← Chapters

နတ်ဆိုးမြွေ

Vol. 31 Ch. 424

နတ်ဆိုးမြွေ

Vol. 31 Ch. 424

ထိုအခါ လူတိုင်းသည် အလန့်တကြား အော်ဟစ်စဉ် ဟန်လိသည် သူ့လက်ကို ပင့်မြှောက်ကာ သူ ကြိုပြင်ဆင်ထားသော အစိမ်းရောင်တောက်ပခြင်းဓားမြှောင်ကို ပစ်လွှတ်၍ ၎င်းအရိပ်ကို တိုက်ခိုက်သည်။ အနက်ရောင်အရိပ်သည် ရေကန်ဘေးသို့ ပြန်လွင့်စင်သွားလေသည်။

တုန်လှုပ်ဖွယ်ကောင်းစွာပင် အနှီအရိပ်သည် တစ်မီတာမျှ ရှည်လျားသော ဦးဂျိုတစ်ခုပါ မြေနက်တစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။ ၎င်း၏ ပါးစပ်မှ နီရဲနေသော လျှာက ပြူတစ်ပြူတစ် ထွက်ပေါ်နေပြီး ၎င်း၏ ဦးဂျိုထိပ်တဝက်တွင် သုံးရောင်စုံပန်းဖူးတစ်ခုပါ ရှိနေသည်။ ၎င်း၏ဦးခေါင်းထံမှ ပန်းပွင့်ငယ်တစ်ခု ပေါက်နေသည့်အလား။

သက်တံအလင်း ဖြာထွက်လျက် မြွေနက်၏ ပါးစပ်မှ ထွက်ပေါ်နေသော အမျှင်တန်းများသည် ခုနစ်ရောင်စုံနတ်ဆိုးချီတစ်ခုကို ဖွဲ့စည်းသည်။ ၎င်းသည် အစစ်အမှန်သက်တံနှင့် အတိအကျကို တူသည်။ သို့ဖြစ်၍ ဟန်လိတို့အားလုံး လှည့်စားခံလိုက်ရတာ အံ့အားသင့်စရာ မရှိတော့ပါ။

ထိုအရိပ်နက်၏ အစစ်အမှန်ပုံပန်းအသွင်ကို မြင်သည့်နောက်မှာ ဟုယွဲ့က ၎င်းကို စိုက်ကြည့်လျက် ပြောသည်။

“အမောက်နတ်ဆိုးမြွေ…။ ဒီမြွေက ၎င်းရဲ့ ဦးခေါင်းအမောက်ကို ခုနစ်ရောင်စုံတောက်ပခြင်း ကြာပွင့်အဖြစ် အသွင်ပြောင်းထားတာပဲ…”

ထိုမြွေနက်၏ အစစ်အမှန်အသွင်အပြင်ကို ရှင်းလင်းစွာ မြင်ရပြီးနောက်မှာ နတ်သမီးရှီ မျက်လုံးထဲတွင် အေးစက်မှု လင်းလက်သွားသည်။ သူမက မည်သည့်စကားမျှ မဆိုလေဘဲ သူမ၏လက်ကို ပင့်မြှောက်ကာ ခရမ်းရောင်ခေါင်းစည်းပုဝါတစ်ခုကို ထုတ်လွှတ်သည်။ ၎င်းပုဝါသည် နတ်ဆိုးမြွေနက်ထံသို့ တန်းမတ်စွာ တိုးဝင်သွားလေ၏။

“ဂရုစိုက်ပါ။ ဒီမြွေဟာ အင်မတန် အဆိပ်ပြင်းတယ်။ မင်းက သူ့ ပြိုင်ဘက် မဟုတ်နိုင်ဘူး…”

ကျင်းချင်သည် ထိုသို့ ပြောကာ သူ၏ အဖြူရောင်တံဆိပ်တုံးကို ပုဝါနှင့်အတူ ပစ်လွှတ်လိုက်သည်။

မြွေနက်သည် ၎င်းထံတိုးဝင်လာသော လက်နက်နှစ်ခုကို အေးစက်စက်ဖြင့် စောင့်ကြည့်နေသည်။ ယင်းနောက်မှာ ၎င်း၏ ပါးစပ်ကိုဟ၍ တောက်ပသော သက်တံပုလဲတစ်လုံးကို ထွေးထုတ်သည်။ ထိုပုလဲသည် ရောင်စဉ်ဖြာထွက်လျက် တံဆိပ်တုံးနှင့် ပုဝါတို့ကို တားဆီးပြီး ၎င်းတို့အား ရပ်တန့်သွားစေသည်။

ထိုအခိုက်တွင် ဟုယွဲ့က ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ဓားပျံနှစ်လက်ကို ပစ်သွင်း၍ တိုက်ပွဲထဲ ဝင်လာသည်။

ရုတ်တရက် အဖြူရောင်အလင်းတန်းသုံးခုနှင့် ခရမ်းရောင်အလင်းတို့သည် သက်တံအလင်းနှင့်အတူ ရောထွေးယှက်လိမ်ကြသည်။ မြွေနက်ကား လုံးဝ အကြောက်အလန့် ကင်းမဲ့သည်။ ၎င်းသည် နောက်ထပ် ရောင်စုံမြူခိုးများကို ထွေးထုတ်လာပြန်သည်။ ထိုမြူခိုးတို့သည် မှော်ရတနာများကို မှိန်ဖျော့သွားစေပြီး ချက်ခြင်းပင် မည်းနက်မတတ် ဖြစ်သွားစေသည်။

“ဒီမိစ္ဆာကောင်က ဘယ်လိုလုပ် ခုလောက်ထိ အစွမ်းထက်နေရတာလဲ။ ဒီကောင်က သန္ဓေပြောင်းသားရဲတစ်ကောင်များ ဖြစ်နေမလား…”

ကျင်းချင်သည် ထိုမြင်ကွင်းကို ကြည့်ကာ ပင့်သက်ရှိုက်မိ၏။

သို့သော် သူ့စကားဆုံးသည်နှင့် အနီရောင်အလင်းတစ်ခု ဖြာထွက်လျက် ရောင်စုံသက်တံကို ကြမ်းတမ်းစွာ ချက်ခြင်း ထွင်းဖောက်ပြီး မြွေနက်၏ ဦးဂျိုထံ ထိုးစိုက်သည်။

ထိုထိချက်ကြောင့် လက်မအရွယ်ခန့် သွေးပေါက်ရာတစ်ခု ကျန်ခဲ့၏။

နတ်ဆိုးသားရဲကောင်သည် ထူးခြားသော အော်သံကို ပြုြ၍ ကျောက်သားကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ခဏအကြာတွင် ၎င်း၏ခန္ဓာကိုယ်က ရစ်ခွေလာကာ ဖြတ်ခနဲ ရေကန်ထံသို့ ဦးတည်သည်။ သို့သော် ထိုအခိုက်တွင် အထက်စီးမှ အစိမ်းရောင်ဓားအုပ်တစ်အုပ်သည် နိမ့်ဆင်းတိုးဝင်လာကာ မြွေနက်၏ ဦးခေါင်းကို ကျောက်သားကြမ်းပြင်ထဲ စိုက်ဝင်သွားစေသည်။

ထို့နောက်တွင်မူ မြေနက်သည် ပျာယာခတ်သွားသည်။ သို့သော် ၎င်းသည် နည်းနည်းလေးမျှ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ဤသည်မှာ ဟန်လိနှင့် ဝိညာဉ်သေတို့၏ ရုတ်တရက် ဝင်ရောက် တိုက်ချက်များကြောင့် ဖြစ်ပေါ်လာသော ရလဒ်ပင်။

ဝိညာဉ်သေက သွေးဝိညာဉ်ဆူးကို အသုံးပြုပြီး ဟန်လိက ဝါးတိမ်အုပ်ဓားများကို အသုံးပြု၍ တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ သူက သူ၏ဓားများသည် ကောင်းကင်လျှပ်စီးဝါးကနေ သန့်စင်ထားမှန်း တခြားသူများ သဘောမပေါက်သွားအောင် တားဆီးဖို့အတွက် ဓားများ၏ မိစ္ဆာဒုက္ခလျှပ်စီးနတ်စွမ်းရည်ကိုပါ သေချာ ရုပ်သိမ်းထားခဲ့ပေသည်။

ကျင်းချင်နှင့် တခြားသူများသည် ဟန်လိက ထိုနတ်ဆိုးမြွေကို အောင်မြင်စွာ ထိန်းချုပ်နိုင်တာ မြင်သည့်အခါကျမှ စိတ်အေးနိုင်တော့သည်။

အနည်းငယ် ဆွေးနွေးပြီးနောက်မှာ ရှီသဲနှင့် တခြားသူများက သက်တံနတ်ဆိုးပုလဲ၏ ဖိအားကနေ လွတ်သွားသော သူတို့၏ မှော်ရတနာများကို ပြန်သိမ်းဆည်းဖို့ ဆုံးဖြတ်ကြသည်။

ယင်းနောက်တွင် သူတို့အုပ်စုသည် နတ်ဆိုးမြွေနားတွင် စုဝေးကြ၏။

“ဒီကောင်က တကယ်ပဲ အမောက်နတ်ဆိုးမြွေပဲ။ ဒါပေမဲ့ ကြည့်ရတာ တစုံတယောက်က ဒီနတ်ဆိုးသားရဲပေါ်မှာ ခုနစ်ရောင်စုံတောက်ပခြင်းကြာပန်းနဲ့ ဆင်တူရိုးမှား ဖြစ်အောင် လုပ်ခဲ့တဲ့ ပုံပဲ။ ဒီနတ်ဆိုးမြွေမှာ အခုလိုမျိုး မွေးရာပါ စွမ်းရည် မရှိတာ သေချာတယ်…”

ဟုယွဲ့သည် ဓားငယ်များလက်ကနေ လွတ်မြောက်အောင် ကြိုးစားရုန်းကနေသော နတ်ဆိုးမြွေကို ကြည့်ကာ စဉ်းစားမရဟန်ဖြင့် ပြောလာသည်။

“ဒီကြာပန်းက ထောင်ချောက်ဆိုတာ အသိသာကြီးပဲ…”

ကျင်းချင်သည် ခါးသီးစွာ ပြုံး၍ သဘောတူသည်။

ဟန်လိသည် ငြိမ်သက်စွာဖြင့် ဘေးတွင် ရပ်နေလျက် သည်မြွေကို စူးစမ်းကြည့်နေသည်။ ထို့နောက်တွင် သူ့အကြည့်က အရိုးစု၏ ညာလက်ပေါ်သို့ ကျရောက်သွားသည်။

ဟန်လိသည် တစုံတစ်ယောက်မှာ ခုနစ်ရောင်စုံတောက်ပခြင်းကြာပွင့်ကို ခူးယူဖို့ ကြိုးစားစဉ် ရေထဲ၌ ပုန်းကွယ်နေသော နတ်ဆိုးမြွေက ခုန်ပျံထွက်ကာ သူ့လက်ချောင်းကို ကိုက်ဖြတ်ပစ်သည်ဟု စိတ်ကူးမကြည့်မိဘဲ မနေနိုင် ဖြစ်မိသည်။ ခဏအကြာတွင် ထိုတစုံတယောက်မှာ အဆိပ်ကြောင့် တစစီ ဖြစ်၍ အရိုးစုဘဝ‌ ရောက်သွားတာ ဖြစ်နိုင်သည်။ သူက အရိုးစု၏ ဦးခေါင်းတွင် စိုက်နေသော မြားငယ်တစင်းကို ကြည့်နေရင်း သူ့စိတ်ထဲ အေးစက်တုန်ရင်မှုကို ခံစားမိသည်။

ခုတ်ပိုင်းခြင်း။ မြွေနက်၏ ဦးခေါင်းသည် အေးစက်စက်အလင်း လင်းလက်သွားခြင်းနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်ကနေ တကွဲတပြား ဖြစ်သွားတော့သည်။ ရှီသဲက လက်ထဲတွင် ဓားတိုတစ်လက်ကိုင်လျက် ဘေးကနေ ခေါင်းပြတ်သွားသော သည်မြွေနက်ကို အေးတိအေးစက် ကြည့်နေလေသည်။

ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်သွား၏။

သူမ၏ မျက်နှာကို ဖျက်စီးခဲ့သောကြောင့် သူမသည် ထိုမြွေနက်ကို မုန်းတီးနေမှန်း ဟန်လိ သိပေသည်။ အမျိုးသမီးများသည် ရုပ်ရည်ကို အသက်လောက် တန်ဖိုးထားကြသည် မဟုတ်လား။

ဟန်လိက မသိမသာ ခေါင်းယမ်းကာ သူ့လက်ကို ပင့်မြှောက်ပြီး သူ၏ ဓားငယ်များကို သူ့ခန္ဓာကိုယ်ထဲ ပြန်ဆင့်ခေါ်လိုက်သည်။ ယင်းနောက်တွင်မူ သူ့အကြည့်က အရိုးစုထံတွင် စိုက်နေသော မြားထံသို့ ကျရောက်သည်။

ထိုမြားသည် အမှတ်တမဲ့ ကြည့်ပါက သူ၏ ဝါးတိမ်အုပ်ဓားများကဲ့သို့ပင် အစိမ်းရောင်ရှိနေသည်ဟု ထင်ရနိုင်သည်။ သို့သော် ကွာခြားချက် ရှိ၏။ ဟန်လိ၏ ဓားများက တောက်ပကာ မြားကမူ အမှောင်ချီတစ်ခုကို မသိမသာ သယ်ဆောင်ထားသည်။ ၎င်းမြားကို မကောင်းဆိုးဝါးပညာရပ် တစ်ခုခုဖြင့် သန့်စင်ထားသည့်အလား။

“ရောင်းရင်းဟန်…ကျုပ်တို့ တခြားနေရာတွေကို သွားရှာဖွေကြည့်ကြမလား။ ကျုပ်တို့ တခုခုတော့ ရှာတွေ့နိုင်လောက်မှာပါ…”

ဟန်လိသည် အရိုးစုကိုသာ ဆက်၍ လေ့လာနေတာ မြင်သည့်အခါ ဟုယွဲ့သည် ထိုသို့ မမေးဘဲ မနေနိုင်တော့ပေ။ သူသည် လက်ဗလာနှင့် အမှန်တကယ် ပြန်မသွားချင်ပေ။

ကျေးဇူးပြုပြီး ဆက်လက် ရှာဖွေကြပါ။ ဝိညာဉ်သေနဲ့ ကျုပ်ကတော့ ဒီပင်မခန်းမထဲမှာပဲ ဆက်နေလိုက်အုံးမယ်…”

ဟုယွဲ့သည် နည်းနည်းတော့ အံ့အားသင့်သွားသည်။ သူသည် အရိုးစုနှင့်အတူ ရှိနေသော အစိမ်းရောင်မြားကို ကြည့်ရှုပြီးနောက် အနည်းငယ် ချီတုံချတုံ ဖြစ်သွားပုံံ ရသည်။ သူက ချက်ခြင်း ထွက်မသွားသေးပေ။

ဤသည်ကို မြင်သည့်အခါ ကျင်းချင်နှင့် ရှီသဲတို့သည်လည်း သည်ခန်းမထဲတွင်သာ တိတ်တဆိတ် ဆက်ရှိနေသည်။

တကယ်တော့ သည်လှိုဏ်ဂူထဲတွင် တခြား မည်သည့်အန္တရာယ်များ ရှိနေမလဲကို မည်သူက သိနိုင်ပါ့မည်နည်း။ အတူတကွ ရှိနေခြင်းက ပို၍ ဘေးကင်းတာ ထင်ရှားသည်။ ထို့အပြင် သူတို့သည်လည်း ထိုမြားမှာ သာမန်မဟုတ်မှန်းကို ခန့်မှန်းနိုင်ကြသည်။ မဟုတ်ပါက ဟန်လိသည် ၎င်းကို အဆက်မပြတ် အဘယ်ကြောင့် လေ့လာနေပါ့မည်နည်း။

“ရောင်းရင်းဟန်…ဒီနေရာက ရှေးဟောင်းကျင့်ကြံသူ အကြွင်းအကျန် ဆိုတာထက် ထောင်ချောက်တစ်ခုများ ပို ဖြစ်နေနိုင်လား…”

ကျင်းချင်သည် ရုတ်တရက် ထိုသို့ မေးလာသည်။

“မဖြစ်နိုင်ဘူး။ ဒီနေရာဟာ ကျိန်းသေပေါက် ရှေးဟောင်းကျင့်ကြံသူအကြွင်းအကျန် တစ်ခု ဖြစ်မှာပဲ။ မဟုတ်ရင် ခင်ဗျားက ပုလဲလုံးတွေကနေ ဒီနေရာကို ရှာတွေ့ခဲ့တာဟာ အများကြီး တိုက်ဆိုင်သလို ဖြစ်နေမှာ မဟုတ်လား။ ဒါပေမဲ့လည်း ဒီနေရာကို တခြား တစုံတယောက်ယောက်က ရှာဖွေပြီးသွားပြီး သူတို့က ဒီထဲမှာ ထောင်ချောက်တွေ ချန်ထားခဲ့တာ ဖြစ်မယ်…”

ဟန်လိသည် ခေါင်းယမ်းကာ ပြောသည်။

“ရောင်းရင်းဟန် ပြောသလိုဆိုရင် ဒီမှာ ဘာရတနာမှ မကျန်ခဲ့တော့ဘူးပေါ့…”

ရှီသဲက ရေခဲတမျှ အေးစက်သော အသံဖြင့် ပြောလာသည်။

ဟန်လိ၏ အသွင်မှာ မသိမသာ နောင်တရနေဟန် ပေါ်သည်။ သို့သော် သူက ငြိမ်သက်၍သာ ဆက်ရှိနေသည်။ ကျင်းချင်နှင့် ဟုယွဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။

သူတို့နှစ်ယောက်တွင် ဟုယွဲ့၏ မျက်နှာက ပို၍ သိသာစွာ ပြောင်းလဲမှု ဖြစ်ပေါ်နေသည်။ သည်ခရီးစဉ်သည် မည်သည့်အကျိုးအမြတ်မှ မရခြင်းနှင့် အဆုံးသပ်ရုံသာမက သူ ဖိတ်ထားသော နှစ်ယောက်တွင်လည်း တစ်ယောက်မှာ သေဆုံးခဲ့ရပြီး တခြားတစ်ယောက်၏ မျက်နှာမှာလည်း ထိခိုက်သွားခဲ့ရပြီ မဟုတ်လား။ သည်ရတနာနောက်သို့ လိုက်လံခြင်းမှာ လုံးဝ ကပ်ဘေးဒုက္ခ ဖြစ်နေပြီလော။

သူတို့က ငြိမ်သက်နေကြစဉ် ရေကန်ထံမှ ငြီးသံ ခပ်တိုးတိုး ထုတ်လွှတ်လာသည်။

ကျင့်ကြံသူများသည် ရေကန်ထံသို့ အလျင်အမြန် လှမ်းကြည့်ကြသည်။ သေဆုံးသွားတာ အချိန်တစ်ခု ရှိပြီ ဖြစ်သော ကျင့်ကြံသူကျန်း၏ ခန္ဓာကိုယ်သည် ရေကန်ထဲမှ တဖြည်းဖြည်း ကုန်းထတက်လာကာ သူ၏အရိုးစုပါးစပ်ထံမှ ငြီးသံတစ်ခုကိုလည်း ထုတ်လွှတ်နေလေသည်။

ထိုအခိုက်တွင် ကျင့်ကြံသူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ပြီး တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်၏။

သူတို့သည် ကျင့်ကြံသူများ ဖြစ်နေ၍ အငြှိုးအတေးစိတ်ဝိညာဉ်များ သို့မဟုတ် မကောင်းဆိုးဝါးများ ပေါ်လာမည်ကို မကြောက်ကြပေ။ သို့သော် ဤသည်မှာ သည်လှိုဏ်ဂူထဲတွင် သေသွားတာ မကြာသေးသော သူတို့အဖော်၏ ခန္ဓာကိုယ် ဖြစ်နေသည်။ သူက လျှို့ဝှက်ပညာရပ်တစ်ခုကို သုံး၍ သူ့ခန္ဓာကိုယ် ဖျက်စီးခံရပြီးနောက်မှာ သူ့ရှေးဦးစိတ်ဝိညာဉ်ကို မြဲမြံအောင် ထိန်းထားနိုင်ခဲ့တာ များလား။

ထိုအလောင်းသည် ခုလက်ရှိ၌ ၎င်း၏ ပိုင်ရှင်က သိမ်းပိုက်ထားသည်လား။ သို့မဟုတ် တစ္ဆေတစ်ကောင်လားကိုတော့ ရှင်းလင်းစွာ မသိရသေးပေ။ ဟုယွဲ့နှင့် တခြားသူများသည် လှုပ်ရှားတိုက်ခိုက်ရမှာကို တွေဝေနေကြသည်။

ကျင့်ကြံသူကျင်း၏ အလောင်းခန္ဓာကိုယ်ကမူ ရေကန်ထဲကနေ ဖြည်းဖြည်းချင်း ကုန်းတက်လာကာ သူတို့ထံသို့ ချဉ်းကပ်လာနေသည်။

ဟုယွဲ့က တခုခု မူမမှန်တာ မြင်သည့်အခါ ခပ်မြန်မြန် အော်ပြောလိုက်သည်။

“ခင်ဗျားက လူသားဖြစ်ဖြစ်၊ တစ္ဆေပဲ ဖြစ်ဖြစ် ကျုပ်တို့ အနီးအနားကို တိုးမလာနဲ့နော်၊ မဟုတ်ရင် ကျုပ်တို့ တိုက်ခိုက်ရလိမ့်မယ်…”

ဟုယွဲ့က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူ၏ ဓားပျံများ ပျံသန်းထွက်လာာကာ သူ့ခန္ဓာကိုယ်အား လှည့်ပတ်နေ၏။ ကျင်းချင်နှင့် ရှီသဲတို့မှာလည်း သတိထားလျက် ထိုအလောင်းကောင်ကို စိုက်ကြည့်နေသည်။

ဟုယွဲ့၏ စကားဆုံးသည့်အခါ ကျင့်ကြံသူကျန်း၏ ခန္ဓာကိုယ်သည် ရပ်တန့်ကာ မလှုပ်မယှက် ရှိနေသည်။ ဟုယွဲ့နှင့် တခြားသူများသည် ထိုသို့ တုန့်ပြန်သည့်အခါကျမျှ စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။ သို့သော် သေချာ စောင့်ကြည့်နေသော ဟန်လိကမူ တခုခုတော့ မှားနေပြီဟု ခံစားမိပြီး သူ့လက်ထဲသို့ ပစ္စည်းတစ်ခုကို ထုတ်ယူထားသည်။

တအောင့်လေးအကြာတွင် ရုတ်ချည်းဆန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာတော့သည်။ ကျင့်ကြံသူကျန်း၏ ခန္ဓာကိုယ်သည် မြေပေါ်ကနေ ခုန်ထွက်ကာ သူတို့အုပ်စုထံ ကြမ်းတမ်းစွာ ခုန်ပေါက်ဝင်လာလေသည်။

ဟုယွဲ့နှင့် ကျင်းချင်တို့၏ အမူအရာများသည် ဖြူရော်သွားကြသည်။ သူတို့က ချက်ခြင်းပင် သူတို့၏ မှော်ရတနာများကို ထုတ်လွှတ်သည်။ အဖြူရောင်အလင်းတန်းနှစ်ခုသည် ကျင့်ကြံသူကျန်းထံ တိုးဝင်သွားပြီး အရိုးစုကို တချက်တည်းနှင့် ရှင်းလင်းစွာ ဖျက်စီးပစ်လေသည်။

သို့ပေမည့် ရုတ်ချည်းမှာ ဟုယွဲ့သည် လေပြေတစ်ခုက သူ့အား ညင်သာစွာ ဖြတ်ကျော် တိုက်ခိုက်သွားသကဲ့သို့ ခံစားမိလိုက်ရသည်။ သူ့ကျောထဲ၌ စိမ့်ခနဲ ဖြစ်သွားကာ သူက ခေါင်းလှည့်၍ ငုံ့ကြည့်သည်။ ထိုအခါ အရိုးစုလက်တစ်ဖက်သည် သူ့ဝမ်းဗိုက်ထဲမှ ထိုးထွက်လာကာ ၎င်းလက်ကြားထဲ၌ ပဲစေ့အရွယ်ခန့် အပြာရောင်အမြုတေတစ်ခုကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိတာကို သူ ကိုယ်တိုင် မြင်လိုက်ရတော့သည်။

All Chapters