← Chapters

ခုနစ်ရောင်စုံကြာပွင့်

Vol. 31 Ch. 422

ခုနစ်ရောင်စုံကြာပွင့်

Vol. 31 Ch. 422

စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းတိုင်လုံးသည် ရှေးဟောင်းကျင့်ကြံသူများ အသုံးပြုသော မှော်ပစ္စည်းပင်။ ၎င်းကို အနီးဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများကို ချိပ်ပိတ်ကာ ပြင်ပလောကနှင့် သီးခြား ဖြစ်စေရာတွင် အသုံးပြုသည်။ ၎င်းသည် မြင်ရခဲသော မှော်ပစ္စည်းတစ်ခု ဖြစ်ပြီး ရည်ရွယ်ချက်နှစ်ခုအတွက် အသုံးပြုသည်။

ရည်ရွယ်ချက်တစ်ခုမှာ အလွန်တရာ ရှားပါးလှသော စိတ်ဝိညာဉ်ဆေးဝါးများနှင့် ဆေးပင်များကို ပြင်ပထိတွေ့မှုကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်သဘာဝ အားနည်းမသွားအောင် တားဆီးဖို့အတွက်ပင်။ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကမူ တစ္ဆေစိတ်ဝိညာဉ်များ သို့မဟုတ် မိစ္ဆာများ ထွက်မပြေးနိုင်အောင် ဖိနှိပ်ဖို့အတွက်ပင်။ မည်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုသည် ဖြစ်စေ ၎င်းမှာ ဟန်လိနှင့် တခြားသူများအတွက် အလွန်သိသာသော တန်ဖိုးတစ်ခု ရှိနေသည်သာ။

စိတ်ဝိညာဉ်ဆေးဝါးများကမူ သူတို့၏ အသုံးတည့်မှုများက သိသာသည်။ သို့သော် စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း တိုင်လုံးကို မိစ္ဆာများအား ဖိနှိပ်ဖို့ အသုံးပြုခဲ့လျှင်တော့ အဖိနှိပ်ခံ တစ္ဆေမိစ္ဆာများ၏ ခွန်အားကို တိုးတက်စေနိုင်သည်။ သို့သော် ဝိညာဉ်တစ်ခု သို့မဟုတ် မိစ္ဆာတစ္ဆေတစ်ကောင်ကို ချိပ်ပိတ်ဖို့အတွက် စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းတိုင်လုံးကို အသုံးပြုခဲ့လျှင် ၎င်းကို ဖြေလွှတ်ပေးပြီးနောက်မှာ ထိန်းချုပ်နိုင်ဖို့ ခက်ခဲမှန်း သူတို့က ကောင်းစွာ သဘောပေါက်သည်။

တန်ပြန်ဒဏ်ကိုပင် ခံစားရတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ လူတိုင်းသည် ကျေနပ်အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိသော်လည်း မည်သူကမျှ ထိုတိုင်လုံး၏ အောက်တွင် မည်သည့်အရာ ရှိလေမလဲဟု မြင်ရအောင် တိုင်လုံးကို ဖယ်ရှားဖို့ မည်သူကမျှ ချက်ခြင်း အကြံမပြုကြပေ။

အချိန်အတော်ကြာသည့်အထိ ငြိမ်သက်နေပြီးနောက်မှာ ကျင်းချင်သည် ခါးသီးစွာ ရယ်မော၍ ခပ်တိုးတိုး ရေရွတ်သည်။

“ဒါက အတော်လေးတော့ ခေါင်းစားစရာပဲ။ ဒါပေမဲ့ ကျုပ်တို့က သေချာ အားစိုက်ထုတ်ခဲ့ပြီးမှတော့ ဘယ်သူကမှ လက်ဗလာနဲ့ ပြန်မလှည့်ချင်ဘူးလေ…ဟုတ်တယ်မလား…”

“ခင်ဗျားတို့ ထွက်သွားချင်တယ်ဆိုရင်တော့ ထွက်သွားကြပါ။ ကျုပ်ကတော့ ဒီမှာ နေခဲ့မယ်။ ဒီတိုင်လုံးအတွင်းမှာ ဘာမိစ္ဆာမှ ရှိမနေဘူးလို့တော့ မပြောနိုင်ဘူးပေါ့။ ကျုပ်တို့က အထဲမှာ ဘာပဲရှိနေရှိနေ ချိုးနှိမ်နိုင်အောင် လုပ်ဖို့တော့ အဆင်သင့် ပြင်ထားရလိမ့်မယ်…”

ကျင့်ကြံသူကျန်းသည် လက်နောက်ပစ်လျက် အေးတိအေးစက် ပြောလာသည်။

ကျင်းချင်သည် ပြုံး၍ တုန့်ပြန်ပြီး ဟုယွဲ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ရောင်းရင်းဟု…ခင်ဗျားကကော ဘယ်လို သဘောရလဲ…”

တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးမှ ဟုယွဲ့သည် ခိုင်မာသောအဖြေတစ်ခုကို ပေးလာသည်။

“တာအိုရောင်းရင်း…ကျုပ်တို့ လေလွင့်ကျင့်ကြံသူတွေဟာ တခြားသူတွေရဲ့ ကန့်သတ်တာကို သဘောမကျတာ ခင်ဗျားလည်း သိပါတယ်။ ကျုပ်တို့က အကျိုးအမြတ်အတွက် ဒီကို လွတ်လွတ်လပ်လပ် လာခဲ့ကြတာ။ ဒါ့ကြောင့် ကျုပ်တို့ရတဲ့ အခွင့်အရေးတိုင်းကိုတော့ လက်မလွှတ်သင့်ဘူး…”

ကျင်းချင်သည် အံ့အားသင့်ဟန် လုံးဝ မပြပေ။ သူ့အကြည့်က ဟန်လိထံ ရောက်သွားသည်။

ဟန်လိကလည်း မျက်ခုံးပင့်ကာ ပြောသည်။

“ကျုပ်လည်း မထူးခြားနားပါပဲ။ ဒီအောက်မှာ ဘာများ ရှိနေလဲလို့ မြင်ချင်မှတော့ ကျုပ်လည်း ဒီမှာ ဆက်နေပါ့မယ်…”

အခုအခါတွင် သူသည် မိုးပြာတိမ်တိုက်အုပ် ဓားခုနစ်ဆယ့်နှစ်လက်ကို သန့်စင်မွန်းမံပြီး၍ နတ်ဆိုးနှင့် တစ္ဆေမိစ္ဆာများကို လုံးဝ မကြောက်တော့ပေ။

“ကျမကိုတော့ မေးမနေနဲ့တော့။ ကျမက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမယ့် ကျမရဲ့ အဖေက မိစ္ဆာပယ်ဖျက်စေနိုင်တဲ့ မှော်ရတနာတစ်ခုကို ကျမဆီ ပေးထားခဲ့တယ်။ ကျမမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ခွန်အား မရှိဘူးဆိုရင်တောင် ကျမအတွက် အန္တရာယ်တော့ မရှိနိုင်လောက်ပါဘူး…”

ကျင်းချင်က သူမကို မေးနေတာ စောင့်မနေဘဲ ရှီသဲက ခေါင်းပင့်၍ အရင်ဦးစွာ ပြောလာသည်။

“ကောင်းပါပြီ။ လူတိုင်းက လက်ဗလာနဲ့ မပြန်ချင်မှတော့ ကျုပ်တို့ ဒီတိုင်လုံးကို ဖယ်ရှားကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ဂရုတော့ စိုက်ကြပါ…”

ကျင်းချင်သည် သက်ပြင်းသဲ့သဲ့ချကာ သတိထားသည့်ဟန်ပန်ဖြင့် ထိုသို့ ပြောသည်။

“ဟားဟား…ရောင်းရင်းကျင်း သတိပေးနေဖို့ မလိုပါဘူး။ ဒီမှာ ရှိတဲ့ သူတိုင်းက ကိုယ့်အသက်ကိုကိုယ် တန်ဖိုးထားကြမှာပါ။ ဒါပေမဲ့ အရင်ဆုံး တချို့ကိစ္စလေးတွေ လုပ်ကြရအောင်။ မိစ္ဆာ ဒါမှမဟုတ် တစ္ဆေတွေ ပေါ်လာခဲ့ရင် သူတို့ကို ချိုးနှိမ်နိုင်တဲ့သူက ပိုင်ဆိုင်ရမယ့် အခွင့်အရေး ရရမယ်။ ဒီမိစ္ဆာ၊ ဒါမှမဟုတ် တစ္ဆေတွေအတွက် တစ်ယောက်နဲ့ တစ်ယောက် တိုက်တာခိုက်တာကို တားမြစ်ထားရမယ်…”

ကျင့်ကြံသူကျန်းသည် ဖြည်းဖြည်းချင်း ထိုသို့ ပြောလာသည်။ သူ့မျက်လုံးထဲတွင်လည်း မသိမသာ အရောင်လဲ့သွားသည်။

“ဒါကတော့ ရှင်းပါတယ်။ အစွမ်းအစပေါ် မူတည်ပြီး အကျိုးအမြတ် ရတာဟာ သဘာဝကျတယ်…”

ကျင်းချင်သည် သဘောတူသည်။

တခြားသူများသည်လည်း မငြင်းကြပေ။ ထိုသည်ကို မြင်သည့်အခါ ကျင့်ကြံသူကျန်းသည် စိတ်အားတက်ကြွလာသည်။

ရှီသဲက သူ့ထံသို့ စောင့်ငဲ့ကြည့်ကာ ဆန်းကြယ်စွာ ပြုံး၍ မေးလိုက်သည်။

“ရောင်းရင်းမှာက မိစ္ဆာတွေကို ချိုးနှိမ်နိုင်တဲ့ အထူးနည်းလမ်းတစ်ခုများ ရှိနေလို့များလား။ ဘာကြောင့်များ ရှင်က ခုလောက်ထိ ယုံကြည်ချက် ရှိနေတာလဲ…”

“ဒါက…ကျုပ် ခင်ဗျားတို့ကို မဖုံးကွယ်ထားတော့ပါဘူး။ ကျုပ်ရဲ့ ကျင့်ကြံမှုပညာရပ်ဟာ တစ္ဆေ၊မိစ္ဆာတွေနဲ့ ရင်ဆိုင်ရာမှာ အထူးပြုထားတဲ့ စွမ်းရည်တစ်ခုပဲ။ အစတုန်းကတော့ ဒီဟာက များများစားစား အသုံးမတည့်လှဘူးလို့ ကျုပ် ထင်ခဲ့ဖူးတယ်။ နောက်ဆုံးမှာတော့ ကျုပ်က ဒါကို အသုံးပြုနိုင်တော့မယ်လို့ ကျုပ် မမျှော်လင့်ထားမိခဲ့ဘူး…”

အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက်မှာ ကျင့်ကြံသူကျင်းသည် ခေါင်းညိတ်ကာ တည့်တိုးရှင်းပြလာသည်။

“စီနီယာဟန်လိ သုတ်သင်ခဲ့တဲ့ လူထူးခြားရဲ့ အရိုးခေါင်းတွေကလည်း နတ်ဆိုးတွေကနေ သန့်စင်ထားပုံ ရပါတယ်။ ရောင်းရင်းကျန်းက ဒီအရိုးခေါင်းတွေနဲ့ ပတ်သတ်ပြီးလို့တော့ ဒုက္ခများခဲ့ပုံ ရတယ်မလား…”

ရှီသဲက သံသယဖြင့် ပြောလိုက်သည်။

“ဟူး…ကျုပ်ရဲ့ စွမ်းဆောင်ရည်နိမ့်ကျမှုက သံသယ ဖြစ်စေခဲ့ပုံပဲ။ ကျုပ်ရဲ့ နတ်စွမ်းရည်ဟာ စုစည်းဖို့အတွက် ကြိုပြင်ဆင်ဖို့ လိုအပ်တယ်လေ။ ဟိုကောင်လူထူးခြားက ကျုပ်ကို ပြင်ဆင်ခွင့်မှာ မပေးခဲ့တာ။ ဒါ့ကြောင့် ကျုပ်က သနားစရာ အခြေအနေ ကြုံခဲ့ရတာ…”

ကျင့်ကြံသူကျန်းသည် အနည်းငယ် ရှက်ရွှံ့ဟန်ဖြင့် ခေါင်းယမ်းကာ ရှင်းပြသည်။

ရှီသဲက ခေါင်းညိတ်သည်။ သူမ၏အကြည့်က စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းတိုင်လုံးထံသို့ ပြန်ရောက်သွားသည်။

“လူတိုင်းက လက်မလွှတ်ချင်မှတော့ စကြစို့။ ဒီတိုင်လုံးကို ဖယ်ရှားပစ်ဖို့က နည်းနည်းတော့ ပြဿနာ ရှိနိုင်တယ်…” ရှီသဲက စိတ်လှုပ်တရှားဖြင့် ရှင်းပြသည်။

တခြားသူများက သည်စကားကို ကြားသည့်အခါ မျက်လုံး မှေးစင်းသွားသည်။ သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ရုပ်ပိုင်းဆိုင်ရာခွန်အား အများအပြားကို မပိုင်ဆိုင်ထားတာတော့ အမှန်ပင်။ ခွန်အားတိုးစေသော အဆောင်များဖြင့်ပင် သူတို့အုပ်စုသည် ထိုမျှ ကြီးမားလှသော ကျောက်တိုင်လုံးကြီးကို ခန္ဓာကိုယ်အား သုံး၍ ရွှေ့မပစ်နိုင်လောက်ပေ။ ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ အမိန့်ပေးသည်။

ဝိညာဉ်သေက ကျောက်တိုင်လုံးထံ လျှောက်သွားရင်း သူက အလေးအနက်လေသံဖြင့် ပြောလာသည်။

“ကျုပ်ကို လုပ်ခွင့်ပြုပါ။ ကျုပ်က အတော်လေး သန်မာပါတယ်…”

ဟုယွဲ့နှင့် တခြားသူများသည် အနည်းငယ် အံ့အားသင့်သွားကြသည်။ တကယ်တော့ ဝိညာဉ်သေသည် သည်ကို ရောက်လာသည့်အချိန်မှစ၍ ခုမှ ပထမဆုံး စကားပြောလာတာ ဖြစ်သည်။ သို့သော် ခုတော့ သူက သည်ကျောက်တိုင်ကို ဖယ်ရှားမည့် ပြဿနာအား အရင်ဦးဆုံး လုပ်ဆောင်ချင်နေသည်။

“ဒါဆိုလည်း ကျမတို့က ရောင်းရင်းဝိညာဉ်သေကို ဒုက္ခများစေပါပြီ…”

ရှီသဲက သိချင်စိတ်ဖြင့် ပြောသည်။

ဝိညာဉ်သေသည် သူမ၏ စကားကို မကြားလေသည့်အလား ကျောက်တိုင်လုံးထံသို့သာ ဆက်လျှောက်လာသည်။ သူ့ခန္ဓာကိုယ်မှာ အဝါရောင်လင်းလက်သွားပြီး သူက သူ့ကိုယ်ပေါ်သို့ ခွန်အားအဆောင်တစ်ခုကို နေရာချသည်။ ယင်းနောက်မှာ သူ့အင်္ကျီလက်အိုးတို့ကို လိပ်တင်လျက် အသက်ဝဝရှုသွင်းပြီး လက်နှစ်ဖက်ဖြင့် ကျောက်တိုင်ကို ဆုပ်ကိုင်သည်။

ဆယ်မီတာကျော်လောက် အမြင့်ရှိသည် ကျောက်တိုင်သည် တဝုန်းဝုန်းမြည်သံကို ထုတ်လွှတ်လာပြီး ၎င်းသည် နည်းနည်းချင်း ကြွတက်လာသည်။ တခြားသူများမှာ များစွာ ကျေနပ်ပျော်ရွှင်သွားကြသည်။

ဝိညာဉ်သေ၏ တုတ်ခိုင်လှသော လက်မောင်းများသည် လုံးဝ ဖောင်းကြွနေကာ အနီရောင်ခပ်ဖျော့ဖျော့ တောက်နေသည်။ ကျောက်တိုင်လုံးကို သုံးကြိမ်တိုင် ကိုင်လှုပ်ပြီးသည့်နောက်မှာ သူက ခွန်အားကုန် သုံး၍ ၎င်းကို ဘေးသို့ တွန်းထုတ်ပြီး ရုတ်တရက် ဖယ်ရှားပစ်သည်။

တဝုန်းဝုန်းအသံများနှင့်အတူ ကျောက်တိုင်လုံးက ဘေးသို့ ပြိုလဲကျသွားပြီး မြေကြီးသည် တခဏ တုန်ခါသည်။ မြေပြင်ထက်၌ နက်ရှိုင်းလှသော အက်ကြောင်းရာကြီး ထင်းနေသည်။ ထိုကျောက်တိုင်လုံးမှာ အလွန်လေးတာ သိသာသည်။ သို့သော် တခြားသူများကမူ ကျောက်တိုင်လုံးကို အာရုံစိုက်မနေကြ၊ ထိုအစား သူတို့သည် ကျောက်တိုင်လုံး ဖယ်ရှားပြီးနောက်မှာ ကျန်နေခဲ့သော တွင်းပေါက်ထံသို့သာ အာရုံကျရောက်နေသည်။

ထိုတွင်းပေါက်က ပိန်းပိန်းမှောင်နေသည်။ လေအေးတချက် ဝေ့တိုက်နေသည်။ သို့သော် ၎င်းတွင်းပေါက်ထဲသို့ ဆင်းသက်နိုင်မည့် အဖြူရောင်လှေကားထစ်များလည်း ရှိနေသည်သာ။

“သွားကြစို့…”

တွင်းပေါက်ကို ခဏ ကြည့်ရှုပြီးနောက်မှာ ကျင့်ကြံသူကျန်းက ပြတ်သားစွာဖြင့် ဦးဆောင်သည်။

ခဏ တွေဝေနေပြီးနောက်မှာတော့ တခြားသူများကလည်း သူ့နောက်သို့ လိုက်လာကြသည်။ ခုလောက်ထိ ကြိုးစားပမ်းစား အားထုတ်လာခဲ့ပြီးမှ မည်သူကမျှ ကြောက်ဒူးတုန်က လှည့်ပြန်ချင်စိတ် မရှိကြပေ။ ဟန်လိကမူ မူလနေရာတွင်သာ ရပ်နေလျက် သူ့လက်တစ်ဖက်ဖြင့် မေးစေ့ကို ပွတ်ကာ အလေးအနက် စဉ်းစားနေပြီး တခြားသူများ ဆင်းသက်သွားတာကို စောင့်ကြည့်နေသည်။

ထို့နောက်တွင်မူ သူက လူထူးခြားထံမှ ရခဲ့သော အနီရောင်လင်းလက်သည့် စာလိပ်ပန်းချီကားကို ထုတ်၍ ၎င်းကို ဟိုသည်ချိန်ဆကြည့်သည်။ ခဏ စဉ်းစားပြီး ထိုစာလိပ်ကို သူ ပြန်သိမ်းသည်။ ယင်းနောက်မှာတော့ သူလည်း လှေကားအတိုင်း ဆင်းလာသည်။ ဝိညာဉ်သေက သူနှင့် နီးကပ်စွာ လိုက်ပါလာသည်။

အတွင်းဘက်သို့ ဆင်းသက်သော ဥမင်လမ်းမှာ နက်စောက်သည်ဟု ဆိုရမည်။ ဆယ့်လေးငါးမီနစ်လောက်ကြာမှ ဟန်လိသည် အောက်ခြေသို့ ရောက်တော့သည်။

ဟန်လိတို့အုပ်စုသည် သူတို့ရှေ့ရှိ မီတာခုနစ်ဆယ်လောက် ကျယ်ဝန်းမည့် ခန်းမကြီးတစ်ခုကို မြင်သည့်အခါ သူတို့၏ မျက်လုံးများသည် အရောင်တောက်နေတော့သည်။ ခန်းမ၏ မျက်နှာကြက်အမိုးတွင် လက်သီးစုပ်ခန့် ရှိသော ပုလဲလုံးများ နှစ်မြုပ်ထားသည် ဖြစ်ရာ ခန်းမတစ်ခုလုံးသည် နို့နှစ်ဖြူရောင်အလင်းဖြင့် တောက်ပနေသည်။ ခန်းမနံရံများကမူ အလင်းစက်များနှင့် တလက်လက် တောက်ပနေလျက် မှော်ပညာရပ်များကြောင့် ဖြစ်ပေါ်နေသော ထူးခြားလှပသည့်မြင်ကွင်းတစ်ခုနှယ် ထင်ရလေသည်။

ထို့အပြင် ခန်းမ၏ ဝင်ပေါက် ဘေးတစ်ဖက်တွင် တံခါးချပ်နှစ်ခု ရှိနေသည်။ ၎င်း ဝင်ပေါက်က မည်သည့်နေရာသို့ ဦးတည်သလဲတော့ မသိရချေ။

ဟုယွဲ့နှင့် တခြားသူများသည် ခန်းမအလယ်တွင် မလှုပ်မယှက် ရပ်နေကြသည်။ သူတို့အားလုံးသည် တူညီသောနေရာတစ်ခုထံသို့သာ ကြည့်နေသည်။ သူတို့က တခုခုကို လေ့လာစူးစမ်းနေသည့်အလား တစ်ဦးနှင့်တစ်ဦး ခပ်တိုးတိုးလည်း စကားစမြည် ပြောနေကြသည်။

ဟန်လိက သိချင်စိတ်ဖြင့် သူတို့ထံ လှမ်းလာသည်။

“ဒါက ဘာများလဲ…” ထိုသူတို့ စိုက်ကြည့်နေသည့်နေရာထံ အကြည့်ရောက်သွားပြီးနောက်မှာ ဟန်လိသည် အံ့အားသင့် ထိတ်လန့်သွားမိသည်။

ရေကန်တစ်ခု၏ ဘေးတွင် အဖြူရောင်အရိုးစုတစ်ခု ရှိနေသည်။ ၎င်း၏ ဦးခေါင်းကို တစ်ပေမျှ ရည်သော အစိမ်းရောင်မြားတစ်ချောင်းက ထွင်းဖောက်ထားလျက် ၎င်းအရိုးစုကို မြေကြီးနှင့် တွယ်စိုက်ထားသည်။ အတော်လေး ထူးခြားနေသည့်ပုံ ပေါ်၏။

သို့သော် ဤသည်မှာ သူတို့ကို စစချင်း အာရုံစိုက်မိစေရုံသာ။ ယင်းနောက်တွင်မူ သူတို့၏ အာရုံသည် ထိုရေကန်မျက်နှာပြင်တွင် ရှိနေသော သုံးရောင်စုံကြာပွင့်တစ်ပွင့်ထံသို့ ကျရောက်နေတော့သည်။ ထိုကြာပွင့်သည် ခုထိ မဖူးပွင့်ရသေးဘဲ အငုံသာ ဖြစ်နေသေးသော်လည်း ၎င်းသည် ခွက်တစ်ခုစာလောက် အရွယ်အစား ရှိ၍ မိုးပြာ၊ အနီနှင့် အဝါဟူသော သုံးရောင်စုံအလင်းဖြင့် တောက်ပနေသည်။

သည့်အပြင် ၎င်း၏အထက် ခုနစ်လက်မခန့်လောက်တွင် သက်တံတစ်ခု ဖြစ်ပေါ်နေခြင်းပင်။ သက်တံ၏ ရွှန်းလဲ့သောအလင်းက အလွန်တရာ စွဲညှို့နိုင်စွမ်း ရှိလှသည်။

ထိုမျှသာမကသေး။ ရေကန်၏ ရေသည် သာမန် ဟုတ်မနေပေ။ ၎င်းရေမှာ ထူးခြား‌သော ရနံ့တစ်ခုကို အားကောင်းစွာ ထုတ်လွှတ်နေသော သိပ်သည်းလှသည့် အဖြူရောင်ကော်ရည်လိုမျိုးပင်။

“ခုနစ်ရောင်စုံတောက်ပခြင်း ကြာ…။ ဒါက ဒဏ္ဌာရီထဲမှာပဲ တည်ရှိလိမ့်မယ်လို့ ကျုပ် ထင်ခဲ့တာ။ ဒီရေဟာ…။ ဒါက ဒဏ္ဌာရီလာ နှစ်တစ်ထောင်ကျောက်သားနို့နှစ်ရည် မဟုတ်လား…”

ဟုယွဲ့သည် မျက်လုံးအပြူးသားဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း တိုင်လုံးနဲ့အတူ အစီအရင်မန္တာန် အတာအဆီးတွေ များပြားနေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဒီပစ္စည်းနှစ်ခုနဲ့တင် နောက်ထပ် အတားအဆီးအလွှာ ဆယ့်နှစ်ခုလောက် ထပ်ခင်းကျင်းထားမယ်ဆိုရင်တောင် မလွန်ကဲတော့ဘူး…”

ရှီသဲသည် ရောင်စုံကြာပွင့်ကို ကြည့်နေရင်း ထိုသို့ ပြောသည်။

ကျင်းချင်ကမူ အံ့အားသင့်နေရာကနေ သတိပြန်ဝင်လာပြီး အရိုးစုထံသို့ လှမ်းကြည့်သည်။ သူက စဉ်းစားမရဟန်ဖြင့် မေးလာသည်။

“ဒါပေမဲ့လို့ ဒီအရိုးစုကကော။ ဒီအရိုးစုဟာ ဒီလှိုဏ်ဂူရဲ့ သခင်များ ဖြစ်ခဲ့နိုင်မလား…”

“ဒါက ဘာအရေးလဲ။ ကျုပ်တို့က ခု ချမ်းသာတော့မှာလေ။ ဒီခုနစ်ရောင်စုံတောက်ပခြင်း ကြာပွင့်ဟာ သုံးရောင်စုံထိပဲ တောက်ပသေးတယ် ဆိုပေမယ့် ဒါကို လေလံပွဲမှာ မြင့်မားလှတဲ့ တန်ကြေးတစ်ခုနဲ့ ရောင်းချနိုင်နေပြီ…”

ကျင့်ကြံသူကျန်းသည် တခြားအကြောင်းအရာသို့ တိုက်ရိုက် လွှဲပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် လောဘတို့ ပြည့်နေလျက်။

All Chapters