အခုမှအစရှိသေး! ချန်လီမှင်တက်သွားပြီ!
Vol. 5 Ch. 75
ချန်လီကရှင်းပြလိုက်သည်_ ''စီရင်စုရဲ့ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း+အစီအစဉ်ရည်ရွယ်ချက်က ခရီးသွားလုပ်ငန်းကနေတဆင့် တခြားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှုကိုလူသိများစေဖို့ပဲ... ဒါပေမဲ့စီရင်စုကဘယ်လောက်ပဲကြိုးစားကြိုးစား ဂရုမစိုက်နိုင်တဲ့အပိုင်းတွေရှိနေတယ်... ဥပမာပြောရရင် အလုပ်မဖြစ်တဲ့စိုက်ပျိုးရေးထုတ်ကုန်တွေအများကြီးရှိသေးတယ်''
''အခုတလော နေရာအတော်များများမှာ တောင်သူတွေကိုကူညီပြီး တရားဝင် live လွှင့်နေကြတယ်မလား? စီရင်စုငယ်ခေါင်းဆောင်လေးတွေကိုယ်တိုင်တောင် ထွက်လာကြပြီ''
''စီရင်စုကလည်း စမ်းကြည့်ချင်နေတာ... အရင်ဆုံး ပျားရည်ကတ်တီ ၄၀၀၀ ကမ်းလှမ်းရမယ့်တာဝန်ကျလာတယ်... ဖြစ်ချင်တော့ အဲဒီတာဝန်က ငါ့ဆီရောက်လာရော''
''မင်းစံအိမ်ရဲ့ဆေးဖက်ဝင်ပျားရည်က နာမည်ကျော်တာကောင်းတယ်မလား? ငါမင်းကို စံအိမ်ရဲ့တရားဝင်ကိုယ်ပိုင်မီဒီယာကနေ Tiktok မှာကူပြီးကြော်ငြာပေးစေချင်တယ်''
''သူဌေးချင် မပူပါနဲ့... ပျားရည်ကသေချာလုပ်ထားတာပါ... အရည်အသွေးပိုင်းကပြောစရာမရှိဘူး... ငါအာမခံတယ်''
''ကောင်းပါပြီ... ကျွန်တော်ပြန်ရောက်ရင်စီစဉ်လိုက်ပါမယ်'' ချင်လင်က ချန်လီဒီအကြောင်းပြောမည်ဟုမထင်ထားပေ။
Live တွင်ပစ္စည်းတင်ခြင်းမှာ ထူးဆန်းနေ၍မဟုတ်။
ထိုလုပ်ငန်းမှာ လူအတော်များများကိုချမ်းသာစေသည်။ ပြည်သူများကိုလည်းစျေးဝယ်ရလွယ်ကူစေ၏။ ရွေးချယ်ခွင့်လည်းရှိသည်။
သို့သော် တက်သစ်စလုပ်ငန်းတို့မှာ မှိုလိုပေါက်နေ၏။ အလိမ်အညာအတုအယောင်မျိုးစုံရှိပြီး အရည်အသွေးကိုအာမခံနိုင်သည့်နည်းလမ်းမရှိပေ။
ပစ္စည်းအစစ်ရမလား အတုမိမလားဆိုသည်က ပစ္စည်းတင်သူ၏အသိတရားပေါ်တွင်သာမူတည်ပေသည်။ သို့သော် လူဘယ်လောက်များက အသိတရားရှိပါမည်လဲ? ရေအေးကို ငှက်သိုက်လုပ်ရောင်းနိုင်ကြသည်။
သို့သော်လည်းယခုအခါ တရားဝင်လုပ်ကိုင်သူများက အများယုံကြည်လက်ခံလာစေရန် ပိုမိုပါဝင်လာကြသည်။ ဤလုပ်ငန်းမှာ မကြာမီစနစ်တကျဖြစ်လာမည်ဟု သူယုံကြည်၏။ အင်တာနက်ဆယ်လီတို့မှာ တရားဝင်လုပ်ကိုင်သူများ၏ဝေဖန်ခြင်းခံထားရပြီမဟုတ်ပါလား?
ဤသည်မှာ သိသာသောအချက်ပင်။ တချို့လူများမှာ ဒုက္ခရောက်နေကြပြီဖြစ်သည်။
ယခုစီရင်စုက ထိုဘက်ကိုအသားပေးလုပ်ဆောင်တော့မည်ဖြစ်၍ သူလည်းအထောက်အပံ့ပေးရမည်။ အနည်းဆုံးတော့ အရည်အသွေးပိုင်းတွင် လုံးဝပြဿနာရှိမည်မဟုတ်ပေ။
စီရင်စုက ဤကဲ့သို့ကိစ္စလေးများကိုလိုက်လုံးပမ်းနေလျှင် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း+အစီအစဉ်ကြီးကိုထိခိုက်မှုရှိလာနိုင်ပေသည်။
...
အချိန်တချို့ကုန်လွန်သွားသည်။
ချင်လင်ကချန်လီကိုအဖော်ပြု၍ စံအိမ်ပြန်လာစဉ် စီနီယာအစ်ကိုချူထံမှစာဝင်လာသည်_ ''ချင်လင်... ဒီစာချုပ်ပါအချက်အလက်တွေက ပြဿနာတော့မရှိပါဘူး... ထပ်တိုးအချက်အလက်မှာပဲ... ရုံချန်းစီရင်စုက မင်းခရီးသည်တွေအပေါ်အမြတ်ထုတ်ချင်တာ သိသာတယ်... ဒါပေမဲ့ မင်းဒီကိစ္စကိုစိတ်ထဲမထားဖို့ ငါပြောချင်တယ်... ဒါမင်းအတွက်လည်း အကျိုးရှိတယ်လေ... တစ်ခါတလေ အကျိုးအမြတ်တချို့ဆုံးရှုံးသွားတိုင်း အဆိုးချည်းပဲတော့မဟုတ်ပါဘူး''
ချင်လင်ကပြန်စာကိုမြင်လျှင် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့်ခန်းမထဲပြန်ရောက်လျှင် သူကချန်လီအား_ ''အကြီးအကဲချန်... စာချုပ်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး''
ချန်လီကလည်း ဖိတ်မန္တကပြုလိုက်၏_ ''ဒါဆိုရင် စီရင်စုကိုသွားပြီး စာချုပ်လက်မှတ်ထိုးကြတာပေါ့... ဒါမှလူသိရှင်ကြားကြေညာချက်ထုတ်ပြန်ပြီး မြန်မြန်အလုပ်စလို့ရမှာမလား?''
ဒီလိုကြီးမားတဲ့ထောက်ပံ့ငွေခွင့်ပြုချက်ရဖို့မှာ စံအိမ်ထဲတွင်လက်မှတ်ထိုး၍ပြီးသွားနိုင်တာမျိုးမဟုတ်ချေ။ သက်ဆိုင်ရာဌာနများ၏ကြီးကြပ်မှုကိုခံရမည့်အပြင် အစိုးရမှတရားဝင်ထုတ်ပြန်နိုင်ရန်အတွက် နောက်ခံမြင်ကွင်းတစ်ခုလည်းထားပေးရဦးမည်။
ချင်လင်ကလည်း ထိုအကြောင်းသိ၍ မငြင်းပယ်။ ချန်လီခရီးသွားဌာနကိုပြန်လျှင် လိုက်သွားလေသည်။

စာချုပ်လက်မှတ်ထိုးသည့်လုပ်ငန်းစဉ်မှာ တစ်နာရီခန့်ကြာသွားသည်။
စံအိမ်ပြန်ရောက်လျှင် ချင်လင်ကကျောက်မိုချင်းကိုရှာ၍ စီရင်စု၏ live လွှင့်မည့်အကြောင်းပြောပြလိုက်သည်။
ကျောက်မိုချင်းကခေါင်းညိမ့်၍_ ''ကျွန်မနားလည်ပါတယ်... စီရင်စု live လွှင့်ရင် အချိန်မီဗီဒီယိုပို့ပေးလိုက်မယ်''
လျင်လျင်မြန်မြန်ညရောက်သွား၏။
ခရီးသွားဌာနထဲ၌_
ချန်လီမှာ live လွှင့်ရန်ပြင်ဆင်ထားသောဖုန်းရှေ့တွင် စိတ်လှုပ်ရှားစွာထိုင်နေသည်။ ဒါမျိုးလုပ်တာ သူ့အတွက်ပထမဆုံးအကြိမ်ပင်။ ဒီအတွက်သူက ရုံချန်းစီရင်စု TV ရုပ်သံဌာနမှ စကားပြောကောင်းသော အမျိုးသမီးသတင်းထောက်ကိုပင်အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပေးရန် ဖိတ်ကြားထား၏။
live လွှင့်ခြင်းမြန်မြန်ဆန်ဆန်စလိုက်သည်။ စီရင်စုတရားဝင်အကောင့်မှာ လူသိအောင်ကြော်ငြာထားသော်လည်း live စလွှင့်လွှင့်ချင်း လူအများကြီးမရှိ။ အယောက် ၁၀၀ မပြည့်။ အများစုမှာ ရုံချန်းစီရင်စုမှဖြစ်ကြသည်။
ဒီလောက်လူနည်းနည်းလေးကို ကတ်တီ ၄၀၀၀ ဘယ်လိုရောင်းရပါ့?
ထိုခဏတွင် live လွှင့်ရသည့်တာဝန်မှာခက်ခဲသည်ဟု ချန်လီကခံစားလိုက်ရ၏။ သူကချက်ချင်း ကျုံးလဲ့ကိုစောင်းကြည့်လိုက်သည်။
ကျုံးလဲ့ကသဘောပေါက်၍ ဖုန်းထုတ်ကာ ချင်းလင်စံအိမ်၏ဥက္ကဌချင်ထံစာပို့လိုက်သည်။
ချင်းလက်စံအိမ်ထဲတွင်_
ချင်လင်ကသတင်းရသည်နှင့် ကျောက်မိုချင်းကို ကြိုတင်ပြင်ဆင်ထားသောဗီဒီယိုပို့ခိုင်းလိုက်သည်။
''ကျွန်မမှာ အားလုံးအတွက်သတင်းကောင်းရှိပါတယ်... ဒီနေ့ည ရုံချန်းစီရင်စုခရီးသွားဌာနတရားဝင်အကောင့်ကနေ ပျားမွေးတောင်သူများကိုအထောက်အပံ့ပေးမယ့်အစီအစဉ်ရှိပါတယ်... သူတို့ကအားလုံးအတွက် ရှားပါးတဲ့ပျားရည်ကိုသေချာထုတ်ထားတာပါ... အရည်အသွေးပိုင်းလုံးဝအာမခံချက်ရှိပါတယ်... တစ်ကတ်တီ ၄၅ ယွမ်နဲ့စျေးလျှော့ပေးမှာပါ''
အောက်တွင် live လွှင့်သည့် link လည်းချထားပေးသည်။
ဆေးဖက်ဝင်ပျားရည်၏ကျော်ကြားမှုမှာ ဆက်လက်မြင့်တက်နေဆဲ။ ယနေ့ဖုန်းမျက်နှာပြင်ပေါ်တွင်ဆက်တိုက်တက်နေ၏။ ထိုကြေညာချက်ကိုရုတ်တရက်တွေ့လိုက်ရသောအခါ အားလုံးကစိတ်ဝင်စားသွားကြသည်။
ပျားရည်မှာ အမှန်တကယ်လူကြိုက်များသောထုတ်ကုန်တစ်ခုဖြစ်သည်။ အတော်များများကကြိုက်ကြသော်လည်း အတုပေါသောကြောင့် အွန်လိုင်းမှမဝယ်ရဲကြ။ ထို့ကြောင့် ဝယ်ချင်သူများကဇဝေဇဝါဖြစ်ကြ၍ မရောင်းရပေ။
အကယ်၍တရားဝင်ရောင်းချသည်ဆိုပါလျှင် လုံးဝယုံကြည်လက်ခံကြပေမည်။
ထို့အပြင် ချင်းလင်စံအိမ်၏ဆေးဖက်ဝင်စစ်မှန်မှုကိုလည်း ယုံကြည်လက်ခံမှုတိုးလာမည်။
''အတော်ပဲ ပျားရည်ဝယ်မလို့... တစ်ချက်သွားကြည့်လိုက်ဦးမယ်!''
''အွန်လိုင်းကနေတော့ ပျားရည်မဝယ်တတ်ဘူး... အတုတွေပေါတယ်''
''ရုံချန်းစီရင်စုခရီးသွားကြီးကြပ်ရေးက တင်ပြတဲ့ပစ္စည်းဆိုတော့ အတုဖြစ်စရာအကြောင်းမရှိဘူး''
“…”
ဗီဒီယိုကလူသိများလာပြီး ချန်လီ၏ live ကိုဝင်ရန်ချပေးထားသော link ကို တွေ့သွားကြ၏။
ခဏအကြာ ချန်လီ၏ live တွင် ထိုအဖွဲ့မှမှတ်ချက်များပြည့်လာသည်။ တဖြည်းဖြည်းမှတ်ချက်များပိုများလာ၏။
''ခရီးသွားကြီးကြပ်ရေးကတင်ပြတဲ့ပစ္စည်းကို သေချာကြည့်စမ်းပါ!''

''တင်ဆက်သူက စိတ်လှုပ်ရှားနေတဲ့ပုံပဲ!''
“…”
ချန်လီက အလျင်အမြန်တိုးလာသောကြည့်ရှုသူအရေအတွက်ကိုမြင်နေရသည်။
သူဌေးချင်ရဲ့အကူအညီက တကယ်ထိရောက်တာပဲ။
အစီအစဉ်မှူးအမျိုးသမီးသတင်းထောက်က ကြည့်ရှုသူအရေအတွက်တိုးလာသည်ကိုကြည့်ရင်း အံ့သြနေသည်။ မကြာမီ လူ ၁၀၀၀ ကျော်သွားပြီး ဆက်လက်တိုးနေဆဲပင်။
အရင် TV ရုပ်သံတွင် live လွှင့်ဖူးသဖြင့် ပရိသတ်တိုးရန်ဘယ်လောက်ခက်သည်ကို သူမအသိဆုံး။ ပရိသတ်အခံရှိသည့်အပြင် တရားဝင်လူသိများခြင်းလည်းရှိသည်။
ချင်းလင်စံအိမ်က တကယ်နာမည်ကျော်ပဲ။
အားကျစရာကောင်းလိုက်တာ။
သို့သော် ဒီနေ့ညသူမယူထားသည့်တာဝန်ကိုလည်းသိသည်နှင့် ကင်မရာကိုကြည့်ကာ_ ''အားလုံးပဲ မင်္ဂလာပါ... ဒီအစီအစဉ်က ရုံချန်းစီရင်စုတရားဝင်စိုက်ပျိုးရေးလုပ်ငန်းမှဖြစ်ပါတယ်... ဒီနေ့ live မှာ အရည်အသွေးမြင့်ပျားရည်ကတ်တီ ၄၀၀၀ ကိုပြင်ဆင်ထားပါတယ်ရှင်... အရည်အသွေးကို ရုံချန်းစီရင်စုမှတရားဝင်ထောက်ခံထားပါတယ်ရှင့်... ပျားရည်အသုံးဝင်ပုံအများကြီးရှိပါတယ်... ဥပမာအနေနဲ့... အရင်ဆုံးဆက်သွယ်လိုက်ကြရအောင်...''
ကျုံးလဲ့နှင့်လုပ်ဖော်ကိုင်ဖက်များက အသင့်ပြင်ထားကြ၏။ အမျိုးသမီးသတင်းထောက်က ဆက်သွယ်ချင်သည်ဟုပြောသည်နှင့် သူတို့ကချက်ချင်း ပျားရည်နောက်ခံတွင် link တင်ပေးလိုက်သည်။
တချိန်တည်းလိုလို ကြည့်ရှုသူတချို့က link ကိုနှိပ်လိုက်ကြသည်။ တရားဝင်ထောက်ခံချက်ရအရည်အသွေးရှိမွေးမြူရေးပျားရည် တစ်ကတ်တီ ၄၅ ယွမ်မှာ လုံးဝစျေးမကြီး။ အစစ်ဖြစ်ကြောင်းအာမခံချက်ရှိ၍ အတော်များများကဝယ်ဖို့ဆုံးဖြတ်ကြပေမည်။
''ဆက်လက်ပြီး ကျွန်မတို့ရုံချန်းစီရင်စုပျားရည်ရဲ့ထူးခြားချက်တွေနဲ့ မွေးမြူတဲ့နည်းစနစ်ကိုမိတ်ဆက်ပေးဖို့ ကျွန်မတို့ရုံချန်းစီရင်စုခရီးသွားဌာနမှအကြီးအကဲချန်ကိုဖိတ်ခေါ်ချင်ပါတယ်'' အမျိုးသမီးသတင်းထောက်က ချန်လီထံကင်မရာမလှည့်ခင် ဖြည့်ပြောလိုက်သည်။
''မင်္ဂလာပါ အားလုံးပဲ... ကျွန်တော်က...'' ပထမဆုံးအကြိမ်ဖြစ်၍ ချန်လီကတုန်တုန်ယင်ယင်ပြောလိုက်၏။
သူက ဤတာဝန်ကိုလည်းတလွဲတချော်မဖြစ်စေချင်။ ပျားမွေးတောင်သူများ၏အားကိုးတကြီးအကြည့်များမှာ သူ့မျက်လုံးထဲ၌ထင်ထက်ရှားရှားရှိနေဆဲ။
သို့သော် သူ့ပါးစပ်ဟမည်အပြု အာမေဋိတ်သံတစ်ခုထွက်လာ၏_ ''ရောင်းထွက်သွားပြီ!''
''ဘာရောင်း...'' ကျုံးလဲ့ကမျက်မှောင်ကြုတ်ကာ ဘေးနားမှသူ့လုပ်ဖော်ကိုင်ဖက်ကိုကြည့်လိုက်သည်။ နောက်ခံအချက်အလက်ကိုမြင်လျှင် သူအံ့သြသွား၏_ ''တကယ်ရောင်းထွက်သွားပြီ''
''ဘယ်လို??'' ထိုအသံကြားပြီး ချန်လီကကြောင်သွားသည်။
ဘာဖြစ်တာလဲ?
သူ့ကိုယ်သူတောင်မိတ်မဆက်ရသေးဘူး။ ကတ်တီ ၄၀၀၀ ကရောင်းထွက်သွားပြီတဲ့လား?
ခက်ခဲတဲ့တာဝန်က ဘယ်ရောက်သွားပြီလဲ?
သူ့နံဘေးမှအမျိုးသမီးသတင်းထောက်က live ထဲမှလူအရေအတွက်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ဒီလောက်အချိန်တိုလေးအတွင်း live ထဲကလူအရေအတွက်မှာ အံ့အားသင့်လောက်အောင် ၁၅၀၀၀ ကျော်သွားပြီတဲ့။
ချင်းလင်စံအိမ်ရဲ့ကျော်ကြားမှုက ကြောက်စရာကောင်းသည်မဟုတ်ပါလား?
ထိုအချိန်တွင်…
live ထဲမှပရိသတ်များကလည်း link ပေါ်မှပျားရည်ရောင်းထွက်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ live ထဲဝင်လာသော ကျုံးလဲ့၏အသံကိုပါကြားလျှင် live တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်လာပြီး မှတ်ချက်များပလူပျံသွားတော့၏။
''၆၆၆၆... link ပေါ်ကနေပဲ ပါသွားပြီ''
''အခုပဲထိလိုက်ရုံရှိသေး... ရောင်းထွက်သွားပြီတဲ့... နည်းနည်းလေးမှဝင်ပါတယ်လို့မခံစားလိုက်ရဘူး''
''ဟားဟား... အကြီးအကဲချန်ကြောင်နေတာ ငါ့အတိုင်းပဲ''
''ကတ်တီ ၄၀၀၀... အကြီးအကဲက သူများကိုအထင်သေးတာပဲ''