ဝိညာဉ်ချိပ်ပိတ်ခြင်းတိုင်လုံး
Vol. 31 Ch. 421
အချိန်မည်မျှကြာမှန်း မသိပြီးနောက် အကွာအဝေးတစ်ခုရှိ ကောင်းကင်ယံတွင် အင်းဆက်အုပ်ကြီးသည် ပေါ်လာလေသည်။ ၎င်းအင်းဆက်အုပ်အသစ်ထ့မှ တဝီဝီအသံများ ထွက်ပေါ်နေသလား မှတ်ထင်ရ၏။ ထိုအင်းဆက်အုပ်၏ အောက်ဘက်တွင် ဟန်လိသည် လူထူးခြားကို စိုက်ကြည့်နေသည်။ သူက အမိန့်ပေး၏။
“သွား…”
ရုတ်တရက်ကြီး အင်းဆက်အုပ်သည် လူထူးခြားထံ ပျံသန်းဝင်လာချေ၏။ ကောင်းကင်တခွင် အရိပ်ကြီးတစ်ခုက ခြုံလွှမ်းလာသည်။ လူထူးခြား၏ ခြေလက်များ အေးစက်သွားသည်။ သည်အင်းဆက်များကား အရင်ကထက် ဆယ်ဆကျော်လောက် ပိုများပြားသည်။ ၎င်းမှာ သူ တောင့်ခံနိုင်သော တစုံတခု ဟုတ်မနေပေ။ ကြောက်လန့်တကြား ဖြစ်ကာ သူက ရုတ်တရက် ထွက်ပြေးချင်စိတ် ခံစားမိသည်။
မျက်စိမျက်နှာပျက်ကာ သူက သူ၏ အသွင်ပြောင်းထားသော ပန်းခြင်းကို ဆင့်ခေါ်သည်။ ယင်းနောက် သူ၏ တစ္ဆေဦးခေါင်းနှစ်ခုသည် အသိခက်သော မန္တာန်တစ်ခုကို စတင် ရေရွတ်သည်။ အသုံးမတည့်တော့သော ထိုလက်နက်များကို အဖြူရောင်မြူအတွင်း၌ ထိန်းသိမ်းထားရင်း ယင်းတို့ကို တွေဝေခြင်းမရှိ စွန့်လွှတ်သည်။ လူထူးခြား၏ ပြတ်သားမှုက ဟန်လိကို အံ့အားသင့်သွားစေသည်။
တစ္ဆေဦးခေါင်းနှစ်ခုသည် ပိုမိုများပြားသော မီးတောက်အမျှင်များကို အရူးအမူး ထုတ်ဖော်လျက် နောက်ဆုတ်နေလေသည်။ သို့သော် ဟန်လိသည် ၎င်းတို့ကို အလွယ်တကူ လွတ်ထွက်သွားခွင့် ပြုမည် မဟုတ်ချေ။
သူ၏ အမိန့်အောက်၌ အင်းဆက်အုပ်ကြီးသည် တစ္ဆေဦးခေါင်းများနှင့် ၎င်းတို့၏ မီးတောက်များထံ ချက်ခြင်း သက်ဆင်းလာသည်။ မီးတောက်များသည် ထောင်သောင်းချီသော ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ဝါးမြိုခြင်းကို ချက်ခြင်း ခံရသည်။ တစ္ဆေဦးခေါင်းများ ကိုယ်တိုင်တွင်ပင် များပြားလွန်းလှသော ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် ပြည့်နှက်နေလေပြီ။ ထိုအခါ ယင်းဦးခေါင်းတို့သည် လက်စတုန်းပြီဟု ဟန်လိ သိလိုက်သည်။ သို့သော် သူက ပိုးတောင်မာများကို စုဆောင်းရန် ဟန်ပြင်ကာ လူထူးခြားနောက်သို့ လိုက်ရန် ကြံစဉ် ကြီးမားလှသော ပေါက်ကွဲသံနှစ်သံကို ကြားလိုက်ရ၏။
တစ္ဆေဦးခေါင်းနှစ်ခုက ၎င်းတို့ဘာသာ ပေါက်ကွဲစေလျက် အစိမ်းရောင်မီးတောက်များနှင့် ယှက်လိမ်ကာ ပိုးတောင်မာအတော်အများများကို လွှမ်းမိုးသွား၏။
ပေါက်ကွဲမှုဗဟိုနှင့် အနီးဆုံးရှိ အင်းဆက်ရာချီကလွဲ၍ သူ၏ အင်းဆက်များစွာသည် မထိမခိုက်ဘဲ ရှိလေ၏။ ကြည့်ရသည်မှာ အရွယ်မရောက်သေးသော ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် တန်ဖိုး ဖြတ်၍ မရတာ မဟုတ်သည့်ပုံပင်။ တခုသော အကန့်အသတ်သို့ ရောက်လာသည့်အခါတွင် ၎င်းတို့သည်လည်း ဖျက်စီးခံရနိုင်သည်ပင်။
သို့သော် ထိုပိုးတောင်မာများ၏ မာကြောမှုက ဟန်လိကို များစွာ စိတ်ကျေနပ်စေခဲ့သည်။ တကယ်တော့ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် တစ္ဆေဦးခေါင်းတို့၏ အလွန်တရာအားကောင်းသော ပေါက်ကွဲမှုကြောင့်သာ ထိခိုက်သွားခဲ့တာ ဖြစ်သည်။ သာမန်အမြုတေဖွဲ့စည်းခြင်းအဆင့် မည်သည့်ကျင့်ကြံသူမဆို ထိုအင်းဆက်များနှင့် ရင်ဆိုင်ရာတွင် အခွင့်အရေးတစ်ခုတလေပင် မရှိဟု ဟန်လိက ယုံကြည်မှု ရှိနေသည်။
ထိုအတွေးဖြင့် ဟန်လိသည် စကားမဆိုလေဘဲ မိုးပြာအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ သူ၏ ပိုးတောင်မာများကို သိမ်းဆည်းသည်။ ယင်းနောက်တွင် သူက လူထူးခြားနောက်သို့ လိုက်လံသည်။
ဟန်လိ၏ အတွေးတို့မှာ အတော်လေး ရိုးရှင်းသည်။ သူနှင့် လူထူးခြားတို့ကြား နက်နဲသော အမုန်းတရားတစ်ခု ရှိနှင့်သွားပြီဖြစ်၍ သည်ပြဿနာကို တခါတည်း ဖြေရှင်းခြင်းကသာ ပိုကောင်းလိမ့်မည် မဟုတ်လား။ အင်အားကြီး ရန်သူတစ်ယောက်ကို မချန်ထားစေချင်သည့်အပြင် သူက ထိုသူ့ကို လွယ်လွယ်နှင့် လွယ်မြောက်သွားခွင့် ပြုမည် မဟုတ်ပေ။
ခဏအကြာတွင် ဝိညာဉ်သေက ဟန်လိနှင့် ပူးပေါင်းလျက် အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ သူ့ဘေးသို့ ရောက်လာပြီး နှစ်ယောက်သာ ပူးတွဲ၍ လိုက်လံတော့သည်။
တခြားသူများကမူ သူတို့၏ မူလနေရာများတွင်သာ ရပ်နေလျက် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။
လူထူးခြား၏ လွတ်မြောက်အောင် ပြေးသည့် နည်းလမ်းက အထင်ကြီးဖွယ်ပင်။ ဟန်လိမှာ သူ၏ အစိမ်းရောင်တောက်ပခြင်းဓားတိုကို အင်အားအပြည့်သုံး၍ တွန်းပို့သည့်အခါတွင်ပင် သူတို့ကြား အကွာအဝေးက တဖြည်းဖြည်း တိုးလာသည်။ မျက်စိတမှိတ်အတွင်း သူတို့သုံးယောက်သည် ကီလိုမီတာနှစ်ဆယ်ကျော်ထိ ရောက်လာခဲ့ပေပြီ။ သည်ကျွန်း၏ ပိုင်နက်ကနေပင် ထွက်လာကြတော့မည် ဖြစ်သည်။
ဤသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်လုံး၌ အေးစက်စက်အလင်းတစ်ခု တောက်ပသွားသည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထံမှ အစိမ်းရောင်ဓားခုနစ်ချောင်းသည် ရုတ်တရက် ထိုးထွက်လာသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပြီးနောက်မှာ ဓားငယ်များသည် အစိမ်းရောင်ဓားကြီးတစ်လက်အဖြစ် ပေါင်းစည်းသည်။ ဖြတ်ခနဲ ဝေဝါးကာ ဟန်လိနှင့် ဝိညာဉ်သေတို့က ၎င်းဓားကြီးပေါ်သို့ ရောက်သွားသည်။ ယင်းနောက် အစိမ်းရောင် လင်းလက်ခြင်းနှင့်အတူ အစိမ်းရောင်အလင်းတန်းတစ်ခုသည် အမြန်နှုန်းမြင့်စွာဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
ဆယ်ငါ့မီနစ်လောက်အကြာတွင် ဟန်လိသည် လူထူးခြားကို မှီလာသည်။ ပျံသန်းနေသော အနက်ရောင်အလင်းကို တွေ့မြင်သည့်အခါ ဟန်လိက သူ့လက်ကို ဝေ့ယမ်းသည်။ အစိမ်းရောင်ဓားငယ်နှစ်လက်သည် ဝိညာဉ်သေ၏ ရှေးအတီတေခွက်နှင့်အတူ ထိုးထွက်သွားသည်။
ထွက်ပြေးနေသော လူထူးခြားက မှော်ရတနာများက သူ့ထံ တိုးဝင်လာတာကို သတိပြုမိသည်။ သူက ၎င်းတို့ထံ အရိုးခေါင်းတစ်ခုကို တုန့်ပြန်သည့်အနေဖြင့် ပစ်လွှတ်သည်။ ယင်းနောက်မှာ လူထူးခြားသည် နောက်ပြန်လှည့်မကြည့်လေဘဲ လူထူးခြားသည် ဆက်၍ ပျံသန်းလေသည်။ လူထူးခြား၏ အတွေးအရ အရိုးခေါင်းသည် အနည်းဆုံးတော့ သူ့ကို အဖိုးတန်သည့် အချိန်တစ်ခု ရစေနိုင်လိမ့်မည် ဟူ၍ပင်။
ဟန်လိ၏ အမူအရာသည် နက်မှောင်သွားပြီး သူက မန္တာန်ချိပ်ဟန်တစ်ခုကို တိတ်တဆိတ် ဖော်ထုတ်သည်။ သူ၏ ဓားပျံငယ်နှစ်လက်သည် အစိမ်းရောင် လင်းလက်သွားပြီး တစ်ခုနှင့်တစ်ခု ခွဲခြားရန် ခက်သည့် ဓားအလင်းတန်းလေးခုအဖြစ်သို့ ပြောင်းလဲသည်။ ယင်းဓားအလင်းများထဲမှ နှစ်ခုနှင့် ရှေးအတီတေခွက်တို့သည် အရိုးခေါင်းထံ တန်းတန်းမတ်မတ် တိုးဝင်ကာ တခြားဓားအလင်းတန်းနှစ်ခုကမူ တစ်ပေခန့် ရှည်သော ဓားပျံတစ်လက်အဖြစ် ပေါင်းစည်းသည်။ ၎င်းသည် အရိုးခေါင်းကို တဟုန်ထိုး ဖြတ်ကျော်လျက် အသံတစ်စက်မျှ မထွက်လေဘဲ လူထူးခြား၏ နောက်ကျောဘက်ထံ တိုးဝင်လာခဲ့ပြီ။
ထိုဓားပျံက ဓားငယ်နှစ်လက် ပူးပေါင်းပြီးနောက်မှာ များစွာ ပိုမြန်လာပြီး လူထူးခြား၏ နောက်သို့ မျက်စိတမှိတ်အတွင်း ရောက်လာသည်။ သို့သော် လူထူးခြားက မူမမှန်ဟု ခံစားမိကာ ခေါင်းလှည့်ကြည့်၏။ အစိမ်းရောင်အလင်းတန်းတစ်ခုသည် သူနှင့် ဆယ့်ငါးမီတာလောက်သာ ကွာဝေးတာကို သူ တွေ့လိုက်ရသည်။
လူထူးခြား၏မျက်နှာသည် သေလောက်အောင် ဖြူရော်သွားသည်။ အရေးတကြီး လျင်မြန်စွာ တုန့်ပြန်သည့်အနေဖြင့် သူက ပါးစပ်ဟပြီး အနက်ရောင်ချီကို ဓားပျံထံသို့ ထွေးထုတ်သည်။ ယင်းနောက် သူက စိတ်လောစွာ ပျံသန်းထွက်ပြေးသည်။
ဟန်လိ၏ အမိန့်အောက်တွင် ဓားပျံသည် အနက်ရောင်ချီကို တုံ့နှေးခြင်းမရှိ တန်းမတ်စွာ ဖြတ်သန်းလာသည်။ ၎င်းက ချဉ်းကပ်လာနေစဉ် ရွှေရောင်ခပ်ဖျော့ဖျော့စက်ဝန်းပြက်တစ်ခုက အနက်ရောင်ချီကို ထိုးစိုက်ကာ လွင့်စင်သွားစေသည်။ ဓားပျံသည် လုံးဝကို ဟန့်တား မခံလိုက်ရပေ။
အစိမ်းရောင်အလင်း ဖြတ်ခနဲ လင်းလက်သွားပြီး ဓားပျံသည် လူထူးခြားကို ထွင်းဖောက်သွားသည်။
လူထူးခြားက ဓားပျံ ထွင်းဖောက်ခံရသော သူ့ရင်ဘက်ကို မယုံကြည်နိုင်ဟန်ဖြင့် ငုံ့ကြည့်သည်။ တစ်စက်လေးမျှ စကားပြောဖို့ပင် အခွင့်အရေး မရှိလေတော့ဘဲ သူသည် ရွှေရောင်လျှပ်စီးခပ်ဖျော့ဖျော့နှင့် ထိုးစိုက်ခံရကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ဟန်လိသည် အလျင်အမြန် ချဉ်းကပ်လာသည်။ အကြိမ်အနည်းငယ် ဝေဝါးသွားပြီးနောက်မှာ သူ့လက်ထဲတွင် ပစ္စည်းသုံးခုနှင့်အတူ သူ ပြန်ပေါ်လာသည်။ သူက ၎င်းပစ္စည်းတို့အပေါ် အာရုံစိုက်ထား၏။ ရှေးမှော်ရတနာဖြစ်သော ပန်းခြင်းအပြင် သိုလှောင်အိတ်တစ်ခုနှင့် အနီရောင်အလင်း တလက်လက် တောက်ပနေသော ပန်းချီကားလိပ်တစ်ခုတို့ပင်။ ထိုပန်းချီကားတွင် စိတ်ဝိညာဉ်ချီ ပါဝင်နေပုံအရ ၎င်းသည် ထီးတည်းရှေးပဝေသဏီ ရတနာတစ်ခု မဟုတ်သော်ငြားလည်း သာမန်မဟုတ်တာတော့ သေချာသည်။
စိတ်ကျေနပ်သွားပြီး ဟန်လိသည် ထိုစာလိပ်ကို ညင်သာစွာ ဖြေကြည့်သည်။ ခဏအကြာ သူသည် မင်သက်သွား၏။
၎င်းစာလိပ်ကို အချိန်အတော်ကြာသည့်အထိ စိုက်ကြည့်နေပြီးနောက်မှာ ဟန်လိသည် ၎င်းကို ပြန်လိပ်သိမ်းသည်။ သူက စဉ်းစားနေသည်။ သူ့စိတ်ထဲတွင် ရှိနေသော သံသယစိတ်များကို အတင်းအကြပ် ဖိနှိပ်ကာ ဟန်လိသည် ငြိမ်သက်စွာ ရှိနေသော အရိုးခေါင်းထံ ပျံသန်းလာသည်။ သခင် ကင်းမဲ့သွားပြီ ဖြစ်၍ အရိုးခေါင်းသည် လေထဲတွင် လှုပ်ရှားခြင်းမရှိ လွင့်မြောနေသည်။ ၎င်း၌ မိစ္ဆာချီ အရိပ်အယောင် ပါဝင်သော်ငြားလည်း အခုအခါတွင်မူ ၎င်းသည် အစောပိုင်းတုန်းက ၎င်း၏ ဉာဏ်ရည်မျိုး လုံးဝ ကင်းမဲ့နေလေပြီ။
တချက်ကြည့်ပြီးနောက်မှာ ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ အမှန်တိုင်းဆိုရပါမူ သူသည် ယခုလို အရိုးခေါင်းကို ခုမှ ပထမဆုံး မြင်ဖူးတာပင်။ ၎င်းသည် ဆိုးဝါးသော နောက်ခံသမိုင်းတစ်ခု ရှိမှာ ကျိန်းသေသည်ဟု သူ ခပ်ရေးရေး ခံစားမိသည်။ သို့သော် သူသည် ၎င်းကို စွန့်ပစ်ရမှာကိုလည်း နှမြောသကဲ့သို့ ဖြစ်နေမိသည်။ ခဏ တွေဝေနေပြီးနောက်မှာတော့ သူက ၎င်းကို ကျောက်စိမ်းသေတ္တာထဲ ထည့်သိမ်းရန် ဆုံးဖြတ်လိုက်သည်။
သည်ဧရိယာကို နောက်ထပ် တပတ်ပတ်ကြည့်ပြီးနောက်မှာတော့ ဟန်လိသည် ဝိညာဉ်သေနှင့်အတူ ပြန်လာခဲ့သည်။ လမ်းတွင် သူ့ကို ကူညီပေးရန် လိုက်လာကြသော ကျင်းချင်နှင့် တခြားသူများနှင့် ဆုံသည်။ ဟန်လိနှင့် ဝိညာဉ်သေတို့သည် လုံးဝ မထိမခိုက် ပြန်လာနိုင်တာ မြင်သည့်အခါ ကျန်သည့်သူများသည် ကျေနပ်အံ့အားသင့်သွားကြသည်။
“တာအိုရောင်းရင်းဟန်…ဟို လူထူးခြားကောင် ဘာဖြစ်သွားလဲ။ သူ လွတ်သွားလား…”
ကျင်းချင်သည် ထိုသို့ မမေးမိဘဲ မနေနိုင် ဖြစ်ကာ မေးလာသည်။
“ကျုပ် လက်ချက်ကြောင့် သူ သေသွားပြီ…” ဟန်လိက တည်ငြိမ်စွာ ပြောသည်။
“သူ သေသွားပြီလား။ သိပ်ကောင်းတယ်။ မဟုတ်ရင် နောက်ကျ အဲ့လူက ကျုပ်တို့ နောက်ကို လိုက်လံမယ်လို့သာ ဆုံးဖြတ်မယ်ဆို ကျုပ်တို့အတွက် အတော်လေး ဒုက္ခများလိမ့်မယ်…”
ကျင်းချင်သည် စိတ်သက်သာရာရဟန်ဖြင့် တုန့်ပြန်သည်။
အနီးအနားရှိ ဟုယွဲ့နှင့် ကျင့်ကြံသူကျန်းတို့မှာလည်း ဟန်လိကို လေးစားသည့်အကြည့်များဖြင့် လှမ်းကြည့်ကြသည်။
တကယ်တော့ ကျင့်ကြံခြင်းလောကတွင် လူတစ်ယောက်၏ အဆင့်အတန်းသည် သူ၏ စွမ်းရည်ဖြင့်သာ သတ်မှတ်သည် မဟုတ်လား။ ယင်းနောက်မှာ သူတို့အုပ်စုသည် မူလနေရာသို့ ပြန်လာကြသည်။ နတ်သမီးရှီက သူတို့ကို ထိုနေရာတွင် စိတ်ပူပန်စွာ စောင့်နေလေသည်။
သူတို့အုပ်စုသည် နောက်တခါ လူပြန်စုံသွားပြန်ပြီ။ နည်းနည်းပါးပါး ဆွေးနွေးပြီးနောက်မှာ ဟန်လိသည် ထိုအစီအရင်ကို အလျင်အမြန် ချိုးဖျက်တာကသာ အကောင်းဆုံးဖြစ်မည်ဟု ခံစားမိသည်။ သို့မှသာ မထင်ထားသော နောက်ထပ် မတော်တဆများ မဖြစ်လာနိုင်မှာပင်။ သို့ဖြစ်၍ သူတို့အုပ်စုသည် အစီအရင်ထံ ထပ်မံ ချီတက်လာကြသည်။
စိတ်ထဲ၌ အာရုံပြန်နှစ်ကာ ဟန်လိသည် အစီအရင်အလံများနှင့် သတ္တုပြားများကို နေရာချသည်။
နောက်ဆုံးကျန်နေသော အစီအရင်၏ အတားအဆီးကို ချိုးဖျက်ခြင်းသည် ချောချောမွေ့မွေ့ပင်။ သွေးနီရောင်အလင်းအရံအတားကို ချိုးဖျက်ပြီးသည့်နောက်မှာ ၎င်းအတွင်းရှိ တောင်ပံမိစ္ဆာကောင်များသည် ဟန်လိတို့ အုပ်စု၏ ရေဓာတ်မှော်ပစ္စည်းများ၏ သုတ်သင်ရှင်းလင်းခြင်းကို ခံရသည်။
သူတို့အုပ်စုသည် ပျော်ရွှင်သွားကြသည်။ ခဏအကြာတွင် သူတို့၏အကြည့်က ဗဟိုချက်တွင် ရှိနေသော ထူးခြားသည် ကျောက်တိုင်လုံးထံသို့ ကျရောက်သွားသည်။
လမ်းကြောင်းတွင်း မည်သည့်အတားအဆီးမျှ မရှိတော့သည့်အခါ သူတို့အုပ်စုသည် ထိုကျောက်သားတိုင်ကို ကောင်းစွာ မြင်ရလေသည်။ ၎င်းတိုင်လုံးပေါ်ရှိ အဆောင်အမှတ်အသားများမှာ အလွန်တရာ ထူးခြားလှသည်။ ထိုတိုင်လုံးကို ရှေးဟောင်းအဆောင်စာသားရှစ်ခုဖြင့် ဖုံးလွှမ်းထားလျက် တိုင်၏ အောက်ခြေကနေ ထိပ်ထိ မရေမတွက်နိုင်သော အစင်းအကြောင်းများ ရှိနေသည်။ ထို့အပြင် သည်ကျောက်တိုင်၌ ရှားပါးလှသော ယင်ယန်ကျောက်စိမ်းကိုပါ မြှုပ်ထားသေးသည်။
၎င်းကျောက်စိမ်းတို့က ခပ်မှိန်မှိန် အဖြူနှင့်အနက် အလင်းများ တောက်ပနေသည်။
အချိန်တစ်ခုကြာ ကြည့်ရှုပြီးနောက် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်၍ စဉ်းစားခန်း ဝင်ကုန်သည်။
“စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း တိုင်လုံး…” တအောင့်အကြာတွင် သူတို့ထဲမှ အားအနည်းဆုံး ရှီသဲက ရုတ်တရက် ထိုတိုင်လုံး၏ အမည်ကို အလန့်တကြား ထအော်သည်။ ထိုစကားကို ကြားသည့်အခါ တခြားသူများက မင်သက်သွားကြသည်။
“နတ်သမီးရှီ…ခင်ဗျား သေချာရဲ့လား။ ဒါက စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းတိုင်လုံးတစ်ခုဆိုတာ အမှန်ပဲလား…”
ဟုယွဲ့က သံသယဖြင့် မေးလာသည်။
“လုံးဝ သေချာတယ်။ ကျမမှာ ဒီစိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းတိုင်လုံးနဲ့ ပတ်သတ်ပြီး အထူးပြု ဖော်ပြထားတဲ့ ရှေးဟောင်းအစီအရင်မန္တာန် စာအုပ်တစ်အုပ် ရှိတယ်။ ဒီတိုင်လုံးရဲ့ ပုံပန်းသွင်ပြင်နဲ့ အဆောင်အမှတ်အသားတွေဟာ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ကွက်တိပဲ။ ဒီတိုင်ကို အလွန်တရာအဖိုးတန်တဲ့ မှော်ပစ္စည်းဆယ်ခုကျော်ကို သန့်စင်မွန်းမံပြီးမှ ပြုလုပ်နိုင်တာ။ ဒီတိုင်လုံးသပ်သပ်နဲ့တင် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ထောင်လောက် တန်ကြေးရှိနေပြီ…”
နတ်သမီးရှီသဲက ထိုတိုင်လုံးကို စိတ်လှုပ်ရှားသည့်ဟန်ဖြင့် ငေးကြည့်နေသည်။