ရုံချန်းစီရင်စုအပေါ် တောင်တန်းစံအိမ်၏လွှမ်းမိုးနိုင်မှု! ဆေးဖက်ဝင်ပျားရည်က တကယ်အာနိသင်ရှိတယ်!
Vol. 5 Ch. 72
တစ်ညကုန်ဆုံးပြီးနောက် လတ်တလောချင်းလင်စံအိမ်၏ကျော်ကြားမှုကြောင့် ဆေးဖက်ဝင်ပျားရည်ကိုအာရုံစိုက်သူ အများအပြားရှိလာသည်။
လူအများက ချင်းလင်စံအိမ်၏သဘာဝဆေးဖက်ဝင်ပျားရည်မှာ အမှန်တကယ်ထိုအာနိသင်မျိုးရှိမရှိ သိချင်လာကြ၏။
နံနက်စောစောတွင် ချင်လင်မှာ ဂိမ်းထဲရှိသမျှကိုစံအိမ်ပို့ပြီးရုံရှိသေး။ ခရီးသည်အတော်များများကအစောကြီးရောက်နေကြ၏။ တချို့မှာ ဖျော့တော့နွမ်းနယ်နေပုံတောင်ပေါက်သည်။ သိသိသာသာဝမ်းချုပ်နေကြသည့်ပုံပင်။
ယခင်က ခရီးသည်များစံအိမ်ရောက်လျှင် ပထမဆုံးလုပ်ကြမည်မှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လက်မှတ်ဝယ်၍ ပန်းပင်လယ်ထဲဝင်ရန်ဖြစ်သည်။ သည်တစ်ကြိမ်တွင်မူ ပန်းပင်လယ်လက်မှတ်ဝယ်ပြီးနောက် ဖွင့်ထားသောအရောင်းစင်တာသို့ပြုံတိုးနေကြ၏။
အရောင်းစင်တာမှာ ဧည့်ကြိုခန်းမနှင့်မလှမ်းမကမ်းတွင်ရှိပြီး စံအိမ်ထဲဝင်လိုက်သည်နှင့် လှမ်းမြင်နေရသည်။
ပိတ်စက်သုံးလုံးမှာ အရောင်းဧည့်ခန်းအတွင်း အရောင်းကောင်တာ၏အမြင်သာဆုံးနေရာတွင် တပ်ဆင်ထား၏။ ဂိမ်းမှသဘာဝပျားရည်နှင့်အုန်းသီး၊ ဖူဟိုင်ပလတ်စတစ်မှပို့ပေးသော ကိုယ်ပိုင်ပုံစံခေတ်ပေါ်ခွက်များလည်းရှိသည်။
ကောင်းယောင်ယောင်ကလည်း ဧည့်ခံသုံးယောက်နှင့်စောင့်နေ၏။
ခရီးသည်များမှာ တစ်ချက်ကြည့်ရုံနှင့်ကြော်ငြာဗီနိုင်းကိုမြင်နိုင်ပြီး လူစုလာကြသည်။ တစုံတစ်ယောက်က_ ''သဘာဝပျားရည်ကိုအလကားရအောင် ဘယ်လိုလုပ်ရမလဲ?''
ကောင်းယောင်ယောင်က ချက်ချင်းရှင်းပြလိုက်၏_ ''အားလုံးပဲ အရင်ဆုံးတန်းစီလိုက်ပါ... ကျွန်မတို့ကို ပြေစာ ဒါမှမဟုတ် ပန်းပင်လယ်လက်မှတ်ပြရုံပါပဲ''
ထိုသို့ကြားကြားချင်း ခရီးသည်တစ်ဦးကချက်ချင်းပင် ကောင်းယောင်ယောင်လက်ထဲလက်မှတ်များထည့်ပေးလိုက်သည်။
ကောင်းယောင်ယောင်ကလည်း အထူးစက်တစ်လုံးထုတ်၍ လက်မှတ်ကိုအပေါက်ဖောက်လိုက်သည်။ ထို့နောက်သူမက တစ်ဖက်လူအား လက်မှတ်ပြန်ပေးလိုက်သည်။ သို့နှင့်နောက်ထပ်ယူနိုင်တော့မည်မဟုတ်ချေ။
လူတိုင်းကို ကိုယ်ပိုင်အသိရှိမည်မထင်လေနှင့်။ ရယူမှုသေးသေးလေးအတွက် လောဘကြီးကြသောလူများစွာရှိပေသည်။
ဧည့်ခံသုံးယောက်လည်း လှုပ်ရှားလာသည်။ ပျားရည်ထည့်၊ အုန်းသီးထည့်၊ ရေထည့်၊ ပြီးလျှင် အဖုံးအုပ်၍သမအောင်လှုပ်လိုက်သည်။ ထို့နောက်ပိုက်နှင့်အတူ ယူမည့်သူအားပေးလိုက်၏။
......
တခဏအတွင်း ထိုခရီးသည်တစ်အုပ်အား ဆေးဖက်ဝင်ပျားရည်အခမဲ့ဝေပေးလိုက်သည်။
မနေ့ညကနာမည်ကျော်သွားခြင်းကြောင့် ထိုလူများမှာ သိချင်စိတ်နှင့်မျှော်လင့်ချက်ကြောင့်လာကြခြင်းဖြစ်သည်။ ဆေးဖက်ဝင်ပျားရည်အလကားရသည်နှင့် သူတို့ကချက်ချင်းပိုက်တပ်၍သောက်လိုက်ကြ၏။
အာနိသင်မဆိုထားနှင့် အတွေ့အထိ +၂ နှင့် အရသာရှိခြင်း +၂ အရည်အသွေးနှင့်ပင် ခရီးသည်များမှာ အရသာကိုနှစ်ခြိုက်သွားကြပြီဖြစ်သည်။
''ဒီဆေးဖက်ဝင်ပျားရည်က အရသာရှိလွန်းတယ်မလား? ငါဆေးဖက်ဝင်ပျားရည်ဆိုတော့ ခါးမယ်မှတ်နေတာ''
''ဟုတ်ပါ့... အရသာအရမ်းကောင်းတယ်''
''အာနိသင်ကိုအသာထားလိုက်ဦး... အရသာနဲ့တင်ပဲ တခြားရှုမျှော်ခင်းနေရာကဖျော်ရည်တွေထက်လုံးဝသာနေပြီ''
''ထောက်ခံတယ်! ဒီပျားရည်သောက်ပြီး သတိထားမိလား... နည်းနည်းလန်းဆန်းသလိုဖြစ်သွားတယ်မလား?''
''အမှန်ပဲ... ငါစိတ်ထင်တယ်မှတ်နေတာ''
ဤသည်မှာ မောပန်းပြေစေခြင်း +၂ အာနိသင်ကြောင့်ပင်။
ပျားရည်၏အာနိသင်မည်သို့ရှိသည်ဖြစ်စေ ထိုခရီးသည်များက အရသာကိုပူပန်ကြသည်မှာ သိသိသာသာ။

ထို့နောက်ခရီးသည်တစ်ဦးက တစ်ခုခုတွေးမိပြီး ဖုန်းထုတ်ကာ သူ့လက်ထဲမှဆေးဖက်ဝင်ပျားရည်ကိုဓာတ်ပုံရိုက်လိုက်သည်_ ''အောင်အောင်မြင်မြင်ဝင်နိုင်ခဲ့ပြီ... ချင်းလင်စံအိမ်ရဲ့အခမဲ့ဆေးဖက်ဝင်ပျားရည်ကိုရခဲ့တယ်... အခုပဲသောက်လိုက်တာ... အာနိသင်ဘယ်လိုရှိမလဲမသိပေမဲ့ အရသာကတော့ လုံးဝပြီးပြည့်စုံတယ်... အရမ်းအရသာရှိတယ်''
တခြားသူများကလည်း အသိအမှတ်ပြုလိုက်ပြီး သူတို့ဖုန်းများထုတ်ကာ ဗီဒီယိုများရိုက်လိုက်ကြသည်။ သူတို့အားလုံးက အရသာရှိကြောင်း၊ စွဲသွားကြောင်းပြော၍ ချင်းလင်စံအိမ်၏နာမည်ကြီးမှုအပေါ်အလိုက်သင့်မျောလိုက်ကြ၏။
နာမည်ရချင်၍မဟုတ်ပါလျှင် အရင်ဆုံးပြေးလာကြမည်မဟုတ်ပေ။
အမှန်တကယ်ချင်းလင်စံအိမ်မှာ အရှိန်အဟုန်နှင့်ကျော်ကြားနေဆဲဖြစ်သည်။ ခရီးသည်များဗီဒီယိုတင်ရန်စုပြုံနေကြပြီး နာမည်အလွယ်ရနိုင်သူများလည်းရှိစမြဲပင်။
ခရီးသည်ပိုများလာသည်နှင့်အမျှ ဗီဒီယိုများပိုထွက်လာ၏။
နာမည်ပေါက်ပြီးသား ဆေးဖက်ဝင်ပျားရည်မှာ ထပ်၍အာရုံဖမ်းစားပြန်သည်။
''သောက်... အဲလောက်စွဲလန်းသင့်လို့လား?
''အဲလောက်ကောင်းတာလား?''
''ငါအထင်မှားတာလို့ ပြောမလို့လား? ဆေးဖက်ဝင်ပျားရည်က ငါထင်ထားသလိုဆေးအနံ့မျိုးမဟုတ်ဘူး''
“…”
…
ရထားပေါ်၌ကျောက်ချန်ချန်မှာ ကြည့်နေရင်းမျက်မှောင်ကြုတ်လိုက်သည်။
သူမကြည့်ရတာ သိပ်ဟန်ပုံမပေါ်။ ဝမ်းချုပ်တတ်သူဘယ်သူမဆို အလွန်မအီမသာခံစားရပေလိမ့်မည်။
သူမဝမ်းသွားချင်နေပါသော်လည်း မသွားနိုင်။
ဆေးရုံသွားမည်ဆိုလျှင်လည်း စာရင်းသွင်းရသည်နှင့် အချိန်ကုန်မည်သာထင်သည်။ သူမအခင်ဆုံးသူငယ်ချင်းက ဝမ်းချုပ်သည့်အကြောင်းပြောဖူးတာ သတိရလိုက်သည်။ ဆရာဝန်က သူမကိုအူမကြီးမှန်ပြောင်းကြည့်ရန်တောင်အကြံပြု၏။ သူမကဆေးရုံမသွားချင်၍ အနီးအနားဆေးခန်းတစ်ခုတွင် အရင်ပြကြည့်လိုက်သည်။
ဆေးခန်းဆရာဝန်က ဆေးညွှန်းရေးပေးပြီး ပျားရည်အနည်းငယ်သောက်ရန်အကြံပြုလိုက်၏။
သူမကလိုင်းပေါ်တွင်လည်း စူးစမ်းကြည့်လိုက်သည်။ ပျားရည်မှာ ဝမ်းချုပ်ခြင်းအပေါ်အာနိသင်ရှိသည်ဆိုသော်လည်း မနေ့ကသူမသောက်ကြည့်ရာ သိပ်ထူးခြားမှုမရှိ။ ထို့ကြောင့် မနေ့ညက ချင်းလင်စံအိမ်၏ဆေးဖက်ဝင်ပျားရည်အကြောင်းတွေ့လျှင် မနက်အစောရထားစီး၍မြို့ထဲမှထွက်လာခဲ့သည်။
သူမရထားပေါ်တွင် Tiktok လျှောက်ကြည့်နေစဉ် ခရီးသွားများက ချင်းလင်စံအိမ်၏ဆေးဖက်ဝင်ပျားရည်အကြောင်း ဗီဒီယိုတင်ထားသည်ကိုတွေ့လိုက်ရသည်။ ဒီခရီးသွားတွေက ပေါ်ပင်လိုက်ချင်တယ်ဆိုရင်လည်း ထားပါတော့။ ဒီလောက်ကောင်းတယ်လို့ပြောဖို့လိုလို့လား?
အရင်က ဆေးဖက်ဝင်ပျားရည်မသောက်ဖူးတာကျနေတာပဲ။
မကြာမီ_
ရထားမှာ ရုံချန်းဘူတာဆီဆိုက်ရောက်လာသည်။
ကျောက်ချန်ချန်က ဘူတာရုံမှထွက်၍ တက္ကစီတန်းမှ တက္ကစီတစ်စီးငှားလိုက်၏။
''မိန်းကလေး... ချင်းလင်စံအိမ်ကိုသွားမှာလား?'' သူမကားထဲဝင်ဝင်ချင်း ကားဆရာကမေးလိုက်သည်။
''ဘယ်လိုလုပ်သိတာလဲ ကားဆရာ?'' ကျောက်ချန်ချန်ကအံ့သြသွား၏။
ကားဆရာက ပြုံးပြုံးနှင့်ရှင်းပြလိုက်သည်_ ''အခုတလော ကားငှားကြတာတွေအများကြီးပဲ... မင်းလိုမျိုးခရီးဆောင်အိတ်မပါဘဲ လက်ဆွဲအိတ်လေးနဲ့လာတယ်ဆိုရင် ချင်းလင်စံအိမ်ကိုသွားကြတာများတယ်... အများအားဖြင့်တော့ စံအိမ်ကိုတစ်ယောက်ယောက်ပို့ပြီးရင် အပြန်ဘူတာကိုတစ်ယောက်ပြန်ခေါ်ခဲ့လို့ရတယ်... ကားအားတယ်လို့မရှိဘူး... အခုဆို အရင်ကထက်ပိုပြီးဝင်ငွေကောင်းနေပြီ''
''အရင်ကခရီးသည်ရဖို့ အွန်လိုင်းကနေအပြိုင်အဆိုင်ရှာရတယ်... အခုတော့ အဲလိုလုပ်ဖို့တောင်ပျင်းနေပြီ... ကားကြပ်တဲ့အချိန်ဆို ချင်းလင်စံအိမ်က ကားအငှားတွေတောင်အကုန်မပို့နိုင်ဘူး''
ကျောက်ချန်ချန်က အံ့အားသင့်သွားသည်။ ရှုမျှော်ခင်းစံအိမ်တစ်ခုက ရုံချန်းစီရင်စုတက္ကစီအဖွဲ့နဲ့ အွန်လိုင်းတက္ကစီအဖွဲ့ကြားပဋိပက္ခကို အဆင်ပြေစေတယ်ပေါ့?

သို့သော်လည်း ဤသည်မှာ ချင်းလင်စံအိမ်က ရုံချန်းစီရင်စုအပေါ်လွှမ်းမိုးထားသည့်အမြင်သက်သက်သာဖြစ်မလား မသိနိုင်ပေ။
ချင်းလင်စံအိမ်ရောက်လျှင် ကားထဲမှထွက်ထွက်ချင်း စံအိမ်ထဲတွင်လူအများကြီးရှိနေကြောင်း ကျောက်ချန်ချန်သတိထားမိသည်။
အထဲတွင် မနေ့ညကစံအိမ်ဗီဒီယိုထဲကအတိုင်း အရောင်းစင်တာကိုလည်းတွေ့ရ၏။
ကျောက်ချန်ချန်က လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ပန်းပင်လယ်လက်မှတ်အရောင်းရုံဆီသွားလိုက်သည်။ လက်မှတ်ဝယ်ပြီးနောက် အရောင်းစင်တာဘက်ပြန်လာခဲ့၏။
ဧည့်ခံသူကလည်း အံ့သြမနေ။ ဒီနေ့ဧည့်သည်တွေက ပျားရည်အတွက်လာကြသည်လေ။
ကျောက်ချန်ချန်က လူတန်းအဆုံးတွင် မြန်မြန်ဝင်၍တန်းစီလိုက်သည်။ အထဲမှအံ့သြသံများထွက်လာနေ၏။
''အရမ်းကောင်းတာပဲ... ငါခွက်တစ်ဝက်သောက်လိုက်တာ ပိုကောင်းသွားသလိုခံစားရတယ်''
''ပျားရည်ဒီလောက်ကောင်းတာ တစ်ခါမှမသောက်ဖူးဘူး''
''အမှန်ပဲ... အရသာကလုံးဝရှယ်ပဲ''
“…”
ကျောက်ချန်ချန်က ထိုလူများကိုကြည့်လိုက်ရာ လုံးဝဟန်ဆောင်နေပုံမပေါ်။ သူတို့အမှန်တကယ်ခံစားရသည်ကို ပြောပြနေကြခြင်းဖြစ်သည်။
တစ်ယောက်နှစ်ယောက်က ဟန်ဆောင်သည်ဖြစ်နိုင်သော်လည်း အားလုံးက စံအိမ်၏ဆေးဖက်ဝင်ပျားရည် လုံးဝအရသာရှိကြောင်းပြောနေကြ၏။
ကျောက်ချန်ချန်လည်း သိချင်နေပြီ။ ပျားရည်က ဝမ်းချုပ်ခြင်းအတွက် မည်သို့အာနိသင်ရှိသည်ဖြစ်စေ အရသာကောင်းရမည်လေ။
တန်းစီရင်းအချိန်ကုန်သွားပြီး ကျောက်ချန်ချန်အလှည့်ရောက်လာသည်။ သူမကလက်မှတ်နှင့် အခမဲ့တစ်ခွက်ယူလိုက်ပြီး ပိုက်တပ်မနေတော့ဘဲ တစ်ငုံနှစ်ငုံမော့သောက်လိုက်ရာ မျက်လုံးများဝင်းလက်သွား၏။
တကယ်ကောင်းတာပဲ။
အံ့သြစရာပင်။ သူမမှာ ရထားတတန်ကားတတန်လာခဲ့ရသော်လည်း ပျားရည်သောက်လိုက်သည်နှင့် ပြောမပြတတ်အောင်အားပြည့်သွားသလိုခံစားလိုက်ရသည်။
ဤဆေးဖက်ဝင်ပျားရည်မှာ စျေးနည်းနည်းကြီးသည်နှင့်အမျှ သူ့အနံ့နှင့်ဝမ်းချုပ်သက်သာစေသည့်အာနိသင်မှာ လုံးဝတန်၏။
ကျောက်ချန်ချန်က ပန်းပင်လယ်ဘက်လျှောက်လာခဲ့သည်။ ပျားရည်သောက်ရင်း လက်မှတ်ပြ၍ပန်းပင်လယ်ထဲဝင်လာခဲ့ရာ သူမအနီးအနားရှိခရီးသွားများကလည်း လက်ထဲတွင်ဆေးဖက်ဝင်ပျားရည်နှင့် ဆွေးနွေးနေကြသည်ကို သတိထားမိလိုက်သည်။
ပန်းပင်လယ်ထဲဝင်ပြီးနောက် ကျောက်ချန်ချန်ကစိတ်အခြေအနေပိုကောင်းလာ၏။
တဖြည်းဖြည်းလျှောက်လာရင်း လှပသောရှုခင်းထဲစိတ်ရောက်သွားပြီး ဝမ်းချုပ်ခြင်းကြောင့်ပူပန်ရသည်ကိုပင်မေ့ပျောက်သွားသည်။
အထူးသဖြင့် အလယ်တွင်ရှိသောသုံးပွင့်ဆိုင်ဇီးပန်းပင်ကိုတွေ့သောအခါ လှပသောမြင်ကွင်းနှင့်ချစ်စရာကောင်းသည့်ရှဉ့်များကြောင့် စိတ်အခြေအနေကောင်းသွားသည်။ သူမကမနေနိုင်ဘဲဖုန်းထုတ်ကာ ဆဲလ်ဖီဓာတ်ပုံရိုက်လိုက်၏။
ကျောက်ချန်ချန်မှာ စိတ်ရှိလက်ရှိဆဲလ်ဖီဓာတ်ပုံများရိုက်ပြီးမှ ပန်းပင်လယ်ထဲကထွက်လာခဲ့သည်။ သို့သော်သူမထွက်လာသည်နှင့် ဝမ်းသွားချင်စိတ်ပေါ်လာ၏။ ထို့ကြောင့်ချက်ချင်းပင် စံအိမ်၏သန့်စင်ခန်းဘက်ဦးတည်၍သွားလိုက်သည်။
ကျောက်ချန်ချန်က အမျိုးသမီးသန့်စင်ခန်းထဲ ချက်ချင်းပြေးသွားပြီး အခန်းထဲဝင်ကာတံခါးပိတ်လိုက်၏။ ထို့နောက် သက်သာရာရသွားသောအသံထွက်လာသည်။
ခဏအကြာတွင် သူမကပြုံးရွှင်လျက်ထွက်လာ၏။
တကယ်အလုပ်ဖြစ်တာပဲ။
သို့သော်သူမထွက်လာလျှင် လန့်သွား၏။
သန့်စင်ခန်းအပြင်ဘက်တွင် တန်းစီနေသောလူတန်းကြီး။
တော်သေးလို့ ဝမ်းလျှောမနေတာ။ မဟုတ်ရင် ဒီလူတန်းကြီးနဲ့ဆို...
ဒီဆေးဖက်ဝင်ပျားရည်က တကယ်ထိရောက်တာပဲ။
သူမကမနေနိုင်ဘဲဖုန်းထုတ်၍ ဗီဒီယိုရိုက်ယူထားလိုက်သည်။ ဒီဆေးဖက်ဝင်ပျားရည်ကအကျိုးရှိကြောင်း လူတိုင်းကိုပြောပြ၍ တခြားဝမ်းချုပ်တတ်သူများကိုမျှဝေပေးရပေမည်။