ဒီဆန်ဝယ်လို့ရလား?
Vol. 5 Ch. 69
ကျောက်မိုချင်းက အိမ်အနီးအနားတွင် ကားပါကင်ထိုးလိုက်သည်။
ပတ်ဝန်းကျင်မှာ ဟောင်းနွမ်းရှုပ်ပွနေသော်လည်း အများစုမှာအိမ်ငှားများသာဖြစ်သောကြောင့် ကားပါကင်နေရာများစွာရှိသည်။ ပိုင်ရှင်များမှာထိုကြားထဲမနေလို၍ ကားဝယ်စီးနိုင်သူလူနည်းစုသာရှိ၏။
''အဖေ အမေ အစ်ကို ယောက်မ... အပေါ်တက်ရအောင်!'' ကျောက်မိုချင်းကကားတံခါးပိတ်၍ မိသားစုကိုအခန်းထဲခေါ်လိုက်သည်။
စင်္ကြံလမ်းကျဉ်း၍ ပတ်ဝန်းကျင်မှာလုံးဝမကောင်း။
ချင်လင်ငှားနေသည့်အခန်းရောက်လျှင် ကျောက်မိုချင်းကသော့ထုတ်၍ တံခါးဖွင့်လိုက်သည်။ အတွင်းပိုင်းမှာကျဉ်း၍ ပတ်ဝန်းကျင်ကလည်းအပြင်ကအတိုင်း ဆိုးရွားသည်။
အရင်က ဒီလိုပတ်ဝန်းကျင်မျိုးသာမြင်လျှင် ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်မှာ သေချာပေါက် သူတို့သမီးဒုက္ခရောက်မည်လားဟု စူးစမ်းကြပေမည်။ အခုတော့ ချင်လင်ကိုလေးစားသွားကြပြီ။
သူ့မိဘတွေအထောက်အပံ့မရှိဘဲ မိသားစုတွင်အကြွေးများစွာတင်ခဲ့သည်။ မည်သို့အကြောင်းရှိစေကာမူ ထိုပတ်ဝန်းကျင်ထဲမှ အခြေအနေကိုပြောင်းပြန်လှန်နိုင်သည်မှာ လေးစားဖို့ကောင်းသည်။
အောင်မြင်လာသည်နှင့်အမျှ အတိတ်ကခါးသီးမှုများမှာ အလှပဆုံးရွှေအနားဖြစ်လာပြီး အောင်မြင်မှုကိုပိုတောက်ပစေမည်ဖြစ်သည်။ မဟုတ်လျှင် သူတို့အခက်အခဲများကိုပြန်ဖောက်သည်ချပြသော အောင်မြင်သည့်လူများစွာရှိနေမည်မဟုတ်ချေ။
အခန်းထဲ၌_
ချင်လင်နှင့်လင်းဖန်မှာ အလုပ်ရှုပ်နေကြပြီး သူတို့နားတွင် ဝမ်ချိုင်မှာအခန်းထောင့်ကပ်၍ အခင်းပေါ်တိတ်တိတ်လေးလဲလျောင်းနေသည်။
ထိုအခင်းကိုသူအိပ်ရန်အတွက် လင်းဖန်ကသီးသန့်ဝယ်လာခြင်းဖြစ်၏။
ကျောက်မိုချင်းနှင့်သူမမိသားစုရောက်လာသည်ကိုမြင်လျှင် ချင်လင်ကချက်ချင်းပြေးသွားလိုက်ပြီး_ ''အဖေ အမေ အစ်ကို မရီး... ရောက်လာပြီလား... မြန်မြန်အထဲဝင်လေ''
''ဝိုး.. ခွေးရှိတာပဲ... ချင်လင် ဘယ်တုန်းကခွေးမွေးလိုက်တာလဲ?'' လီကျားဝမ်ကဝင်ဝင်ချင်း ခွေးကိုမြင်သွားသည်။ သူမကအံ့သြပုံနှင့်ရှေ့တိုးသွားပြီး ဝမ်ချိုင်၏ခေါင်းကိုသပ်လိုက်၏။
......
သို့သော်ခွေးက သူမကိုလုံးဝအသိအမှတ်ပြုချင်သည့်ပုံမပေါ်။ သူ့ခေါင်းကိုတစ်ဖက်သို့စောင်းလိုက်လေသည်။
ထိုအပြုအမူမှာ ကျောက်မိုချင်းနှင့်လင်းဖန်ကို ပထမဆုံးတွေ့သည့်ပုံနှင့် လားလားမှမတူချေ။
“…” လီကျားဝမ်။
''ခမည်းခမက်တို့... ထိုင်ကြပါဦး'' လင်းဖန်ကဘေးမှ နေမထိထိုင်မသာဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ်သူ့သားက တစ်ဖက်လူကိုအသိမပေးဘဲ တိတ်တဆိတ်လက်ထပ်စာချုပ်ချုပ်ခဲ့ပြီး မစာနာသောလုပ်ရပ်တစ်ခုကိုလုပ်ခဲ့ခြင်းဖြစ်လေသည်။
ချန်ရှောက်၊ ကျောက်ရှန်ဟုန်၊ ကျောက်မိုယွင်နှင့်လီကျားဝမ်တို့ထိုင်ပြီးနောက် လင်းဖန်က_ ''အမ်... ကျွန်မသွားချက်လိုက်ဦးမယ်''
ကျောက်မိုချင်းက လင်းဖန်ကိုလှမ်းဆွဲ၍ ထိုင်စေလိုက်သည်_ ''အမေ... ဒီနေ့ချင်လင်နဲ့ကျွန်မချက်ပေးမယ်... ခဏလေးစောင့်''
''ဟုတ်တယ်... ဒီနေ့မိုချင်းနဲ့ကျွန်တော်ကိုယ်တိုင် စားကောင်းသောက်ဖွယ်တွေပြင်ဆင်ပေးမယ်... ကျွန်တော်တို့ကိုမွေးဖွားပေးတဲ့အတွက် ကျွန်တော်တို့ကိုဆုံခွင့်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့''
ပြင်ပအငွေ့အသက်မှာ နည်းနည်းအိုးတိုးအန်းတန်းဖြစ်နေကြသည်။
လင်းဖန်က အားတုံ့အားနာဖြစ်နေ၏။ သူ့သားလုပ်ထားတာက မစာမနာလေ။ သူမက အပြစ်တင်ခံရမှာစိုးနေသည်။
ချန်ရှောက်ကလည်း အားနာနေ၏။ အရင်က သူ့သမီးရှေ့တွင် 'ချင်လင်နောက်လိုက်ရင် ဒုက္ခရောက်လိမ့်မယ်' ဟု ခဏခဏပြောခဲ့ဖူးလေသည်။
သူမက စကားပြောကောင်းသောသူမယောက်ျား၊ သားနှင့်ချွေးမတို့ကိုစောင်းငဲ့ကြည့်လိုက်ပြီး ထိုကသိကအောက်အခြေအနေကိုဖြေလျှော့ပေးရန်မျှော်လင့်လိုက်သည်။
ထိုခဏတွင် ကျောက်ရှန်ဟုန်၊ ကျောက်မိုယွင်နှင့်လီကျားဝမ်တို့မှာငြိမ်လျက်ရှိပြီး ချန်ရှောက်ဘာလုပ်မလဲစောင့်ကြည့်နေကြ၏။ ဘာပဲဖြစ်ဖြစ်သူမက ဒီမိသားစုရဲ့ပြောရေးဆိုခွင့်ရှိသူလေ။
ထိုထူးဆန်းသည့်အခြေအနေကို ခွေးတောင်သတိထားမိပြီး 'ဘာဖြစ်နေလဲ'ဟူသောအကြည့်နှင့်ခေါင်းထောင်ကြည့်လိုက်သည်။
''အမ်... ခမည်းခမက်တို့ TV ကြည့်ကြလား?'' အိမ်ရှင်အနေနှင့် လင်းဖန်ကစပြောလိုက်သည်။ သူမကရီမုယူ၍ တီဗွီဖွင့်လိုက်၏။
တီဗွီဖွင့်လိုက်သည်နှင့် အမျိုးသမီးနှစ်ဦး တစ်ဦးကိုတစ်ဦးလက်ညိုးထိုး၍ ဆဲရေးတိုင်းထွာနေကြသည်ကိုကြားရလေသည်။ ၄င်းမှာ 'မိုးမျှော်တိုက်'ထဲမှ ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်၏။

''ခမည်းခမက်လည်း ဒီဇာတ်ကားကြည့်လား?'' ချန်ရှောက်က အံ့သြသွားသည်။
လင်းဖန်ကခေါင်းညိမ့်လိုက်ပြီး_ ''ဟုတ်တယ်... အခုလူသတ်သမားကပေါ်တော့မယ်... တတိယမြောက်အမျိုးသမီးက လူသတ်သမားလို့ကျွန်မထင်တယ်''
ချန်ရှောက်ကလည်း အသည်းအသန်ခေါင်းညိမ့်လိုက်ပြီး_ ''ကျွန်မလည်း အဲလိုပဲထင်တယ်... သူအဖြစ်နိုင်ဆုံးပဲ''
ရုတ်တရက်သူတို့နှစ်ဦးမှာ စကားဖောင်ဖွဲ့၍ပြောကြတော့သည်။ အချင်းချင်းအကျွမ်းတဝင်ရှိသူများနှယ် တစ်ယောက်နားတစ်ယောက်ပင်ကပ်ထိုင်လိုက်ကြသေးသည်။
“…” ကျောက်မိုယွင်!
“…” ကျောက်ရှန်ဟုန်!
အမျိုးသားနှစ်ဦးမှာ သူတို့ရှေ့ကမြင်ကွင်းကြောင့် ဦးနှောက်ပင်လိုက်မမီတော့ချေ။
လီကျားဝမ်သာ သူတို့နှစ်ဦးကိုကြည့်၍ချီတုံချတုံဖြစ်သွားသည်။
သူမလည်း တတိယအမျိုးသမီးကိုပင် လူဆိုးဖြစ်မည်ဟုထင်ထားသည်လေ။
သို့သော်လည်း လူကြီးနှစ်ဦးကစကားပြောနေပြီး နေ့ထူးနေ့မြတ်လည်းဖြစ်သည့်အတွက် သူမအဖို့ဝင်နှောင့်ယှက်ရန်မသင့်တော်ပေ။
သူမမှာစကားဝိုင်းထဲဝင်ချင်သော်လည်း မြိုသိပ်ထားရသဖြင့် နေမထိထိုင်မသာဖြစ်နေလေသည်။
…
မီးဖိုချောင်မှလေကြောင်းသင့်လာသော မွှေးပျံ့သည့်ထမင်းအနံ့မှာ သူတို့ကိုဆွဲဆောင်လိုက်သည်။
ကျောက်မိုချင်းက အံ့သြ၍မေးလိုက်၏_ ''အရမ်းမွှေးတာပဲ... ချင်လင်.. ဒီနေ့ဘယ်စပါယ်ရှယ်ဆန်ကိုချက်ထားတာလဲ?''
''ဒါမိဘတွေကိုဧည့်ခံဖို့ ရှယ်ချက်ထားတာ... သူများတွေစားချင်လို့တောင် မစားရဘူး'' ချင်လင်ကပြုံးစိစိနှင့် မေးခွန်းကိုရှောင်တိမ်းလိုက်သည်။
ထိုဆန်မှာ ဂိမ်းမှထုတ်လာသော အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ပင်။ ၄င်းတွင်အာဟာရကြွယ်ဝခြင်း +၂၊ နူးညံ့ခြင်း +၂၊ အရသာရှိခြင်း +၂ နှင့် ဗိုက်တာမင် VPP အိုမင်းရင့်ရော်ခြင်းကိုဆန့်ကျင်ခြင်း +၂ အာနိသင်များရှိ၏။
လွန်ခဲ့သောနှစ်ရက်အတွင်းသူက ရှန်းရွှေလက်ဆောင်ဆန်အများအပြားရလိုက်သည်။ အားလုံးကိုဂိမ်းထဲတွင်သိုလှောင်ထားပြီး အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်တချို့လည်းရလိုက်၏။ ထိုဆန်များကို သူနည်းနည်းမှထုတ်မသုံးရသေး။
ထိုဆန်မှာ ပမာဏများများထုတ်ယူရန်လည်းမသင့်တော်။
ဘာပဲဖြစ်ဖြစ် 'ချမ်းသာတဲ့သူအများစုတောင်မစားနိုင်တဲ့အရာကို သူတို့က စားမကုန်ဘူး'ဆိုပါလျှင် သူတို့ဒေါသကိုဆွရာကျမည်မဟုတ်ပါလား?
အထူးသဖြင့် အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ပင်။ သူကပို၍နတ်စည်းစိမ်ကျသေးသည်။ ထိုဆန်ကို မိသားစုစားရန်လှောင်ထားမည်။ အရည်အသွေး ၁ ကိုမူ လှောင်ထားသည်ထက် ဂိမ်းထဲတွင်သာရောင်းချနိုင်ပေမည်။
အကယ်၍ဂိမ်းမျိုးစေ့ကိုသုံးပြီး ရုံချန်းစီရင်စုထဲ၌ ထိုဆန်မျိုးရအောင်မစိုက်နိုင်လျှင် ပမာဏများများထုတ်ယူရန်သာရှိသည်။
သူ့ဘေးတွင် အရည်အသွေး ၂ သဘာဝငါးကြင်းစိမ်းနှင့် အရည်အသွေး ၂ သဘာဝဆာမွန်ငါးလည်းရှိသေးသည်။
၄င်းတို့မှာ နိုင်ငံအတွင်း ၉၀% သောလူချမ်းသာများက ပိုက်ဆံရှိလျှင်တောင်မစားနိုင်သည့်အစားအစာဟုပင်ဆိုနိုင်သည်။
ဘေးဘက်ရှိသာမန်ပင်လယ်စာများကမူ အပြင်အဆင်အတွက်သက်သက်သာဖြစ်၏။
''ဖရဲသီးခွဲပြီး စတော်ဘယ်ရီနဲ့ယူသွားလိုက်... ကျွန်မချက်လိုက်မယ်'' ကျောက်မိုချင်းကပြောပြောဆိုဆို သူမအနားရှိငါးကြင်းစိမ်းခေါင်းကိုကောက်ကိုင်ကာ ငါးခေါင်းဟင်းရည်ချက်ရန်ပြင်လိုက်သည်။
သူမလက်ရာမှာ တကယ့်စားဖိုမှူးကိုမယှဉ်နိုင်သော်လည်း အိမ်ချက်လက်ရာဖြစ်၍ပြောစရာမရှိ။ ထို့အပြင် ပါဝင်ပစ္စည်းများကောင်းသည်။ မည်သို့ချက်ရမည်ကိုသိနေသမျှတော့ အနံ့အရသာရှိခြင်း +၂ နှင့် အရသာကောင်းခြင်း +၂ အာနိသင်ကြောင့် သေချာပေါက်ကောင်းနေမည်ပင်။
ချင်လင်လည်း ဖရဲသီးတစ်လုံးယူ၍ခွဲလိုက်သည်။ ထို့နောက်သူက ရေဆေးထားသော အရည်အသွေး ၂ စတော်ဘယ်ရီနှင့်သယ်သွား၏။
ဧည့်ခန်းထဲရောက်လျှင် လင်းဖန်နှင့်ချန်ရှောက်အတူတူထိုင်၍ စိတ်လိုလက်ရပြောနေကြသည်ကိုမြင်ပြီး လုံးဝကြောင်သွားသည်။
သူ့အမေနဲ့ယောက္ခမက ဘယ်တုန်းကဒီလောက်ရင်းနှီးသွားကြတာလဲ?
အရည်အသွေး ၂ ဖရဲသီးနှင့်စတော်ဘယ်ရီကိုချပြီးပြီးချင်း ကျောက်မိုယွင်နှင့်လီကျားဝမ်မှာ စိတ်ဝင်စားသွားကြသည်။
သူတို့နှစ်ဦးက ထူးရှယ်ဖရဲသီးနှင့်စတော်ဘယ်ရီကို စံအိမ်တွင်စားဖူးကြသည်လေ။
လီကျားဝမ်က စတော်ဘယ်ရီတစ်လုံးကောက်၍ ပါးစပ်ထဲထည့်လိုက်သည်။ အရသာမှာ ချက်ချင်းလျှာထဲစိမ့်ဝင်သွား၏။ အရင်လိုအရသာရှိဆဲပါပဲ။

ကျောက်မိုယွင်လည်း ဖရဲသီးတစ်စိတ်ကောက်မြည်းကြည့်လိုက်သည်။
အရင်တစ်ခါစားဖူးပြီးကတည်းက ထိုဖရဲသီးအရသာကိုသတိရနေဆဲပင်။
လင်းဖန်လည်း ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်အား_ ''ခမည်းခမက်တို့လည်း မြည်းကြည့်ပါဦး... ဒါကရှောင်လင်ရဲ့စံအိမ်မှာရောင်းတဲ့ ထူးရှယ်ဖရဲသီးနဲ့စတော်ဘယ်ရီတွေ... အရမ်းအရသာရှိတယ်''
ပြောရင်းဆိုရင်း သူမကိုယ်တိုင် ဖရဲသီးနှင့်စတော်ဘယ်ရီသီးများ သူတို့လက်ထဲထည့်ပေးလိုက်သည်။
လင်းဖန်အပြောကြောင့် သူတို့စုံတွဲကမြည်းကြည့်လိုက်ကြ၏။ ထို့နောက်နှစ်ဦးသားမှာ အမှန်တကယ်အရသာရှိကြောင်း အံ့သြသည့်အကြည့်နှင့်ကြည့်လိုက်သည်။
အရင်က ဖရဲသီး၊စတော်ဘယ်ရီသီးအမျိုးမျိုးစားဖူးသော်လည်း ယခုစားနေသည်ကိုမယှဉ်နိုင်ပေ။
သိပ်မကြာခင်_
ထမင်းဟင်းအဆင်သင့်ဖြစ်သည်။
လင်းဖန်က မိသားစုထိုင်ရန်နေရာချလိုက်ပြီး ချင်လင်ကလည်း ထမင်းအိုးနှင့်ထွက်လာသည်။ သူအိုးဖွင့်လိုက်သည်နှင့် ထမင်းအနံ့မှာလေထဲပျံ့နှံ့သွား၏။
ခွေးက ထိုနူးညံ့သောမွှေးရနံ့ကြောင့် အလိုလိုမတ်တပ်ရပ်လိုက်သည်။
''ဘာလို့ဒီဆန်က အရမ်းမွှေးတာလဲ?'' လီကျားဝမ်က အံ့သြစွာမေးလိုက်၏။
အစားတလိုင်းဖြစ်၍ သိချင်နေသည်။
''ဒါရှန်းရွှေလက်ဆောင်ဆန်လေ... ကံကောင်းလို့နည်းနည်းရခဲ့တာ'' ချင်လင်က စိတ်မပါတပါနှင့်ရှင်းပြလိုက်၏။
''ရှန်းရွှေလက်ဆောင်ဆန်? လုံးဝမကြားဖူးဘူး... အရမ်းကောင်းမယ့်ပုံပဲ'' လီကျားဝမ်ကဖုန်းထုတ်၍ စပ်စပ်စုစုရှာကြည့်လိုက်သည်။ နာမည်ကြားရုံနှင့်ပင် သိချင်သွား၏။
သို့သော် ကျလာသောသတင်းများတွေ့လျှင် အံ့အားသင့်သွားပြီး_ ''ဒီဆန်က အံ့သြဖို့ကောင်းတယ်မလား?''
ဒီနေ့သူမ တော်တော်အမြင်ကျယ်သွားပြီ။
တော်ဝင်ဆန်မှာရှားပါးပြီး ချမ်းသာသူများပင်မဝယ်နိုင်။ တစ်ခါက ယွမ်တစ်သောင်းစျေးနှင့်ရောင်းဖူး၏...
သတင်းများမှာ လန့်လောက်စရာတွေချည်း။
''ဘာဖြစ်လို့လဲ?'' ကျောက်မိုယွင်က သူ့ဇနီးဖြစ်ပျက်နေပုံကိုကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်သည်။
လီကျားဝမ်က စကားမဆိုဘဲ ဖုန်းထိုးပြလိုက်၏။
''သောက်...'' ကျောက်မိုချင်းက ထဆဲလိုက်သည်။ ဒီလောက်စျေးကြီးတဲ့ဆန်မျိုးရှိမှန်း သူမသိပေ။
ဒါကြောင့်လည်း လက်ဆောင်ပဏ္ဏာဆက်တဲ့ဆန်လို့ခေါ်တာကိုး။
သေစမ်း။ သူ့မှာတော့ KTV ဖွင့်တယ်၊ နို့လက်ဖက်ရည်ဆိုင်ဖွင့်တယ်။ သူဟာ အသက် ၂၀ ကျော်လူငယ်တွေကြားမှာ အတော်ဆုံးတစ်ယောက်လို့ဆိုနိုင်တယ်မဟုတ်လား? သို့သော် ထိုသတင်းတွေ့လိုက်ရလျှင် သူဆန်တောင်ဝယ်မစားနိုင်ဟုခံစားလိုက်ရသည်။
''မင်းအော်တာက ရိုင်းလိုက်တာ'' ကျောင်းဆရာဖြစ်သူကျောက်ရှန်ဟုန်မှာ ယဉ်ကျေးမှုကိုအလေးထားသူဖြစ်၏။
ကျောက်မိုယွင်ကရှင်းပြမနေဘဲ သူ့အဖေလက်ထဲဖုန်းထည့်ပေးလိုက်သည်။
ကျောက်ရှန်ဟုန်က ရှန်းရွှေလက်ဆောင်ဆန်အကြောင်းကြည့်လိုက်ရာ သူလည်းလှုပ်လှုပ်ရွရွဖြစ်သွား၏။
သောက်ခွေးတဲ့မှ...
''ခမည်းခမက်... ဒီထမင်းစားကြည့်'' အခုတော့လင်းဖန်မှာ ချန်ရှောက်နှင့်အလွန်ရင်းနှီးသွားပြီဖြစ်သည်။ သူမကထမင်းတစ်ပန်းကန်ထည့်၍ ချန်ရှောက်လက်ထဲထည့်ပေးလိုက်ကာ_ ''ရှောင်လင်ယူလာတဲ့ဆန်က အရမ်းအရသာရှိတာ... ကျွန်မဟင်းမပါဘဲ ဒီအတိုင်းတောင်စားနိုင်တယ်''
ချန်ရှောက်ကထိုစကားကြားလျှင် ပန်းကန်ယူ၍စမ်းတမ်းစမ်းတမ်းစားကြည့်လိုက်သည်။ သို့သော်ချက်ချင်းပင် နူးနူးညံ့ညံ့မွှေးရနံ့မှာ ခံတွင်းထဲစီးဝင်သွားပြီး အတွေ့အထိနှင့်အရသာရှိခြင်းကြောင့်_ ''ဒီဆန်က တကယ်အရသာရှိတာပဲ... ဒီဆန်ဘယ်ကဝယ်တာလဲ? ကျွန်မတို့မိသားစုလည်း မနက်ဖြန်ဒါဇင်လိုက်ဝယ်ထားမယ်''
“…” ကျောက်ရှန်ဟုန်။
“…” ကျောက်မိုယွင်။
“…” လီကျားဝမ်။
သူတို့သုံးဦးက ချန်ရှောက်ကိုကြည့်လိုက်ကြ၏။
ဒါဇင်လိုက်?
ဒီဆန်ကို ဂေါ်ဖီထုပ်များမှတ်နေလား?