← Chapters

သန့်စင်မွန်းမံခြင်း

Vol. 30 Ch. 413

သန့်စင်မွန်းမံခြင်း

Vol. 30 Ch. 413

သေမျိုးများ၏ ဘဝမှာ ကျင့်ကြံသူများ၏ ဘဝနေထိုင်မှုပုံစံနှင့် သိသိသာသာကို မတူကွဲပြားလှသည်။ သေမျိုးများသည် ပျော်ရွှင်မှုနှင့် တောက်ပကြသည်။ ဝမ်းနည်းမှုနှင့် ကြေကွဲကြသည်။ သေဆုံးကြသည်။ အသစ်မွေးဖွားလာကြသည်။ သည်တိုတောင်းသော နှစ်အနည်းငယ်အတွင်းမှာ ဟန်လိသည် သူမေ့ပစ်ထားတာ ကြာပြီဖြစ်သော အကောင်း၊အဆိုး ခံစားချက်များကို ပြန်ပြောင်းစဉ်းစားမိခဲ့သည်။ ထိုသို့ ပြန်ပြောင်းစဉ်းစားမိခြင်းကြောင့် ဟန်လိသည် ကျင့်ကြံသူတစ်ယောက်၏ အမြင်ရှုထောင့်ကနေ ၎င်းစိတ်ခံစားချက်များကို ခုချိန်၌ သဘောပေါက်ခဲ့ပြီး သူ့အား ကိုယ့်ကိုယ်ကိုယ် ပြန်လည်စမ်းစစ်နိုင်စေမည့် အခွင့်အရေးတစ်ခုကိုလည်း ရစေခဲ့သည်။

ထိုနည်းတူပင် မန္တာန်အစီအရင်များနှင့် မှော်ပစ္စည်းများ သန့်စင်ခြင်းတို့ အပေါ် သူ၏ နားလည်သဘောပေါက်မှုမှာလည်း တိုးတက်လာခဲ့သည်။ သိသာတာကတော့ ဟန်လိ၏ ဝါးစိမ်းဆိုင်မှာ နှစ်နှစ်ကျော်လောက် ကြာလာပြီးနောက်မှာ ထိုနေရာဝန်းကျင်တွင် နာမည်ရလာခြင်းပင်။

အကြောင်းကတော့ ကျင့်ကြံသူများသည် ဟန်လိ၏ ဆိုင်ကနေ ဈေးမကြီးသော အသုံးတည့်သော မှော်ရတနာများကို ဝယ်ယူနိုင်ကြသောကြောင့်ပင်။ ကံကောင်းသူအချို့ဆို ရခဲသော အလယ်အလတ်အဆင့် အဆောင်များကိုပါ ဟန်လိ၏ ဆိုင်ကနေ ဝယ်ယူ၍ ရတတ်သည်။

ထိုသတင်းစကားများက သည်ဒေသမှာ ပျံ့နှံ့သွားပြီးနောက်မှာ အဆင့်နိမ့်ကျင့်ကြံသူအချို့သည် ဟန်လိ၏ ဆိုင်ထံ ချက်ခြင်း စိုက်စိုက်မြိုက်မြိုက် ရောက်လာကြပေသည်။ ထိုမှော်ပစ္စည်းများနှင့် အဆောင်များသည် ဟန်လိ ကိုယ်တိုင် သန့်စင်ဖန်တီးခဲ့ခြင်းပင်။ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ သူ အချိန်အတော်ကြာ လိုလားနေသော အလယ်အလတ်အဆင့် မှော်ပညာရပ်များကို ဖမ်းဆုပ်မိလာနိုင်သည်။ ယင်းပညာရပ်များသည် အလယ်အလတ်အဆင့် မှော်ပညာရပ်များကြား၌ အဆင့်နိမ့်ဆုံးများ ဖြစ်ကြသော်လည်း ဟန်လိကိုတော့ အတော်လေး ကျေနပ်စေပေသည်။

သို့သော် အလယ်အလတ်အဆင့်မှော်အဆောင်များသည် ပုံမှန်အဆောင်စာရွက်များဖြင့် သန့်စင်ဖန်တီး၍ ရသော အရာ မဟုတ်ချေ။ ယင်းတို့ကို ရှားပါးသားရဲများ၏ သားရေများဖြင့်သာ ပြုလုပ်၍ ရသည်။ သို့သော် ထိုသို့သော သားရေသပ်သပ်နှင့်လည်း လုံလောက်သည်တော့ မဟုတ်ပေ။ အလယ်အလတ်အဆင့် အဆောင်တိုင်းတွင် နတ်ဆိုးသားရဲများ၏ သားရေများအပြင် ၎င်းတို့၏ ကိုယ်ပိုင်လိုအပ်ချက်များလည်း ရှိကြသေးသည်။

ကံကောင်းသည်မှာ ဟန်လိသည် အရင်တည်းက ထိုအချက်ကို တွေးမိခဲ့၍ သူ့နတ်ဆိုးသားရဲ အစိတ်အပိုင်းများကို မရောင်းချခင်မှာ သားရဲအရေပြားများနှင့် အဆောင်များအတွက် ကုန်ကြမ်းများစွာကို သိမ်းထားခဲ့တာပင်။ မဟုတ်ပါက သူသည် မှော်ပညာရပ်များကို ဖမ်းဆုပ်နိုင်သော်ငြားလည်း ယင်းအဆောင်များကို သန့်စင်ဖန်တီးနိုင်ဖို့ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။

အစပိုင်းမှာတုန်းက ဟန်လိသည် အရည်အသွေးနိမ့်သော သားရဲအရေပြားများကို အသုံးပြု၍ လေ့ကျင့်ခဲ့သည်။ သူ့ကိုယ်သူ လုံလောက်အောင် စွမ်းဆောင်နိုင်ပြီဟု ထင်ပြီးမှ သူက ရှားပါးသတ္တုအမယ်များ သုံး၍ ထူးကဲသော အဆောင်တချို့ကို သန့်စင်ဖန်တီးဖို့ စတင်ခဲ့တာပင်။

သူ လေ့ကျင့်ဖန်တီးခဲ့သော အဆောင်များသည် တိုက်ခိုက်ရေးအမျိုးအစား အဆောက်များသာ ဖြစ်ကြသည်။ လတိုင်းလတိုင်းမှာ ဟန်လိသည် ယင်းအဆောင်များထဲမှ တစ်ခု၊ သိုမဟုတ် နှစ်ခုကို သူ့ဆိုင်ပေါ်မှာ တင်၍ ဦးဆုံးလာဝယ်သူများကို ရောင်းချသည်။ ဟန်လိကဲ့သို့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အဖို့ ထိုအဆောင်များသည် အနည်းအကျဉ်းသာ တန်ဖိုး ရှိပေသည်။ သို့ဖြစ်၍ သူက ၎င်းတို့ကို သိမ်းဆည်းထားဖို့ စိတ်ကူး မရှိပေ။

သို့ပေမည့် ဟန်လိသည် သူ၏ အလယ်အဆင့် အဆောင်များက ချီစုဆောင်းခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို များစွာ စွဲဆောင်နိုင်မည့်အပေါ်ကိုတော့ လျှော့တွက်ခဲ့မိသည်။ ထိုအဆောင်များ၏ တန်ကြေးကို သုံးလေးကြိမ်လောက် မြှင့်တင်ပြီးနောက်မှာပင် ထိုကျင့်ကြံသူများသည် တွေဝေခြင်းမရှိဘဲ ၎င်းအဆောင်များကို ဝယ်ယူဖို့အတွက် သူတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲရန် အဆင်သင့် ဖြစ်နေကြသည်။ သို့ဖြစ်၍ ဟန်လိမှာ အတော်အတန် ကြွယ်ဝလာသည်။

သို့သော် အလယ်အဆင့် အဆောင်များကို ဖန်တီးဖို့က အတော်လေး ခက်ခဲတာကတော့ နှမြောစရာပင်။ သူ့လက်ထဲ သားရဲအရေပြားများစွာ ရှိနေတာတောင်မှ ထိုအဆင့် အဆောင်များကို ဖန်တီးရာ၌ သူ၏ အောင်မြင်မှုနှုန်းသည် အတော်လေး နိမ့်ပါးသည်။

အဆင့်နိမ့်အဆောင်များ ဖန်တီးခဲ့ရာတွင် ရှိခဲ့သော သူ့အောင်မြင်မှုနှုန်းနှင့်ယှဉ်မိသည့်အခါ ဟန်လိသည် ခါးသီးစွာသာ ပြုံးနိုင်တော့သည်။

သို့မဟုတ်လျှင် သူသည် အလယ်အဆင့်အဆောင်များစွာကို ရောင်းချပြီး ကြွယ်ဝမှုများစွာ ရှိလာနိုင်လိမ့်မည်သာ။ သည့်အပြင် မှော်ပစ္စည်းများအပေါ် ဟန်လိ၏ သန့်စင်နိုင်သော စွမ်းရည်မှာလည်း တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ သူ၏ ဆိုင်တွင် အလယ်နှင့် အဆင့်မြင့် မှော်ပစ္စည်းများပါ ရှိလာခဲ့သည်။ ထို့ကြောင့် ဝါးစိမ်းငယ်ဆိုင်၏ အမည်သည် လူသိများလာခဲ့ပေသည်။

ကံကောင်းစွာဖြင့် သူ့ဆိုင်၏ ဂုဏ်သတင်းက အဆင့်နိမ့်ကျင့်ကြံသူများကြား၌သာ ဖြစ်နေခြင်းပင်။ ထို့ကြောင့် ဟန်လိသည် ပြဿနာတစ်ခုခု တက်လာမှာကို ပူပန်နေဖို့ မလိုတော့ပေ။

သို့သော် ကိုးနှစ်မြောက် စချိန်တွင် ဟန်လိသည် ရိုးရှင်းသော အစီအရင်မန္တာန်တချို့အပေါ် သူ့နားလည်မှုကို အသုံးချ၍ အစီအရင်အလံများနှင့် သတ္တုပြားများကို စတင် သန့်စင်ခဲ့သည်။

ချီယွမ်ရှောင်နှင့် ရှင်းယုထင်တို့ ပေးထားခဲ့သော မှော်အစီအရင်များ သန့်စင်ခြင်း အသိအမြင်ပါသည့် ကျောက်စိမ်းပြားကြောင့် ဟန်လိသည် အမှားများစွာကို ရှောင်နိုင်ခဲ့သည်။ ထိုသို့ အစီအရင်အလံများ၊ သတ္တုပြားများ ဖန်တီးရာတွင် အနည်းနှင့်အများ ဖမ်းဆုပ်နိုင်ခဲ့သည်။ သို့သော် ပထမဆုံးအကြိမ်အဖြစ် သူ သန့်စင်ဖန်တီးခဲ့သော အစီအရင်တစုံကတော့ အမှားများစွာ ပါခဲ့သည်ပင်။ ထိုသန့်စင်ခြင်းမှာ အလွန်တရာ ခက်ခဲသည်။ သူ့အတွက်လည်း အချိန်များစွာ ကုန်စေသည်။

သို့သော် ဟန်လိသည် စိတ်မရှည်တာ မဖြစ်ပေ။ အခု သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ မဟုတ်လား။ သူ့အဖို့ အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုများကို ဖြည်းဖြည်းချင်း စုဆောင်းဖို့ငှာ အချိန် ပေါများစွာ ရှိနေပေပြီ။

အရေးကြီးဆုံးကမူ သူသည် ဝါးတိမ်အုပ်ဓားများကို သန့်စင်မည့် နည်းလမ်းအပေါ် နားလည်သဘောပေါက်မှုတချို့ ရရှိလာခဲ့တာ ဖြစ်သည်။ သူက ၎င်းမှော်ရတနာကို ဖန်တီးရာတွင် ပထမဆုံးအကြိမ်မှာပင် အောင်မြင်နိုင်ဖို့ကို မျှော်လင့်ထားပါသည်။ တကယ်တော့ သူ့၌ ဒုတိယအကြိမ် ကြိုးစားကြည့်ဖို့အတွက်လည်း လုံလောက်သော သတ္တုကုန်ကြမ်းအမယ်များ မကျန်တော့လေပေ။

ဟန်လိသည် မှော်ပစ္စည်းများ သန့်စင်ဖန်တီးခြင်းနှင့် အစီအရင်မန္တာန်များကို လေ့လာခြင်းတွင်သာ အာရုံစိုက်ထားပြီး အချိန်သည် တရက်ပြီး တရက် ကုန်လာခဲ့ပေသည်။

နွေကနေဆောင်း ရာသီအလီလီတို့ ပြောင်းလဲလာခဲ့ခြင်းနှင့်အတူ ဟန်လိ၏ ဝါးစိမ်းငယ်ဆိုင်၏ သက်တမ်းမှာလည်း နှစ်ပေါင်းနှစ်ဆယ် ရှိလာခဲ့လေပြီ။ အခုဆို ဟန်လိ၏ ရုပ်သွင်ပုံစုံသည် အသက်ငါးဆယ်ကျော် အဘိုးအိုပေါက်စတစ်ယောက်၏ အသွင် ဖြစ်လာခဲ့ပြီ။ ဤသည်မှာ ဟန်လိ၏ အစစ်အမှန်ရုပ်သွင် မဟုတ်တာတော့ သိသာပါသည်။

သို့သော် သူ၏ နုပျိုသော အသွင်ဟန်ပန်ကို ဖုံးကွယ်ထားရပေမည်။ သေမျိုးလောကတွင် အချိန်ကုန်လွန်လာခဲ့ပြီ ဖြစ်၍ ဟန်လိအဖို့ အဘိုးအိုတစ်ယောက်၏ ရုပ်သွင်သို့ ပြောင်းလဲခြင်းကလွဲ၍ တခြားရွေးချယ်စရာ မရှိလေပေ။

ခုချိန်တွင် ဟန်လိသည် သူ့ဆိုင် အနောက်ဘက်ရှိ နေအိမ်ဝန်းထဲမှာ ရပ်နေသည်။ သူသည် စိတ်ခံစားချက်တစ်ခုဖြင့် ဘေးဘီသို့ ကြည့်နေသည်။ သည်နေ့မတိုင်ခင် သူက ဆိုင်ကို တခြားတစ်ယောက်ထံ လွှဲပြောင်းပေးခဲ့ပြီး သေမျိုးလောကမှာ နေထိုင်ခြင်းကနေ ပြန်လည်ထွက်ခွာတော့မည်ဟု ဆုံးဖြတ်ထားသည်။ အကြောင်းမှာ ရွှေလျှပ်စီးဝါး၏ ခြောက်ပင်မြောက်သည် အပြည့်အဝ သက်တမ်းရင့်မှည့်ပြီ ဖြစ်သောကြောင့်ပင်။

နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် သည်နေရာတွင် နေထိုင်ခဲ့သည့်အချိန်တွင် ဟန်လိ၏ စိတ်နှလုံး၌ မည်သည့်အနှောက်အယှက်မှ မရှိခဲ့ပေ။ သို့သော် ထွက်ခွာတော့မည့်အခါတွင်မူ သူသည် မသိမသာ အောက်မေ့မှုကိုတော့ ခံစားမိသည်။ သည်ဈေးမြို့တွင် နေထိုင်ခဲ့သော အချိန်ကာလမှာ သူ့ဘဝတွင် ရှားပါးလှသော ငြိမ်းအေးချမ်းစွာ နေထိုင်ရမှုပင်။

ထိုအချိန်တွင် ဟန်လိသည် သူ့အိမ်နီးနားချင်းထံမှ ဆူသံညံသံကို ကြားရသည်။ ထိုသို့ ကြားရသည့်အခါ ဟန်လိသည် ပြုံးမိလေသည်။ ထိုဆူသံညံသံများမှာ သူ့အိမ်နီးနားချင်းရှိ ဆိုင်ရှင်သည် ပြီးခဲ့သော ရှစ်နှစ်တည်းက မရောင်းခဲ့ရသော ရတနာများကို ရောင်းချဖို့ ဈေးလာဝယ်သူများကို အာပေါင်းအာရင်းသန်သန် ရှင်းပြနေသည့် အသံများပင်။

ယင်းနောက်တွင်တော့ ဟန်လိသည် သက်ပြင်းသဲ့သဲ့ချကာ ဝါးစိမ်းငယ်ဆိုင်ကနေ ဝိညာဉ်သေနှင့်အတူ ထွက်လာခဲ့တော့သည်။ မရှေးမနှောင်းအကြာမှာ သူတို့နှစ်ယောက်သည် ဈေးမြို့ကနေ လုံးလုံး ပျောက်ကွယ်သွားကြသည်။

သူ၏ လှိုဏ်ဂူထံ ပြန်ရောက်လာပြီးနောက်မှာ ဟန်လိသည် သူ ဝယ်ယူခဲ့သော မှော်သန့်စင်ခြင်း သတ္တုအမယ်များကို သူ၏ လျှို့ဝှက်အခန်းထဲသို့ နေရာချသည်။ ပြီးခဲ့သော နှစ်တချို့က သူ နားလည်ခဲ့သော မှော်အစီအရင်တစ်ခုကိုပါ နေရာချသည်။ ထိုအစီအရင်မန္တာန်သည် စိတ်ဝိညာဉ်ချီလှိုင်းများကို ဖုံးကွယ်ပေနိုင်ရုံကလွဲ၍ တခြား ထူးခြားတာ ဘာမျှ ရှိမနေပေ။ ထိုအစီအရင်သည် ဟန်လိက သူ့မှော်ရတနာကို သန့်စင်နေချိန်တွင် အသုံးပြုဖို့အတွက်တော့ သင့်တော်သည်။

ဟန်လိသည် သူ၏ လျှို့ဝှက်ခန်းထဲ၌ သုံးရက်လုံးလုံး တရားထိုင် ကျင့်ကြံနေသည်။ သို့မှသာ မှော်ရတနာကို မသန့်စင်ခြင် သူ၏ စိတ်ဝိညာဉ်နှင့် မှော်စွမ်းအားတို့သည် အထွတ်အထိပ် အခြေအနေမှာ ရှိနေမှာ ဖြစ်သည်။

ဦးဆုံး ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းကော် သေတ္တာကို ထုတ်ယူ၍ သူ့ရှေ့မှာ ညင်ညင်သာသာ ချသည်။ ထို့နောက် သူက သေတ္တာကို ဖွင့်သည်။ ထိုအခါ စိမ်းဖန့်ဖန့် ကောင်းကင်လျှပ်စီးဝါးပိုင်းခြောက်ခု လှစ်ဟပေါ်လာသည်။

ဟန်လိသည် ထိုဝါးပိုင်းများကို အလေးအနက် ကြည့်နေသည်။ သူ အသက်ဝဝရှိုက်သွင်း၏။ ထို့နောက်တွင် ဝါးပိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ထိကြသည်။ တစ်ပေခန့် ရှည်သော ဝါးက ရုတ်တရက် သေတ္တာထဲကနေ ပျံသန်းထွက်ကာ ဟန်လိ၏ ရင်ဘက်ရှေ့ လေထဲမှာ ရပ်သည်။

အလေးအနက်ဟန်ပန်ဖြင့် ဟန်လိသည် သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးသည်။ သူ့မျက်နှာ တဝိုက် အလင်းတို့ စီးဆင်းသွားပြီး မိုးပြာအလင်းလွှာတစ်ခု ဖြည်းဖြည်းချင်း ဖွဲ့စည်းလာသည်။ ထိုအလင်းက ပို သိပ်သည်းလာ၏။ ဟန်လိသည် ပါးစပ်ဟကာ မိုးပြာအမြုတေမီးတောက်အမျှင်တန်းပါးပါးတစ်ခုကို သူ၏ရှေ့ရှိ ကောင်းကင်လျှပ်စီးဝါးထံသို့ ထွေးထုတ်သည်။

ခရက်။ ဝါးထံမှ ရွှေရောင်ဖျော့ဖျော့လျှပ်စီးစက်ဝန်းပြတ်တစ်ခု ထွက်ပေါ်လာပြီး ချဉ်းကပ်လာသော အမြုတေမီးတောက်ကို အတင်းအကြပ် ဟန့်တားသည်။ ဟန်လိသည် စဉ်းစား၏။ မိုးပြာအမြုတေမီးတောက်သည် ချက်ခြင်းပင် အဆများစွာ ပို၍ ထူထဲလာပြီး ဝါးနှင့် ၎င်း၏ လျှပ်စီးကို ထွေးခြုံပြီး ရှည်ကြာမည့် သန့်စင်ခြင်းဖြစ်စဉ်ကို စတင်လေသည်။

လူတစ်ယောက်၏ အမြုတေမီးတောက်ကို အသုံးပြုခြင်းသည် စိတ်ဝိညာဉ်စွမ်းအား များစွာကို ကုန်ခမ်းစေပေသည်။ သို့ပေမည့် ကံကောင်းသည်ကား ဟန်လိသည် ကြိုပြင်ဆင်ထားခြင်းပင်။ သူက အမြုတေမီးတောက်ကို ထုတ်လွှနေရင်း မိုးပြာစိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ကိုင်ထားကာ ၎င်း၏ စိတ်ဝိညာဉ်ချီကို စုပ်ယူနေသည်။ ထိုစိတ်ဝိညာဉ်ကျောက်တုံးက မလုံမလောက် ဖြစ်လာချိန်တွင် သူက ဆေးလုံးတစ်လုံးကို ထောက်၍ သောက်သည်။

ထိုဆေးလုံးသည် မှော်စွမ်းအားအဖြစ်သို့ ချက်ခြင်း မပြောင်းလဲပေးနိုင်သော်လည်း ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအား မြောက်များစွာ ပါသည်။

သုံးရက်ကုန်လွန်ပြီးနောက်မှာ ကောင်းကင်လျှပ်စီးဝါး၏ လျှပ်စီးသည် ၎င်း၏ ပင်မဝါး၌ စိတ်ဝိညာဉ်စွမ်းအား ကင်းမဲ့လာမှုကြောင့် ပျောက်ကွယ်သွားတော့သည်။ မိုးပြာအမြုတေမီးတောက်သည် အတားအဆီး မရှိလေတော့သည့်အခါ ဟန်လိသည် ထိုဝါးကို အရည်ပျော်စေမည့် ဖြစ်စဉ်ကို စတင်၏။

နောက်ထပ် လေးငါးရက်လောက် ကုန်လွန်ပြီးနောက်မှာ ၎င်းဝါးသည် အရည်ပျော်ဝင်မည့် အရိပ်လက္ခဏာများ ပြသလာသည်။ ၎င်း၏ ဝါးပိုင်းတော်တော်များများက ခပ်ဖျော့ဖျော့အလင်းကို စတင်၍ ထုတ်လွှတ်လာပြီး အရောင်အမျိုးမျိုးရှိ အရည်စက်လေးများ သိပ်သည်းလာခဲ့သည်။

ဆယ်ရက်ကျော်လာသည့်အခါတွင်မူ ကောင်းကင်လျှပ်စီးဝါး၏ မသန့်စင်မှုအားလုံးသည် နောက်ဆုံးတွင် အရည်ပျော်ကျကာ လက်သီးစုပ်ခန့် အရွယ်ရှိ အစိမ်းရင့်ရောင်အရည်တစ်ခုကို ချန်ထားခဲ့သည်။ ၎င်းမှာ အလွန်သိပ်သည်းလွန်း၏။

ထိုအရည်ပမာဏ အနည်းငယ်ကို မြင်မှ ဟန်လိသည် သက်ပြင်းချနိုင်တော့သည်။ သူက ကောင်းကင်လျှပ်စီးဝါးကို သန့်စင်ဖို့အတွက် အတော်လေးကို အားစိုက်ထုတ်ခဲ့ရပေသည်။ ထို့နောက်တွင် ဟန်လိက သူ့အမြုတေမီးတောက်ကို ပြန်ရုတ်သိမ်းကာ သူ့လက်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းသည်။ သူ၏ လက်ဆယ်ချောင်းကို ဆန့်ထုတ်လိုက်၏။ စိတ်ဝိညာဉ်ချီအမျှင်တန်းဆယ်ခုသည် သူ၏လက်ချောင်းများထံမှ ထိုးထွက်ကာ အစိမ်းရောင်အရည်ထံ ထွင်းဖောက်ဝင်ရောက်သည်။

တအောင့်အကြာတွင် ဟန်လိက သူ့လက်ချောင်းများကို ရွှေ့ကစားလိုက်သည်။ စိတ်ဝိညာဉ်အမျှင်တန်းများသည် လှည့်ပတ်ကာ အရည်လုံးကို ထပ်ပျော်ကျစေသည်။ စိတ်ဝိညာဉ်အမျှင်တန်းများ၏ အောက်တွင် ထိုအစိမ်းရောင်အရည်လုံးငယ်တစ်ခုသည် မူလအစိမ်းရောင်အရည်လုံးကနေ ခွဲထွက်ကာ ၎င်း၏ အနီးအနားတွင် ပျံဝဲနေ၏။

ဒုတိယမြောက်အရည်လုံးအဖြစ် ခွဲထွက်ပြီးသည့်နောက်မှာ တတိယမြောက်အရည်လုံး…စသဖြင့် ကွဲထွက်လာသည်။ ဟန်လိသည် နောက်ဆုံးအရည်လုံးကို ခွဲထွက်ပြီးသည့်နောက်မှာတော့ စုစုပေါင်း အရွယ်တူ အရည်လုံး ဆယ့်နှစ်လုံးသည် စက်ဝန်းအသွင် တည်ရှိကာ လွင့်မြောနေတော့သည်။

All Chapters