ရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်ခြင်း! တောင်တန်းစံအိမ်ခရီးသည်ဦးရေက ကန့်သတ်ချက်ထက်ကျော်သွားပြီ!
Vol. 5 Ch. 64
ညနေပိုင်းတွင်_
ချင်လင်ကကောင်တာရှိကွန်ပျူတာရှေ့ထိုင်ပြီး ထောက်ပံ့ငွေအကြုံပြုချက်ပြင်ဆင်နေစဉ် ချန်တပေမှာ နဖူးတွင်ချွေးတလုံးလုံးနှင့်ပြေးဝင်လာသည်။ သူက_ ''သူဌေး... ခင်ဗျားကျွန်တော့်ကိုလုပ်ခိုင်းတဲ့မြေကွက်လေ... တူးပြီးသွားတော့မြေသြဇာဖြစ်လာတယ်!''
လင်းဖန်က ဇဝေဇဝါနှင့်_ ''ရှောင်လင်... မင်းမြေကွက်ပြောင်းပြီး ဘာလုပ်မလို့လဲ?''
''ကျွန်တော် စပါးမျိုးစေ့တချို့ပျိုးထောင်ချင်လို့'' ချင်လင်ကပြုံး၍ ရှင်းပြလိုက်သည်။ သူကကောင်တာအောက်ထဲရှိ ဂိမ်းထဲမှယူလာသောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များနှင့် ''စပါးမျိုးစေ့စိုက်ပျိုးခြင်းအသေးစိတ်ရှင်းလင်းချက်''စာအုပ်ကိုထုတ်ယူလိုက်၏။
မျိုးစေ့များကိုရေစိမ်၍ ပိုးသတ်ပြီးဖြစ်၏။ ဘာပဲဖြစ်ဖြစ် လက်တွေ့မှာဂိမ်းမဟုတ်။ လက်တွေ့ဘဝတွင် စပါးမစိုက်ခင်ပိုးသတ်ရသည်။
လင်းဖန်က ရယ်ရမှန်းမသိ ငိုရမှန်းမသိဖြစ်သွားပြီး_ ''ကလေး... အခုဘယ်လရောက်နေပြီလဲ? ဘာလို့စပါးစိုက်နေသေးတာလဲ? အရင်ကိုယ့်မျိုးရိုးက လယ်မစိုက်ဖူးတာကျနေတာပဲ... အခြေခံအသိလေးတောင်မရှိဘူး''
''အမေ ကျွန်တော်သိပါတယ်... ကျွန်တော်တို့တောင်ပိုင်းမှာ ဆန်စိုက်ပျိုးတဲ့အချိန်အပေါ်မူတည်ပြီး အစောပိုင်း ကြားပိုင်းနဲ့ နောက်ပိုင်းဆိုပြီး ခွဲခြားထားတာ... အစောပိုင်းဆန်က မတ်ကနေဧပြီ အများစုကဝိဉာဥ်ပို့ပွဲအချိန်... ကြားစိုက်ပျိုးချိန်က ဧပြီကနေမေ... နောက်ပိုင်းက ဇွန်လလယ်ကနေ လကုန်အထိလေ'' ချင်လင်ကပြုံး၍ စာအုပ်ဖတ်ရကျိုးနပ်မှန်းသိလိုက်သည်။ ထို့နောက်သူက_ ''ကျွန်တော့်ဆန်မျိုးက အထူးမျိုးစပ်ထားတာ... ဆောင်းတွင်းစိုက်လို့ရတယ်''
ရှန်းရွှေလက်ဆောင်ဆန်မှာ အရည်အသွေး ၂ ဖရဲသီးကဲ့သို့ ရာသီမရွေးစိုက်နိုင်သည်။ ၄င်းတွင်အလွန်အံ့သြဖွယ်ကောင်းသော ပင်ကိုယ်အရည်အသွေးရှိသည်ဟုဆိုနိုင်ပေသည်။
''??'' လင်းဖန်က လုံးဝအံ့အားသင့်သွားသည်_ ''ဆောင်းတွင်းစိုက်လို့ရတဲ့ဆန်မျိုးရှိသေးလား?''
မွေးကတည်းက တောင်သူဖြစ်ခဲ့သောသူမမှာ လုံးဝအကျပ်ရိုက်သွား၏။ ဒါပထမဆုံးကြားဖူးခြင်းပင်။
ချင်လင်ကပြုံး၍_ ''အမေ... ဆောင်းတွင်းစပါးစိုက်လို့ရတာ ဘာမှမထူးဆန်းပါဘူး... ကျွန်တော်တို့တိုင်းပြည်မှာ နည်းပညာတွေရှိနေတာပဲ... ဒါပေမဲ့ ကျွန်တော့်ဆန်က နည်းနည်းထူးခြားတယ်''
ထိုစကားကြားလျှင် လင်းဖန်ကဘာမှထပ်မမေးတော့ချေ။ ယခုခေတ်နည်းပညာမှာ လျင်လျင်မြန်မြန်ဖွံ့ဖြိုးနေသဖြင့် သူမလိုအသက်ကြီးသူတစ်ယောက်အဖို့ အမီမလိုက်နိုင်တော့။
ချင်လင်နောက်လိုက်လာသော ချန်တပေမှာ မနေနိုင်ဘဲစပ်စုလိုက်သည်_ ''သူဌေးပြောတာ အမှန်ပဲလား? ဆောင်းတွင်းစိုက်လို့ရတဲ့ဆန်တကယ်ရှိလား?''

......
''ဒီနေရာမှာစိုက်လို့ရမရ သိချင်နေတာ'' ချင်လင်ကပြုံး၍ဆိုလိုက်သည်_ ''ဒီမျိုးစေ့က ပတ်ဝန်းကျင် ရာသီဥတုနဲ့ မြေအရမ်းရွေးတာ... ငါစမ်းစိုက်ကြည့်တာ... မဟုတ်ရင် တခြားလူတွေက ဒီလိုကောင်းတဲ့မျိုးစေ့ပေးမယ်ထင်လို့လား?''
ချန်တပေကခေါင်းညိမ့်လိုက်ကာ_ ''အမှန်ပဲ! ကျွန်တော်သာဆိုရင် ဒီမျိုးစေ့ကိုဘယ်သူ့ကိုမှပေးမှာမဟုတ်ဘူး... ဆောင်းတွင်းမှာစိုက်နိုင်တယ်ဆိုရင် အံ့သြစရာပဲ''
သို့သော်ချင်လင်စောင့်နေသည်က ရှန်းရွှေလက်ဆောင်ဆန်၏အထူးအရည်အသွေးတစ်မျိုးဖြစ်သည့် အလွန်ဖြစ်နိုင်ချေနည်းသောပတ်ဝန်းကျင်နှင့်ရာသီဥတုလိုက်ခြင်းပင်။
တစ်စေ့တလေအလိုက်သင့်ဖြစ်ခဲ့လျှင် ထိုအစေ့ကိုသူကိုယ်ပိုင်ဆန်အဖြစ်စိုက်နိုင်မည်။
အရင်ကကြားဖူးသည်မှာ ဆရာကြီးယွမ်က သူရှာဖွေတွေ့ရှိသောမျိုးစေ့တစ်စေ့နှင့် ပြည်သူအများကိုထောက်ပံ့နိုင်ခဲ့သည်တဲ့။
ဒီမျိုးစေ့နှင့် ဆရာကြီးယွမ်၏စီနီယာများထားခဲ့သော သက်ဆိုင်ရာစာအုပ်များကိုင်၍ သူကအခွင့်အရေးကိုစောင့်နေ၏။
ချင်လင်က ချန်တပေနောက်လိုက်၍ ဖန်တီးထားသောလယ်ကွက်ဆီသွားလိကြ်သည်။
သူကဘောင်းဘီမတင်၍ လယ်ထဲဆင်းလိုက်၏။ လင်းဖန်က ဝမ်ချိုင်ကိုတစ်ဖက် ကျောက်မိုချင်းကိုတစ်ဖက်ဆွဲ၍ သူ့နောက်လိုက်လာသည်ကိုတွေ့လိုက်ရသည်။
သူ့သား၏အထူးစပါးမျိုးစေ့အကြောင်းကြားလိုက်ရ၍ မနေနိုင်ဘဲလိုက်ကြည့်ခြင်းဖြစ်၏။ ထို့အပြင်သူ့သားမှာ ငယ်ငယ်ကတည်းက လယ်ထဲမဆင်းခဲ့ဖူးပေ။ မျိုးစေ့ဘယ်လိုစိုက်ရတယ်ဆိုတာ သူကဘယ်လိုလုပ်သိမှာလဲ?
သူနီးကပ်လာသော် ချင်လင်မျိုးစေ့ကြဲနေသည်ကိုတွေ့ရသည်။ သူကစိုးရိမ်စွာနှင့်_ ''ရှောင်လင်... မင်းဒီလိုကြဲလို့မရဘူး... မျိုးစေ့တွေကိုအညီအမျှဖြန့်ရမှာ... မဟုတ်ရင် မြေသြဇာမလုံလောက်လို့ အပင်ကောင်းကောင်းဖြစ်မှာမဟုတ်ဘူး''
သည်လိုနှင့်သူမက ဖိနပ်ချွတ်၍ ဘောင်းဘီလိပ်တင်ပြီး လယ်ကွက်ထဲဝင်လိုက်သည်။
''အမေ... ဘာလာလုပ်တာလဲ?'' ချင်လင်က သူ့မိခင်ကို အချိန်မီမတားလိုက်နိုင်။ သူမလုပ်ပုံက အဆင်ချောနေသည်။
''ဝု!'' ဝမ်ချိုင်ကလည်း စိတ်လှုပ်ရှားစွာဟောင်လိုက်သည်။ လင်းဖန်ပါဆင်းသွားသည်ကိုမြင်လျှင် သူရှေ့တိုးသွားလိုက်၏။
ထိုအချိန်တွင် ချင်လင်ကစိတ်ပူနေသည်။ သူကချက်ချင်းဝမ်ချိုင်ကိုလက်ညိုးထိုး၍ အော်လိုက်၏_ ''ဆင်းမလာနဲ့''
''ဝု!'' ဝမ်ချိုင်က သူ့သခင်ခေါ်နေသည်မှတ်၍ စိတ်လှုပ်ရှားစွာလယ်ထဲခုန်ဆင်းပြီး လှိမ့်လိုက်သည်။
''...'' ချင်လင်စိတ်ထဲတွင် မှောင်မိုက်သွားတော့၏။

ဒီခွေးက လူစကားနားလည်တယ်လို့ထင်ရပါလျက်နဲ့ ဒီလိုသောက်လုပ်ရှုပ်လိုက်ပြီ။
''ဝမ်ချိုင်... ဒီမှာဘာလာလုပ်တာလဲ?'' လင်းဖန်လည်းစိတ်ပူသွားသည်။ သူမကခြေနှစ်လှမ်းတိုးလိုက်ပြီး ရွှံ့ပေနေသောဝမ်ချိုင်ခေါင်းကိုတဖွဖွသပ်၍ သုတ်ပေးလိုက်၏။
''ဝု!'' ဝမ်ချိုင်ကလယ်ကွက်အစွန်တွင်ရပ်ပြီး အူလိုက်သည်။ အထဲကရွှံ့ကိုလူးချင်နေသည့်ပုံပင်။
တစ်ဖက်တွင်ကျောက်မိုချင်းမှာ ခွေးကိုဓာတ်ပုံများရိုက်လိုက်သည်။ ထိုအချိန်တွင်ခွေးမှာ အလွန်ရယ်ချင်စရာဖြစ်နေလေသည်။
လင်းဖန်က ချင်လင်လက်ထဲမှမျိုးစေ့များယူ၍ ကျွမ်းကျွမ်းကျင်ကျင်ပက်ကြဲလိုက်သည်။ သူမမိသားစု စီရင်စုမြို့တော်ဆီပြောင်းမလာခင်က သူမနှင့်ကွယ်လွန်သွားသောခင်ပွန်းသည်မှာ ကိုယ်တိုင်လယ်လုပ်ခဲ့ရသည်။ ဒီလိုကိစ္စလေးတွေလောက်တော့ ကျွမ်းကျင်ပြီးဖြစ်၏။
ချင်လင်ကလက်မှိုင်ချ၍ ဘေးမှသာကြည့်နေရသည်။ ဘာမှလုပ်စရာမရှိသဖြင့် သူကချန်တပေအား ညွှန်ကြားလိုက်၏_ ''ဒါပြီးရင် ဒီလယ်ကွက်ကိုခြံစည်းရိုးကာလိုက်''
''ကောင်းပါပြီ သူဌေး!'' ချန်တပေက ချက်ချင်းခေါင်းညိမ့်လိုက်သည်။
သူဌေးကိုယ်တိုင်စီစဉ်နေမှတော့ မတက်ကြွတဲ့သူတွေက အရူးပေါ့။
သူတို့အလုပ်ကိုလတ်စသတ်ပြီးသည်နှင့် ချင်လင်နှင့်လင်းဖန်က လယ်ထဲမှထွက်လိုက်ပြီး ခန်းမထဲတွင်ခြေလက်များဆေးကြောနေစဉ် ပေါ့ပေါ့ပါးပါးဝတ်စားထားသော မိန်းကလေးတစ်ဦးက ဖုန်းကိုင်၍လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ သူမကချိုသာစွာနှင့်_ ''မိသားစုဝင်များ... ဒီနေ့ကျွန်မက အင်တာနက်ပေါ်မှာနာမည်အကျော်ဆုံး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုခေါ်ပြမှာဖြစ်ပါတယ်... နောက်ပြီးအထဲကရှဉ့်လေးတွေကိုမြင်တဲ့အခါ ထင်းရှူးသီးစေ့ကျွေးဖို့မမေ့ပါနဲ့...''
''...'' ချင်လင်က ထိုမြင်ကွင်းကိုမြင်လျှင် အင်တာနက်ဆယ်လီလေးတစ်ယောက်က ဒီလာပြီးလူသိများအောင်လုပ်မှန်း တွေးစရာမလိုဘဲသိလိုက်သည်။
ချန်တပေက_ ''သူဌေး... ကျွန်တော်တို့စံအိမ်ရဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က Tiktok မှာ ပိုပိုပြီးပေါက်လာတယ်... ပြီးခဲ့တဲ့နှစ်ရက်အတွင်း အင်တာနက်ဆယ်လီအတော်များများက လူသိများတာကိုလာပြီး အခွင့်ကောင်းယူကြတယ်''
''ခရီးသည်တွေကိုအနှောင့်အယှက်မဖြစ်သရွေ့တော့ မေ့ထားလိုက်ပါ... အဲဒါတို့စံအိမ်နာမည်ကိုထိန်းပေးရာလည်းရောက်တယ်'' ချင်လင်က ဒီလိုနာမည်ရဖို့ကြိုးစားနေသူတွေကိုတားမြစ်ဖို့နည်းလမ်းမရှိမှန်းသိသည်။ ဘာပဲဖြစ်ဖြစ် ယနေ့အင်တာနက်ခေတ်ရေစီးကြောင်းပဲလေ။
ဒီလူတွေမဆိုထားနှင့် သူ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နာမည်ရပြီးနောက် နိုင်ငံအတွင်း သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရှိနေရာအားလုံးမှာ အကျိုးအမြတ်မျှဝေရန် တိုးလာကြသည်။
ဖြစ်ချင်တော့ နိုင်ငံအတွင်းထိပ်တန်းသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်များထက် သူ့ချင်းလင်စံအိမ်နာမည်ကျော်လာပြီး ဆင်ဖြူတော်မှီကြံစုပ်ချင်သူများမှာ ငါးမြောက်ငါးခြောက်သာဖြစ်သွားကြ၏။ ထို့အပြင် ချင်းလင်စံအိမ်၏သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က ပိုနာမည်ကျော်လာသည်။
သူတို့ဘယ်လောက်ပဲကြိုးစားကြိုးစား ဒီလိုသဘာဝကျပြီး ကဗျာဆန်တဲ့ကြော်ငြာဗီဒီယိုမျိုးမရိုက်နိုင်တော့ပေ။
ဤရက်ပိုင်းတွင် သူ့စံအိမ်ပရိသတ်မှာ သုံးသိန်းကျော်လာသည်။
အဓိကအကျဆုံးမှာ နေ့တိုင်းပရိသတ်အရေအတွက်တိုးနေခြင်းပင်။ သူရဲကောင်းတောင်ကြားမှာ နှစ်ပေါင်းများစွာကြော်ငြာပြီးမှ ပရိသတ် ၉၀၀၀၀၀ သာရှိသေးသည်။ ဤသည်မှာလည်း စီရင်စုကသူ့စံအိမ်ကို မျက်စိကျရခြင်းအကြောင်းတစ်ရပ်ပင်။
သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နှင့်တင် ရှုခင်းသာနေရာများစွာက ဤပရိသတ်တိုးနှုန်းကိုအားကျကြပေလိမ့်မည်။
ညပိုင်းတွင်ကျောက်မိုချင်းက ချင်လင်လက်ထဲစံအိမ်စာရင်းထည့်ပေးလိုက်ကာ မျက်မှောင်ကြုတ်ရင်း_ ''ချင်လင်... သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရယ် တောတွင်းစွန့်စားခန်းနဲ့ မြက်ခင်းလျှောရယ်တင် စံအိမ်ရဲ့လူဝင်ဆံ့တဲ့ပမာဏကိုကျော်နေပြီ''
ချင်လင်ကစာရင်းယူပြီး ယနေ့လာရောက်လည်ပတ်သူအရေအတွက်ကိုမြင်လျှင် မျက်မှောင်ကြုတ်လိုက်သည်။ တကယ်ပဲ ကန့်သတ်ပမာဏကို လျင်လျင်မြန်မြန်ရောက်သွားခဲ့ပြီပဲ။