစ်၍ ပုံစံတူသတ္တုအမယ် မြောက်များစွာ လိုအပ်ပေသည်။ ဟန်လိသည် ၎င်းတို့ထဲမှ တချို့ကို စုဆောင်းထားပြီး ဖြစ်သော်လည်း လုံလောက်စွာ ရှိမနေပေ။ သူက ဆက်လက်၍ ရှာဖွေနေရသည်။
ပြန့်ကြဲကြယ်ပင်လယ်များ၌ သတ္တုအမယ်ပစ္စည်းများသည် ကောင်းကင်တောင်ပိုင်းဒေသထက် ပို၍ ပေါများပေသည်။ နှစ်နှစ်လောက် ကျားကုတ်ကျားခဲ့ ဝယ်ယူပြီးနောက်မှာ ဟန်လိသည် သူ လိုအပ်သော ပစ္စည်းများကို အစုံနီးပါး ရနိုင်ခဲ့သည်။ သို့သော် သူမှာ ကျန်နေသေးသော ရှားပါးသားရဲအမြုတေများကိုတော့ ရောင်းချခဲ့ရပေသည်။ ထို့ကြောင့် လူအများအာရုံစိုက်နိုင်ချေကိုတော့ သူ့အဖို့ မရှောင်လွှဲနိုင်ခဲ့ပေ။ ခုချိန်တွင် ဟန်လိသည် သူ၏ ပြောင်သလင်းခါလုနီးပါး ဖြစ်နေသော သိုလှောင်အိတ်ကိုသာ ကြည့်နေနိုင်တော့သည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်၍ သက်ပြင်းရှည်ကြီး ချမိသည်။
မှော်ရတနာများ၊ အထူးသဖြင့် ထူးကဲလှသော မှော်ရတနာများကို သန့်စင်ဖန်တီးခြင်းသည် သာမန်လေလွင့်ကျင့်ကြံသူတစ်ယောက် တတ်နိုင်သော အရာတစ်ခု မဟုတ်လေပါ။
သည်နေ့တွင် ဟန်လိသည် သူ့ဆေးဥယျာဉ်ထဲသို့ မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းဝင်လာသည်။ အရင် ရက်ပိုင်းတုန်းက သူက သူ၏ ကောင်းကင်လျှပ်စီးဝါးကို သက်တမ်းတစ်သောင်းထိ ရှိလာအောင် အစိမ်းရောင်အရည်စက်ဖြင့် လုပ်ဆောင်နိုင်ခဲ့ပေပြီ။ ဟန်လိသည် ကောလဟာလများ၌ ပြောကြသော ရွှေလျှပ်စီးဝါး၏ ကြီးမားသောအစွမ်းသတ္တိအကြောင်း တွေးမိကာ စိတ်မလှုပ်ရှားဘဲ မနေနိုင် ဖြစ်ရသည်။
ထိုဝါးကို ပထမဆုံး စတင် စိုက်ပျိုးခဲ့ချိန်တုန်းက နှစ်လက်မလောက်သာ အရှည် ရှိခဲ့ပေသည်။ သို့သော် ခုချိန်တွင်မူ ၎င်းက သိသိသာသာ ပြောင်းလဲသွားခဲ့ပေပြီ။ ဝါး၏ကိုယ်ထည်မှာ အစိမ်းရောင်တောက်တောက်နှင့် သက်တံအလင်း ခပ်ဖျော့ဖျော့ ဝန်းရံနေပြီး တစ်ပေလောက်ထိ အရှည်ရှိလာခဲ့ချေပြီ။
ထိုဝါးပင်ကို သေချာစစ်ဆေးကြည့်ပြီးနောက်မှာတော့ ဟန်လိက ဓားတိုတစ်လက်ကို ထုတ်ကာ ၎င်းဝါးထံ ပစ်သွင်းလိုက်သည်။
ဝါးပင်မှ ရွှေရောင်လျှပ်စီးစက်ဝန်းပြက်တစ်ခုကို ထုတ်လွှတ်သည်။ ဖောက်ခနဲ မြည်သံနှင့်အတူ ဓားတိုသည် ၎င်းရွှေရောင်လျှပ်စီးစက်ဝန်းပြက်ကြောင့် ကန်ထွက်သွားကာ မိုးပြာအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲ၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ချက်ခြင်း ပြုံးမိသည်။ သူက အလွန်တရာ ကျေနပ်ပျော်ရွှင်သွားသည်။
ခုချိန်၌ သူသည် နတ်သမီးခရမ်းဝိညာဉ်ကသာ သူမ ပေးခဲ့သော အဖြူရောင်လျှပ်စီးဝါးက ရွှေရောင်လျှပ်စီးဝါးအဖြစ်သို့ ပြောင်းလဲသွားမှန်း သိသွားခဲ့လျှင် မည်သို့ ဖြစ်လေမည်နည်းဟု သိချင်မိနေသည်။
ဤသည်မှာ သူ့အဖို့ ကျင့်ကြံခြင်းလောက၌ ရောက်လာပြီးသည့် အချိန်မှစ၍ အကျိုးအမြတ်အရဆုံး အလဲအလှယ်တစ်ခုပင် ဖြစ်နိုင်လောက်သည်။