အလွန်ပြင်းသော အဆိပ်
Vol. 31 Ch. 423
တခြားကျင့်ကြံသူများ၏ နောက်မှ ဟန်လိ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
“ဒါက အလွန်ကျော်ကြားလှတဲ့ ခုနစ်ရောင်စုံတောက်ပခြင်း ကြာပွင့်လား။ ဒီကြာပွင့်မှာ ထူးခြားတဲ့ အသုံးဝင်မှုက ဘာများ ရှိပါသလဲ…”
သူ့စကားကို ကြားသည့်အခါ ကျင့်ကြံသူကျန်းနှင့် တခြားသူများသည် သတိပြန်ဝင်လာပြီး သူတို့စိတ်ထဲ၌ တုန်ရင်သွားကြသည်။ သူတို့က ဟန်လိထံသို့ အလိုလို လှမ်းကြည့်မိသည်။ သူတို့အားလုံးသည် ဟန်လိ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အစွမ်းကို မျက်မြင်တွေ့ခဲ့ကြပြီး မဟုတ်လား။ အခု သူတို့သည် ဟန်လိ၏ ပြိုင်ဘက် မဖြစ်နိုင်မှာကို စိုးရိမ် နေကြသည်။ အခု တန်ဖိုးရှိလှသော ပစ္စည်းတစ်ခု ပေါ်လာပြီ ဖြစ်၍ သူတို့သည် မလွယ်ကူမှုကို မသိစိတ်ကနေ ခံစားမိနေသည်။
တခြားသူများ၏ အမူအရာများကို မြင်သည့်အခါ ဟန်လိသည် သူတို့၏အတွေးများကို အကြမ်းဖျဉ်းအားဖြင့် ပြောနိုင်သည်။ သူ့မျက်လုံးထဲတွင် မချိပြုံး ဖြတ်ပြေးသွားသည်။ သို့သော် သူက ၎င်းကို လျင်မြန်စွာ ဖုံးကွယ်၍ ဘူမသိကိုးမသိ အမူဟန်ပန်ဖြင့် ပြောလိုက်သည်။
“ခုနစ်ရောင်စုံတောက်ပခြင်းကြာပွင့်ရဲ့ အမည်ဟာ အတော်လေး ထူးခြားပြီး မှတ်တမ်းတချို့မှာ ကျုပ် ဒီကြာပွင့်အကြောင်း ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လို့ ဒီကြာပွင့်က ဘယ်လို အသုံးဝင်လဲဆိုတော့ ကျုပ် သေချာ မသိဘူး…”
တခြားကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။ ဟုယွဲ့က ချောင်းဟန့်ကာ ဟန်လိကို ပြုံး၍ ရှင်းပြလာသည်။
“ကြည့်ရတာ တာအိုရောင်းရင်းဟန်က တံခါးပိတ်ကျင့်ကြံတာနဲ့ပဲ အချိန်ကုန်နေပြီ ပြင်ပကိစ္စကိဝတွေနဲ့ သိပ်မပတ်သတ်ဘူးထင်တယ်။ ဒီကြာပွင့်အကြောင်းကို ဆေးဝါးဆိုင်ရာ စာအုပ်မှတ်တမ်းတွေထဲမှာ မတွေ့ရဘူး။ ပါးစပ်အပြောပဲ ရှိတယ်။ ဒီကြာပွင့်က သေမျိုးတစ်ယောက်ကို သေရာကနေတောင် ပြန်ရှင်နိုင်တယ်လို့ ဆိုတယ်။ ကျင့်ကြံသူတွေက ဒါကို သုံးစွဲမယ်ဆို ကျင့်ကြံမှုအဆင့် တစ်ဆင့်လုံး တိုးတက်လာနိုင်တယ်လို့ ဆိုတယ်။ ဒါက ဒဏ္ဌာရီတွေထဲက အင်မောတယ်ပစ္စည်းပဲ…”
ရှင်းပြပြီးသည့်အခါ ဟုယွဲ့သည် ဟန်လိကို သတိထားနေသည့် အရိပ်အယောင်ဖြင့် ကြည့်နေသော်ငြားလည်း သူ၏ စိတ်လှုပ်ရှားမှုမှာ ပေါ်လွင်နေသည်။ ဟန်လိသည် မျက်လုံးကစကား အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် ပြောသည်။
“ဒီလောက်တောင်လား။ တကယ်ကော မှန်ကန်ရဲ့လား…”
“ခုနစ်ရောင်စုံတောက်ပခြင်းကြာပွင့်ကို အရင်က မြင်ဖူးခဲ့တဲ့ ဘယ်သူ့ကိုမျှ ကျုပ်တို့လည်း မသိတဲ့အတွက် သေချာတော့ မပြောတတ်ဘူး။ ကျုပ်တို့လည်း ဒီကနေ့ထိ ဒီလိုအရာမျိုး ရှိလို့မယ်လို့ ယုံရခက်ခက်ပဲ ဖြစ်ခဲ့တာ။ ဒါပေမဲ့လို့ ကျင့်ကြံသူတွေဟာ ဒီကြာပွင့်အတွက် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများ သုံးစွာကြမှာကတော့ သေချာပါတယ်…”
ဟုယွဲ့က ရယ်ကာမောကာဖြင့် ပြောသည်။
“အင်း…ဒီလိုကို…” ဟန်လိသည် မထူးခြားနားဟန်ဖြင့် ခေါင်းညိတ်ပြသည်။ သူ့အာရုံက အဖြူရောင်အရိုးစုထံသို့ ကျရောက်သွားသည်။ ဟန်လိသည် တအားမပူပန်ဘဲ အကျိုးအမြတ်များကို အတင်းအကြပ် ယူဖို့ စိတ်မဝင်စားသည့်ဟန် ဖြစ်ပေါ်နေတာကို မြင်မှ တခြားသူများသည် စိတ်သက်သာရာရက အသက်ရှုထုတ်နိုင်တော့သည်။
“ရောင်းရင်းကျန်း….ခင်ဗျား ဒီကြာပွင့်ကို သွားပြီး ယူမလား။ ကျုပ်တို့ ဒါကို လေလံတင်ပြီးရင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို အညီအမျှ ခွဲဝေကြတာပေါ့။ နတ်သမီးရှီ ဒီရေကန်အနီးဝန်းကျင်မှာ အစီအရင်မန္တာန်တစ်ခုခု ရှိ၊မရှိ စစ်ဆေးကြည့်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်…”
ဟုယွဲ့သည် ကျင့်ကြံသူကျန်းနှင့် ရှီသဲတို့ကို လှမ်းကြည့်၍ ပြောသည်။
သူတို့က သဘောတူကြသည်။
ဟန်လိသည် အလွန်သန်မာသည်ဟု ခံစားမိကြပြီးနောက်မှာ သူတို့သည် ဟန်လိအပေါ် သံသယ ဖြစ်စိတ် ခံစားမိနေကြသည်။ ကျင်းချင်းက ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် ချီတုံချတုံဟန် ပေါ်နေသည်။ သူက တခုခုကို ပြောချင်နေသည့်အလား။ သို့သော် ခဏ စဉ်းစားပြီးနောက်မှာ သူက နှုတ်ဆိတ်နေရန်သာာ ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်တွင်မူ ဟန်လိသည် အရိုးစုဘေးနားသို့ လှမ်းသွားကာ ၎င်းကို သေချာ စူးစမ်းနေသည်။ ဟန်လိကို သေချာ ကြည့်နေသော ဟုယွဲ့သည် စိတ်အေးသွားတော့သည်။
ရှီးသဲက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ဖို့ မှော်ပစ္စည်းတချို့ကို ထုတ်ယူပြီးနောက်မှာ သူမက အတည်ပြုသည်။
“ဒီရေကန် အနီးဝန်းကျင်မှာ ဘာအတားအဆီးမှ ရှိမနေပါဘူး။ ရောင်းရင်းကျန်းအနေနဲ့ အဲ့ကြာပွင့်ကို ဘာအနှောက်အယှက်မှ မရှိဘဲ သွားယူနိုင်ပါပြီ…”
ထိုစကားကို ကြားသည့်အခါ ကျင့်ကြံသူကျန်းသည် ချက်ခြင်းပင် ရှေ့သို့ ပေါ့ပေါ့ပါးပါး လှမ်းသွားသည်။ ဟုယွဲ့သည် တစုံတခုကို တွေးမိသွားပြီး သူ့အမူအရာက တမျိုးဖြစ်ကာ သူက အလျင်စလို လှမ်း၍ သတိပေးလိုက်သည်။
“သတိထားပါ။ ဒီကြာပွင့်က ဘာမှော်ပစ္စည်းနဲ့မှ ထိလို့ မရဘူးလို့ ကျုပ် ကြားဖူးတယ်။ ဒါကို လူတစ်ယောက်ရဲ့ လက်နဲ့ပဲ ခူးယူနိုင်တယ်တဲ့။ မဟုတ်ရင် ဒီကြာပွင့်က ချက်ခြင်း သွေ့ခြောက်သွားလိမ့်မယ်တဲ့…”
ကျင့်ကြံသူကျန်းက သူ သိသည်ဟူသော အမူအရာဖြင့် လက်တစ်ဖက် ပြန်ဝေ့ယမ်းပြသည်။ ထိုအခိုက်တွင် သူ၏ အတွေးများက ခုနစ်ရောင်စုံတောက်ပခြင်းကြာပွင့်အပေါ်တွင်သာ စူးနစ်ထားလေသည်။
ထိုကန်၏ ဘေးတွင် ရပ်နေပြီး ကျင့်ကြံသူကျန်းက သုံးရောင်စုံကြာပန်းထံ သတိကြီးကြီးထား၍ လက်ဆန့်ထုတ်သည်။ ရှီသဲနှင့် တခြားသူများက သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။
“အန်..” ကျင့်ကြံသူကျန်းက အံ့အားတသင့် အော်သည်။
“ဘာဖြစ်လို့လဲ…” ဟုယွဲ့နှင့် ရှီသဲတို့သည် တူညီသော စကားကို ပူပန်ဟန်ဖြင့် လှမ်းပြောသည်။ သူတို့သည် ကြာပန်းကို စိတ်ပူသလော၊ ကြာပန်းခူးသူကို စိတ်ပူသလောကိုတော့ မသိရပါ။
ကျင့်ကြံသူကျန်းက လက်ပြန်ရုတ်၏။ သူက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
“နည်းနည်းတော့ ထူးခြားတယ်။ ဒီပန်းဟာ မာကြောပြီး ခူးဖို့ တအားခက်တယ်…”
“ခင်ဗျားက ဒီအပင်တစ်ခုလုံးကို မနှုတ်ယူနိုင်ရင် ကြာပွင့်သပ်သပ်ကိုပဲ ခူးဆွတ်ကြည့်ပါလား…”
ဟုယွဲ့က ထိုသို့ အကြံပြုသည်။
“အဲ့လို ခူးတာက ဒီကြာပန်းရဲ့ တန်ဖိုးကို အများကြီး လျော့ကျထိခိုက်စေလိမ့်မယ်…”
ရှီသဲက ခေါင်းယမ်းကာ လက်မခံပေ။
“ခဏ…ကျုပ် ခွန်အားမြင့်အဆောင်တစ်ခုကို အသုံးပြုပြီး ထပ်ကြိုးစားကြည့်လိုက်အုံးမယ်…”
ကျင့်ကြံသူကျန်းသည် အဝါရောင်အဆောင်တစ်ခုကို ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ တင်သည်။ ယင်းနောက်မှာ သူသည် ရေမျက်နှာပြင်အောက်ရှိ သုံးလက်မလောက်မှာ ရှိနေသော ပန်းပင်ထံ လှမ်းဆုပ်ကိုင်ကာ ခွန်အားရှိသမျှ ဆွဲခူးရန် ဟန်ပြင်သည်။
“ရပ်လိုက်…” ဟန်လိသည် အရိုးစုကို ကြည့်နေရင်းကနေ ရုတ်တရက် လှမ်းအော်သည်။
ဟုယွဲ့နှင့် တခြားသူများသည် သူတို့စိတ်နှလုံး ခုန်ပေါက်သွားသကဲ့သို့ ခံစားမိကာ အလန့်တကြား ဖြစ်သွားကြသည်။ ကျင့်ကြံသူကျန်းမှာ မင်သက်သွားသည်။
သို့သော် သည်ကြာပန်းပင်ကို နီးနီးကပ်ကပ် မြင်နေရပြီ ဖြစ်၍ သူက ခေါင်းမာမာဖြင့် အတင်းဆွဲခူးလိုက်တော့သည်။ သို့သော် ကြာပန်းသည် နည်းနည်းလေးမျှ သူ့လက်ထဲသို့ ပါမလာခဲ့ပေ။
ကျင့်ကြံသူကျန်းသည် စိတ်မရှည် ဖြစ်လာသည်။ သူက ကြာပန်းပင်ကို ခူးဆွတ်ဖို့ သူ့လက်ဖြင့် ခပ်တင်းတင်း ချက်ခြင်း ဆုပ်ကိုင်ပြန်သည်။ ထိုစဉ် ပန်းပင်သည် နောက်ဆုံး၌ တုန့်ပြန်လာသည်။ ၎င်းက ထိုခဏတွင် မသိမသာ တုန်ခါသွားသည်။ ယင်းနောက် ရေမျက်နှာပြင်ကနေ ရုတ်တရက် ကြုံ့ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။
ကျင့်ကြံသူကျန်းက သူ၏ ဆုပ်ကိုင်မှုကို မဖြေလျှော့ထားပေ။ ကြာပန်းပင် ကြုံ့သွားချိန်တွင် သူပါ ရော၍ နို့နှစ်ရောင်ရေပြင်ထဲ ပြုတ်ကျကာ နို့နှစ်ရောင်ရေများ ဖြာထွက်ကုန်သည်။ အနီးအနားတွင် ရှိနေသော နတ်သမီးရှီ၏ မျက်နှာထက်သို့ ထိုရေစက်တချို့ လာစင်သည်။
သူမသည် ချက်ခြင်းပင် အလန့်တကြားဖြင့် နာကျင်စွာ ထအော်သည်။
“ အဆိပ်…ဒီရေမှာ အဆိပ်ပါတယ်…” အမျိုးသမီးကျင့်ကြံသူက သူမ၏လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာ အလန့်တကြားဖြင့် အော်ဟစ်လေသည်။ ထို့နောက်တွင်မူ သူမသည် သိုလှောင်အိတ်ထဲမှ အနီရောင်ဆေးပုလင်းတစ်ခုကို အလျင်အမြန် ထုတ်ယူကာ အနီရောင်ဆေးလုံးကို သူမ၏ ပါးစပ်ထဲသို့ ခပ်သွက်သွက် ပစ်ထည့်သည်။
ဆေးသောက်ပြီးခဏ၌ ဟုယွဲ့နှင့် ကျင်းချင်တို့သည် သူမ၏ မျက်နှာမှာ မီးလောင်ဖုများနှင့် ယိုယွင်းပျက်စီးလာတာကို မြင်ရလေသည်။ ထိုအခါ သူတို့၏ အသက်ရှုသံများသည်ပင် အေးစက်သွားသည့်အလား။ ၎င်းမြင်ကွင်းကို တွေ့သည့်အခါ ဟန်လိ၏ အမူအရာသည်ပင် ပြောင်းလဲသွားသည်။
ရေတစက်နှစ်စက်လောက်သာ ထိမှန်ခံလိုက်ရသော နတ်သမီးရှီ၏ မျက်နှာသည်ပင် ခုလောက်ထိ ဖြစ်သွားသည်ဆိုလျှင် ရေထဲ ကျသွားသော ကျင့်ကြံသူကျန်းကတော့ မည်သို့ ဖြစ်လေတော့မည်နည်း။ ထိုအတွေးဖြင့် သူတို့အားလုံး၏အကြည့်က နို့နှစ်ရောင်ရေကန်ထံသို့ ကျရောက်သွားသည်။
ကျင့်ကြံသူကျန်းသည် ရေထဲသို့ ကျရောက်သွားသည့်နောက်မှာ သူ့ထံမှ စူးဝါးနာကျင်စွာ အော်သံကိုလည်း မကြားရ၊ အကူအညီတောင်းသံကိုလည်း မကြားရပေ။ လူတိုင်း၏စိတ်ထဲ အကြောက်တရား အစပျိုးလာခဲ့သည်။
ထိုအချိန်တွင် ရှီသဲသည် နောက်ဆုံး၌ ငြီးငြူနေတာကို ရပ်ကာ သူမ၏ အဝတ်စထောင့်ကို ဆုတ်ဖြဲ၍ သူမ၏မျက်နှာ ပတ်ပတ်လည်သို့ တင်းတင်းကြပ်ကြပ် စည်းသည်။ သက်ပြင်းသဲ့သဲ့ချကာ သူမက ရေပြင်ထံသို့ ခါးသက်မကျေမနပ်သော အကြည့်ဖြင့် လှမ်းကြည့်သည်။
ရေမျက်နှာပြင်ထက်တွင် ဂယက်ထသွားလေသည်။ မကြာခင်တွင် လုံးဝ ပျက်စီးယိုယွင်းနေသော အလောင်းတစ်ခုသည် ရေမျက်နှာပြင်ထက်တွင် ပေါ်လာသည်။ လူတိုင်း၏ မျက်နှာမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ ထိုအလောင်း၏ အဝတ်အစားအရ ၎င်းမှာ ကျင့်ကြံသူကျန်း၏ အလောင်းမှန်း သိသာသည်။
ခဏအကြာတွင် သူသည် မျက်လုံးသူငယ်အိမ်မရှိသော လတ်လတ်ဆတ်ဆတ် အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သည်မြင်ကွင်းကို ကြည့်ကာ တခြားသူများသည် ကျောရိုးထဲ၌ စိမ့်ခနဲ ဖြစ်ကုန်သည်။
“ဒါက ဘယ်လိုဖြစ်သွားရတာလဲ။ ဒီနှစ်တစ်ထောင်ကျောက်နို့ရည်က အဆိပ်ဖြစ်စေတာလား…” ဟုယွဲ့က မယုံကြည်နိုင်ဟန်ဖြင့် တကိုယ်တည်း တီးတိုးရေရွတ်မိသည်။
“နှစ်တစ်ထောင်ကျောက်နို့ရည်ဟာ အဆိပ်မဟုတ်ဘူး။ ဒါပေမဲ့ ဒီထဲမှာ အဆိပ်ရှိနေတာတော့ ဖြစ်နိုင်တယ်…” ဟန်လိသည် ထရပ်ကာ ဖြည်းဖြည်းချင်း ပြောသည်။
“ရောင်းရင်းဟန်…ခင်ဗျား အစောလေးတုန်းက ရပ်လိုက်လို့ အော်ခဲ့တာက ခင်ဗျားအနေနဲ့ ဒီရေထဲမှာ အဆိပ်ရှိနေတာကို သိနေခဲ့တာကြောင့်များလား…”
ရှီသဲက ထိုသို့ မေးလာသည်။
“ဒီရေထဲမှာ အဆိပ်ရှိ၊ မရှိတော့ ကျုပ်လည်း မသိခဲ့ဘူး။ ဒါပေမဲ့ ဒီခုနစ်ရောင်စုံတောက်ပခြင်း ကြာပွင့်ဟာ မခူးဆွတ်သင့်တဲ့အရာ ဖြစ်တာကိုတော့ ကျုပ် တွေ့ရှိခဲ့တယ်။ ဒီအလောင်းရဲ့ ညာဘက်လက်ကို ကြည့်လိုက်ပါ…”
ဟန်လိက ထိုသို့ တည်ငြိမ်စွာ ပြော၍ သူ့ခြေထောက်ထိပ်ဖြင့် အရိုးစုကို လှမ်းထိပြသည်။
ဟုယွဲ့နှင့် တခြားသူများက အရိုးစု၏ လက်ကို အာရုံစိုက်၍ စူးစမ်းကြည့်သည်။ သူတို့သည် စဉ်းစားမရသည့်ဟန်ပန်များ ဖြစ်ကုန်သည်။ အရိုးစု၏ ညာလက်တစ်ခုလုံးသည် မဲနက်နေကာ လက်ထိပ်များဆို တစစိ ကြေမွနေသည်။ ၎င်းကို တစံတခုက ကိုက်ဖြတ်ခံထားရသည့်အလား။
မည်သူကမျှ သူ့ကို သံသယမဝင်တော့တာ မြင်သည့်အခါ ဟန်လိသည် ဆက်၍ ရှင်းပြမနေတော့။ ရေပြင်ထံသို့သာ အေးစက်စက် လှမ်းကြည့်သည်။
အဖြူရောင်နို့နှစ်ရေကန်၏ ဗဟိုချက်ရှိ ခုနစ်ရောင်စုံတောက်ပခြင်းကြာပွင့်သည် မည်သည့်အချိန်ကမှန်းမသိ ပြန်ပေါ်လာသည်။ ၎င်းသည် လှပစွာ တောက်ပနေတုန်းပင်။ သို့သော် ခုချိန်တွင်မူ ဟုယွဲ့နှင့် တခြားသူများသည် ထိုကြာပန်းကို ကင်းမြှီးကောက်တစ်ကောင်ကဲ့သို့ ရှုမြင်နေကြပြီ။
ဟန်လိသည် စကားမဆိုဘဲ သူ့လက်ကို ဖြန့်သည်။ သူ၏လက်ချောင်းထိပ်များတွင် မီးလုံးငါးခု ပေါ်လာသည်။ သူ၏လက်ချောင်းများကို လှုပ်ရှားရာ မီးလုံးများသည် အတန်းလိုက်စီကာ ဓားအသွင်ဖြစ်ပေါ်ကာ ကြာပွင့်ထံသို့ တိုးဝင်သွားသည်။ ကျင်းချင်နှင့် တခြားသူများက မင်သက်သွားကြသည်။ သို့သော် ပြီးခဲ့သော အဖြစ်အပျက်ကြောင့် သူတို့က ဟန်လိကို မတားကြချေ။
မီးလုံးကြောင့် ကြာပွင့်မှာ ဝေ့ယမ်းသွားပြီး ရုတ်တရက် ရေကန်ကနေ ပျောက်ကွယ်သွားသည်။ ဝှစ်ခနဲ ဝေဝါးကာ ရေထဲကနေ တစုံတခု ပျံသန်းထွက်လာပြီး ဟန်လိထံသို့ မြားတစ်စင်းနှယ် တန်းမတ်စွာ ဝင်ရောက်လာလေ၏။