အစီအရင်ကို ချိုးဖျက်ခြင်း
Vol. 30 Ch. 418
အသစ်ပေါ်လာသော အလင်းအရံအတားသည် ထူထဲပြိး မသိမသာ ဝေဝါးသည်။ ၎င်းမှာ အဝါရောင်မြူများလောက် အမြင်အာရုံကို အဟန့်အတား မဖြစ်သော်လည်း အတွင်းပိုင်းကို ကြည်လင်ပြတ်သားမှု မဖြစ်နေစေတုန်းပင်။
ထို့အပြင် သည်အလင်းအရံအတား၏ အပြင်ဘက်ပိုင်းအပြင် အတွင်းပိုင်း၌ အလွှာများပါ ထပ်ရှိနေပြီး ၎င်း၏ ဗဟိုတည့်တည့်တွင် ဆယ်မီတာလောက် အမြင့်ရှိမည့် လုံးဝန်းသော တိုင်လုံးတစ်ခုပါ ရှိနေသေးသည်။ ၎င်းတိုင်လုံးပေါ်တွင် ရှေးဟောင်းဒီဇိုင်းအကွက်များနှင့် စာသားများ ထွင်းထုထားပုံ ပေါ်သည်။ သို့သော် မည်သူကမျှ ၎င်းတို့ကို ရှင်းလင်းစွာ မမြင်ကြပေ။ အကြောင်းမှာ အလင်းအရံအတားက သူတို့၏ စိတ်ဝိညာဉ်အာရုံများကို ပိတ်ဆို့ထားသောကြောင့်ပင်။
ထိုအလင်းအရံအတားအတွင်း၌ ပို၍ အားကောင်းသော သက်တန်းအလင်းအမျှင်တန်းများ ရစ်ဆိုင်းနေသော တိုင်လုံးတစ်ခုပါ ထပ်ရှိနေသေည်။ ထိုအလင်းအမျှင်တန်းတို့မှာ အသက်ဝင်နေသည့်နှယ် ပုံမှန်ထက် ထူးနေသည်။
ဟန်လိတို့ အုပ်စုသည် ဤသည်ကို မြင်သည့်အခါ အံ့ဩထိတ်လန့်ရ၏။ ဟန်လိ၏ အမူအရာမှာ သုန်မှုန်သွားပြီး အမှုမဲ့အမှတ်မဲ့ဖြင့် သူ့ဟန်ပန်၌ သံသယဖြစ်ဟန် အရိပ်အယောင် ဖြစ်ပေါ်သည်။
သူသည် ရှေးဟောင်းမန္တာန်အစီအရင်များစွာကို မချိုးဖျက်ဖူးသော်လည်း ရှင်းယုယင်၏ မှတ်တမ်းများထဲတွင် ရှေးဟောင်းမန္တာန်အစီအရင်များစွာ၏ အချက်အလက်များ ပါဝင်ပေသည်။ သူ့ရှေ့ရှိ အစီအရင်မန္တာန်၏ အော်ရာနှင့် အသွင်အပြင်သည် ရှေးဟောင်းအစီအရင်မန္တာန်တစ်ခုနှင့် လားလားမျှ ဆင်တူသည့်ပုံ ပေါ်မနေပေ။ ၎င်းထံ၌ မကောင်းဆိုးဝါးချီ အငွေ့အသက်တစ်ခုပင် ရှိနေသေး၏။
စိတ်ထဲ၌ ထိုသို့ တွေးမိနေပြီး ဟန်လိက အနီးအနားရှိ ရှီသဲထံ လှမ်းကြည့်သည်။
သူမက အလွန်သိချင်စိတ်ဖြင့် အစီအရင်ကို စူးစမ်းနေတာကို ဟန်လိ မြင်သည်။ သို့သော် သူမ၏ မျက်နှာထက်တွင်မူ မည်သည့် ထူးခြားမှုမျှ ပေါ်မနေပေ။ အစီအရင်များ၌ များစွာ ယုံကြည်မှု ဆုပ်ကိုင်မထားသော ဟန်လိမှာ သူ၏ အကဲဖြတ်မှုမှာ မှားပြီဟု ထင်၍ သူ့ကိုယ်သူ လှောင်လိုက်မိသည်။
“ဒီနေ့ ကုန်ဆုံးတော့မယ့်ပုံပဲ။ အစ်ကိုဟန်နဲ့ တခြားသူတွေလည်း အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ ကျုပ်တို့ မနက်ဖြန်ကျမှပဲ အစီအရင်ကို ချိုးဖျက်ပြီး အခုတော့ အနားယူကြမလား။ တကယ်တော့ ဒီအစီအရင်က အချိန်တိုအတွင်း ချိုးဖျက်နိုင်မယ့်ပုံလည်း မရဘူးလေ…”
ဟုယွဲ့က စဉ်းစဉ်းစားစားဖြင့် ထိုသို့ ပြောလာသည်။
ဟန်လိသည်လည်း အတန်အသင့် ပင်ပန်းနေပြီ ဖြစ်၍ ဟုယွဲ့၏ အကြံပြုမှုကို ငြင်းမနေတော့ပေ။ နတ်သမီးရှီကတော့ အစီအရင်၏ ဇစ်မြစ်ကို ရှာဖွေစူးစမ်းချင်စိတ် အာသိသ ဆက်ရှိနေပုံ ပေါ်သော်လည်း ဟုယွဲ့၏ စကားကိုတော့ ငြင်းဆန်မှု မပြုပေ။ ဤသို့ဖြင့် သူတို့အုပ်စုသည် ကျောက်သားအဆောက်အဦများထံ ပြန်လာကြသည်။
သည်မှာ ကျောက်သားအဆောက်အဦများက သိပ်များများ ရှိမနေ၍ ဟန်လိနှင့် တခြားသူများသည် မြေကြီး ပြုပြင်ကာ အခန်းများ ဖန်တီးပြီး ၎င်းတို့အပေါ်၌ ကျောက်အသွင်ပြောင်းခြင်း ပညာရပ်ကို အသုံးပြု၍ နေဖို့ထိုင်ဖို့ စီစဉ်သည်။
နောက်နေ့ မနက်ပိုင်းတွင် ဟန်လိနှင့် ရှီသဲတို့သည် အလင်းအရံအတား၏ အပြင်ဘက်သို့ ရောက်လာကာ တွက်ချက်မှုများ၊ စမ်းသပ်မှုများကို စတင်ကြလေသည်။
အစီအရင်ကို ဖျက်စီးနေသည့် ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်နှေးကွေးလှသည်။ အထူးသဖြင့် အစပိုင်းတွင်ပင်။ သူတို့နှစ်ယောက်မှာ မည်သို့ စတင်ရမှန်းမသိ ဖြစ်နေသည်။ သူတို့သည် မကြာဆိုသလို ရှေ့ဆက် မတိုးနိုင်လောက်အောင် အခက်အခဲတချို့ကိုလည်း ကြုံနေရသည်။ ဤသို့ဖြင့် လေးငါးရက်လောက်ထိ ရှိလာခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေ အစီအရင်မန္တာန်သည် အသက်ဝင်နေခဲ့လျှင်ပင် ၎င်းမှာ သက်မဲ့တစ်ခုသာ ဖြစ်သည်။ အစီအရင်မန္တာန်ကို အပြည့်အဝ လေ့လာပြီး သဘောမပေါက်ခင် အချိန်သာ လိုလိမ့်မည်။ ထူးကဲထူးခြားလှသော အစီအရင်မန္တာန်များသည်ပင် တဖြည်းဖြည်းချင်း ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့ကြသည် မဟုတ်လား။
ဟန်လိနှင့် နတ်သမီးရှီတို့၏ ပူးပေါင်းမှုကြောင့် ထိုရှေးဟောင်းအစီအရင်မန္တာန်မှာလည်း ချွင်းချက် မဟုတ်တော့ပေ။ ၎င်း၏ သိသာသော အသေးစိတ်အချက်အလက်များကို တဖြည်းဖြည်းချင်း၊ နည်းနည်းချင်းဖြင့် ရှင်းလင်းသွားအောင် ဟန်လိတို့နှစ်ယောက်သည် လုပ်ဆောင်လာနိုင်သည်။ ထိုဖြစ်စဉ်အတွင်း အနှီအမျိုးသမီးကျင့်ကြံသူရှီသဲအပေါ် ဟန်လိ၏ အမြင်သည် များစွာ ပြောင်းလဲသွားခဲ့ပေသည်။
သူမက မောက်မာသည့်ဟန်ပန် ပေါ်နေသော်လည်း စွမ်းရည်တချို့တော့ အမှန်တကယ် ရှိနေပုံ ရသည်။ သူမသည် အစီအရင်မန္တာန်မျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ရုံသာမက အစီအရင်မန္တာန်ဖွဲ့စည်းပုံအပေါ် သူမ၏ သုံးသပ်လေ့လာချက်မှာလည်း ကောင်းမွန်လှသည်။ သည့်အတွက် ဟန်လိသည် သူမအပေါ် အတော်လေးတော့ လေးစားမိရသည်။
ဟန်လိသည် အစီအရင်မန္တာန်များ၏ သီအိုရီနှင့် ပတ်သတ်ပြီး အောင်မြင်မှု၌ ရှင်းယုယင်လောက် မဟုတ်လှသော်လည်း သိပ်တော့မကွာလွန်းလှဟု မြင်မိသည်။
သို့သော် တချိန်တည်းမှာ ဟန်လိသည် စဉ်းစားမရ ဖြစ်မိသည်။ အဘယ်ကြောင့်များ သူ သိသော အစီအရင်မန္တာန်ပညာရှင်များသည် အမျိုးသမီးများသာ ဖြစ်နေရသနည်း။ အမျိုးသမီးများသည် အစီအရင်မန္တာန်များနှင့် ပတ်သတ်ပြီး မွေးရာပါ အရည်အချင်း ရှိနေတာများလား။
နတ်သမီးရှီသည် သီအိုရီများကို ရှင်းရှင်းလင်းလင်း ဖမ်းဆုပ်နိုင်သော်လည်း သူမ၌ အစီအရင်ကို ချိုးဖျက်သည့်နည်းလမ်းများ အနည်းအကျဉ်းမျှသာ ပိုင်ဆိုင်ထားပေသည်။ သူမသည် သူမ သိထားသော ချိုးဖျက်နည်းများကို လှည့်ပတ်သုံးစွဲ ကြည့်ပြီး တစ်ခုမှ အလုပ်မဖြစ်ခဲ့လျှင် အကူအညီမဲ့စွာ ငေးကြည့်ရုံသာ တတ်နိုင်လေသည်။။ ဟန်လိသည်လည်း သူကိုယ်တိုင်၏ အကန့်အသတ်ကို ကောင်းစွာ သိသည်။ အစီမန္တာန်အပေါ် နားလည်သဘောပေါက်မှုခြင်း ယှဉ်ပါက သူသည် ထိုအမျိုးသမီးထက်စာလျှင် များစွာ နိမ့်ကျပေသည်။ ဤသည်ကို နားလည်၍ သူက သူမ ပြောသည့် စကားများကို မနာမခံ မလုပ်ချေ။ သူမ ပြောသည့်အတိုင်း သူ့အနေဖြင့် ရှင်းယုယင်၏ အစီအရင်ချိုးဖျက်ခြင်းနည်းလမ်းများကို အသုံးပြုနေတာသာ။ သူ၏ ထိုသို့သော တုန့်ပြန်မှုကြောင့် ထိုအမျိုးသမီးမှာ သူ့အပေါ် အထင်တကြီး ရှိလာခဲ့သည်။
သည်အခါ ဟန်လိနှင့် နတ်သမီးရှီတို့သည် အချိက်အဆက် ပိုကောင်းလာခဲ့သည်။ သူမက အစီအရင်မန္တာန်၏ အားနည်းချက်များကို သုံးသပ်ပြီးသည့်နောက်မှာ ဟန်လိက ချိုးဖျက်သည့်နည်းလမ်းတစ်ခုကို စဉ်းစားသည်။ ဤသို့ဖြင့် အစီအရင်ကို ဖြေရှင်းသည့် အမြန်နှုန်းလည်း တိုးလာသလို သူတို့သည်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် သင်ယူနိုင်ကာ နှစ်ယောက်လုံး ကျေနပ်မှု ရှိကြသည်။
ကျင်းချင်နှင့် တခြားသူများကမူ အချိန်ကို အလကား ဖြုန်းမနေလေဘဲ ကျောက်သားအဆောက်အဦများထဲ၌ တရားထိုင်ကျင့်ကြံနေလျက် ဟန်လိတို့နှစ်ယောက် အစီအရင် ချိုးဖျက်မည်ကို စောင့်၍ နေသည်။
သုံးလကြာကြီးနောက်မှာ ဟန်လိနှင့် ရှီသဲတို့သည် တခြားသူများကို တောင်လျှောသို့ ဆင့်ခေါ်လိုက်သည်။ နောက်ဆုံး၌ သူတို့သည် ထိုအစီအရင်ကို ချိုးဖျက်နိုင်လုနီးပါး ဖြစ်ခဲ့လေပြီ။ ခုချိန်၌ နောက်ဆုံးအတားအဆီးတစ်ခုသာ ကျန်တော့သည်။ ၎င်းကို ချိုးဖျက်ပြီးသည်နှင့် ဗဟိုချက်ရှိ ထူးခြားသော ကျောက်သားတိုင်မှာ လုံးဝ ထွက်ပေါ်လာသည်။
အခုအခါ၌ အစီအရင်၏ အလင်းအရံအတား အသွင်အပြင်မှာ အရင်ကနှင့် လုံးဝ ကွဲပြားနေချေပြီ။ ၎င်းသည် မူလအရွယ်အစားထက် တစ်ဝက်ကျော်လောက် ကြုံ့သွားသည့်အပြင် မူလတုန်းက အဝါရောင်က အနီရင့်ရောင်သို့ ပြောင်းလဲနေသည်။ ၎င်းနားသို့ ချဉ်းကပ်ပါက လူတစ်ယောက်သည် ခြစ်ခြစ်တောက်ပူပြင်းမှုတစ်ခုကို ခံစားမိရလိမ့်မည်။
ပို၍ အံ့ချီးဖွယ်ကောင်းသည်မှာ အလင်းအရံအတားအတွင်းရှိ သက်တံအလင်းအမျှင်တန်းများသည် အခုအခါတွင် ရစ်ထွေးနေသော မီးမြွေများအဖြစ်သို့ ပြောင်းလဲနေခြင်းပင်။ ယင်းမြွေများသည် အလင်းအရံအတားအတွင်းရှိ ဧရိယာ၌ ဟိုဒီသွားလာနေကြပြီး မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေလေ၏။
“ဒီကောင်တွေက ဘယ်လို နတ်ဆိုးသားရဲမျိုးတွေလဲ…” ကျင်းချင်သည် ၎င်းတို့ကို မြင်သည့်အခါ သူသည် အံ့အားတသင့်ဖြင့် မမေးမိဘဲ မနေနိုင် ဖြစ်ကာ မေးလာသည်။
တခြားသူများ၏ အကြည့်၌လည်း အံ့အားတသင့်ကြီး ဖြစ်နေကြပုံ ပေါ်သည်။
“မီးဓာတ်တောင်ပံနတ်ဆိုးဝိညာဉ် မိစ္ဆာကောင်တွေ။ ဒီကောင်တွေကို မြင်ရခဲတယ်။ ထူးခြားတဲ့ ဧရိယာတွေမှာသာ ပေါ်လာတတ်တာ။ ပြီးတော့ ဒီကောင်တွေရဲ့ သက်တမ်းဟာ အလွန်တိုတောင်းပြီး နာရီပိုင်းလောက်သာ ခံတယ်။ ဒါပေမဲ့ သူတို့ရဲ့ မွေးရာပါ မီးတောက်တွေကတော့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ အမြုတေမီးတောက်ထက် အားနည်းခြင်း မရှိသလို သူတို့ သဘောကျတဲ့ အစာကတော့ သေမျိုးတွေရဲ့ ဝိညာဉ်နဲ့ ရှေးဦးစိတ်ဝိညာဉ်တွေပဲ။ ဒီကောင်တွေကို ရင်ဆိုင်ရတာ အလွန်ခက်တယ်။ အခု နောက်ဆုံးအတားအဆီးကတော့ ဧရိယာကို တြိယန်ကွင်းအဖြစ် ပြောင်းလဲပြီး မီးစိတ်ဝိညာဉ်တွေ မျိုးပွားစေတာမှန်း သိသာတယ်။ ဒါကို မသိဘဲ အဲ့အတားအဆီးကို ကျင့်ကြံသူတွေက အတင်းအကြပ် ချိုးဖျက်ခဲ့မယ်ဆိုရင် သူတို့က ဒီတောင်ပံမိစ္ဆာတွေရဲ့ သားကောင်တွေ ဖြစ်သွားမှာ သေချာတယ်…”
ရှီသဲက ဝင့်ကြွားစွာဖြင့် ရှင်းပြသည်။
တကယ်တော့ တောင်ပံမိစ္ဆာတွေကို သိသည့်သူမှာ အနည်းငယ်သာ ရှိသည်။ သို့သော် သူမသည် ချက်ခြင်းပင် ၎င်းမိစ္ဆာကောင်တွေကို သိနိုင်စွမ်း ရှိနေသည်။
“တောင်ပံမိစ္ဆာကောင်တွေလား…” ကျင်းချင်နှင့် တခြားသူများသည် ရှေးဦးစိတ်ဝိညာဉ်များကို ဝါးမြိုနိုင်စွမ်း ရှိသော နတ်ဆိုးသားရဲကောင်များ အကြောင်းကို ကြားဖူးသူများသည် သူတို့၏ အမူအရာများသည် မပြောင်းလဲဘဲ မနေနိုင် ဖြစ်ကုန်သည်။
“ခင်ဗျားက ကျုပ်တို့ကို ဒီလို ပြောမှတော့ ခင်ဗျားတို့မှာ ချိုးဖျက်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကို အားမနာတမ်း ညွှန်ကြားပါ…”
နှုတ်နည်းသော ကျင့်ကြံသူကျန်းသည် ရုတ်တရက် ထိုသို့ ပြောလာသည်။
တခြားသူများသည် ထိုစကားကို ကြားသည့်အခါ နည်းနည်းတော့ အံ့အားသင့်သွားမိသည်။ သူတို့၏အကြည့်က ရှီသဲနှင့် ဟန်လိတို့ထံသို့ ကျရောက်၏။
ဟန်လိသည် မသိမသာ ပြုံးသည်။ သို့သော် သူက ခပ်မဆိတ်သာနေသည်။ ထို့နောက်တွင် ရှီသဲသည် နှစ်လိုဖွယ်အသံဖြင့် ပြောသည်။
“စီနီယာဟန်နဲ့ကျမလည်း အစပိုင်းမှာ ခေါင်းကိုက်တယ်။ ဒါပေမဲ့ သေချာ ဆွေးနွေးပြီးတဲ့နောက်မှာ ကျမတို့က ဒီအတားအဆီးကို ချိုးဖျက်နိုင်မယ့် ဘေးကင်းတဲ့နည်းလမ်းတစ်ခုကို တဖြည်းဖြည်းချင်း တွေးမိတယ်။ ဒါပေမဲ့ ဒါက ခင်ဗျားတို့ရဲ့ ခွန်အား အကူအညီ လိုအပ်တယ်…”
ထိုအမျိုးသမီး၏ အမူအရာသည် တည်ငြိမ်နေသော်လည်း သူမ၏ နှစ်လိုဖွယ်အသံက သူမကို ပို၍ စွဲဆောင်မှု ရှိသည့်အသွင် ဖြစ်ပေါ်သွားစေသည်။
“နတ်သမီးရှီ…ကျေးဇူးပြုပြီး ကျုပ်တို့ကို ပြောပါ။ ကျုပ်တို့အနေနဲ့ ခင်ဗျားနဲ့ စီနီယာဟန်ရဲ့ ညွှန်ကြားချက်တွေကို ကျိန်းသေပေါက် လိုက်နာပါ့မယ်…”
ဟုယွဲ့သည် တဟားဟား ရယ်မောကာ ပြောလိုက်သည်။
ရှီသဲသည် ပွင့်လင်းစွာပင် အမိန့်များ ပေးသည်။
“ဒီအစီအရင်ကို ချိုးဖျက်ဖို့ဆို ရေဓာတ်မှော်ပစ္စည်း အများအပြားနဲ့ လှုံ့ဆော်ဖို့ လိုအပ်တယ်။ ကျမတို့လည်း ဒီမှော်ပစ်စည်းတော်တော်များများကို စုဆောင်းထားပြီးပြီး။ ရှင်တို့က ဒီမှော်ပစ္စည်းတွေကို ဆုပ်ကိုင်ထားပြီး ကျမတို့ ပြောတဲ့ နေရာမှာ ရပ်နေဖို့ လိုအပ်တယ်။ စီနီယာဟန်က ဒီအစီအရင်ကို ချိုးဖျက်တာနဲ့ ရှင်တို့က ရှင်တို့ရဲ့ မှော်ပစ္စည်းတွေကို အသုံးပြုပြီး လွတ်မြောက်လာတဲ့ တောင်ပံမိစ္ဆာကောင်တွေကို ရှင်းထုတ်ရပါလိမ့်မယ်…”
ဘေးတွင် ရပ်နေသော ဟန်လိက ထပ်ဖြည့်ပြောသည်။
“လူတိုင်းပဲ…ဒီနတ်ဆိုးစိတ်ဝိညာဉ်တွေကို တိုက်ခိုက်ဖို့ ခင်ဗျားတို့ရဲ့ မှော်ရတနာတွေကို စိတ်ကြိုက် အသုံးပြုနိုင်တယ်။ ဒီကောင်တွေကိုသာ ကျုပ်တို့ အနားကို ကပ်လာခွင့် ပြုမယ်ဆို ပြဿနာကြီးသွားနိုင်တယ်။ အဲ့ကျရင် ခင်ဗျားတို့ ပြေးချင်တယ်ဆို နောက်ကျလွန်းသွားပြီ…”
ဟန်လိ၏ အလေးအနက် အမူအရာကို မြင်သည့်အခါ ဟုယွဲ့နှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကုန်သည်။ သူတို့သည် စိတ်နှလုံးတုန်ယင်စွာ သဘောတူကြသည်။
ယင်းနောက်မှာ ဟန်လိသည် ပေတံငယ်တစ်ခု၊ တူငယ်တစ်လက်၊ ခရင်းခွငယ် တစ်ခုတို့ကို ကျင်းချင်၊ ဝိညာဉ်သေနှင့် ကျင့်ကြံသူကျန်းတို့ထံသို့ ပေးလိုက်သည်။ ရှီသဲကမူ ဟုယွဲ့ထံ
ထို့နောက်တွင် ရှီသဲ ညွှန်ကြားသည့်အတိုင်း သူတို့က နေရာယူကြသည်။ ရှီသဲက နောက်သို့ ခပ်မြန်မြန် ဆုတ်ကာ ဓားတိုတစ်လက်ကို ထုတ်ယူပြီး ဟန်လိထံသို့ အာရုံစိုက်သည်။
ဟန်လိက အလျင်စလို မလှုပ်ရှားပေ။ စစချင်း သူက ဘေးပတ်လည်သို့ သေချာ ကြည့်သည်။ မူမမှန်တာ ဘာကိုမျှ မတွေ့မှ သူသည် လှုပ်ရှားမှု ယုံကြည်ချက် ရှိမှာ ဖြစ်၏။ အပြာရောင်အစီအရင် အလံများနှင့် သတ္တုပြားများသည် ရေဓာတ်အစီအရင်မန္တာန်အတွက် အစီအရင်တစ်ခု ချခင်းဖို့ မှော်ပစ္စည်းများသည် ဟန်လိ၏ ဘက်ခြမ်းကနေ ပျံသန်းထွက်လေသည်။ ထို့နောက်တွင် ဟန်လိက သူ့လက်ချောင်းများကို လှုပ်ရှားသည်။ တဖောက်ဖောက်မြည်သံများ အဆက်မပြတ် ထွက်ပေါ်သည်။
အနီရောင်အလင်းအရံအတားကို ထိုအစီအရင်အလံများနှင့် သတ္တုပြားများက ဝန်းရံသွာသည်။ အစီအရင်အလံများသည် မြေပြင်ထဲသို့ ခပ်နက်နက် ထိုးစိုက်ဝင်ကာ သတ္တုပြားများကမူ မြေပြင်အထက် လက်မအနည်းငယ်အကွာတွင် လွင့်မြောနေပြီး ခိုင်မာသည့်ဟန်ရသော အစီအရင်တစ်ခုကို ဖွဲ့စည်းသည်။