← Chapters

အစိမ်းရောင်ဝါးအဆောင်ငယ်

Vol. 30 Ch. 412

အစိမ်းရောင်ဝါးအဆောင်ငယ်

Vol. 30 Ch. 412

ဟန်လိသည် ပျော်ရွှင်နေရင်းကနေ သိချင်စိတ်စူးစမ်းချင်စိတ်ပါ ဖြစ်ပေါ်လာသည်။ သူသာ ရွှေလျှပ်စီးဝါးကို ဆက်ပြီး ပျိုးထောင်ခဲ့လျှင် ၎င်းက မည်သို့အသွင်ပြောင်းလေဦးမည်နည်း။

ထိုအတွေးဖြင့် ဟန်လိသည် ၎င်းဝါးပေါ်သို့ နောက်ထပ် သုံးလေးငါးလလောက် အစိမ်းရောင်အရည်စက်ကို ဆက်ချပေးသည်။ သို့သော် ၎င်းဝါး၏ အစွမ်းသတ္တိကော၊ ပုံပန်းအသွင်ကောက ပြောင်းလဲလာတာ မရှိတော့ပေ။ ၎င်း၏ အမြင့်သည်ပင် နည်းနည်းလေးမျှ ပိုကြီးထွားမလာခဲ့ပေ။ သို့ပေမည့် ထိုအချိန်အတောအတွင်း ဝါးပင်ပေါက်တစ်ပင်သည် မူလဝါး၏ ဘေးနားတွင် အညှောင့်စပေါက်လာသည်။

အစိမ်းရောင်အရည်စက်ကို ၎င်းပေါ်သို့ ပို၍ ထပ်ချလေလေ ထိုဝါးပင်ပေါက်က ပို၍ ကြီးထွားလာလေပင်။ လအတော်အတန်ကြာပြီးနောက်မှာ ကောင်းကင်လျှပ်စီးဝါးပင်ပိုင်းသည် ကြီးထွားလာခဲ့ကာ မူလဝါးပင် အရွယ်အစားလောက်ထိ ရှိလာခဲ့သည်။

ထိုတိုးတက်မှုက ဟန်လိကို အပျော်လွန်သွားစေသည်။ အမှန်တိုင်းဆိုရပါမူ ကောင်းကင်လျှပ်စီးမူလဝါးပင် တစ်ပင်တည်းနှင့်ဆို ဝါးတိမ်အုပ်ဓားသွားဆယ့်နှစ်ခု ပါဝင်သော မှော်ရတနာတစ်စုံကို သန့်စင်ဖန်တီးနိုင်ဖို့ လုံလောက်ရုံမျှသာ။ သို့သော် အခုချိန်တွင်မူ အစိမ်းရောင်အရည်က ဝါးပင်ပေါက်ငယ်များကို ဆက်၍ ထုတ်ပေးနိုင်သည်ကို သိပြီးသည့်အခါ သူ၏ ရှားပါးပစ္စည်းအမယ် ပြက်လပ်မှုသည် လုံးဝ ပြည့်စုံသွားတော့သည်။

သို့ပေမည့် ဤသည်က ဟန်လိ၏ ရည်မှန်းချက်များကိုလည်း ပိုကြီးမားလာစေသည်။ မှော်ရတနာဖန်တီးဖို့ အဓိကအမယ်ဖြစ်သော ဝါးနှင့် ပတ်သတ်ပြီး ပူပန်စရာ မလိုတော့သည့်အခါ ဟန်လိသည် ဓားဆယ့်နှစ်လက်အစုံသာ ပါသော မှော်ရတနာအဖြစ် အကန့်အသတ် မထားတော့ပေ။ အခု သူသည် ဝါးတိမ်အုပ်ဓားအရေအတွက် ခုနစ်ဆယ့်နှစ်လက် ပါဝင်သည့် မှော်ရတနာကို သန့်စင်ချင်စိတ် ဖြစ်မိနေသည်။

အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်သည် ထိုမျှများပြားလှသော ဓားများကို သန့်စင်ဖို့၊ ထိန်းချုပ်ဖို့အတွက် မှော်စွမ်းအား မလုံလောက်သော်လည်း ဟန်လိကတော့ အလျင်မလိုပါ။ သူသည် သူ့ကျင့်ကြံမှုအတိုင်း ၎င်းဓားများကို ဖြည်းဖြည်းချင်း သန့်စင်နေမည်သာ။

မည်သို့ပင်ဖြစ်စေ ဓားများက တူညီသောအစုံတွင် ဖြစ်နေ၍ သူက ၎င်းတို့ကို သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်ခုတည်းသော မှော်ရတနာအဖြစ် ထားရှိနိုင်မည်သာ။ ၎င်းတစ်ခုချင်းစီကို ခွဲ၍ အသုံးပြုခြင်းမှာ သူ့အဖို့ ပြဿနာ မဟုတ်လေပေ။

ထိုအတွေးဖြင့် ဟန်လိ၏ စိတ်ထဲတွင် လိုအင်ဆန္ဒတို့ဖြင့် တောက်လောင်နေလေပြီ။ သူက ထိုသို့ ဓားမြောက်များစွာကို သူ လုပ်နိုင်၊ မလုပ်နိုင်အပေါ် စတင်၍ ချိန်စစဉ်းစားကြည့်သည်။

မှော်ရတနာတစ်စုံကို သန့်စင်သည့်အချိန်၌ အကြီးမားဆုံး ပြဿနာမှာ ရတနာတစ်ခုချင်းစီ၏ အဓိကသတ္တုအမယ် ကွဲပြားမှုများနှင့် သန့်စင်ဖန်တီးချိန်အတွင်း အောင်မြင်နိုင်ဖို့ အခက်အခဲပင်။ သို့ပေမည့် ကောင်းကင်လျှပ်စီးဝါးပမာဏကို အကန့်အသတ်မဲ့စွာ ထုတ်လုပ်နိုင်သည် ဖြစ်၍ ထိုပြဿနာများမှာ ပြဿနာ မဟုတ်တော့ပေ။

နောက်ရက်များတွင်တော့ ဟန်လိသည် သူ၏ သန့်စင်ခြင်းနှင့် ပတ်သတ်၍ လိုအပ်သော တခြားသတ္တုပစ္စည်းအမယ်များစွာကို ကြိုပြင်ဆင်သည်။ သူက ၎င်းပစ္စည်းတို့ကို ကြိုပြင်ဆင်ထားတာ ကြာနှင့်ခဲ့လေပြီ။ ကံကောင်းသည်မှာ ဓားခုနစ်ဆယ့်နှစ်လက် မှော်ရတနာအစုံကို သန့်စင်ရာတွင်လည်း ပင်မပစ္စည်းဖြစ်သော ဝါးကလွဲ၍ ကျန်သည့် အဖြည့်ပစ္စည်းအမယ်များသည် ဓားဆယ့်နှစ်လက်ကို သန့်စင်ရာတွင်နှင့် အတူတူ ဖြစ်နေခြင်းပင်။ သို့ဖြစ်၍ ဟန်လိသည် နောက်ထပ် အဖြည့်သတ္တုအမယ်များကို ထပ်ရှာဖို့ မလိုတော့ပေ။

အခု သူ့အတွက် တစ်ခုတည်းသော စိတ်ပူပန်ရမှုမှာ မှော်ရတနာများစွာကို သန့်စင်ဖို့အတွက် စွမ်းရည်ကင်းမဲ့နေခြင်းသာ။

သူ့၌ ထိုကဲ့သို့ သတ္တုအမယ်များကို သန့်စင်ခြင်းနှင့် ပတ်သတ်သည့် နယ်ပယ်တွင် ဘာအတွေ့အကြုံမှ မရှိခဲ့ပေ။ သူက သာမန်မှော်ရတနာတစ်ခုကို သန့်စင်ခဲ့လျှင်တော့ ဤသို့ အတွေ့အကြုံ မရှိခြင်းက ပြဿနာကြီး မဟုတ်ပေ။ သို့သော် ဝါးတိမ်အုပ်ဓားများထဲမှ ဓားတစ်လက်ကို သန့်စင်ခြင်းသည်ပင် တခြားသော သာမန်မှော်ရတနာတစ်ခုကို သန့်စင်ခြင်းထက် အများကြီး ပိုရှုပ်ထွေးပါသည်။

ထို့အပြင် ဓားတိုင်းကလည်း ပြီးပြည့်စုံနေမည် မဟုတ်။ ၎င်းဓားတို့ကို အထူးမန္တာန်အစီအရင်တစ်ခုဖြင့် ပျိုးထောင်ရဦးသာ။ သို့မှသာ အစုံလိုက် မှော်ရတနာတစ်ခု ဖြစ်လာနိုင်မည်။ ထိုအခါ မန္တာန်အစီအရင်များနှင့်ပတ်သတ်ပြီး အကျွမ်းတဝင်ရှိဖို့ လိုအပ်နေသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော မှော်ရတနာကို ပြီးပြည်စုံအောင် သန့်စင်ဖို့မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ဟန်လိသည် ခိုင်မာသောစိတ်ဓာတ် ရှိသူ တစ်ယောက် ဖြစ်၏။ သူက ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုနှင့် တည့်တည့်ကြုံရလျှင်ပင် အကောင်းဆုံးကိုသာ လက်ခံမည်။ သို့မဟုတ် ဘာကိုမျှ လက်မခံပေ။

နောက်နေ့ တနေ့လုံး ဟန်လိသည် နောက်နှစ်နှစ်ဆယ်အတွက် သူ၏ ကျင့်ကြံခြင်းအစီအစဉ်များကို တချိန်လုံး စဉ်းစားကြံဆနေခဲ့သည်။

နောက်ထပ် ရက်အတော်အတန်အကြာ၌ ကောင်းကင်ကြယ်ဈေးမြို့တွင် မထင်မရှား ဆိုင်ခန်းငယ်တစ်ခုတွင် ဆိုင်ရှင်အသစ်တစ်ယောက် ရောက်လာသည်။ သူက အသက်သုံးဆယ်ဝန်းကျင်လောက်သာ ရှိလေဦးမည့် သာမန်လူငယ်တစ်ယောက်ပင်။ သူနှင့်အတူ မျက်နှာကြီးကြီးနှင့် ဝဖိုင့်ဖိုင့်တစ်ယောက်ပါ ထိုဆိုင်တွင် ရှိသည်။

ထိုလူငယ်သည် သည်ဆိုင်ခန်း၏ မူလအမည် ဖြစ်သော လီပစ္စည်းဆိုင် ကို ဝါးစိမ်းငယ်ဆိုင် ဟု အမည်ပြောင်းလဲသည်။ သည်ဆိုင်တွင် အစပိုင်း၌ အဆောင်များနှင့် ဈေးအမယ်ပစ္စည်းများကိုသာ ရောင်းချသည်။ သို့သော် လဝက်လောက် ကြာပြီးနောက်မှာတော့ အဆင့်နိမ့်မှော်ပစ္စည်းများကို စတင် ရောင်းချလာသည်။

သို့ပေမည့် သည်ဆိုင်ပိုင်ရှင် လူငယ်သည် ဆိုင်ထဲကနေ ထွက်လေ့ထွက်ထ မရှိသည့်အတွက်ကြောင့် အနီးအနားဝန်းကျင်မှ ဆိုင်ပိုင်ရှင်များသည် ပြောစရာ စကားမဲ့နေတော့သည်။ ထိုလူငယ်က တနေကုန် ဆိုင်ထဲတွင် ရှေးဟောင်းစာအုပ်တစ်အုပ်အုပ် ဖတ်နေရင်းနှင့်သာ အချိန်ကုန်နေသည်။ သူက သူ့ကိုယ်သူ ထိုသို့ စာဖတ်ခြင်းတွင်သာ နှစ်မြုပ်ထားသည့်အလား။ သို့သော် တခါတရံတွင်တော့ သူသည် ဆိုင်အနောက်ဘက် နေအိမ်သို့ ဝင်သွားတတ်ပြီး အချိန်အတော်ကြသည့်အထိ ထိုနေရာမှာ နေထိုင်တတ်သည်။

ဆိုင်သို့ လာဝယ်ကြသူများနှင့် လုပ်ငန်းလည်ပတ်ဖို့အတွက်ကိုတော့ လူကောင်ကြီးကြီးနှင့်လူတစ်ယောက်က ကိုင်တွယ်ပေးသည်။

အနီးအနားရှိ ဆိုင်ရှင်များသည် ကောင်းကင်ကြယ်မြို့၏ ဒေသခံ သေမျိုးများသာ ဖြစ်ကြသည်။ သည်ဝန်းကျင်တွင် အဘိုးအိုဟယ်ဟူသည့် ဆိုင်ရှင်တစ်ယောက် ရှိသည်။ သူက ညံ့ဖျင်းသော စိတ်ဝိညာဉ်ရင်းမြစ်နှင့် မွေးဖွားခဲ့ကာ ချီစုဆောင်းခြင်းအဆင့်လေးသို့ ရောက်ခဲ့သည်။ သို့သော် သူ၏ နိမ့်ကျလှသော ကျင့်ကြံမှုအဆင့်ဖြင့်ပင် သေမျိုးများစွာ၏ လေးစားမှုကို ခံရပြီး သူ့ကို အင်မောတယ်အရှင်ဟယ်ဟု ခေါ်ဝေါ်ဆက်ဆံကြသည်။

သူတို့က သည်လူငယ်မှာ မှော်စွမ်းအား ကင်းမဲ့နေမှုကြောင့် သေမျိုးတစ်ယောက်သာ ဖြစ်မှန်း သိထားကြပြီးပင်။ အကြောင်းကတော့ သူတို့ထဲက တချို့တလေက အရှင်ဟယ်ကို အရင်တည်းက မေးမြန်းကြည့်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။

တကယ်တော့ သည်နေရာမှာ လူသူကင်းပြီး စီးပွားရေး လုပ်၍ မကောင်းပေ။ သည်ဝန်းကျင်မှာ ဖွင့်ထားကြသော ဆိုင်ရှင်များက ဆိုင်များကို ပစ်ထားကာ အပျင်းဖြေရန် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောနေကြတာသာ များသည်။

မျက်နှာစိမ်းလူငယ်တစ်ယောက်က အသစ်ရောက်လာသည့်အခါ လူတိုင်းက သည်အကြောင်းကိုသာ ပိုပြောနေကြတာ သဘာဝပင်။ သို့သော် ထိုလူငယ်ကတော့ နားထောင်နေတာကသာ များသည်။ သူက တခြားသူများနှင့် စကားလက်ဆုံမကျတတ်၊ စကားသိပ်မပြောတတ်သူ ဖြစ်သည့်ပုံပင်။

ထို့အပြင် ၎င်းလူငယ်က သူ့ဇစ်မြစ်ကို လုံးဝ မထုတ်ဖော်ပေ။ ထိုအကြောင်းကို တခြားသူများက မေးလာတိုင်းလည်း သူက ပြုံး၍သာ ဖြေသည်။ သို့ဖြစ်၍ ကြာလာတော့ တခြားသူများကလည်း လူငယ်၏ ဇစ်မြစ်အကြောင်းကို မမေးကြတော့ပေ။

အချိန်ကြာလာတော့ တခြားသူများသည် ထိုအသစ်ရောက်လာသော လူငယ်အကြောင်း တဖြည်းဖြည်း စိတ်မဝင်စားလာတော့ဘဲ ဝါးစိမ်းငယ်ဆိုင်သို့ လာရောက် မလည်ပတ်ကြတော့ပေ။

ဤသည်က ထိုလူငယ်ကို စိတ်သက်သာရာ ရသွားစေပေသည်။

တကယ်တော့ သည်ဝါးစိမ်းငယ်ဆိုင်၏ ပိုင်ရှင်များမှာ ဟန်လိနှင့် ဝိညာဉ်သေတို့ပင်။ ဟန်လိသည် ကျန်းဟူ(သေမျိုးသိုင်းလောက)ရှိ ရုပ်ဖျက်ပညာရပ်များကိုသာ အသုံးပြုထားသော်လည်း ဤသည်မှာ သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ လုံလောက်တာထက် ပိုနေလေပြီ။

ဟန်လိက သည်ဆိုင်ကို ဖွင့်ခဲ့ခြင်းမှာ စိတ်ဝိညာဉ်ကျောက်တုံးများ ရဖို့အတွက် မဟုတ်ပေ။ သို့သော် သူ့စိတ်နှလုံးကို သေမျိုးလောက၌ ပို၍ နစ်မြှုပ်ထားချင်သောကြောင့်ပင်။ သူသည် တာအိုမှော်ပစ္စည်းသန့်စင်ခြင်းနှင့် အစီအရင်မန္တာန်များကို လေ့လာဖို့အတွက် သည်နေရာကို ရွေးချယ်ထားခဲ့တာ ဖြစ်သည်။

သူသည် ထိုပညာရပ်နယ်ပယ်နှစ်ခုနှင့် ပတ်သတ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိခဲ့တုန်းက မလေ့လာဖြစ်ခဲ့ပေ။ သို့သော် အခု သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်မှာ သူ၏ ရည်ရွယ်ချက်သည် ထိုပညာရပ်နယ်ပယ်နှစ်ခုနှင့် ပတ်သတ်ပြီး အတွေ့အကြုံရဖို့၊ ဗဟုသုတများ သိမြင်လာဖို့ပင်။ သို့မှသာ သူ့အဖို့ သူ၏ မှော်ရတနာကို သန့်စင်နိုင်လိမ့်မည် မဟုတ်လား။

အမှန်တိုင်းပြောရလျှင် ဟန်လိသည် မှော်ပစ္စည်းသန့်စင်ခြင်းနှင့် မန္တာန်အစီအရင်များအပေါ် အတော်လေး စိတ်ဝင်တစား ရှိခဲ့တာ ဖြစ်သည်။ သူသည် နှစ်ပေါင်းနှစ်ဆယ်လောက် အချိန်ပေးကာ သည်ပညာရပ်နယ်ပယ်နှစ်ခုကို အဆက်မပြတ် လေ့လာဖို့ စီစဉ်ထားသည်။ သူက ထိုပညာရပ်နယ်ပယ်များတွင် အထူးချွန်ကြီး ဖြစ်ဖို့တော့ မမျှော်လင့်ထားပေ။ အသင့်အတတ် တတ်မြောက်ခဲ့လျှင်ပင် သူ ကျေနပ်ပြီ ဖြစ်သည်။

အနည်းဆုံးတော့ သူသည် ရိုးရှင်းသော အစီအရင်အလံများနှင့် သတ္တုပြားများကို သန့်စင်နိုင်စွမ်း ရှိလာပေလိမ့်မည်။ သို့သော် ထိုပညာရပ်နယ်ပယ်သည် စာတွေ့အတိုင်း လေ့လာရုံ သပ်သပ်ဖြင့် မရပေ။ လက်တွေ့လေ့ကျင့်နေဖို့လည်း လိုအပ်၏။

သို့ဖြစ်၍ သူ့မှာ အဆင့်နိမ့်ပြီး သိပ်အသုံးမဝင်လှသော မှော်ပစ္စည်းများ အပုံလိုက် စုမိဆောင်းမိ ဖြစ်လာတော့သည်။ ယင်းမှော်ပစ္စည်းများကို သည်အတိုင်း လွှတ်ပစ်ခြင်းသည် ဖြုန်းတီးရာ ကျပေလိမ့်မည်။ သို့သော် သိမ်းထားရအောင်ကလည်း အသုံးမဝင်လုနီးနီး ဖြစ်နေချေ၏။ ထို့အပြင် သန့်စင်ဖန်တီးနေရင်း ရုတ်တရက် စိတ်အားတက်ကြွလာချိန်များတွင် ဟန်လိသည် ထူးခြားသော သတ္တုအမယ်မျိုးစုံကို မကြာမကြာ လိုအပ်တတ်သည်။ သို့ရာတွင် ထိုပစ္စည်းအမယ်များကို နေ့စဉ်နေ့တိုင်း ဈေးမြို့သို့ သွားဝယ်ဖို့ကတော့ အခေါက်ခေါက်အခါခါ ဖြစ်ကာ ဗျာများလွန်းရမည်။

ထိုသို့ တွေ့ရကြံရစဉ် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ အဆင့်လေးမှာလည်း သေမျိုးတစ်ယောက်၏ နှလုံးသားစိတ်သဘောထားဟူသည့် အချက်ကို လိုအပ်လာသည်။ မဟုတ်ပါက သူသည် သည်ပညာရပ်၏ အဆင့်လေးကို ကျင့်ကြံနေရင်း သူ၏ အတွင်းစိတ်နတ်ဆိုးကနေ တန်ပြန်ဒဏ်ကို ခံစားရပေလိမ့်မည်။ နည်းနည်းပါးပါး စဉ်းစားပြီးနောက်တော့ ဟန်လိသည် အခုသည်ဆိုင်ကို ဝယ်ယူပြီး ပြဿနာများကို တခါတည်း ဖြေရှင်းမည်ဟု ဆုံးဖြတ်ချက် ချခဲ့တာပင်။

သူ ရွေးချယ်ထားသော နေရာမှာ ဆူသံညံသံ သိပ်မရှိပေ။ မှော်ပစ္စည်းသန့်စင်ခြင်းနှင့် အစီအရင်မန္တာန်များကို လေ့လာနေသည့်အပေါ် အနှောက်အယှက် မရှိချေ။ ထို့အပြင် သေမျိုးများနှင့် နီးနီးကပ်ကပ် နေသည့်အခါ သူက သူတို့ မည်သို့ ရှင်သန်နေထိုင်ကြသလဲကို ကိုယ်တိုင်ကိုယ်ကျ မြင်ရသည်။ ထို့အပြင် သူက မှော်ပစ္စည်းများ သန့်စင်ဖို့နှင့် အစီအရင်မန္တာန်များအတွက် လိုအပ်သည့် သတ္တုအမယ်များကိုလည်း ချိန်သားကိုက် ဝယ်ယူနိုင်သေးသည်။ အလားတူပင် သူ ကိုယ်တိုင် သန့်စင်ဖန်တီးထားသော ပစ္စည်းသေးသေးမွှားမွှား များကိုလည်း ရောင်းချနိုင်သည်။

အဆင့်နိမ့်ကျင့်ကြံသူ တချို့တလေက သူ ကိုယ်တိုင်ကိုယ်ကျ သန့်စင်ထားသော မှော်ပစ္စည်းတချို့တလေကို လာဝယ်ကြတာ မြင်သည့်အခါ ဟန်လိမှာ အတော်လေး စိတ်အား တက်ကြွရသည်။

ကောင်းကင်လျှပ်စီးဝါးကို ပျိုးထောင်ဖို့နှင့် သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် သွေးကျောက်စိမ်းပင့်ကူများကို ဂရုစိုက်ပေးဖို့ ရက်အနည်းငယ် ကြာတိုင်း သူ့လှိုဏ်ဂူသို့ ပြန်ပြန်သွားရသည်။

သို့ပေမည့် များမကြာမီတွင် ဟန်လိသည် သူ့ဆေးဥယျာဉ်တွင် အံ့အားသင့်ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တိုင် တွေ့ရလေတော့သည်။ သူ၏ မူလဝါးပင်မှ ခွဲထွက်သော ဝါးပင်ပေါက်တစ်ခုသည် သက်တမ်းခြောက်ရာသို့ ရောက်လာသည့်အခါ အကြောင်းရင်းမရှိဘဲ ပင်မဂိုဏ်းကနေ ကွဲထွက်သွားခြင်းပင်။ ၎င်းကွဲထွက်သွားသော အပင်၏ သစ်ရွက်တချို့မှာလည်း ကြွေကျကာ မြေပြင်နှင့် ထိမိသည်နှင့် သန့်စင်တောက်ပြောင်သော ရွှေရောင်သစ်ရွက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသစ်ရွက်များကို မည်သို့မည်ပုံ အသုံးပြုရမည်မှန်း မသိသော်လည်း ဟန်လိသည် ၎င်းတို့ကို လွှတ်မပစ်ချင်ပေ။ သူက ယင်းသစ်ရွက်များကို သူ့သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။ အစိမ်းရောင်ဝါးပင်ရိုးတံကိုတော့ ကျောက်စိမ်းကော်သေတ္တာထဲသို့ ဂရုတစိုက်ထည့်၍ သိမ်းဆည်းထားလိုက်သည်။

ဝါးအပိုင်းအစ ခြောက်ခုလောက် စုဆောင်းပြီးနောက်မှာတော့ ဟန်လိအဖို့ ဝါးတိမ်အုပ်ဓားများကို သန့်စင်ဖို့အတွက် လုံလောက်နေပေပြီ။

ဤသို့ဖြင့် ဟန်လိသည် သူ့မှော်စွမ်းအားကို ထိန်းချုပ်ကာ သေမျိုးဘဝကို စတင်တော့သည်။ သူက ဈေးမြို့၏ လူသူရှင်းသော ထောင့်နေရာလေးတစ်ခုမှာ သေမျိုးလောကရှိ သေမျိုးများကြား၌ သူ့ကိုယ်သူ နှစ်မြုပ်ထားလေတော့သည်။

ကျောက်စိမ်းပြားများကို စက္ကူစာအုပ်များအဖြစ်သို့ ကူးရေးသည့်အချိန်ကလွဲ၍ ဟန်လိသည် သူ့ဘေးပတ်ဝန်းကျင်ရှိ သေမျိုးတို့၏ ဟန်ပန်အမျိုးမျိုး၊ စိတ်ခံစားချက် အဖုံဖုံတို့ကို တိတ်တဆိတ် လေ့လာကြည့်နေသည်။ သူက တဖြည်းဖြည်းဖြင့် သေမျိုးများကို နားလည်သဘောပေါက်လာပြီး တချို့သော မှတ်ဉာဏ်များကို ပြန်ပြောင်းစဉ်းစားမိသည်။

All Chapters