သဲတောင်
Vol. 30 Ch. 416
ဟန်လိသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ယင်းနောက်မှာ သူက ပြောလိုက်သည်။
“ အစ်ကိုကျင်း…ကျုပ်ကို စဉ်းစားဖို့ အချိန်တစ်ခု ပေးနိုင်မလား။ နောက်နှစ်ရက်နေရင် ကျုပ် ခင်ဗျားကို အဖြေတစ်ခု ပေးမယ်…”
“ရတာပေါ့…ကျေးဇူးပြုပြီး…စဉ်းစားပါဗျ…။ ခင်ဗျား လက်မခံခဲ့ရင် ကျုပ် အနေနဲ့က အစီအရင်မန္တာန်ကျွမ်းကျင်တဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်ယောက်များ ရနိုင်မလားလို့ တချက်လောက် ကြိုးစားရှာကြည့်ရမယ်လေ…”
ကျင်းချောင်သည် နှိုင်းနှိုင်းဆဆ လေသံဖြင့် ပြန်ဖြေသည်။
ခဏလောက် အာလာပသာလပ ပြောပြီးနောက်မှာ သူက ဟန်လိကို တလေးတစား နှုတ်ဆက်ကာ ထွက်ခွာလာသည်။
ဟန်လိသည် နေရာတွင်ရပ်ကာ ကျင်းချောင် အဝေးသို့ ထွက်သွားတာကို စောင့်ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်သည်။
ရှေးဟောင်းကျင့်ကြံသူ အကြွင်းအကျန်အပျက်အစီးသည် ပြန့်ကြဲကြယ်အဖွဲ့အစည်းတွင် တွေ့ရခဲပြီး အတိအကျ မဆိုသာပေ။ ယင်းအကြွင်းအကျန်များထဲ၌ မည်သည့်အရာမျှ မရှိတာလည်း ဖြစ်နိုင်သလို ရှေးဟောင်း ကျင့်ကြံသူများ၏ အသိအမြင်များကိုလည်း သိရနိုင်သည်။ သို့တည်းမဟုတ် အရင်တည်းက ပျောက်ကွယ်သွားပြီ ဖြစ်သော သတ္တုအမယ်များ သို့မဟုတ် မှော်ရတနာများကဲ့သို့ အဖိုးတန်ပစ္စည်းများကိုပါ ရနိုင်ချေ ရှိသည်။
အကျဉ်းချုပ်၍ ဆိုရမူ အကြွင်းအကျန်များထဲ ပစ္စည်းကောင်းတစ်ခုကို တွေ့မတွေ့ကတော့ ရှာဖွေသူ၏ ကံပေါ်သာ မူတည်ပေလိမ့်မည်။ ဟန်လိသည် ရှေးဟောင်းကျင့်ကြံသူတစ်ယောက်၏ အကြွင်းအကျန်အပျက်အစီးများကို ရှာဖွေမည့် ခရီးစဉ်တွင် အမှန်တကယ်တော့ မပါဝင်ချင်ပေ။
ခုလက်ရှိ၌ ပြန့်ကြဲကြယ်ပင်လယ်များတွင် ဖုံးကွယ်ထားသော ဝရုန်းသုန်းကား အခြေအနေများ ရှိနေသည်။ ကောင်းကင်ကြယ်မြို့၏ အပြင်ဘက် မည်သည့်နေရာတွင်မဆို လုံခြုံဘေးကင်းမှု ရှိမနေချေ။ ထို့အပြင် ဟန်လိသည် သူ၏ ဝါးတိမ်တိုက်ဓားများကို အချိန်ကြာကြာ မမွန်းမံရသေးပေ။ ထို့ကြောင့် သူက ၎င်းတို့၏ ခွန်အားအပေါ် များစွာ မှီခို၍ မရလေပေ။
သို့ဖြစ်၍ သူသည် သည်တစ်ကြိမ်၌ ခရီးထွက်ရမှာကို အမှန်တကယ် ချီတုံချတုံ ဖြစ်နေပေသည်။ တခြားတစ်ယောက်ယောက်ကသာ သူ့ကို ထိုသို့ မေးလာခဲ့ပါက ဟန်လိသည် ငြင်းဆန်ပြီး ဖြစ်နေပေလိမ့်မည်။ သို့သော် သူ့အတွက် ကံဆိုးသည်မှာ ထိုသို့ မေးလာခဲ့သူမှာ သူနှင့် ဆက်ဆံရေးကောင်းသော ကျင်းချောင် ဖြစ်နေသည်။ ကျင်းချောင်က ဟန်လိကို ပထမဆုံး တွေ့ဖူးချိန်မှာတည်းက ကျင့်ကြံမှုနှင့် ပတ်သတ်ပြီး ညွှန်ကြားမှု တချို့တလေ ပေးခဲ့ဖူးသည်။ သို့ဖြစ်၍ ဟန်လိမှာ ငြင်းရမှာကို အားနာနေပေသည်။
အတော်လေး ကြာသည့်အထိ ရပ်၍ စဉ်းစားနေပြီးနောက်မှာ ဟန်လိသည် တဖြည်းဖြည်း ခေါင်းမော့ကာ ပေါ့ပေါ့ပါးပါး သက်ပြင်းချမိ၏။
“ငါ့မှာ နှစ်ရက် အချိန်ရသေးတာပဲ။ ဒီကိစ္စကို ထပ်စဉ်းစားကြည့်တာပေါ့…”
ထိုသို့ဖြင့် ဟန်လိသည် သည်ကိစ္စကို လက်လွှတ်၏။ တဖက်သို့ ခပ်သွက်သွက်လွှတ်ကာ သူ့လှိုဏ်ဂူထဲ ပြန်ဝင်လာတော့သည်။
နှစ်ရက်ကြာပြီးနောက်မှာ ကျင်းချောင်က သူ့လှိုဏ်ဂူအပြင်ဘက်သို့ ထပ်ရောက်လာခဲ့ပြီ။ ဟန်လိသည် သူတို့နှစ်ယောက်ကြား ပတ်သတ်မှုကြောင့် သဘောတူရန် ဆုံးဖြတ်ခဲ့၏။ ရှေးဟောင်းကျင့်ကြံသူ အကြွင်းအကျန်များနှင့် ပတ်သတ်၍လည်း သူက မသိမသာ စိတ်လှုပ်ရှားမှုတော့ ရှိ၏။ ၎င်းအကြွင်းအကျန်များထဲ၌ မည်သည့် ပစ္စည်းများကို တွေ့ရမလဲဆိုတာကိုတော့ မည်သူက သိလေမည်နည်း။
ကျင်းချောင်သည် ဟန်လိက သဘောတူသည့်အခါ ပျော်ရွှင်သွားပြီး ဟန်လိ၊ ဝိညာဉ်သေတို့နှင့်အတူ ကောင်းကင်ကြယ်မြို့ကနေ ထွက်ခွာလာတော့သည်။ သူတို့က ရှေးဟောင်းကျင့်ကြံသူအကြွင်းအကျန်များထံ ဦးတည်လာခဲ့ကြသည်။
အနီးအနားရှိ အကင်းပါးသော ကျင့်ကြံသူများသည် ဝိညာဉ်သေမှာ ဟန်လိ၏ ကိုယ်ပွားမှန်း သိထားပြီး ဖြစ်ကြ၏။ သို့ဖြစ်၍ ကျင်းချောင်သည် ဝိညာဉ်သေပါ ပါလာသည့်အပေါ် အံ့အားတသင့် မဖြစ်နေပေ။
နှစ်လကြာပြီးနောက် ဟန်လိနှင့် တခြားသူများသည် ပြန့်ကြဲကြယ်ပင်လယ်များ၏ လူသူကင်းမဲ့သော နေရာဒေသတစ်ခုကို ဖြတ်၍ ပျံသန်းလာသည်။ ကျင်းချောင်၏ အပြောအရ သူတို့သည် သူတို့၏ ပန်းတိုင်နေရာထံ ရောက်ဖို့ သိပ်မဝေးတော့ချေ။ မျှော်လင့်ထားသည့်အတိုင်းပင် နေ့တဝက်နီးပါး ပျံသန်းလာခဲ့ပြီးနောက် သူတို့၏ အမြင်အာရုံတွင် ကျွန်းကြီးတစ်ခု ပေါ်လာလေ၏။
ထိုကျွန်းသည် ကီလိုမီတာငါးရာကျော်လောက် အချင်းရှိ၏။ ကျွန်း၏ အများစုကို တောင်ကုန်း၊တောင်တန်းများက ဖုံးလွှမ်းထားသည်။
ဟန်လိသည် ကျွန်းထံသို့ ငုံ့ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
“ဒီကျွန်းလား…”
“အမှန်ပါပဲ။ မြေပုံအတိုင်း လိုက်ခဲ့တာ ကျုပ်တို့ ဒီကျွန်းကို တွေ့ခဲ့တာပဲ။ ဒီကျွန်း အနီးဝန်းကျင်မှာလည်း သေမျိုးတွေ မရှိကြဘူး။ အနီးအနားမှာ စိတ်ဝိညာဉ်သွေးကြောတွေ မရှိတဲ့အပြင် ဘာအကြောင်းရင်းကြောင့်လည်း မသိရပေမယ့် ဒီကျွန်းပေါ်မှာ ပေါက်ရောက်တဲ့ သစ်ပင်တွေလည်း မရှိကြဘူး…”
ကျင်းချောင်သည် စဉ်းစားမရဟန် အရိပ်အမြွက်ဖြင့် ရှင်းပြလာသည်။
ဟန်လိသည် အနည်းငယ် အံ့အားသင့်သွားပြီး ခဏအကြာ စဉ်းစားသည်။ ထို့နောက်တွင် သူက ပြုံး၍ မေးသည်။
“ဒါက ကောင်းတဲ့ လက္ခဏာပဲလေ။ ဒီကျွန်းပေါ်မှာက ပိုပြီး သာမန်မဟုတ်လေ ရှေးဟောင်းကျင့်ကြံသူအကြွင်းအကျန်တစ်ခု အမှန်တကယ်ရှိဖို့ များလေပဲ…”
“ဟားဟား…ကျုပ်တို့နဲ့ အတွေးတူနေပြီ…” ကျင်းချောင်သည် ကျေနပ်စွာဖြင့် ပြောသည်။
ဟန်လိက မသိမသာ ပြုံး၏။ ဘေးပတ်လည်သို့ တချက်ကြည့်ပြီးနောက်မှာ သူက မေးလိုက်သည်။
“ခင်ဗျားက ဒီဧရိယာကို ခြုံလွှမ်းထားတဲ့ အစီအရင်မန္တာန်တစ်ခု ရှိတယ်လို့ ပြောခဲ့တယ်နော်။ အဲ့နေရာက ဘယ်မှာများလဲ…”
“ကျွန်းအရှေ့ဘက် ငါးဆယ်ကီလိုမီတာလောက်အကွာမှာ သဲထူတဲ့ တောင်ကြီးတစ်ခု ရှိတယ်။ ဒီတောင်ရဲ့ ဘေးဘက်ခြမ်းတွေထဲက တစ်ခုကို အစီအရင်မန္တာန်နဲ့ ချိပ်ပိတ်ထားတာပဲ…”
ကျင်းချောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလေ၏။
ဟန်လိသည် ပြုံး၍ ပြောလိုက်သည်။
“သွားကြစို့။ ခင်ဗျားရဲ့ အဖော်လည်း ရောက်နှင့်နေပြီး အဲ့အစီအရင်မန္တာန်ကို ဖြေရှင်းပြီးတာတောင် ဖြစ်ချင်ဖြစ်နေနိုင်တယ်…”
“ဟားဟား…အမှန်တိုင်း ပြောရရင်တော့ အဲ့လိုဆိုလည်း ကောင်းတာပေါ့ဗျာ။ ဒုက္ခနည်းသွားတာပေါ့။ အများဆုံးမှ သူတို့လည်း အကြွင်းအကျန်တွေထဲက ရတနာပမာဏ အစိတ်အပိုင်းများများကို ပိုရသွားရုံပဲ ရှိမှာပါ…”
ကျင်းချောင်က သူ့မေးစေ့ကို ပွတ်၍ အရှက်ရသည့်ဟန်ဖြင့် ပြောသည်။ ဟန်လိက သူ၏ အမူဟန်ပန်ကို မြင်သည့်အခါ ရယ်မိလေ၏။
သူတို့နှစ်ယောက်သည် စနောက်နေကြတာသာ။ ရှေးဟောင်းကျင့်ကြံသူများ၏ အစီအရင်များသည် တစ်လ သို့မဟုတ် နှစ်လလောက်အတွင်း အလွယ်တကူ ချိုးဖျက်နိုင်သော အရာများ မဟုတ်မှန်း လူတိုင်း သိကြသည်။
“သွားကြစို့…ရောင်းရင်းဟန်…။ ကျုပ်တို့ သူတို့ကို မစောင့်တာ ပိုကောင်းမယ်…”
ကျင်းချောင်သည် ဟန်လိကို ထိုသို့ ပြောကာ မိုးပြာဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပျံသန်းထွက်သည်။ ဟန်လိသည် ခပ်ရေးရေး ပြုံး၍ ဝိညာဉ်သေနှင့်အတူ သူတို့၏ မှော်ရတနာများအပေါ် တက်နင်းကာ လိုက်ပါလာသည်။
အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်သူအဖို့ ကီလိုမီတာငါးဆယ်အကွာသည် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သော အကွာအဝေးမျှသာ။
ကြီးမားသော အဝါရောင်တောင်တစ်လုံးသည် ဟန်လိ၏ အမြင်တွင် ပေါ်လာသည်။ ၎င်းတောင်မှာ သုံးကီလိုမီတာလောက် အမြင့်ရှိကာ အဝါရောင်သဲတို့ဖြင့် ဖုံးလွှမ်းထားသည်။ အစိမ်းရောင် အငွေ့အသက်ဟူ၍ တစိုးတစိမျှ ရှိမနေပေ။ ကြည့်မိသူအဖို့ကို တမျိုးတမည် ဖြစ်စေနိုင်သည်။
သူတို့သည် ထိုတောင်ထံသို့ ပို၍ နီးကပ်စွာ ပျံသန်းလာကြစဉ် မုန်တိုင်းလေပွေတစ်ခုက ရုတ်တရက် တိုက်ခတ်ကာ သဲများနှင့် ကျောက်စရစ်ခဲများကို လွင့်စင်စေသည်။ ကောင်းကင်ထက်တွင် သဲလေပွေများ ထသွား၏။
ထိုမုန်တိုင်းက အနီးဝန်းကျင်ဧရိယာကို ချက်ခြင်းပင် နက်မှောင်သွားစေသည်။ အကြောင်းကား သိပ်သည်းလှသော သဲအလွှာတို့က အလင်းရောင်ကို ပိတ်ဆို့သွားသောကြောင့်ပင်။
ဟန်လိနှင့် တခြားသူများသည် ထိုသဲမုန်တိုင်းနှင့် ပတ်သတ်ပြီး စိုးရိမ်စိတ် ရှိမနေပေ။ တောက်ပသောအလင်း လင်းလက်မှုနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များသည် အလင်းလွှာတစ်ခုနှင့် ဖုံးလွှမ်းသွားလေသည်။ သူတို့သည် ရှေ့သို့ ဖြေးဖြေးမှန်မှန် ပျံသန်းလာကြသည်။
သဲမုန်တိုင်းထဲ ငါးကီလိုမီတာလောက်ထိ ပျံသန်းလာပြီးနောက်မှာတော့ ၎င်းသဲမုန်တိုင်းသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူတို့သည် သဲတောင်၏ အခြေသို့ လွယ်လင့်တကူ ရောက်လာကြသည်။
ထို့နောက်တွင် ကျင်းချင်သည် ဟန်လိနှင့်အတူ ထိုတောင်ကို ပတ်၍ ပျံသန်းလာပြီး သူတို့သည် တဖြည်းဖြည်းဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်သားအဆောက်အဦ သုံးလေးခုနားသို့ ရောက်လာသည်။ ထိုအဆောက်အဦတို့ကို ကျောက်သားအသွင်ပြောင်းခြင်းပညာရပ်တစ်ခုကို အသုံးပြု၍ တည်ဆောက်ထားတာ ဖြစ်သည်။ ထိုအဆောက်အဦအားလုံးသည် တူညီသော ကြောက်မက်ဖွယ်မီးခိုးရောင်ဖြင့် ဝန်းရံလို့ထားသည်။
မည်သူမျှ မဆင်းသက်ခင် ထိုအဆောက်အဦများထဲမှ တစ်ခုသည် ပွင့်ဟလာကာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် လှမ်းထွက်လာသည်။ ထိုအမျိုးသားနှစ်ယောက်မှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများ ဖြစ်ကာ အမျိုးသမီးကမူ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပင်။
“တာအိုရောင်းရင်းကျင်း…ခင်ဗျား ရောက်လာပြီပဲ။ အချိန်မှန်သားပဲဗျ။ ကျုပ်တို့လည်း ရောက်တာ မကြာသေးဘူး…”
ထိုသုံးယောက်ရှိ အလယ်မှ ကျင့်ကြံသူသည် အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်ပင်။ သူက ကျင်းချင်ကို လှမ်းမြင်သည်နှင့် တရင်းတနှီး လှမ်းပြောလိုက်သည်။
“တာအိုရောင်းရင်းဟူက ထင်ထားတဲ့အတိုင်းပဲ စောရောက်နေတာပဲ။ ကျုပ်ကတော့ ကောင်းကင်ကြယ်မြို့ကို ပြန်ပြီး တာအိုရောင်းရင်းဟန်ကို ခေါ်လာခဲ့ပါတယ်…”
ကျင်းချင်က ပြန်ဖြေသည်။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက အတော်လေး ကောင်းမွန်ပုံ ရသည်။
“တာအိုရောင်းရင်းဟန်လား…” လူငယ်ကျင့်ကြံသူ၏ အကြည့်က ဟန်လိထံ ရောက်လိုက်၊ ဝိညာဉ်သေထံ ရောက်လိုက် ဖြစ်သွားသည်။
“ကျုပ်က ဟန်လိပါ။ သူကတော့ ကျုပ်ရဲ့ စီနီယာအစ်ကို ဝိညာဉ်သေပါ…”
ဟန်လိသည် လူငယ်ထံ လက်နှစ်ဖက်ဆုပ်ပြီး ပြုံး၍ ပြောသည်။ သည်ကိုလာခဲ့သည့် ခရီးစဉ်၌ ဟန်လိသည် ဝိညာဉ်သေမှာ သူ့ကိုယ်ပွား ဟူသည့် အချက်ကို ဖုံးကွယ်ထားတာက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ကျင်းချင်နှင့် သဘောတူညီမှု ရှိခဲ့ကြသည်။
ဟန်လိသည် ထိုကျင့်ကြံသူဟူမှာ ငယ်ရွယ်ပုံ ပေါက်သော်လည်း သူ့မျက်လုံးထောင့်များတွင်မူ အရေးအကြောင်းများ ရှိနေတာကို တွေ့မိသည်။ ကျင့်ကြံသူဟူ၏ အသက်မှာ အတော်လေး ကြီးနေပုံ ရသော်လည်း သူက သူ့ရုပ်သွင်ကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်ပုံ ရသည်။ သူသည် ကျင်းချင်နှင့်အတူ ပုလဲနှစ်ခုကို ရှာတွေ့ခဲ့သူ ဖြစ်ပုံရ၏။
“ကျုပ်က ဟုယွဲ့ပါ။ ကျုပ်က ခင်ဗျားတို့ နှစ်ယောက်ကို ပထမဆုံးအကြိမ် ခုမှ မြင်ဖူးတယ် ဆိုပေမယ့် အနာဂတ်မှာ ကျုပ်တို့ချင်း အတွေးအမြင်တွေ ဖလှယ်ရဖို့ မျှော်လင့်မိပါတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းနိုင်တဲ့ လေလွင့်ကျင့်ကြံသူ အရေအတွက်ဟာ နည်းလွန်းပါတယ်…”
ဟူယွဲ့သည် အတော်လေး ပြောဆိုဆက်ဆံရေး ကောင်းသည့်ပုံပင်။ စကားအနည်းငယ်ဖြင့် ဟန်လိသည် သူ့အပေါ် နည်းနည်းတော့ အထင်တကြီး ဖြစ်မိရသည်။ ယင်းနောက်မှာ သူက တခြားနှစ်ယောက်နှင့် ဟန်လိကို မိတ်ဆက်ပေးသည်။
“သူတို့က နတ်သမီးရှီသဲနဲ့ အစ်ကိုကျန်တို့ပါ။ နတ်သမီးရှီကတော့ လနီကျွန်းရဲ့ ကျော်ကြားတဲ့ အစီအရင်မန္တာန်ပညာရှင်တစ်ယောက်ပါ။ သူမနဲ့အတူ တာအိုရောင်းရင်းဟန်ပါ ရှိနေပြီဆိုတော့ ကျုပ်တို့က ဒီအစီအရင်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်မှု ရှိနေတယ်။ အစ်ကိုကျန်ကလည်း အမြုတေဖွဲ့စည်းခြင်း အလယ်အဆင့်တစ်ယောက်ဆိုတော့ ဒီအစီအရင်ကို ချိုးဖျက်တဲ့အချိန်မှာ အတော်လေး အသုံးဝင်မှာပါ…”
ဟူယွဲ့သည် သူတို့ကို ပြုံး၍ မိတ်ဆက်ပေးသည်။
“အရင်ဆုံး ကျမတို့ အရေးကြီးတဲ့ ကိစ္စကိုပဲ လုပ်ကြရအောင်၊ ကျမက ဒီကို ရောက်လာတာဟာ အစီအရင်ကို ချိုးဖျက်ဖို့အတွက် ကူညီပေးဖို့ပဲ။ မှော်အစီအရင်ချိုးဖျက်ပြီးတဲ့နောက် အန္တရာယ်တစ်ခုခုပေါ်လာခဲ့ရင် ကျမက ဘာမှ လုပ်ဆောင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျမဟာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါ့အပြင် ဘာအကျိုးအမြတ်ပဲ ပေါ်လာပေါ်လာ ကျမအနေနဲ့ အရင်ဆုံး ယူဆောင်ပါမယ်…”
ရှီသဲအမည်ရ အမျိုးသမီးကျင့်ကြံသူသည် သာမန်ရုပ်သွင်သာ ရှိသည်။ သို့သော်ငြားလည်း သူမ၏ အမူဟန်ပန်က အလျင်လိုနေကာ သူမ၏ စကားများထဲ၌လည်း အားနာသည့် အရိပ်အယောင် လုံးဝ ရှိမနေပေ။ သူမ၏ စကားများကြောင့် တခြားသူများသည် များစွာ အံ့အားတသင့် ဖြစ်သွားရလေသည်။
“လနီကျွန်း…။ ရောင်းရင်းရှီဟာ လနီကျွန်းရဲ့ တာအိုသခင်ရှီနဲ့ ပတ်သတ်မှုတချို့ ရှိနေတာများလား…”
ကျင်းချင်သည် တွေတွေဝေဝေဟန်အမူအရာဖြင့် မေးလိုက်သည်။
ကျင်းချင်ကို တချက်ကြည့်လိုက်ပြီးနောက် သူမက မထူးခြားနားဟန်ဖြင့် တုန့်ပြန်သည်။
“သူက ကျမအဖေပါ…”
“ဟားဟား…၊ ဒီလိုဆိုမှတော့ ကျုပ်တို့က ခင်ဗျား တောင်းဆိုတဲ့ အခြေအနေတွေကို သဘာတူပါတယ်…”
သူမ၏ တုန့်ပြန်မှုအဖြေကို ကြားသည့်နောက်မှာ ကျင်းချင်သည် ထိုသို့ ချက်ခြင်း တုန့်ပြန်သည်။ သို့အတွက် ဟန်လိမှာ အံ့အားသင့်ထိတ်လန့်သွားမိသည်။
ထို့နောက်တွင်တော့ ဟန်လိသည် ကျင်းချင် အသံပို့လွှတ်တာကို ကြားရသည်။
“ရောင်းရင်းဟန်…တာအိုသခင်ရှီက ဟိုးလွန်ခဲ့တဲ့တချိန်တုန်းက ကျုပ်ကို အများကြီး ကောင်းပေးခဲ့ဖူးတယ်။ ရောင်းရင်းဟန် အနေနဲ့ ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”
ဟန်လိသည် တိတ်ဆိတ်၍သာနေပြီး ကျင်းချင်ထံသို့ ပြုံးပြသည်။
(ရှီးသဲ ဟူသည့် အဓိပ္ပာယ်မှာ ကျောက်လိပ်ပြာဟူ၍ပင်။)