အစီအရင်တစ်ခုကို အသုံးပြုပြီး နောက်တစ်ခုကို ချိုးဖျက်ခြင်း
Vol. 30 Ch. 417
“ဒီလိုဆိုရင်ကော။ အစ်ကိုဟန်နဲ့ နတ်သမီးရှီတို့က အစီအရင်ကို ချိုးဖျက်မယ်ဆို သူတို့နှစ်ယောက်ကို အရင်ဆုံး ရွေးချယ်ခိုင်းမယ်လေ။ ပြီးမှ ကျုပ်တို့က ကျန်တဲ့ အကျိုးအမြတ်တွေကို ခွဲဝေကြတာပေါ့…”
ဟုယွဲ့က အနည်းငယ် အရှက်ရဟန်ဖြင့် ခပ်သွက်သွက် ဝင်ပြောလာသည်။
ကျန်းဟူသည် ပိန်ပိန်ပါးပါးနှင့် ကျင့်ကြံသူတစ်ယောက်ကမူ ဘေးတွင် ရပ်ကာ ငြိမ်သက်နေပေသည်။ ဟန်လိအတွက် ထိုသူသည် တမျိုးတမည် ဆန်းပြားနေ၏။
“တာအိုရောင်းရင်းဟု…အစ်ကိုဟန်နဲ့ နတ်သမီးရှီတို့ကို အစီအရင်ဆီ အရင်ဆုံး ခေါ်သွားပြပြီး အဲ့အစီအရင်ကို ချိုးဖျက်နိုင်၊ မချိုးဖျက်နိုင် ကြည့်ကြည့်ခိုင်းရင် ပိုမကောင်းဘူးလား။ ပြီးမှ ဝေခြမ်းရေးကို လုပ်ကြမယ်လေ။ သူတို့က ဒီအစီအရင်ကို မချိုးဖျက်နိုင်ခဲ့ရင် ကျုပ်တို့ ခုပြောနေတာတွေက အလကားပဲ…”
ကျင်းချင်သည် ပြုံးယောင်သမ်း၍ ထိုသို့ ပြောလာသည်။
ဟုယွဲ့သည် သူ့ခေါင်းကိုယ်သူ ပုတ်ကာ သဘောတူသည်။
“အမှန်ပဲ။ ဒီမန္တာန်အစီအရင်က အတော်လေး ထူးခြားတယ်။ တာအိုရောင်းရင်းကျင်းနဲ့ ကျုပ်တို့က တနေကုန် ဒီအစီအရင်ကို ထိုးနှက်တိုက်ခိုက်ခဲ့ဖူးတယ်။ ရလဒ်ကတော့ ကျုပ်တို့ရဲ့ မှော်စွမ်းအားတွေကသာ အချည်းနှီး ဖြစ်သွားခဲ့ပြီး ဒီအစီအရင်မန္တာန်ကို နည်းနည်းလေးမှ မထိခိုက်စေနိုင်ခဲ့တာပဲ…”
တခြားသူများကလည်း သဘောတူကြသည်။ ထိုသို့ဖြင့် သူတို့သည် သဲတောင်၏ အနောက်ဘက်ထံ ဦးတည် ပျံသန်းလာကာ မထင်မရှား တောင်လျှောတစ်ခုနားတွင် ရပ်ကြသည်။
“ကျေးဇူးပြုပြီး တချက်လောက် ကြည့်ပေးပါ။ ဒီအဝါရောင်မြူတွေနဲ့ ဖုံးနေတဲ့ ဧရိယာဟာ မန္တာန်အစီအရင်တည်ရှိတဲ့ နေရာပါပဲ…”
ဟုယွဲ့က လေထဲတွင် အလေးအနက်ဟန်ပန်ဖြင့် ရပ်ကာ အောက်ဘက်ရှိ တောင်လျှောတစ်ခုထံသို့ လက်ညွှန်သည်။
တကယ်တော့ တခြားသူများသည်လည်း သူ ထိုသို့ လက်ညွှန်ပြစရာ မလိုဘဲ ထိုနေရာက ထူးခြားနေတာကို မြင်ကြပေသည်။ ယင်းနေရာ၌ သိပ်သည်းထူထဲလှသော အဝါရောင်မြူတို့က သားရဲကောင်ကြီးတစ်ကောင် သားကောင်ကို စောင့်ဖမ်းဖို့ ချောင်းနေသည့်ဟန်ဖြင့် ရှိနေသည် မဟုတ်လား။ ဤသည်က သူတို့ကို တမျိုးတမည် ထူးခြားသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
“အင်း…ကြည့်ရတာ ဒါက မြေဓာတ်နဲ့ လေဓာတ်နှစ်ခုတွဲ အစီအရင်မန္တာန် ဖြစ်ပုံပဲ။ စိတ်ဝင်စားဖို့ ကောင်းတယ်…”
ထိုအစီအရင်မန္တာန်၏ ပုံပန်းအသွင်ကို မြင်သည့်အခါ နတ်သမီးရှိသဲ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာသည်။
ဟန်လိသည် သူမ၏ စကားကို ကြားသည့်အခါ သူမထံသို့ လှမ်းကြည့်မိသည်။ ထို့နောက်တွင် သူ့အကြည့်က အစီအရင်မန္တာန်ထံသို့ ပြန်ကျရောက်သွားသည်။ ခဏအကြာ သူ့အမူအရာသည် အလေးအနက် ဖြစ်လာသည်။ ထိုအစီအရင်မန္တာန်သည် သည်အမျိုးသမီး ပြောသကဲ့သို့ လေနှင့်မြေဓာတ်နှစ်ခုတွဲ အစီအရင် ဖြစ်နေတာကတော့ အမှန်ပင်။
ခုလက်ရှိ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းကို ချိုးဖျက်နိုင်ရန်မှာ အတော်လေး အခက်တွေ့နိုင်ပေသည်။ ထိုအခိုက်တွင် ရှီသဲက အစီအရင်မန္တာန်၏ အစွန်းထံ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ထူးခြားသော မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
သူမက စက်ဝန်းပြားအသွင် ၎င်းမှော်ပစ္စည်းကို ဝင့်၍ အဝါရောင်မြူထုထံ ညွှန်လိုက်၏။ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ထိုးထွက်သွားသည်။ ထို့နောက်တွင်မူ ၎င်းအစိမ်းရောင်အလင်းသည် အစီအရင်ထဲမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ရှီသဲသည် မျက်မှောင်ကြုတ်သွားကာ နီရဲရဲသလင်းလုံးတစ်ခုကို ထုတ်ယူပြီး ၎င်းကို သူမ၏ လက်နှင့် လေးငါးကြိမ်လောက် ပွတ်သပ်ကာ အဝါရောင်မြူထံသို့ စေလွှတ်လိုက်ပြန်သည်။ သို့သော် အနီရောင်အလင်း လေးငါးကြိမ်လောက် ဖြာထွက်သွားပြီးနောက်မှာ ထိုသလင်းလုံးသည်လည်း သိပ်သည်းသော အဝါရောင်မြူထဲမှာ ပျောက်ကွယ်သွားပြန်သည်။
သည်အခါတွင်တော့ သူမ၏ အသားအရေမှာ မသိမသာ နီမြန်းလာသည်။ ပူပန်ဟန် အရိပ်အယောင် မသိမသာ ပေါ်လာသည်။ သူမက နောက်ထပ် မတူညီသော မှော်ပစ္စည်းရှစ်ခုဖြင့် အစီအရင်မန္တာန်ကို ဆက်တိုက် စမ်းသပ်ပြန်သည်။ သို့သော် မြူဧရိယာကို ဖြတ်၍ တောက်ပလင်းထိန်သွားသော အဝါရောင်ကြေးမုံတချပ်ကလွဲ၍ တခြားသော မှော်ပစ္စည်းများမှာ မည်သည့် သက်ရောက်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။
ထိုသည်ကို မြင်သည့်အခါ ကျန်သည့်သူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့က အမျိုးသမီးထံသို့ ပျံသန်းလာကြသည်။ ခဏလောက် လေ့လာကြာပြီးနောက်မှာတော့ ဟန်လိသည် ထိုအမျိုးသမီးက မှော်ပစ္စည်းများ ဆက်တိုက်စေလွှတ်၍ သက်ပြင်းချနေတာကို မြင်သည်။ သူက ကောင်းကောင်းမွန်မွန် မေးလိုက်သည်။
“နတ်သမီးရှီ…ကျုပ်ကို တချက်လောက် စမ်းကြည့်ခွင့် ပြုပါလား…”
“ဟက်…တာအိုရောင်းရင်းမှာ လှည့်ကွက်တွေ ရှိတယ်ဆိုလည်း ချက်ခြင်း အသုံးပြုနိုင်ပါတယ်။ မတွေဝေနေပါနဲ့။ ဒီအမျိုးသမီးငယ်က ရှင့်ကို မတားပါဘူး…”
သူမ၏ လေသံအရ သူမသည် စိတ်ကသိကအောက် ဖြစ်နေပုံ ပေါ်သည်။ ဟန်လိသည်လည်း နည်းနည်းတော့ စိတ်ရှုပ်သွား၏။ သို့သော် သူက တည်ငြိမ်သော ဟန်ပန်ကို ထိန်းထားနိုင်တုန်းသာ။ သူမကို အာရုံစိုက်မနေတော့ဘဲ ဟန်လိက သူ့သိုလှောင်အိတ်ကို ပုတ်၍ အရောင်မျိုးစုံရှိသော အလံငယ်ဆယ့်နှစ်ခုကို ထုတ်ယူသည်။ ယင်းအလံများက ဟန်လိ ဘေးပတ်လည်တွင် ဝန်းရံကာ သူ့အား ဖြည်းဖြည်းချင်း လှည့်ပတ်သည်။
“အစီအရင်အလံတွေ…” ထိုအလံငယ်များ ပေါ်လာသည်ကို မြင်သည့်အခါ ကျင်းချင်က ၎င်းတို့၏ အမည်ကို အော်ပြောမိသည်။ တခြားသူများမှာလည်း အံ့ဩတကြီး ဖြစ်ကုန်ကြသည်။ သူတို့သည် ဟန်လိက ထိုအစီအရင်အပေါ် မည်သို့ လုပ်ဖို့ စိတ်ကူးရှိနေသလဲကို မသိဘဲ ရှိသည်။
ဟန်လိသည် ထိုသူတို့၏ အံ့အားတသင့် ဖြစ်သွားသော အမူအရာများကို အာရုံစိုက်မနေ။ သူက အစီအရင်အလံများထံသို့သာ လက်ညွှန်သည်။ ယင်းနောက်တွင် အစီအရင်အလံများသည် အဝါရောင်မြူ၏ အထက်သို့ တောက်ပလင်းထင်းစွာ ပျံသန်းလာသည်။ ၎င်းတို့က မြူအထက်တွင် ခုနစ်စင်ကြယ်အသွင်သဏ္ဌာန်ဖြင့် ဝိုးတဝါး လွင့်မြောလေသည်။
“ခုနစ်စင်ကြယ်ကောင်းကင်မြေကြီး အစီအရင်…” ရှီသဲသည် အလံများ၏ အခင်းအကျင်းပုံစံကြောင့် အစီအရင်ကို သိရှိသွားပေသည်။ သူမက နည်းနည်းတော့ အံ့အားသင့်မိသွားသည်။
သူမက ထိုသို့ ပြောပြီးနောက်မှာ အစီအရင်အလံများသည် ရုတ်တရက် တိုးညင်သော အသံများ စမြည်လာသည်။ ယင်းနောက်တွင် ၎င်းအလံများထံမှ အလင်းတန်းတစ်ခုစီ ထိုးထွက်ကာ အတူတကွ ချိတ်ဆက်ပေါင်းစည်းပြီး ထူထဲသော အလင်းတိုင်လုံးတစ်ခုသည် အဝါရောင်မြူထံ နိမ့်ဆင်းကျလာသည်။ တအောင့်အကြာတွင် ၎င်းသည် လုံးဝ ပျောက်ကွယ်သွားသည်။ တခြားသူများ၏အကြည့်မှာ အဝါရောင်မြူထံသို့ ရောက်နေသည်။ သို့သော် သူတို့က မည်သည့်ထူးခြားတာကိုမျှ မမြင်ရချေ။
“အစ်ကိုဟန်…ဒါက…” ကျင်းချင်သည် သံသယတချို့ဖြင့် လှမ်းမေးမည့်ဟန် ပြင်စဉ် အဖြစ်အပျက်တစ်ခုက သူ့စကားကို နှောက်ယှက်သွားလေသည်။
မူလတုန်းက ဘာသက်ရောက်မှု မခံရသော မြူထုသည် ရုတ်တရက် တစီစီအသံများကို ထုတ်လွှတ်လာသည်။ ရေများဆူပွက်လာသည့်နှယ် အသံမျိုးတည်း။ ထိုမြူထုသည် စတင် ရစ်ခွေလာ၏။ ရုတ်တရက် မြူများသည် အသက်ဝင်လာသည့်အလား။ ထိုအခိုက်တွင် ဟန်လိ၏ မျက်လုံးတို့မှာ အရောင်တောက်နေသည်။ သူက မှော်ချိပ်ဟန်များကို လွင့်မြောနေသော အစီအရင်အလံများထံသို့ ပစ်လွှတ်သည်။
များမကြာမီ အစီအရင်အလံများသည် ရောင်စုံအလင်းတန်းများကို ဆက်တိုက် ထုတ်လွှတ်လေတော့သည်။ ခဏအကြာမှာ နောက်ထပ် အံ့ဩစရာမြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။
တလိမ့်လိမ့် ဖြစ်နေသော အဝါရောင်မြူများက စတင် မြင့်တက်လာကာ လှိုင်းဂယက်များထပြီး မရေမတွက်နိုင်သော ပဲစေ့အရွယ်ခန့် အငေါ်အစွန်းများစွာ စတင် ဖွဲ့စည်းလာသည်။ အချိန်နှင့်အမျှ ထိုအငေါ်အစွန်းများသည် ပို၍ ကြီးလာသည်။ ရှည်လာသည်။ မြူအတွင်းမှ မွန်းစတားတစ်ကောင် ပျံသန်းထွက်လာတော့မည့်အလား။
တခြားသူများကလည်း ဤသည်ကို မြင်သည့်အခါ သူတို့သည် ပင့်သက်ရှိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိကုန်သည်။ နတ်သမီးရှီသည် နောက်ဘက် မီတာလေးဆယ်လောက်ထိ ဆုတ်လာသည်။
ဘန်း…ဘန်း…
အဝါရောင်မြူထံမှ ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။ ကျင့်ကြံသူများက ကြိုသတိထားနေ၍ တော်သေးသည်။ သူတို့အားလုံးက သူတို့၏ အကာအကွယ်များကို ခပ်မြန်မြန် ထုတ်ဖော်ဖို့ အဆင်သင့်ပင်။ သူတို့က မြူများ ဝေ့ယမ်းလှုပ်ခါနေတာကို မြဲမြံစွာရပ်၍ စောင့်ကြည့်နေကြသည်။
တခြားသူအားလုံးက ထိတ်လန့်နေကြစဉ် နတ်သမီးရှီသဲတစ်ယောက်ကသာ မျှော်လင့်ချက်ဖြင့် ကြည့်လို့နေသည်။ သိပ်သည်းလှသော မြူအတွင်းမှ မည်သည့်အရာမျှ ထိုးထွက်မလာခဲ့ပါ။ ၎င်းမြူများသည် တိမ်စိုင်များကဲ့သို့ လွင့်ကွဲထွက်ကာ ပျောက်ကွယ်သွားပြီး အစီအရင်မန္တာန်တွင်းရှိ အရာအားလုံးမှာ လှစ်ဟပေါ်လာသည်။
ဟုယွဲ့နှင့် တခြားသူများသည် အတော်လေး ကျေနပ်ပျော်ရွှင်သွားကြပြီး ကျင်းချင်သည် ဟန်လိဘေးသို့ အလျင်အမြန် လှမ်းလျှောက်လာကာ တောက်ပစွာ ပြုံး၍ ပြောသည်။
“အစ်ကိုဟန်…ခင်ဗျားမှာ ဒီလောက်မြင့်မားတဲ့ စွမ်းရည် ပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျုပ်ဖြင့် မမျှော်လင့်ထားမိခဲဘူး။ ခင်ဗျားက အစီအရင်တစ်ခုလုံးကို ချိုးဖျက်နိုင်ခဲ့တာလား…”
ထိုအခါတွင် ဟန်လိသည် ခါးသီးစွာ ပြုံး၍ တခြားသူများကို ရှင်းပြသည်။
“အစီအရင်ကို ချိုးဖျက်တာလား။ အစ်ကိုကျင်းကတော့ ရှေးဟောင်းကျင့်ကြံသူ အစီအရင်တွေရဲ့ လေးနက်ခမ်းနားမှုကို အတော်လေး လျှော့တွက်မိနေပြီ။ ကျုပ်က အစီအရင်မန္တာန်ရဲ့ အပေါ်ဆုံးအလွှာကို ဖယ်ရှားပစ်နိုင်ခဲ့ရုံပါ…”
ကျင်းချင်သည် ထိုစကားကို ကြားသည့်အခါ နည်းနည်းတော့ စိတ်ပျက်သွားသည်။ သို့သော် သူ့အပြောကို စောင့်မနေဘဲ ဟုယွဲ့က ရုတ်တရက် အားရဝမ်းသွာဟန်ဖြင့် ဝင်ပြောလာသည်။
“ဟားဟား…ဒါလည်း အဆင်ပြေတာပဲ။ အခု ကျုပ်တို့မှာ ဒီအစီအရင်ကို ချိုးဖျက်နိုင်ဖို့ ယုံကြည်ချက်တချို့ ရှိလာပြီပဲ မဟုတ်လား…”
ကျင်းချင်သည် ခဏ မင်သက်သွားပြီးမှ အနည်းငယ် အရှက်ရဟန်ဖြင့် သဘောတူသည်။
“အမှန်ပါပဲ။ ကျုပ်တို့ ကျင့်ကြံသူတွေမှာ အချိန်က မရှားပါဘူး။ စောစောလေးတုန်းက ကျုပ် နည်းနည်း စိတ်မရှည် ဖြစ်သွားခဲ့မိတယ်…”
ထိုအခိုက်တွင် ရှီသဲ၏ မော်ကြွားဟန်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ သူမက ဟန်လိကို အလေးအနက် ဦးညွှတ်ကာ တလေးတစား ပြောလာသည်။
“ဒီအမျိုးသမီးငယ်က အမှန်တကယ်ပဲ မောက်မာမိခဲ့ပါတယ်။ စီနီယာဟာ အစီအရင်တွေကို ချိုးဖျက်ဖို့ မူလချဉ်းကပ်မှုပုံစံ ဖြစ်တဲ့ အစီအရင်တွေ အသုံးပြုခြင်းဆိုတဲ့အရာကို လုပ်ဆောင်ခဲ့လိမ့်မယ်လို့ ကျမ မထင်ထားမိခဲ့ဘူး။ ဒါက ဂျူနီယာရဲ့ အမြင်ကို ကျယ်စေခဲ့ပါတယ်။ စီနီယာဟန်အနေနဲ့ အစီအရင်မန္တာန်တာအိုနဲ့ ပတ်သတ်ပြီး ကျမကို လမ်းညွှန်မှု တချို့တလေ ပေးဖို့ မျှော်လင့်မိပါတယ်….”
ဟန်လိက အနည်းငယ် အံ့အားသင့်ဟန်ဖြင့် သူမကို ပြန်ကြည့်သည်။ သည်ရုတ်တရက် ဆန်သော အဖြစ်အပျက်က သူ့အပေါ် သူမ၏ အထင်အမြင်ကို များစွာ ပြောင်းလဲသွားစေခဲ့တာ ဖြစ်ရမည်။
“ဒါက အသေးအမွှားပါပဲ။ အမှန်တိုင်း ပြောရရင် ကျုပ်လည်း အစီအရင်မန္တာန်တွေအပေါ် များများစားစား နားလည်သေးတာ မဟုတ်ပါဘူး…”
ဟန်လိသည် တည်ငြိမ်သော ဟန်ပန်ဖြင့် တုန့်ပြန်သည်။
ဤစကားမှာ ဟန်လိသည် အမှန်ကို ပြောတာ ဖြစ်သည်။ ထိုအမျိုးသမီးကသာ သည်အစီအရင်မန္တာန်သည် မြေနှင့်လေဓာတ် နှစ်ခုတွဲ ဓာတ်သဘာဝ အစီအရင်တစ်ခု ဖြစ်ကြောင်းကို မဖော်ထုတ်ခဲ့ပါက ဟန်လိအနေဖြင့် သည်ပုံရိပ်ယောင်အစီအရင်ကို မည်သို့စတင်ချိုးဖျက်ရမှန်း မသိ ဖြစ်နေပေလိမ့်မည်။
ဟန်လိသည် အစီအရင်မန္တာန်များကို လေ့လာခဲ့တာသည် နှစ်ပေါင်းနှစ်ဆယ်မျှသာ။ သို့ဖြစ်၍ သူ့ဗဟုသုတအသိအမြင်သည် အတော်လေး အကန့်အသတ်နှင့် ရှိနေပေသည်။ သူသည် အစီအရင်မန္တာန်အများစု၏ သဘောတရားလောက်ကိုသာ ဖမ်းဆုပ်နိုင်သေးပြီး နက်နက်နဲနဲ နားလည်မှု မရှိသေးပေ။
သူက ခုနစ်ကြယ်စင်ကောင်းကင်မြေ အစီအရင်အလံများကို အသုံးပြု၍ သည်အစီအရင်မန္တာန်ကို ချိုးဖျက်နိုင်ရသည့် အကြောင်းရင်းမှာ အစီအရင်မန္တာန်များနှင့် ပတ်သတ်လျှင် ပါရမီရှင် ဖြစ်သော ရှင်းယုတင်အပေါ် သူ့ယုံကြည်ချက်ကြောင့်ပင်။ ရှင်းယုတင်၏ အတွေ့အကြုံများ၌ သူမသည် မတူညီသော အစီအရင်မန္တာန်များစွာကို ချိုးဖျက်ဖို့အတွက် အသုံးပြုသော ဖြတ်ထိုးဉာဏ်ပါသည့် နည်းလမ်းများလည်း ပါဝင်ပေသည်။
အစီအရင်မန္တာန်အပေါ် နားလည်သဘောပေါက်မှု နက်နက်နဲနဲ မရှိသော်ငြားလည်း ဟန်လိက ကြိုးစားကြည့်ခဲ့တာသာ။ သို့သော် ထိုပညာရပ်မှာ အလွန်ကောင်းမွန်ပြီး တခြားသူများကို တုန်လှုပ်အံ့အား သင့်စေခဲ့ပေသည်။
တခြားသူများသည် ဟန်လိ၏ စကာများက နှိမ့်ချသည်ဟု ယူဆသွားပြီး သူ့အပေါ် လေးစားသမှုဖြင့် ကြည့်မြင်ကြတော့သည်။ ဟန်လိသည် ပြုံးယောင်သမ်း၍သာ တုန့်ပြန်လိုက်ပြီး ဆက်၍ အတင်းအကြပ် ရှင်းပြမနေတော့ပေ။ ထိုအစား သူ့အကြည့်သည် သည်ပုံရိပ်ယောင်အစီအရင်၏ နောက်ကွယ်တွင် ရှိနေသော အစစ်အမှန်အစီအရင်ထံသို့ ကျရောက်သွားသည်။
မြူများ လွင့်ပြယ်သွားပြီးနောက်မှာ မီတာလေးရာလောက်ကို ဖုံးလွှမ်းထားသော မှိန်ဖျော့ဖျော့ အဝါရောင်အလင်းလွှာတစ်ခု ပေါ်လွင်လာ၏။