← Chapters

လူမပြောနှင့် ခွေးတောင်ကြိုက်!

Vol. 5 Ch. 66

လူမပြောနှင့် ခွေးတောင်ကြိုက်!

Vol. 5 Ch. 66

ချင်လင်ဝယ်လာသောခွက်ကြီးများမှာ ၂၀ ကတ်တီဆံ့သော ခွက်အကြည်များဖြစ်သည်။ ၄င်းတို့ကိုသန့်စင်ပြီးနောက် ဂိမ်းထဲမှသန့်စင်သည့်သဘာဝပျားရည်ထည့်၍ စံအိမ်သို့ပို့လိုက်၏။

သူစံအိမ်ရောက်သည်နှင့် ပျားရည်အားလုံးကို ကောင်တာအနောက်ဘက်စတိုခန်းထဲထည့်လိုက်သည်။ ကောင်းယောင်ယောင်က လူ ၆ ဦးခေါ်လာ၏။

လတ်တလော စံအိမ်ရှိခရီးသည်ဦးရေတိုးလာသဖြင့် စံအိမ်အတွင်းလူသစ်ခေါ်စာများလည်းရှိလေသည်။

ဒီနေ့ ၆ ဦးလာမည်ဟုမထင်ထားမိပေ။

အသက် ၂၀ အရွယ်မိန်းကလေး ၄ ဦးနှင့် သက်လတ်ပိုင်းအမျိုးသမီးနှစ်ဦးဖြစ်သည်။

''သူဌေး... သူတို့အားလုံးက အလုပ်လာလျှောက်ကြတာပါ'' ကောင်းယောင်ယောင်က အနားရောက်လာလျှင်ပြောလိုက်သည်။

ချင်လင်ကလည်း သူတို့ ၆ ဦးကိုကြည့်လိုက်သည်။ မိန်းကလေး ၄ ဦးမှာ လူ့အဖွဲ့အစည်းနှင့် သိပ်မနေဖူးမှန်းသိသာ၏။ သူတို့ကချီတုံချတုံနှင့်အလုပ်ရှာသူတို့၏သတိရှိနေသည်။

သူက သူတို့ ၆ ဦးကိုသူ့နောက်လိုက်ခိုင်း၍ ဘေးနားဆီခေါ်သွားလိုက်ပြီး ကောင်းယောင်ယောင်ဆီမှသူတို့အချက်အလက်ရယူလိုက်၏။

မိန်းကလေး ၄ ဦးမှာ ရှုမျှော်ခင်းတွင်ဝန်ဆောင်မှုပေးသည့်နေရာလျှောက်ထားကြပြီး သက်လတ်ပိုင်းအမျိုးသမီးနှစ်ဦးမှာ သန့်ရှင်းရေးအလုပ်လျှောက်ထားကြ၏။

ထို့နောက်သူက မိန်းကလေး ၄ ဦးအား လူသစ်များကိုမေးလေ့ရှိသည့်မေးခွန်းတချို့ကို အလှည့်ကျမေးလိုက်သည်။ ဥပမာ သူတို့တွင်သက်ဆိုင်ရာအလုပ်အတွေ့အကြုံရှိခဲ့လျှင် အရင်အလုပ်ကိုဘာကြောင့်ထွက်ခဲ့တာလဲ (သို့) အကယ်၍ မိန်းကလေး ၄ ဦးမှာ အိမ်ထောင်ရှိမရှိ...

ထိုမေးခွန်းများမှာ အဓိပ္ပါယ်မရှိ၍ လိုင်းပေါ်တွင် လူများကဝေဖန်နေကြသည်။ သို့သော် အမှန်တကယ်သူဌေးဖြစ်လာလျှင်မူကား ထိုပျင်းစရာမေးခွန်းများမှာ ကျိုးကြောင်းဆီလျော်ကြောင်းတွေ့ရလေသည်။

အမှန်တော့ မေးခွန်းက အဓိကမကျ။ ထိုရိုးရိုးရှင်းရှင်းမေးခွန်းများထဲတွင် လျှောက်ထားသူ၏စရိုက်လက္ခဏာကို အနည်းဆုံးခန့်မှန်းသိရှိရသောကြောင့်ပင်။

ဥပမာအနေဖြင့် မိန်းကလေး ၄ ဦးအားအိမ်ထောင်ရှိမရှိမေးသည်ဆိုပါစို့။ တကယ်ပဲသူတို့က အပျိုဟုတ်မဟုတ်သိချင်လို့လား?

ထိုမေးခွန်းကို မိန်းကလေးများကမည်သို့တုံ့ပြန်မည်လဲသိချင်၍ဖြစ်သည်။ နောက်ပြီးဤလုပ်ငန်းက ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်လေ။ မေးခွန်းကြောင့် ကသိကအောက်မဖြစ်၊ မရှက်မကြောက်၊ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်အပြုံးနှင့်ဖြေကြားနိုင်မည်ဆိုလျှင် ဆက်ဆံရေးကောင်းသည့်သဘောပင်။ သူတို့မှာ သေချာပေါက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ကိုက်ညီပေမည်။

နောက်ထပ်ဥပမာဆိုရလျှင် လျှောက်ထားသူက အရင်အလုပ်ကိုဘာကြောင့်ထွက်ခဲ့သလဲ?

တချို့လူများကသတိလက်လွတ်နှင့် အရင်အလုပ်မှာ ဟိုဟာမလုပ်ချင်၊ ဒီဟာမလုပ်ချင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်များအကြောင်းဆင်ခြေပေး၍ဖြေမိပေမည်။ ဒီလိုလူမျိုးများကို မည်သည့်သူဌေးမှသဘောကျမည်မဟုတ်ပေ။



သူ့စံအိမ်မှာ ရှုမျှော်ခင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ ထိုအကြောင်းကိုအထူးပြောရန်မလို။ အဓိကက မိန်းကလေး ၄ ဦးမှာ တက်တက်ကြွကြွရှိမရှိကြည့်ရှုရန်သာဖြစ်သည်။

ထိုမေးခွန်းများမှာ အနည်းနှင့်အများသိသာပေ၏။

ဘာပဲဖြစ်ဖြစ်ခရီးသည်များရှေ့တွင် မျက်နှာသေနှင့်နေ၍မဖြစ်ဘူး မဟုတ်ပါလား?

မိန်းကလေး ၄ ဦးမှာတက်တက်ကြွကြွရှိသည်။ သူတို့အလုပ်အကိုင်နှင့်လိုက်လျောညီထွေရှိရာ အဆင်ပြေသဖြင့် အားလုံးနေခဲ့သည်။

တဖန်သူက သန့်ရှင်းရေးအတွက်လျှောက်သော သက်လတ်ပိုင်းအမျိုးသမီးနှစ်ဦးအားမေးလိုက်၏။ ပြဿနာတစ်စုံတရာမရှိသဖြင့် ခေါ်ထားလိုက်သည်။

ထို့နောက်ချင်လင်က အလုပ်သမားစာချုပ် ၆ စောင်ထုတ်လိုက်ပြီး သူတို့ ၆ ဦးကိုလက်မှတ်ထိုးစေလိုက်၏။ အစမ်းခန့်ကာလမှာ တစ်လဖြစ်သည်။ ထို့နောက်သူက ကောင်းယောင်ယောင်အား ညွှန်ကြားလိုက်၏_ ''အစ်မနှစ်ယောက်ကို အစ်မဟုန်ရဲ့အဆောင်ကိုခေါ်သွား... သူတို့လေးယောက်ကို ဝတ်စုံပေးလိုက်... ခရီးသည်မလာခင် ပတ်ဝန်းကျင်ကိုရင်းနှီးအောင်ပြလိုက်''

အစ်မဟုန်မှာ စံအိမ်သန့်ရှင်းရေးဝန်ထမ်းမန်နေဂျာဖြစ်သည်။ သူမက စီရင်စုထဲရှိကျုံးလျန်ဟိုတယ်တွင် သန့်ရှင်းရေးဝန်ထမ်းလုပ်ခဲ့ဖူးသည်။ ဟိုတယ်မှအလုပ်ထွက်ခဲ့ခြင်းမှာ သူမချွေးမကမီးဖွားပြီး သူမကိုစောင့်နေသောကြောင့်ပင်။

''ကောင်းပါပြီ!'' ကောင်းယောင်ယောင်ကခေါင်းညိမ့်၍ သူတို့ ၆ ဦးအား_ ''ကျွန်မနောက်လိုက်ခဲ့ပါ!''

အသစ်ခန့်လိုက်သောဝန်ထမ်းများကို ကောင်းယောင်ယောင်အားလက်လွှဲပေးပြီးနောက် ချင်လင်က ကောင်တာဆီသွားလိုက်ပြီး မနေ့ကသန့်စင်သဘာဝပျားရည်ခွက်လေးကိုယူလိုက်သည်။ ထို့နောက်သူက ခွက်အလွတ်တချို့ယူပြီး ထိုခွက်များထဲပျားရည်ထည့်လိုက်၏။

''ချင်လင်... ဘာလို့ပျားရည်တွေအများကြီးလုပ်နေတာလဲ?'' ကျောက်မိုချင်းက ဝမ်ချိုင်နှင့်ဝင်လာသည်။

ဝမ်ချိုင်က ပျားရည်နံ့ရနေပုံရှိသည်။ ၄င်းကကောင်တာပေါ် သူ့ခြေထောက်များလွှားကနဲတင်၍ သူ့ကိုမျက်နှာချိုသွေးနေ၏။

ချင်လင်က တမင်ဟန်ဆောင်ပြောလိုက်သည်_ ''မနေ့ကကိုယ်ယူလာတဲ့ဆေးဖက်ဝင်ပျားရည်က အရမ်းကောင်းတယ်မလား? မနေ့ကအရသာကောင်းမကောင်းဘဲ မြည်းလိုက်ရတာ... တိုက်တိုက်ဆိုက်ဆိုင် တစ်နေ့ဆေးဖက်ဝင်ပျားရည်နည်းနည်းစီရမယ့် တခြားပျားရည်ရောင်းသူတွေ့ခဲ့တယ်... ကိုယ်စံအိမ်ထဲမှာ ဆေးဖက်ဝင်ပျားရည်လုပ်ငန်းစချင်တယ်... ဘာပဲဖြစ်ဖြစ်စံအိမ်ထဲမှာ သောက်စရာမှမရှိဘဲ... တို့ဆီမှာ ကိုလာနဲ့အချိုရည်ဘူးတွေပဲရှိတာ''

''အခုကိုယ်က ဆေးဖက်ဝင်ပျားရည်ရဲ့အတွေ့အထိအရသာမပျက်စေဘဲ အနည်းဆုံးဘယ်လောက်ကို ရေဘယ်လောက်ရောလို့ရမလဲ စမ်းသပ်ကြည့်နေတာ''

ဂိမ်းမှထုတ်သော အရည်အသွေး ၂ ပျားရည်မှာကောင်းသော်လည်း ပျားရည််တစ်စက်နှင့်ရေတစ်ခွက်အရသာရှိမည်ဟုတော့ မှန်းထားလို့မရ။ ရေ ၁၀၀ ml တွင် သင့်တော်သောအချိုးရှိရပေမည်။

အချိုးဘယ်လောက်ဖြစ်မလဲဆိုသည်ကို သူအဖြေရှာရမည်ဖြစ်၏။

ထို့အပြင် အရည်အသွေး ၂ ပျားရည်ကို သူစျေးပေါပေါနှင့်ရောင်းမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အာနိသင်ရှိသည်လေ။

''ချင်လင်... ကျွန်မသိတယ် ရှင်ကအမြတ်ကြီးစားသူဖြစ်လာတော့မှာ!''ကျောက်မိုချင်းကစလိုက်သည်။ ထို့နောက်သူမက ကောင်တာရှေ့လျှောက်လာပြီး_ ''ကျွန်မကူပေးမယ်''

သူမကချင်လင်လက်ထဲမှဇွန်းကိုယူလိုက်ပြီး ပျားရည်ကိုခွက်ထဲအများကြီးကျမသွားစေရန် သေချာထည့်လိုက်သည်။

ချင်လင်ကထိုမြင်ကွင်းမြင်လျှင် စိတ်ထဲမှမကျေမနပ်ဆိုလိုက်၏။ ဘယ်လိုလုပ်ပြီးသူ့ကို အမြတ်ကြီးစားလို့ခေါ်လိုက်တာလဲ? ဒီအမျိုးသမီးက သူ့ထက်တောင်ဆိုးသေးတယ်။

သို့သော်လည်း ဤသည်မှာစီးပွားရေးဖြစ်၏။ ဖောက်သည်၏အကျိုးကိုမထိခိုက်သရွေ့ သူတို့အတတ်နိုင်ဆုံးသေချာစုရမည်ဖြစ်သည်။ အထူးသဖြင့် ရှားပါးပစ္စည်းများပင်။



မကြာမီသူတို့နှစ်ဦးမှာ အသင့်တော်ဆုံးအချိုးကိုတွေ့လိုက်သည်။ ရေ ၁၀၀ ml တွင် အရည်အသွေး ၂ ပျားရည် ၅ ဂရမ်ထည့်ခြင်းမှာ အရသာအကောင်းဆုံးဖြစ်သည်။ မချိုလွန်း၊ မပေါ့လွန်းဘဲ ညီတူညီိမျှအရသာရှိ၏။

''၁၀၀ ml ကို ၅ ဂရမ်!'' ချင်လင်က ဂဏန်းပေါင်းစက်ထုတ်၍ တွက်တော့သည်။

အရည်အသွေး ၂ က တစ်နေ့ကိုကတ်တီ ၉၀ ဆိုတော့ ၄၅၀၀၀ ဂရမ်။ နို့လက်ဖက်ရည်ထည့်တဲ့ပလတ်စတစ်ခွက်အကြီးက ၇၀၀ ml ရှိတော့ ၃၅ ဂရမ်ထည့်ရမည်။ နို့လက်ဖက်ရည်ခွက်ကြီးမျိုး ၁၂၈၆ ခွက်ရပေမည်။

ဤပမာဏမှာ လုံလောက်မည်မထင်။ လူအတော်များများက ပျားရည်အာနိသင်ကိုသိသည်နှင့် ဝယ်ကြလိမ့်မည်။ ထို့အပြင်တစ်ကြိမ်သောက်ဖူးလျှင် နောက်ထပ်သောက်ကြမှာအသေအချာ။ ပါဆယ်တစ်ခွက်တောင်ထုပ်သွားဦးမည်။

ဤသည်မှာ အရင်တက္ကသိုလ်တက်တုန်းက သူနှင့်ကျောက်မိုချင်း အတန်းဖော်များနှင့်အတူတူခရီးသွားခဲ့စဉ်ကအတိုင်းပင်။ အရသာရှိသည့်အစားအစာကို ရှုမျှော်ခင်းနေရာတွင်တချို့တစ်ဝက်စားပြီး တချို့တစ်ဝက်ကိုဝေမျှပေးမည်။ တချို့အတန်းဖော်များက တချို့ကိုထုပ်တောင်ထုပ်သွားကြသည်။

ကျောက်မိုချင်းကလည်း_ ''ချင်လင်... ဒီဆေးဖက်ဝင်ပျားရည်ကို ဘယ်လောက်နဲ့ရောင်းဖို့စဉ်းစားထားလဲ?''

ချင်လင်ကပြုံး၍_ ''ရှုမျှော်ခင်းနေရာတွေမှာ နို့လက်ဖက်ရည်ခွက်ကြီးကို တစ်ခွက်ယွမ် ၂၀ တောင်ရောင်းကြတယ်... ကိုယ့်ဆေးဖက်ဝင်ပျားရည်က ပစ္စည်းကောင်းပဲ... တစ်ခွက်ကိုယွမ် ၁၀၀ နဲ့ရောင်းရင်တောင် မလွန်ဘူးမလား?''

ဘယ်လွန်မလဲ။ နောက်ပြီး သူ့ဂိမ်းကထုတ်တဲ့သန့်စင်သဘာဝပျားရည်မှာ မောပန်းခြင်း၊ ဝမ်းချုပ်ခြင်းနှင့် နာတာရှည်အစာအိမ်ရောင်ခြင်းတွေကိုသက်သာစေတဲ့အာနိသင်တွေလည်း ရှိသေးသည်လေ။

ကျောက်မိုချင်းက တစ်ခွက်ကိုယွမ် ၁၀၀ ဟုကြားလျှင် လျှာထုတ်လိုက်ကာ_ ''မသိတဲ့ခရီးသည်တွေကတော့ တစ်ခွက်ကိုယွမ် ၁၀၀ လို့ကြားရင် လုံးဝလန့်သွားမှာပဲ... ဘာလို့ပျားရည်ထဲကို အုန်းသီးမထည့်တာလဲ? အနည်းဆုံးတော့ အများကြီးပါတယ်လို့ ခံစားရစေတာပေါ့''

''အင်း ဟုတ်သားပဲ... ကိုယ်တို့တစ်ခုခုစျေးသက်သာတာထည့်ပြီး ခွက်များများပိုရောင်းလို့ရတယ်'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။ အုန်းသီးများကတန်ဖိုးသိပ်မရှိသဖြင့် ထပ်ထည့်ပေးနိုင်သည်။ ခရီးသည်များက သူ့ကိုသိတတ်သည်ဟုထင်ကြပေမည်။

သည်လိုနှင့် ၁၂၈၆ ခွက်ကို ခွက် ၁၅၀၀ အဖြစ်ပြောင်းနိုင်ပေမည်။ တစ်ခွက်ယွမ် ၁၀၀ နှုန်းနှင့် ယွမ် ၁၅၀၀၀၀ ရမည်။ ကုန်ကျစရိတ်နှုတ်လိုက်လျှင် ပျားရည်တစ်ပေါင်ကို ယွမ် ၁၆၀၀ ကျော်ရမည်ဖြစ်လေသည်။

ဤပမာဏမှာ ဆေးဖက်ဝင်ပျားရည်အတော်များများ၏စျေးနှုန်းထက်ကျော်လွန်နေပြီဖြစ်သည်။ အဖိုးတန်ဇိမ်ခံပစ္စည်းဟုယူဆနိုင်၏။

ကျောက်မိုချင်းက နည်းနည်းစိတ်ပူပြီး_ ''တစ်ခွက်ကိုယွမ် ၁၀၀... ကြားရုံနဲ့တင်လန့်တယ်... နည်းနည်းကြော်ငြာပြီး ဒီဆေးဖက်ဝင်ပျားရည်ရဲ့အာနိသင်ကိုထုတ်ပြရမယ်... အရသာမြည်းလို့ရတာအကောင်းဆုံးပဲ... မဟုတ်ရင် လိုင်းပေါ်မှာအမုန်းပွားတဲ့သူတွေနဲ့ အသေအပြောခံရမှာစိုးတယ်''

''မင်းပြောတဲ့အတိုင်းလုပ်မယ်'' ချင်လင်ကခေါင်းညိမ့်လိုက်သည်_ ''အရောင်းစင်တာလည်းသုံးလို့ရပြီဆိုတော့... အရောင်းစင်တာပါ တစ်ခါတည်းကြော်ငြာရမယ်... အချိန်ကျရင် ဆေးဖက်ဝင်ပျားရည်လုပ်ငန်းကို အရောင်းစင်တာမှာနေရာချရမယ်''

ယွမ် ၁၀၀ တန်သောက်စရာကို လူသိအောင်မလုပ်လျှင် သာမန်ခရီးသည်များအဖို့လက်ခံရခက်ပေမည်။ အပြောခံရမှာလည်း အသေအချာ။

ထို့ကြောင့် ကြော်ငြာဖို့လိုအပ်နေဆဲပင်။ စမ်းသောက်ဖို့အရင်ဝေပေးကြတာပေါ့!

''ဝု... ဝု!'' ဝမ်ချိုင်ကဟောင်လိုက်သည်။

လှည့်ကြည့်လိုက်သော် ခွေးကကောင်တာမှီ၍သူတို့ကိုငေးကာ သူတို့မေ့နေသောတစ်ခုခုကို သတိပေးနေဟန်ရှိလေသည်။

''အဲကောင်က ပျားရည်သောက်ဖို့စောင့်နေတာ!''

ကျောက်မိုချင်းက ပြုံးပြုံးနှင့်ပြောလိုက်သည်။

ချင်လင်ကလည်း ပျားရည်တစ်ခွက်ကောက်ယူ၍ ခွေးအတွက်ထည့်ပေးလိုက်သည်။

ခွေးကစပ်ဖြဲစပ်ဖြဲနှင့် မြူးတူး၍လျှာထုတ်လျက်နေ၏။

ဤသည်ကိုကျောက်မိုချင်းမြင်လျှင် ပြုံးလိုက်သည်။ သူမက ချင်လင်၏ဆေးဖက်ဝင်ပျားရည်လုပ်ငန်းအပေါ် ပို၍ယုံကြည်ချက်ရှိလာ၏။

ခွေးတောင်သောက်ရတာ ဒီလောက်ကြိုက်နေရင် လူတွေဆိုရင်ရော?



All Chapters