← Chapters

ပုလဲအတွင်း၌

Vol. 30 Ch. 415

ပုလဲအတွင်း၌

Vol. 30 Ch. 415

နှစ်လကြာပြီးနောက်မှာတော့ ဟန်လိသည် လျှို့ဝှက်အခန်းထဲကနေ ထွက်လာခဲ့သည်။ သူ့ပုံပန်းသွင်ပြင်မှာ မျက်တွင်းချောင်ကျနေသော်လည်း သူက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေသည်။ ဝါးတိမ်အုပ်ဓားခုနစ်ဆယ့်နှစ်လက်ကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ခဲ့သည်ကို တွေးမိသည်နှင့် ဟန်လိမှာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။

ထိုမှော်ရတနာတစုံကို သန့်စင်နိုင်ဖို့အတွက် ဟန်လိသည် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး အချိန်ယူခဲ့ရပေသည်။ သူသည် ၎င်းရတနာ၏ အစွမ်းကို မစမ်းသပ်ကြည့်ရသေးသော်လည်း ယင်းတို့ကို အချိန်တစ်ခုကြာ ပျိုးထောင်ပြီးပါက ဓားတစ်လက်သည်ပင် အစိမ်းရောင်တောက်ပခြင်းဓားကဲ့သို့သာ သာမန်မှော်ရတနာများကို ဖိနှိပ်နိုင်မည့် စွမ်းအား ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။

သူ့ကိုယ်သူ ကျေနပ်စွာ ခံစားမိနေရင်း ဝိညာဉ်သေက စိတ်ဝိညာဉ်အာရုံမှ တဆင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများက ဥချပြီ ဖြစ်ကြောင်းကို လှမ်းအကြောင်းကြားသည်။ ဟန်လိ၏ ပျော်ရွှင်နေသော စိတ်အခြေအနေမှာ ပို၍ပင် ကောင်းမွန်သွားတော့သည်။

ဟန်လိက သူ့အိပ်ယာထံ ပြန်လာပြီး ထိုတနေ့တွင် အနားယူသည်။ နောက်နေ့မှာ သူက အင်းဆက်အခန်းထံ ဦးတည်လာခဲ့သည်။ ထိုအခန်း၏ အစိတ်အပိုင်း တော်တော်များများတွင် ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ တလက်လက် အဖြူရောင်ဥများက နေရာယူထားသည်။

စဉ်းပင် စဉ်းစားမနေဘဲ ဟန်လိသည် အရွယ်တူ နောက်ထပ် အင်းဆက်အခန်းတစ်ခုကို မူလအခန်းဘေးမှာ တည်ဆောက်သည်။ ထို့နောက်တွင် သူသည် ထိုအခန်းသစ်၌ မှော်အစီအရင်တစ်ခုကို နေရာချပြီး အစီအရင်ထဲသို့ သွေးအနှစ်သာရ မြောက်များစွာ အစက်ချသည်။ သည့်နောက်မှာ သူက အင်းဆက်ဥများကို အခန်းအသစ်ထဲရှိ အစီအရင်မန္တာန်ထဲသို့ ရွှေ့၍ ဝိညာဉ်ထိန်းချုပ်ခြင်းကို အစပြုသည်။

မူလအခန်းတွင်မူ သူသည် အတက်ကြွဆုံး ပိုးတောင်မာဥ တစ်ထောင်ကို ချန်ထားခဲ့သည်။ ထိုသို့ပြုလုပ်ပြီးသည့်နောက်မှ နောက်ဆုံး၌ ဟန်လိသည် စိတ်အေးနိုင်တော့သည်။ သူ၏ ကျင့်ကြံမှုကို ပြန်အားဖြည့်တင်းနေရင်း ဟန်လိသည် အရင်တုန်းက သူနှင့် သိခဲ့ဖူးသော အနီးအနားမှ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ တချို့တလေထံ သွားလည်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဟန်လိက သူ့ကိုယ်သူ သေမျိုးလောကတွင် နှစ်မြှုပ်ထားစဉ် ပြန့်ကြဲကြယ်ပင်လယ်များ အနှံ့ အဖြစ်အပျက်ကြီးများ ဆက်တိုက် ဖြစ်ခဲ့ကာ များစွာ မငြိမ်မသက် ရှိနေခဲ့သည်။ ၎င်းအဖြစ်အပျက်များထဲ၌ လွှမ်းမိုးမှုအရှိဆုံး အဖြစ်အပျက်မှာ နန်းတော်ခြောက်ခု အဖွဲ့အစည်းနှင့် တခြား အမျိုးမျိုးသော အင်အားစုရှစ်ခုတွင် ငယ်သားများနှင့် တပည့်များက ရုတ်တရက် ပုန်ကန်၍ ၎င်းတို့၏ မူလခေါင်းဆောင်မှုများကို ဖယ်ရှားကာ အရင်က အမည်မရှိသူများက အစားထိုးခဲ့ကြခြင်း ဖြစ်လေ၏။

တခြားသော လူသိပ်သတိမထားမိသော အဖြစ်အပျက်တစ်ခုလည်း ရှိသေးသည်။ ဤသည်မှာ ဂိုဏ်းငယ်များ ရှင်းထုတ်ခံရပြီး သူတို့၏ ရတနာများ ယူဆောင်သိမ်းပိုက်ခံရတာပင်။

ထိုအချိန်ကာလအတွင်း ပြန့်ကြဲကြယ်ပင်လယ်များ၏ အင်အားစုများသည် တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြသည်။ ထိုအဖြစ်အပျက်များကြားတွင် အဆိုးဝါးဆုံးကတော့ ကောင်းကင်ကြယ်ပညာသခင်နှစ်ယောက်သည် ကျင့်ကြံခြင်း တန်ပြန်ဒဏ် ခံစားခဲ့ရသည်ဟူသည် သတင်းပင်။ သူတို့က ဒုက္ခိတများပါ ဖြစ်သွားသည်ဟု ကောလဟာလ ဆိုကြသည်။

ထိုသတင်းကား စတင် ပျံ့နှံ့လာချိန်တွင် အုတ်အော်သောင်းနင်း ဖြစ်လာခဲ့တော့သည်။ လူတိုင်းသည် ကောင်းကင်ကြယ်နန်းတော်က သည်သတင်းစကားများနှင့် ပတ်သတ်ပြီး ဖြေရှင်းမည်ကို ပူပန်စွာ စောင့်စိုင်းနေကြသည်။ သို့သော် ကောင်းကင်ကြယ်နန်းတော်က ထိုကိစ္စကို ဘာမျှ ထုတ်မပြောလာသည့်အတွက် လူတိုင်းမှာ အံ့ဩထိတ်လန့် ကုန်ကြသည်။ ကောင်းကင်ကြယ်နန်းတော်က အတည်လည်းမပြု၊ ငြင်းဆန်ခြင်းလည်း မရှိပေ။ ဤသည်က ပြန့်ကြဲကြယ်ပင်လယ်များတွင် ပို၍ အလန့်တကြား ဖြစ်စေတော့သည်။

တချိန်တည်းမှာ ရည်မှန်းချက်ကြီးသော ပုန်းကွယ်နေသည့် အင်အားစုတချို့က စတင် မွှေလာကြသည်။

လျှို့ဝှက်ပူးပေါင်း ကြံစည်မှု တချို့လည်း ရှိလာ၏။ ယုတ်မာစဉ်းလဲသော မဟာမိတ်များကို ဖွဲ့စည်းဖို့ စတင်မှုများလည်း ရှိလာသည်။ သို့သော် ထိုကောလဟာလ သတင်းစကားများ ပျံ့နှံ့လာပြီး သိပ်မကြာခင်မှာ ဗရမ်းဗတာ ဖြစ်မှုများသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည့်အလား။

သို့သော် ပို၍ လေ့လာစောင့်ကြည့်နေသော ကျင့်ကြံသူများကတော့ ဤသည်မှာ မုန်တိုင်း မလာခင် တည်ငြိမ်နေခြင်းဟု သိရှိကြသည်။ ဟန်လိသည် အနီးဝန်းကျင်ရှိ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထံ သွားရောက်လည်ပတ်သည့်အခါ သူတို့အားလုံး၏ စကားဝိုင်းများတွင် ပူပန်မှု အရိပ်အယောင်တချို့ ဖြစ်ပေါ်နေတာကို တွေ့ရသည်။

သို့ပေမည့် ဟန်လိကမူ ထိုအဖြစ်သနစ်အားလုံးကို နည်းနည်းလေးမျှ အရေးမစိုက်ပေ။ ကြယ်နန်းတော်က ပြန့်ကြဲပင်လယ်များကို ဆက်၍ အုပ်စိုးသည် ဖြစ်စေ သို့တည်းမဟုတ် တခြားသော အင်အားစုများက သူတို့ကို လွှမ်းမိုးသည် ဖြစ်စေ သူနှင့် အနည်းငယ်မျှသာ ပတ်သတ်မှု ရှိပေလိမ့်မည်။ သူသည် တကိုယ်တည်း ကျင့်ကြံသော ထီးတည်းလမ်းကြောင်းကို လျှောက်လှမ်းနေသည့် တစုံတစ်ယောက်သာ။ သူက ဂရုစိုက်နေသ၍ ပွက်လောရိုက်မှုများထဲ ဝင်မပါမိသရွှေ့ သူ့အဖို့ အဆင်ပြေနိုင်သည်။

ဟန်လိ၏ ကိုယ်ပိုင်အစီအစဉ်များအရဆို သူသည် သူ့ဓားများကို ပျိုးထောင်ဖို့ နောက်ထပ် နှစ်တချို့ အသုံးပြုမည်။ အစီအရင်မန္တာန်တချို့ကို သန့်စင်ဖန်တီးမည်။ ယင်းနောက်မှာ သူက အဆင့်ခြောက်သားရဲ တချိ့ကို အမဲလိုက်ဖို့ ပင်လယ်သို့ ထွက်မည် ဖြစ်သည်။

တကယ်တော့ အဆင့်ခြောက်နတ်ဆိုးသားရဲတစ်ကောင်၏ အမြုတေဖြင့် ဖန်တီးသော ဆေးလုံးများကသာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှု တိုးတက်မှုအပေါ် သက်ရောက်မှု ရှိသည် မဟုတ်လား။ သို့ဖြစ်၍ ဟန်လိသည် သူ၏ နေ့ရက်များကို မှော်ပစ္စည်းသန့်စင်ခြင်းနှင့် အစီအရင်မန္တာန် တာအိုဖြင့်သာ အချိန်ကုန်စေသည်။ ညပိုင်းတွင် သူက တရားထိုင်ပြီး သူ့အမြုတေမီးတောက်ကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ထဲ သိုလှောင်ထားသော ဝါးတိမ်အုပ်ဓားခုနစ်ဆယ့်နှစ်လက်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်နေသည်။

ထိုသို့ နေ့စဉ် လုပ်ဆောင်နေပြီး သိပ်မကြာခင်မှာပင် သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် နောက်ဆုံး၌ ဥမှ ပေါက်လာခဲ့လေပြီ။

ဟန်လိက ထိုပိုးတောင်မာများကို ဆင့်ခေါ်ကာ ၎င်းတို့အား အဆင့်မြင့် စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်များထဲ၌ ပျော်ပျော်ရွှင်ရွှင် ထည့်သိမ်းလေသည်။ ထိုပိုးတောင်မာများသည် သူ့ကို သူတို့၏ သခင်အဖြစ် အသိအမှတ် ပြုနေသ၍ ၎င်းတို့က သူ့အမိန့်ကို နာခံကြမည်သာ။ အားသည့်အချိန်တွင် ဟန်လိသည် ၎င်းတို့ကို ဖြည်းဖြည်းချင်း လေ့ကျင့်ပေးနေသည်။ သို့မှသာ နောက်ပိုင်းတွင် ရန်သူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ပိုအသုံးတည့်ပေလိမ့်မည်။

ဟန်လိသည် အေးအေးချမ်းချမ်းနှင့် ဖြေးဖြေးမှန်မှန် ကျင့်ကြံနေရသည်ကို ကျေနပ်နေတော့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်လာခဲ့ပြီးသည့် အချိန်မှစ၍ သူသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ မျက်စောင်းစထိုးလာခဲ့ပြီ။ တနေ့တွင် သူ၏ ကျင့်ကြံမှုမှာ မြင့်မားလှသော အဆင့်များသို့ ရောက်နိုင်၊ မရောက်နိုင်ကို သူ စဉ်းစားကြည့်နေမိသည်။

သို့သော် တနေ့၌ ဟန်လိသည် သူ့အိမ်တွင် သူ၏ ဓားများကို မွန်းမံနေစဉ် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက လှိုဏ်ဂူနေအိမ်ကနေ ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။

အသက်လေးဆယ်ဝန်းကျင်ခန့် အသားအရေလတ်လတ်၊ ရှည်လျားသော မျက်ခုံးများ ပိုင်ဆိုင်သော လူတစ်ယောက်သည် သူ့လှိုဏ်ဂူအပြင်ဘက်တွင် ရှိနေလေသည်။

“တာအိုရောင်းရင်းဟန်…ခင်ဗျားကို နှောက်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ်…”

ထိုသက်လတ်ပိုင်းလူက ဟန်လိကို မြင်သည့်အခါ ညင်သာစွာ နှုတ်ဆက်သည်။

“အစ်ကိုကျင်း…ကျုပ်ရှိ ဘာကိစ္စများ ရှိလို့ လာလည်တာလဲဗျ။ ကျေးဇူးပြုပြီး ဝင်လာပါ…”

ဟန်လိသည် နှောင့်နှေးမနေလေဘဲ ထိုသူ့ကို ချက်ခြင်း နှုတ်ဆက်ကာ သူ့လှိုဏ်ဂူထဲ ဝင်ဖို့ ဖိတ်ခေါ်သည်။

ကျင်းချင်းသည် သည်အနီးဝန်းကျင်တွင် နေထိုင်သော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်လေသည်။ ထိုသူသည် တည့်မှန်သော စိတ်သဘော ရှိသူ ဖြစ်ကာ ဟန်လိ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ပြိးနောက်မှာ သူ့ကို ညွှန်ကြားမှုတချို့လည်း ပေးခဲ့ပေသည်။ ခုချိန်သကာလတွင် သူသည် ဟန်လိအတွက် ရင်းနှီးသော မိတ်ဆွေတစ်ယောက်ဟု ဆိုနိုင်ပါသည်။

ဟန်လိသည် ကျင်းချင်၏ နေအိမ်ထံ သွားလည်ခဲ့သေးသည်။ ထိုအချိန်တုန်းက ကျင်းချင်မှာ ရှိမနေခဲ့ပေ။ အခု ထိုသူ ရုတ်တရက် ပေါ်လာခြင်းက ဟန်လိကို ပျော်သွားစေသည်။

“မဝင်တော့ပါဘူးဗျာ။ ကျုပ်က ကိစ္စတချို့ ပြောချင်ရုံပါ။ ပြီးရင် ကျုပ် တခြားကိစ္စတွေ သွားလုပ်ဖို့ ရှိသေးတယ်…”

ကျင်းချင်က ခေါင်းယမ်းကာ ခပ်ရေးရေး ပြုံးသည်။

“ကျေးဇူးပြုပြီး…အားမနာတမ်း ပြောပါ…အစ်ကိုကျင်း…ကျုပ် နားထောင်နေပါတယ်…”

ဟန်လိက ထိုသို့ ဆိုသည်။

ကျင်းချင်က မသိမသာ ပြုံး၍ ဖြည်းဖြည်းချင်း ပြောလာသည်။

“ကျုပ် ပြန်ရောက်လာပြီး မရှေးမနှောင်းမှာပဲ တာအိုရောင်းရင်းဟန်ဟာ ပြီးခဲ့တဲ့ နှစ်တချို့တုန်းက အစီအရင်မန္တာန်တွေကို လေ့လာခဲ့ပြီး အဲ့နယ်ပယ်မှာ အောင်မြင်မှုတချို့ ရခဲ့တယ်လို့ ဒီဝန်းကျင်အနီးအနားက တာအိုရောင်းရင်းတချို့ဆီကနေ ကြားခဲ့ရပါတယ်။ ဒီအတွက်လည်း ကျုပ်က ရောင်းရင်းကို ဂုဏ်ပြုချင်ပါတယ်။ ဒါ့ကြောင့် ကျုပ် ခရီးထွက်နေစဉ်တုန်းက ကြုံခဲ့ရတဲ့ အစီအရင်မန္တာန်အတားအဆီးနဲ့ ပတ်သတ်ပြီး ဖြေရှင်းရမယ့် အခက်အခဲတစ်ခု ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျုပ်က ရောင်းရင်းဟန်ကို အကူအညီတောင်းဖို့ ဒီကို လာခဲ့ပါတယ်။ ရောင်းရင်း မငြင်းဖို့ ကျုပ် မျှော်လင့်မိပါတယ်…”

ဟန်လိသည် ကျင်းချင်ကို ခဏ စိုက်ကြည့်နေသည်။ ထို့နောက်မှ သူသည် တည်ငြိမ်သော ဟန်ပန်ဖြင့် မေးလေသည်။

“ဘယ်လို အတားအဆီးမျိုးလဲ။ ရောင်းရင်းကျင်းက ဘယ်လို အမျိုးအစားလဲဆိုတာ သိပါသလား…”

“ကျေးဇူးပြုပြီး…ဒါကို တချက်လောက် ကြည့်ပေးပါ…”

ကျင်းချင်က အဖြေတစ်ခုမပေး။ ထိုအစား သူက သူ၏သိုလှောင်အိတ်ထဲမှ တစုံတခုကို ထုတ်ကာ ဟန်လိထံသို့ လှမ်းပေးသည်။ ဟန်လိသည် လက်မအရွယ်အစားခန့် ရှိသော အဖြူရောင်ပုလဲတစ်လုံးကို မြင်ရ၏။

“ဒါက ဘာများလဲ…” ဟန်လိသည် ကျင်းချင်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်သည်။

“ဒီပုလဲလုံးထဲ ရောင်းရင်းရဲ့ စိတ်ဝိညာဉ်အာရုံ အနည်းအကျဉ်းလောက် ထည့်သွင်းကြည့်ပါ။ ဒါက ဘာလဲဆိုတာ ရောင်းရင်း သိသွားပါလိမ့်မယ်…”

ကျင်းချင်က ရယ်ကာမောကာဖြင့် ပြောလာသည်။ သူ၏ အမူအရာက ဆန်းကြယ်သည့်ဟန် ဖြစ်ပေါ်နေသည်။

ဟန်လိသည် မျက်မှောင်ကြုတ်ကာ ၎င်းပုလဲထဲသို့ သူ၏ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို ထည့်သွင်းကြည့်သည်။ ချက်ခြင်းပင် ထိုပုလဲမှာ အဖြူရောင် လင်းထိန်တောက်ပလာသည်။

သေမျိုးများကသာ ထိုအလင်းကို မြင်ရလျှင် မျက်စိကျိန်းစပ်သွားကာ အလန့်တကြားဖြင့် သူတို့၏ အကြည့်များကို အတင်း ဖယ်ရှားပစ်ပေလိမ့်မည်။ သို့သော် ဟန်လိကဲ့သို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်အတွက်မူ ၎င်းအလင်းက သာမန်မျှသာ။

သူ၏ တွေ့ရှိချက်ကြောင့် ဟန်လိ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ သည်အခိုက်အတန့်တွင် ပုလဲအတွင်း၌ တစုံတခု ပေါ်လာ၏။ ကျင်းချင်ထံမှ မည်သည့်သတိပေးချက်ကိုမျှ စောင့်မနေလေဘဲ ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံကို ထိုပုလဲထဲသို့ ပိုနက်နဲစွာ ရောက်ရှိစေသည်။ အချိန်တခု ကြာပြီးနောက်မှာတော့ ဟန်လိ၏ အမူဟန်ပန်မှာ အလေးအနက် ဖြစ်လာသည်။

သူက သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းပြီး အသက်ဝဝရှုထုတ်သည်။ ထို့နောက်တွင် သက်လတ်ပိုင်းလူထံသို့ ကြည့်ကာ ဟန်လိက မေးလိုက်သည်။

“ရှေးဟောင်းကျင့်ကြံသူရဲ့ အကြွင်းအကျန် အပျက်အစီးတွေလား…”

“ကျုပ်အတွက် အရမ်းတော့ မသေချာတော့ပါဘူး။ ကျုပ်ရဲ့ အတွေ့အကြုံအရဆို ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ကသာ မြေပုံတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ခုလောက်ထိ ရှေးကျတဲ့နည်းလမ်းတစ်ခု အသုံးပြုနိုင်လိမ့်မယ်…”

ကျင်းချင်သည် စိတ်လှုပ်ရှားဟန် အရိပ်အမြွက် ဖြစ်ပေါ်ကာ နည်းနည်း အလျင်စလိုဟန်ဖြင့် ပြောလာသည်။

ဟန်လိက ခေါင်းညိတ်သည်။ ပုလဲနှင့်‌ ကြေးခွံများသည် ပြန့်ကြဲကြယ်ပင်လယ်များ၏ ရှေးဟောင်းကျင့်ကြံသူများ လေ့ကျင့်လေ့ရှိသော အရေးကြီးသည့် သတင်းအချက်အလက်များကို သိုလှောင်ထားလေ့ ရှိသည်။

ခဏအကြာတွင် ကျင်းချင်သည် ဆက်၍ ပြောလာသည်။

“ကျုပ်မှာ ဒီပုလဲတွေထဲက နှစ်ခု ရှိတယ်။ ဒီနှစ်ခုနဲ့ဆို ပြီးပြည့်စုံတဲ့ မြေပုံတစ်ခု ရနိုင်လိမ့်မယ်။ ဒီပုလဲတွေကို နောက်ထပ် ရောင်းရင်းကျင့်ကြံသူတစ်ယောက်နဲ့အတူ ဆိုင်ငယ်တစ်ခုဆီကနေ ကျုပ် ရှာတွေ့ခဲ့တာ။ အဲ့အချိန်တုန်းက တခြား သာမန်ပုလဲတွေနဲ့အတူ လည်ဆွဲထဲမှာ ဒီပုလဲနှစ်ခုကိုပါ ထည့်ရောင်းခဲ့တာလေ။ ကျုပ်တို့က ပုလဲတစ်ခုစီကို ခွဲယူပြီး တည်နေရာကို အတူတကွ ရှာဖွေကြမယ်လို့ သဘောတူခဲ့ကြတယ်…”

“ခင်ဗျား ပြောပုံအရဆို ဒီမြေပုံထဲမှာ ဖော်ပြထားတဲ့ တည်နေရာကို ခင်ဗျားအနေနဲ့ ရှာတွေ့ပြီးပြီးပေါ့…ဟုတ်တယ်မလား…” ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ စဉ်းစားနေသည့်ဟန်ဖြင့် မေးလိုက်သည်။

“အမှန်ပါပဲ။ ကျုပ်တို့က အဲ့တည်နေရာကို ရှာဖို့ ငါးနှစ်လောက် အချိန်ကုန်ခဲ့ရတယ်။ မကြာသေးခင်ကမှ တွေ့ခဲ့တာ။ ဒါပေမဲ့ ကံဆိုးတာနဲ့ အဲ့တည်နေရာကို ကြီးမားတဲ့အရံအတားတစ်ခုက ပိတ်ဆို့ထားတာပဲ။ ကျုပ်တို့ကလည်း အစီအရင်မန္တာန်တွေနဲ့ ပတ်သတ်ပြီး နည်းနည်းလေးမျှ နားမလည်တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတယ်…”

“ဒါပေမဲ့လို့ ကျုပ်တို့လည်း ပြန်ရောက်တာနဲ့ အဲ့အရံအတားကို ချိုးဖျက်ရာမှာ ကူညီပေးနိုင်မယ့် အစီအရင်မန္တာန်ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေကြားမှာ အစီအရင်မန္တာန်တာအိုအပေါ် လေ့လာတဲ့သူ အရေအတွက်ဟာ နည်းပါးလွန်းတာကို ရောင်းရင်းကျင့်ကြံသူဟန်လည်း သိပါတယ်။ ဒါ့ကြောင့် ကျုပ်က ခင်ဗျားရှိ လာပြီး အရှက်မရှိ အကူအညီ တောင်းရတာပါ။ ရောင်းရင်းဟန်…ကျေးဇူးပြုပြီး စိတ်ချနေပါ။ ခင်ဗျားကသာ ဒီအစီအရင်ကို ချိုးဖျက်နိုင်မယ်ဆို အဲ့ရှေးဟောင်းကျင့်ကြံသူရဲ့ အကြွင်းအကျန်အပျက်အစီးတွေဟာ ဘယ်လို အရာတွေပဲ ဖြစ်နေပါစေ ကျုပ်တို့က အဲ့အကျိုးအမြတ်ရဲ့ တစိတ်အပိုင်းကို ပေးမှာပါ။

ကျင်းချင်သည် ဟန်လိက အနည်းငယ် ချီတုံချတုံ ဖြစ်နေတာကို မြင်သည့်အခါ ကတိတစ်ခု ပေးပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည်။

All Chapters