← Chapters

ထီးတည်းရှေးပဝေသဏီ သို့မဟုတ် ရှေးမှော်ရတနာ

Vol. 30 Ch. 419

ထီးတည်းရှေးပဝေသဏီ သို့မဟုတ် ရှေးမှော်ရတနာ

Vol. 30 Ch. 419

ထိုအစီအရင်အလံများနှင့် သတ္တုပြားများကို နေရာချပြီးနောက်မှာတော့ ဟန်လိက အသက်ဝဝရှိုက်သွင်းကာ မှော်ပညာရပ်တစ်ခုကို ထုတ်ဖော်ရန် ဟန်ပြင်သည်။ ထိုစဉ် မိုးကုပ်စက်ဝန်းထံမှ တိုးဝင်လာနေသော တဝီဝီအသံများကို ကြားဖြတ်ကြားရသည်။ အပြာရောင်အလင်းများ ဖြာထွက်ကာ ရေနဂါးဟု ယူဆရသော အပြာရောင်အလင်းတန်းတစ်ခုသည် ပင်လယ်ပြင်ကို လျင်မြန်စွာ ဖြတ်သန်းလာသည်။ မျက်စိတမှိတ်အတွင်း ၎င်းက သူတို့၏အထက်သို့ ရောက်လာသည်။

ထိုအပြာရောင်အလင်း လွင့်ပြယ်သွားသည်နှင့် နောကျောတွင် ဓားနှစ်လက် လွယ်ထားသော လူတစ်ယောက်၏ အသွင် ပေါ်လာသည်။ ထိုသူ ထွက်ပေါ်လာမှုကြောင့် တခြားသူများမှာ မင်သက်ကုန်သည်။ ထိုသူမှာ ခပ်ပိန်ပိန် ဖြစ်ကာ သူ့မျက်နှာ၌ အနီရောင်ခြုံလွှမ်းထား၏။ သုံးမြှောင့်အသွင် ကြမ်းကြုတ်သော မျက်လုံးတစုံကို ပိုင်ဆိုင်ထားပြီး သူ၏ ဆံပင်များမှာလည်း ရှုပ်ပွနေသည်။

ထိုအဘိုးအိုက အနက်ရောင်အင်္ကျီလက်တိုကို ဝတ်ထားပြီး သူ့ခါးတွင် ထူးခြားသော ပန်းခြင်းတစ်ခုကို ချိတ်ဆွဲထားသည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။

ဘေးပတ်လည် ဧရိယာဝန်းကျင်ကို သေချာကြည့်ပြီးနောက် ၎င်းလူထူးခြားသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ အများအပြား ရှိနေတာကို မြင်ရသည့်အခါ အံ့အားသင့်သွားသည်။ သို့သော် သူ့အကြည့်က အနီရောင်အလင်းအရံအတားနှင့် ဟန်လိ၏ အစီအရင်ချခင်းထားသော မှော်ပစ္စည်းများထံ ကျရောက်သွားသည့်အခါ သူ့အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။

“ဂျူနီယာတွေ မင်းတို့ သေချင်နေတာလား။ မင်းတို့က ဒီကျွန်းအရှင် မရှိတာကို အခွင့်ကောင်းယူပြီး သူ့လုပ်ငန်းကို ဖျက်လို ဖျက်စီး လုပ်ဝံ့တယ်လား။ မင်းတို့ ဒီကျွန်းကနေ မြန်မြန် ထွက်သွားကြစမ်း…”

ထိုလူထူးခြားက အော်ဟောက်လိုက်သည်။

“ကျွန်းအရှင်လား…”

“ဒါက ခင်ဗျားလား…”

ဟုယွဲ့နှင့် ကျင်းချင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။

“ဒါက ပိုင်ရှင်မဲ့ကျွန်းတစ်ခု မဟုတ်ဘူးလား…”

ဟုယွဲ့က မျက်မှောင်ကြုတ်၍ တည်ငြိမ်စွာ မေးလိုက်သည်။ “တာအိုရောင်းရင်းဟာ ဒီကျွန်းရဲ့ အရှင်လား…”

“အဟုတ်ပဲ။ ကျုပ်က ဒီကျွန်းကို ရောက်နေတာ နှစ်ပေါင်းရာချီ ရှိနေပြီ…”

လူထူးခြားသည် ယဉ်ကျေးဟန် တစက်မျှ မရှိလေဘဲ ပြန်ဖြေသည်။

“ဒါတော့ ထူးဆန်းတာပဲ။ အစ်ကိုကျင်းနဲ့ ကျုပ်တို့က ဒီကို နောက်ဆုံးအကြိမ် လာခဲ့တုန်းက ဒီကျွန်းပေါ်မှာ ခင်ဗျားရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ရပါလား…”

ဟုယွဲ့သည် တည်ငြိမ်သော ဟန်ပန်ဖြင့် ထုတ်ပြောသည်။

“ဘာလဲ။ မင်းတို့က ဒီကို တစ်ခါ လာခဲ့ဖူးတာလား။ ဟက်…မင်းတို့က ကျုပ် မရှိတဲ့အချိန် ဒီကျွန်းကို သိမ်းပိုက်ဖို့ ရောက်လာခဲ့တာလား…”

လူထူးခြားသည် သူတို့ကို စိုက်ကြည့်ကာ ဒေါသပိုထွက်လာသည်။

ဟုယွဲ့သည် နှာခေါင်းရှုံ့ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ခင်ဗျား ပြောပုံအရ ဒီကျွန်းမှာ နေထိုင်တဲ့သူ ဆိုလို့ ခင်ဗျားတစ်ဦးတည်း ရှိတာပဲ။ ဒါကို ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကျွန်းအရှင်အဖြစ် သမုတ်နေတာပေါ့…”

သူ့ရှေ့ရှိ အတားအဆီးကို ဖျက်စီးနိုင်တော့မည် ဖြစ်၍ ဟုယွဲ့သည် ထိုလူထူးခြားကို အရေးစိုက်ချင်စိတ် မရှိတော့ပေ။

“ဟက်…အပိုတွေ ပြောမနေနဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းတို့က ဒီအတားအဆီးတွေကို ဖျက်စီးခဲ့တဲ့ ပြစ်မှု ကျူးလွန်ခဲ့ပြီးပြီ။ မင်းတို့ ထွက်မသွားချင်မှတော့ ကျုပ်က မင်းတို့ကို ဒီမှာပဲ တသက်လုံး နေသွားရအောင် ကူညီပေးရမှာပေါ့…”

ရုတ်တရက် သူ့ခါးရှိ ခြင်းသည် အေးစိမ့်လှသော အဖြူရောင်ချီတန်းအဖြစ်သို့ ပြောင်းကာ ဟုယွဲ့ထံ တန်းတန်းမတ်မတ် တိုးဝင်လာလေသည်။ ထိုအခါတွင် ဟန်လိနှင့် တခြားသူများသည် အံ့အားသင့်သွားရသည်။

ထိုသူသည် ရူးများနေသလား။ တဖက်တွင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ အမြောက်အများရှိနေတာကို သူ မမြင်လေသလား။

ဟုယွဲ့က အလန့်တကြားဖြင့် ဒေါသတကြီး တုန့်ပြန်သည်။ သူ၏ အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အနီရောင်အလင်းတန်းနှစ်ခုသည် တိုးဝင်လာသော အဖြူရောင်ချီတန်းထံ ဦးတည်ဝင်ရောက်သည်။ ခပ်အုတ်အုတ် မည်သံနှင့်အတူ အဖြူရောင်ချီ (ဝါ) အဖြူရောင်မြူသည် ပြန့်ကြဲကာ အဘက်ဘက်သို့ လွင့်ပြယ် ပျောက်ကွယ်သည်။

“ကြည့်ရတာ ဒီခွေးက ကိုက်နိုင်တာထက် ပိုဟောင်နေတာပဲကို…”

မြူများ လွင့်ပြယ်သွားသည့်အခါ ဟုယွဲ့သည် စိတ်အေးသွားကာ ထိုသို့ မှတ်ချက်ချသည်။ လူထူးခြားကမူ ငြိမ်သက်နေမြဲ။ သို့သော် သူက ထူးခြားစွာ ပြုံးနေ၏။

ဟုယွဲ့၏ စိတ်ထဲ တုန်ယင်သွားပြီး သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အော်ဟစ်လိုက်သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ကျုပ်ရဲ့ ဓားပျံနှစ်လက်…”

ခြင်းထံမှ အသွင်ပြောင်းလာသော အဖြူရောင်ချီကို ချိုးဖျက်ပြီးနောက်မှာ ဓားပျံနှစ်လက်သည် ၎င်းတို့၏ မူလနေရာ၌ ယိမ်းထိုးနေသည်။ ၎င်းတို့သည် အောက်သို့ ပြုတ်ကျတော့မည့်အလား။ ယင်းနောက်မှာ ပြန့်ကြဲသွားသော အဖြူရောင်ချီသည် ၎င်းဘာသာ လျင်မြန်စွာ ပြန်စုဝေးပြီး အလင်းဖြာထွက်မှုနှင့်အတူ ပန်းခြင်းအဖြစ်သို့ ပြန်ဖွဲ့စည်းသည်။ ဓားနှစ်လက်ကမူ ထိုပန်းခြင်းထဲမှာ ပိတ်မိသွားလေသည်။

ဟုယွဲ့က ထိန်းချုပ်ခံလိုက်ရသော သူ့မှော်ရတနာကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေမိသည်။ တခြားသူများမှာလည်း ဖြူရော်ကုန်ကြ၏။

သို့ရာတွင် လူထူးခြားသည် သူတို့ကို စဉ်းစားနေဖို့ အချိန်မပေးချေ။ သူက အေးတိအေးစက် ရယ်မောပြီး သူ့ပုခုံးနှစ်ခုသည် ဖြတ်ခနဲ လှုပ်ရှားသည်။ မီးခိုးရောင်ဓားအလင်းတန်းနှစ်ခုက ဟုယွဲ့ထံ တိုးဝင်လာတော့သည်။

ဟုယွဲ့ဘေးတွင် ရပ်နေသော ကျင်းချင်သည် အကြောင်သား ရပ်နေခြင်းသည် အရှက်ရစရာ ဖြစ်မှန်း သိလိုက်ရသည်။ သူက သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှား၍ တံဆိပ်ခေါင်းငယ်တစ်ခုကို ပစ်လွှတ်လိုက်သည်။ ၎င်းက ကြီးမားလာပြီး မီးခိုးရောင်အလင်းကို ဝင်ရောက်တိုက်ခိုက်သည်။

ဝုန်းခနဲ မြည်ဟိန်းသံတစ်သံ ထွက်ပေါ်ကာ မှော်ရတနာသုံးခုထံမှ တောက်ပသောအလင်းများစွာ ဖြာထွက်ကုန်၏။

ထိုအခိုက်တွင် ကျင့်ကြံသူကျန်းက ဟန်လိနှင့် ဝိညာဉ်သေတို့ထံသို့ လှမ်းကြည့်သည်။ ပြီးမှ သူ့လက်ကို တိတ်တဆိတ် ပင့်မြှောက်ပြီး အဖြူအနက်ချီ တောက်ပနေသော ခရင်းခွတစ်ခုကို လူထူးခြားထံ ပစ်လွှတ်လိုက်သည်။

ဟန်လိသည်လည်း စိတ်ထဲကနေ သက်ပြင်းချမိ၏။ လူတိုင်းသည် လှုပ်ရှားပြီ ဖြစ်၍ သူနှင့် ဝိညာဉ်သေတို့မှာ အကြောင်သား ရပ်နေ၍ မဖြစ်တော့၊ လူထူးခြားကို တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ရတော့မည်သာ။ ထိုအတွေးဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့ သူတို့၏ ရှေးအတီတေခွက်နှင့် အစိမ်းရောင်တောက်ပခြင်း ဓားမြှောင်တို့ကို ထုတ်လွှတ်လိုက်ကြသည်။

လူထူးခြားက ဤသည်ကို မြင်သည့်အခါ၌ ကြောက်ရွှံ့ဟန် လုံးဝ မပြပေ။ ထိုအစား သူက အရိုင်းဆန်စွာ ရယ်မောလိုက်ပြီး သွေးနက်ရောင်ပုလဲတစ်လုံးကို သူ့ထံ တိုးဝင်လာသော မှော်ရတနာများထံသို့ ထွေးထုတ်သည်။

ပေါက်ကွဲသံများ ဆက်တိုက် မြည်ဟိန်းလေသည်။

ပုတီးစေ့က အနက်ရောင်အလင်းဖြာထွက်ကာ မှော်ရတနာများသည် ၎င်းပုတီးစေ့နှင့် ထိမိသည်နှင့် ပေါက်ကွဲထွက်လေသည်။ ထိုအခါ မှော်ရတနာများ၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာ ကြီးမားစွာ ထိခိုက်ကုန်ပြီး ၎င်းတို့၏ အရောင်အဝါများလည်း ချက်ခြင်း မှိန်ဖျော့သွားသည်။

ကျင့်ကြံသူကျန်းသည် ခေါင်းကိုက်မိကာ အတော်လေး နောင်တရမိသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေပြီး သူ၏ ခရင်းကို ပြန်ရုတ်သိမ်းသည်။ သည်ထိခိုက်မှုကြောင့် သူ၏ ရှေးဦးစိတ်ဝိညာဉ်ကို ပုံမှန်အတိုင်း ပြန်ကောင်းမွန်ဖို့ တစ်နှစ်ဝန်းကျင်လောက် ကြာတော့မည်။

သို့ရာတွင် သူသည် သူ့မှော်ရတနာကို ရုတ်သိမ်းဖို့ငှာ နောက်ကျသွားသည်။

လူထူးခြားသည် အေးစက်စက်ရယ်မောနေပြီး သူ၏ပန်းခြင်းမှာ အဖြူရောင်အလင်း လင်းလက်၍ မှော်ရတနာများထံ ရုတ်ချည်း တိုးဝင်လာကာ ၎င်းတို့အားလုံးကို ထွေးခြုံပစ်သည်။

ထိုသည်ကို မြင်သည့်အခါ ကျင့်ကြံသူကျန်းသည် တစုံတခုကို တွေးမိပြီး အလန့်တကြား ထအော်သည်။

“ရှေးဟောင်းရတနာတစ်ခု၊ ခင်ဗျားက ရှေးဟောင်းရတနာတစ်ခုဖြစ်တဲ့ ထီးတည်းရှေးပဝေသဏီကို အသုံးပြုနေတာပဲ…”

ဤသည်ကို မြင်သည့်အခါ ဟန်လိသည် မင်သက်သွားသည်။။

ထီးတည်းရှေးပဝေသဏီ ဟူသည်မှာ ရှေးဟောင်းကျင့်ကြံသူများ သန့်စင်ခဲ့သော မှော်ရတနာတစ်ခုပင်။ ထိုမှော်ရတနာ၏ အမျိုးအစား၌ နတ်စွမ်းရည်တစ်ခုသာ ပိုင်ဆိုင်သည်။ သို့သော် ၎င်း၏ စွမ်းအားက ကြီးမားကာ ခုလက်ရှိခေတ်၏ ပုံမှန်မှော်ရတနာများစွာကို ဖိနှိပ်နိုင်စွမ်း ရှိသည်။ ထိုမှော်ရတနာကို သန့်စင်သော နည်းလမ်းနှင့် လိုအပ်သော သတ္တုအမယ်များသည် ခုလက်ရှိနှင့် ကွဲပြားသည်။ ထိုကဲ့သို့ ရှေးမှော်ရတနာများကို ခန္ဓာကိုယ်တွင်းသို့ ထည်သိမ်းယူ၍ မရလေဘဲ မှော်ပစ္စည်းတစ်ခုကဲ့သို့ ခန္ဓာကိုယ်အပြင်ဘက်တွင်သာ သယ်ဆောင်ယူ၍ ရနိုင်သည်။

အခု ပန်းခြင်း၏ ပုံမှန်ထက် ထူးကဲမှုကို တွေ့မြင်ရပြီး ၎င်းပန်းခြင်းမှာလည်း အစတည်းက သူ့ခါးတွင်သာ ချိတ်ဆွဲထားတာကို ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းမှော်ရတနာ၏ အစစ်အမှန်နောက်ခံကို သဘောပေါက်ဖို့မှာ မဖြစ်နိုင်တာ မဟုတ်တော့ပေ။

နန်းတော်ခြောက်ခုအဖွဲ့အစည်းက ငါးကြင်းသားပေါက်သားရဲကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ကောင်းကင်ဆန့်ကျင်လှံများသည်လည်း လက်ဆင့်ကမ်းလာခဲ့သော ထီးတည်းရှေးပဝေသဏီများ ဖြစ်ကြသည်။

ဟန်လိသည် ထိုရှေးမှော်ရတနာကြောင့် မင်သက်သွားသော်လည်း သူ့၌ သတ်ဖြတ်ကွက်များစွာ ရှိနေသေးသည်သာ။ ခုထိ သူသည် စတင်၍ မလှုပ်ရှား မတိုက်ခိုက်ရသေးပေ။ သူသည် လှည့်ကွက်များကို နောက်ပိုင်းထိ ပို၍ ထိန်းထားနိုင်လေလေ အန္တရာယ်အခြေအနေ ကျရောက်လာချိန်တွင် ရင်ဆိုင်ရာ၌ သက်ရောက်မှု ပိုလွယ်ကူစွာ ရှိလာလေမှန်း သိထားခဲ့ပြီး ဖြစ်ချေသည်။

ထို့အပြင် ရန်သူမှာ ရှေးရတနာတစ်ခုကိုပါ ပိုင်ဆိုင်ထားပြီး အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ လေးငါးယောက်ကို လွယ်ကူစွာ ရင်ဆိုင်နိုင်မှန်းလည်း ဟန်လိက ကောင်းကောင်း သဘောပေါက်သည်။ သူ့အဖို့ ပုံမှန်အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၏ ခွန်အားအတိုင်းသာ ထုတ်ဖော်လျှင် အဆင်ပြေနိုင်လေပြီ။

ထိုအတွေးဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့သည် သူတို့၏ မှော်ရတနာများ ထိန်းချုပ်ခံရချိန်တွင်လည်း ချက်ခြင်း လက်ငင်း မလှုပ်ရှားသေးဘဲ သည်အတိုင်းသာ မျက်လုံးရှင်ရှင်ထား၍ စောင့်ကြည့်နေသည်။

အရင်ဦးဆုံး စလှုပ်ရှားမည့် တခြားတစ်ယောက်ယောက် ရှိလာလိမ့်မည်ဟုလည်း သူက ယုံကြည်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဟုယွဲ့နှင့် တခြားသူများသည် ပန်းခြင်းမှာ ရှေးရတနာတစ်ခု ဖြစ်မှန်း ကြားရချိန်၌ ပျော်ရွှင်သွားကြဟန် အရိပ်အယောင်များ ဖြစ်ပေါ်ကုန်သည်။

လူထူးခြားက ဦးဆုံး စတိုက်ခိုက်လာမှတော့ သူတို့က ပူးပေါင်း၍ ထိုသူ့ကို ရှင်းထုတ်ပြီးလျှင် ရတနာအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

သို့ဖြစ်၍ ခဏ တုံ့ဆိုင်းပြီးနောက်မှာ ကျင့်ကြံသူကျန်းသည် သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူ၏ သိုလှောင်အိတ်ထံမှ အနက်ရောင်အလင်းတန်းသုံးခု မြင့်တက်လာသည်။ အသတ်အဖြတ်အော်ရာတစ်ခုနှင့်အတူ သုံးမီတာလောက် အမြင့်ရှိ အနက်ရောင်အလံများပင်။

ထို့နောက်တွင် သူက ပါးစပ်ဟကာ အနက်ရောင်ချီအမျှင်တန်းတစ်ခုကို ၎င်းအနက်ရောင်အလံများထံသို့ ပစ်သွင်းသည်။ ထိုအလံများသည် တစ္ဆေငြီးသံများ ဆက်တိုက် ထုတ်လွှတ်ကာ တခြားကျင့်ကြံသူများကို တုန်ရင်သွားစေသည်။

ထိုစဉ် ဟုယွဲ့သည် သူ့ဓားပျံများကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကို လက်လွှတ်ကာ သူ့လက်နှစ်ဖက်ကို ပူးသပ်သည်။ ထိုအခါ မိုးကြိုးခြိမ်းသံ မိုးပြာလျှပ်စီးရိုက်ချက်များကို ထုတ်လွှတ်လေ၏။

မျက်ခုံးပင့်ကာ ကျင်းချင်သည် သူ့မှော်ရတနာထံ မှော်ချိပ်ဟန်တစ်ခုကို ရုတ်တရက် ထုတ်ဖော်သည်။ သူ၏ အဖြူရောင်တံဆိပ်တုံးသည် နဂါးအော်သံ ထုတ်လွှတ်လျက် အရွယ်အစားများစွာ ပိုကြီးမားလာသည်။

ထိုကဲ့သို့ သိသိသာသာ အင်အားသုံးခု ထုတ်ဖော်ချခင်းလာတာ မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ လှောင်ပြောင်မိသည်။ အခု လူထူးခြားသည် ထိချက်ပြင်းပြင်းခံရတော့မည်ဟု ထင်မှတ်ရသည်။

သို့သော် ထိုသုံးယောက်၏ ရက်စက်ကာ ကြမ်းလှသော တိုက်ခိုက်မှုများကို မြင်သည့်အခါ အနည်းငယ်မျှ အံ့အားသင့်ရုံကလွဲ၍ လူထူးခြားက လှောင်ပြောင်သည့်သဘောဖြင့် နှာခေါင်းရှုံ့လေသည်။ သူက သူ့လက်တိုအင်္ကျီကို ဆုတ်ဖြဲပစ်ပြီး သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဝတ်ဗလာမဲ့သွားသည်။

ဟန်လိသည် အံ့အားသင့်လွန်းသဖြင့် သူ့လျှာကိုသူ ကိုက်လုမတတ် ဖြစ်မိသွားသည်။

ရွတ်တွနေသော သူ့ရင်ဘက်အပြင် သူ့ဝမ်းဗိုက် ဘေးတစ်ဖက်စီတွင် လက်သီးစုပ်ခန့်အရွယ် လူသားဦးခေါင်းနှစ်ခုသည် အထက်အောက် စုန်ချည် ရွှေ့လျားနေသည်။ အရိုးခေါင်းတစ်ခုစီသည် မဲနက်လျက် ဆံပင်များဖြင့် ရှုပ်ပွနေ၏။ ထို့အပြင် အရိုးခေါင်းများသည် အသက်ဝင်နေသည့်အလား။

ထိုအခိုက်တွင် မိုးပြာလျှပ်စီးသံတစ်ခုနှင့် အနက်ရောင်အလံသုံးခုသည် လူထူးခြား၏ အမြင်သို့ ဝင်ရောက်လာသည်။ သူက သူ့လက်ချောင်းနှစ်ခုကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်၍ ထူးခြားသော မန္တာန်တစ်ခုကို ရွတ်ဆိုသည်။

ထိုလူသားအရိုးခေါင်းနှစ်ခုသည် တိုးညင်းသော ငြီးသံများကို စတင် ထုတ်လွှတ်လျက် သူ၏ ရင်ဘက်ထံမှ ပျံသန်းထွက်လာပြီး လူထူးခြား၏ ရှည်ထွက်လာသော လက်ချောင်းများကို ကိုက်သည်။ ယင်းအရိုးခေါင်းနှစ်ခုသည် မိုးကြိုးလျှပ်စီးနှင့် အနက်ရောင်အလံများတို့ထံ ထိပ်တိုက်တွေ့ဖို့ စိတ်လှုပ်တရှားဖြင့် တိုးဝင်လာသည်။

All Chapters