အေးခဲယန်ငှက်များ
Vol. 31 Ch. 425
မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးအပြူးသားဖြင့် ဟုယွဲ့သည် သူ့ဝမ်းဗိုက်ထဲ ထိုးစိုက်ဝင်နေသော အရိုးခြောက်လက်ကို စိုက်ကြည့်နေသည်။ အက်ကွဲသံနှင့်အတူ ထိုလက်ထဲရှိ အပြာရောင်အမြုတေသည် အမှုန့်အဖြစ် ကြေမွသွားတော့သည်။
ဟုယွဲ့သည် အွတ်ခနဲ ငြီးသံ ထွက်ပေါ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။ အရိုးစုလက်က သူ့ခန္ဓာကိုယ်တွင်းမှ ပြန်ရုတ်သိမ်းသွားသည်။ ဟုယွဲ့၏ ဝမ်းဗိုက်အပေါက်မှ သွေးများစွာ ပန်းထွက်၍ ခန်းမတစ်ခုလုံး သွေးညှီနံ့နှင့် ဖုံးလွှမ်းသွားတော့သည်။ သူသည် အသက်ရှိနေသေးသော်လည်း သေခြင်းတံခါးဝသို့ ရောက်သွားတာ သိသာပါသည်။
ဟုယွဲ့၏ စိတ်ထဲ၌ သူ၏ မှော်ရတနာ တစစီ ဖြစ်သွားသံနှင့်အတူ ကျင်းချင်နှင့် ရှီသဲတို့၏ အလန့်တအား အော်သံများ ပဲ့တင်ထပ်သွားရင်း သူ့ဘဝအတွေ့အကြုံများသည် စိတ်အစဉ်တွင် ဖြတ်ပြေးသွားလေသည်။
သူ့ကလေးဘဝ၌ သူ့၌ စိတ်ဝိညာဉ်ရင်းမြစ်များ ပိုင်ဆိုင်ထားကြောင်း သိခဲ့ရသည့်အခါ သူ့မိသားစုတစ်စုလုံးက အပျော်လွန်ခဲ့ပုံ။ ထို့အပြင် သူ သဘောကျရသော စီနီယာအစ်မက တခြားတစ်ယောက်နှင့် လက်ထပ်သွားသဖြင့် အကူအညီမဲ့စွာ ဖြစ်ခဲ့ရပုံ။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်နိုင်ခဲ့၍ ကျေနပ်အားရဖြစ်ကာ တနေ့၌ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ရမည်ဟု ရည်မှန်းချက် ထားခဲ့ခြင်း။ စသဖြင့် သူ၏ မှတ်ဉာဏ်များအားလုံးမှာ သူ့စိတ်ထဲတွင် စီးစဉ်းလျက် သူ့ခြေလက်များသည် တဖြည်းဖြည်း အေးသထက် အေးလာကာ သူ့အမြင်အာရုံသည် ဝေဝါးသွားလေတော့သည်။
သို့သော် သူသည် မသေသေးပေ။
သူသည် သူ့မှော်ရတနာအဖြစ် ဓားမြှောင်သုံးလက်ပါသော တစုံကို သန့်စင်ဖန်တီးခဲ့ပေသည်။ ထိုထဲမှ နှစ်လက်သည် တိုက်ခိုက်ဖို့အတွက်သာ။ တတိယမြောက်ဓားကမူ သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသည်။
အကြောင်းက သည်ဓားတိုကို လျှို့ဝှက်ပညာရပ်တစ်ခု အသုံးပြု၍ သန့်စင်ထားသောကြောင့်ပင်။ ၎င်း၏ တိုက်ခိုက်နိုင်သော စွမ်းအားက သာမန်မျှသာ ဖြစ်သော်လည်း ၎င်းသည် သာမန်မှော်ပညာရပ်များထက် အန္တရာယ်အာရုံကို ခံစားနိုင်ကာ သူ့ခန္ဓာကိုယ်ကို အလိုလို ကာကွယ်ပေးထားခြင်းပင်။ ထို့အပြင် သူသည် ထိုရတနာကို သန့်စင်ခဲ့ချိန်တွင် မည်သည့်အားစိုက်ထုတ်မှုမျှ အသုံးမပြုခဲ့ရပေ။ ၎င်းသည် အာရုံခံစားနိုင်သော အခြေအနေသို့ ရောက်ရှိခဲ့ရုံမျှသာ။
သူက အမိန့်တစ်ခု မပေးခဲ့လျှင်ပင် ထိုရတနာသည် သတ်ဖြတ်ချင်စိတ်ကို အလိုအလျောက် တုန့်ပြန်ကာ သူ့ခန္ဓာကိုယ်အား အလစ်အငိုက်တိုက်ခိုက်ခြင်းကို ကာကွယ်ပေးမည်သာ။
နောက်ဆုံး၌ ဟုယွဲ့က တစုံတခုကို တွေးမိကာ သူ၏ နောက်ဆုံးလက်ကျန် ခွန်အားဖြင့် ခေါင်းလှည့်၍ ကြည့်သည်။ ထိုအခါ သူ့နောက်တွင် ဖြစ်ပျက်သမျှ အားလုံးကို မြင်ရလေ၏။
ခုချိန်တွင် အဖြူရောင်အရိပ်တစ်ခုက ကျင်းချင်နောက်သို့ နီးကပ်စွာ လိုက်လ့နေသည်။ ကျင်းချင်သည် ၎င်းကို အဆက်မပြတ် ရှောင်နေရ၏။ သူက သူ့ကိုယ်ပိုင်မှော်ရတနာကို ထုတ်ကာ ထိုအဖြူရောင်အရိပ်ကို တဝုန်းဝုန်း တိုက်ခိုက်နေတော့သည်။ သူသည် ၎င်းအဖြူရောင်အရိပ်ကို အတော်လေး ကြောက်လန့်နေသည့်အလား။
ဟန်လိနှင့် တခြားသူများသည်လည်း အနက်ရောင်ချီ၏ ထွေးခြုံခြင်း ခံထားရသည်။ သူ့လက်ထဲရှိ မီးစာလိပ်ပန်းချီကားကို ကိုင်ကာ ဟန်လိသည် ၎င်းထံမှ လက်သီးစုပ်ခန့် မီးတောက်များကို ပစ်လွှတ်၍ သူတို့ ပတ်လည်၌ မီးစက်ဝန်းကြီးတစ်ခုကို ဖန်တီးပြီး အနက်ရောင်ချီကို အဆက်မပြတ် တိုက်ခိုက်နေသည်။
ရှီသဲနှင့် ဝိညာဉ်သေတို့သည် ဟန်လိ၏ နောက်တွင် နီးကပ်စွာ ရပ်နေသည်။
ဝိညာဉ်သေ၏ ခန္ဓာကိုယ်သည် သွေးအလင်းဖြင့် ထွေးခြုံခံထားရသည်။ ဝိညာဉ်သေသည် သူ့လက်ထဲကနေ ခရမ်းရောင်မီးတောက်များကိုပါ ထုတ်လွှတ်၍ မီးစက်ဝန်းကို ကျော်ဖြတ် စိမ့်ဝင်လာသော အနက်ရောင်ချီတို့ကို တိုက်ခိုက်နေသည်။ တဖက်တွင်မူ ရှိသဲက အလင်းဖြာထွက်နေသော အဖြူရောင်ပုတီးစေ့တစ်ခုကို ကိုင်ထားလျက် အနီရောင်ချီတို့ကို တားဆီးတိုက်ခိုက်သည်။ မည်သို့ပင်ဆိုစေ သူမသည် ကြောက်လန့်နေသည့်ဟန် ဖြစ်ပေါ်နေသည်သာ။
ဟုယွဲ့သည် အနက်ရောင်ချီအပေါ် အာရုံမစိုက်၊ သူက ကျင်းချင်နောက်သို့ လိုက်လံနေသော အဖြူရောင်အရိပ်ကိုသာ စူးစမ်းနေသည်။ လုံလောက်စွာ စူးစမ်းကြည့်သည့်အခါ ၎င်းအရိပ်မှာ သေဆုံးသွားတာ ကြာပြီ ဖြစ်သော အဖြူရောင်အရိုးစုပင်။ ခုခါ၌ ၎င်းကို အဖြူရောင်မြူဖြင့် ခြုံလွှမ်းထားပြီး ၎င်းသည် ကျင်းချင်၏နောက်သို့ လျင်မြန်စွာ လိုက်လံနေသည်။
ဟုယွဲ့က ဝမ်းနည်းစွာ ပြုံးမိ၏။
အခုအခါတွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူဖြစ်သော သူသည် အရိုးစုလက်ချက်ကြောင့် အဆုံးသပ်ခဲ့ရလေပြီ။ မည်မျှ မမျှတလိုက်သည့် ဖြစ်ခြင်း။
ဟုယွဲ့က သူ့ကိုယ်သူ လှောင်ပြောင်နေရင်း သူ့ပါးစပ်ထောင့်တွင် ထေ့ပြုံးပြုံးလျက် ထာဝရ အနားယူခြင်းဆီသို့ တိုးလျိုးသွားတော့သည်။
ဟုယွဲ့သည် သူ၏ နောက်ဆုံးအကြိမ်အဖြစ် အသက်ရှုနေစဉ် ဟန်လိသည် အခြေအနေတစ်ခုလုံးကို သုန်မှုန်စွာဖြင့် စောင့်ကြည့်နေသည်။ ဟုယွဲ့သည်
ဟုယွဲ့က အဖြူရောင်အရိုးစု၏ သားကောင် ဖြစ်သွားသည့်အခိုက်တွင် အနီးအနားရှိ ခန်းမနံရံကနေ ရုတ်တရက် အေးစိမ့်လှသော ယင်တစ္ဆေမြူများသည် ရုတ်တရက် ချဲ့ကားထွက်ကာ သူတို့အားလုံးကို တပြိုင်နက်တည်း ပိတ်လှောင်ပစ်ခဲ့ခြင်းပင်။
ကံကောင်းစွာဖြင့် ဟန်လိသည် အနည်းငယ် ကြိုပြင်ဆင်ထားခဲ့ကာ စာလိပ်ပန်းချီကားကို တုံ့နှေးခြင်းမရှိ ဖွင့်ဟကာ ၎င်းအတွင်းမှ မရေမတွက်နိုင်သော မီးဝိညာဉ်ငှက်များကို ထုတ်လွှတ်နိုင်ခဲ့ပေသည်။
ထိုမီးငှက်များသည် အေးခဲယန်ငှက်များ ဖြစ်ကြသည်။ ဟန်လိသည် ရှေးမှတ်တမ်းတစ်ခု၌ ၎င်းတို့နှင့် ပတ်သတ်ပြီး အသေးစိတ်မိတ်ဆက်တစ်ခုကို အရင်က ဖတ်ထားဖူးသည်။ ယင်းငှက်များသည် မီးအနှစ်သာရကနေ မွေးဖွားကာ ယင်တစ္ဆေများနှင့် အငြှိုးအတေးစိတ်ဝိညာဉ်များကို စားသုံးရတာ သဘောကျကြသည်။
သို့သော် ထိုငှက်သည် မျိုးသုဉ်းသွားခဲ့တာ ကြာမြင့်ခဲ့လေပြီ။ စာလိပ်ပန်းချီကားသည် ထိုမီးငှက်၏ စိတ်ဝိညာဉ် တစိတ်တပိုင်းကို ချိပ်ပိတ်ထားနိုင်ရုံသာ ဖြစ်၏။ သို့ဖြစ်၍ ၎င်းသည် အေးခဲယန်ငှက်များ၏ ကိုယ်ပွားများကို ထုတ်လွှတ်နိုင်ရုံမျှသာ။
ထိုကိုယ်ပွားငှက်များသည် အစစ်အမှန်အေးခဲယန်ငှက်များနှင့် ချွတ်ဆွတ်တူသော်လည်း ခွန်အားခြင်းကမူ မူလအေးခဲယန်ငှက်များနှင့် ယှဉ်၍ မရပေ။ သည့်ဖြစ်၍ ထိုတစ္ဆေမြူများသည် ရှင်းလင်းစွာ ဝါးမြိုခံရခြင်းထက် ယာယီမျှသာ ပြန့်ကြဲသွားရုံ ရှိသည်။
ဟန်လိသည် ထိုတစ္ဆေမြူတို့ဖြင့် ရစ်ထွေးခြုံလွှမ်းတာကို ခံရသော်လည်း သူက ထူး၍ စိတ်မပူပေ။ သူ၏ ဝါးတိမ်အုပ်ဓားများနှင့် သူ့ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ၎င်းမြူပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်၏။
သူ့ကို စိတ်မသက်မသာ ဖြစ်စေတာကတော့ ခုထိ လူလုံးမပြသေးသော တစ္ဆေမြူများ၏ သခင်ဖြစ်သူသာ။ အရိုးစုမှာလည်း တချက်ကြည့်ရုံနှင့် ဉာဏ်ရည်ကင်းမဲ့နေမှန်း သိသာနေသည်။ ၎င်းကို တစုံတယောက်က ထိန်းချုပ်ထားတာသာ။ သို့ပေမည့် ထိုအရိုးစုသည် အတော်လေး ထူးခြားပေသည်။ ကျင်းချင်၏ မှော်ရတနာဖြင့် အဆက်မပြတ်တိုက်ခိုက်မှုအောက်မှာ ၎င်းသည် မထိမခိုက် ရှိနေခြင်း၏ နောက်ကွယ်တွင် ထူးခြားဆန်းကြယ်မှု တစ်ခု ရှိနေလိမ့်မည်သာ။
ဟန်လိသည် ထိုသို့ တွေးနေစဉ် တစ္ဆေငြီးသံများ သူ့ဘေးပတ်လည်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သွေးဆာနေသော အေးစိမ့်စိမ့် အသံတစ်သံသည် စူးရှလှကာ ယောက်ျားအသံလား၊ မိန်းမအသံလား မသိရပေ။ သည်အသံကို ကြားရသူတိုင်းသည် တုန်လှုပ်ချောက်ခြားသွားမည် ဖြစ်ပြီး သူတို့၏ သွေးနှင့်ချီတို့သည်ပင် ကမောက်ကမ ဖြစ်သွားနိုင်သည်။
ဟန်လိ၏ စိတ်ထဲ တုန်ရင်သွားသည်။ သူက ခန်းမတစ်ခုလုံးထံ သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်သည်။ တချိန်တည်းမှာ သူ့လက်ချောင်းကို တောက်ထုတ်ကာ သူ့ခန္ဓာကိုယ်ကနေ မြစိမ်းရောင်ဓားနှစ်ငယ်နှစ်လက်ကို ထွက်ပေါ်လာစေလျက် သူ့ဘေးပတ်လည်တွင် ၎င်းဓားငယ်နှစ်လက်က တဖြည်းဖြည်းချင်း လှည့်ပတ်နေစေသည်။
တစ္ဆေငြီးအော်သံကို ကြားရသည့်အခါ ကျင်းချင်သည် ကြောက်လန့်သွားပြီး ဒေါသတကြီးဖြင့် အထိတ်တလန့် ဆိုသည်။
“ဘယ်နတ်ဆိုးကောင်ကများ သူ့ကိုယ်သူ ဆန်းကြယ်သလိုလိုနဲ့ ဖြစ်စေချင်လို့ ပုန်းနေတာလဲကွ…”
သူ၏အသံက မကျယ်သော်လည်း အခန်းထဲတွင် ဟိန်းသွား၏။ မထင်မှတ်စရာပင်။ တစ္ဆေငြီးသံသည် တုန့်ပြန်သည့်အနေဖြင့် ရပ်သွားသည်။
ထို့အပြင် သူ့မှော်ရတနာ၏ တိုက်ချက်ကလည်း အရိုးစုကို လုံးဝ တစစီ ဖြစ်သွားစေသည်။ ကျင်းချင်သည် ထိုကဲ့သို့ ထူးခြားသော အလှည့်အပြောင်းကြောင့် ကျေနပ်အံ့အားသင့်နေသည်။
တချိန်တည်းမှာ တစ္ဆေမြူသည် ဟန်လိနှင့် တခြားသူများကို ထွေးခြုံထားရာကနေ နံရံများထံ အလျင်အမြန် ပြန်ဆုတ်သွားလေသည်။
ဟန်လိမှာ အကြီးအကျယ် အံ့အားသင့်နေ၏။ သူသည် ကျင်းချင်၏ ဒေါသတကြီး အော်ဟစ်သံက ခုလောက်ထိ စွမ်းအား ပါဝင်နေလိမ့်မည်ဟု မယုံကြည်ပါ။ ခဏအကြာ ရှီးသဲက ဘေးသို့ လှည့်၍ လှေကားထစ်များအတိုင်း ပြေးတက်နိုင်ဖို့ အခွင့်အရေးကို ရှာသည်။ မျက်စိတမှိတ်အတွင်း သူမသည် လှေကားနားသို့ ရောက်သွားခဲ့လေပြီ။ ဤသည်ကို မြင်သည့်အခါ ဟန်လိက အမူအရာကင်းမဲ့နေ၏။ သို့သော် ကျင်းချင်ကမူ ဒေါသတကြီး ဖြစ်သွားသည်။ ထိုအမျိုးသမီးက တိုက်လာခိုက်လား ဖြစ်နေချိန်မှာ ထွက်ပြေးရလေသလား။ သူမ၏ မှော်စွမ်းအားမှာ ကင်းမဲ့သော်ငြားလည်း သူမ ပိုင်ဆိုင်ထားသော မှော်ရတနာပုလဲကမူ တစ္ဆေမြူများကို ထိန်းချုပ်နိုင်စွမ်းရှိတာ သိသာသည်။ သူက သူမကို ထွက်ပြေးခွင့် မပြုနိုင်ချေ။ ထိုအတွေးဖြင့် ကျင်းချင်သည် သူမကို ဟန့်တားဖို့ လှမ်းအော်ရန် ဟန်ပြင်သည်။
သို့သော် ထိုအခိုက်တွင် နောက်ထပ် မူမမှန်တာတစ်ခု ဖြစ်လာပြန်၏။
ရှီသဲက ဒုတိယလှေကားထစ်သို့ ရောက်သွားချိန်တွင် သူမ အနားရှိ ကျောက်နံရံသည် ရုတ်တရက် အစိမ်းရောင် လင်းလက်သွားသည်။ ကြောက်မက်ဖွယ်ရာ လက်ဆယ်ချောင်းတစ္ဆေလက်သည်းတစ်ခုသည် သတိမပေးဘာမပေးဖြင့် ထိုးထွက်လာကာ သူမ၏ ဝမ်းဗိုက်ကို မျက်လုံးဖြင့် မမြင်ရသော အမြန်နှုန်းဖြင့် ထွင်းဖောက်သွားလေသည်။ ရှီသဲမှာ နာကျင်စူးရှစွာ အော်ဟစ်လိုက်ရပြီး လက်ထဲရှိ ပုလဲအလင်းကို လင်းထင်းသွားစေပြီး ထွက်ပြေးရန် ကြိုးစားသည်။
သို့သော်ငြားလည်း ထိုတစ္ဆေလက်သည် ထိုပုလဲကို နည်းနည်းလေးမျှ ကြောက်လန့်ဟန် မတူ၊ ထိုအစား အနက်ရောင်ချီကို ထုတ်လွှတ်ကာ ရှီသဲကို ခြုံလွှမ်းပစ်လေသည်။
ထိုအမျိုးသမီး၏ စူးဝါးနာကျင်စွာ အော်ဟစ်သံများက မရပ်တော့ပါ။ အနက်ရောင်ချီကို ပြန်ရုတ်သိမ်းပြီးသည်နှင့် ခြောက်သွေ့သော အလောင်းတစ်လောင်းသည် ဟန်လိနှင့် ဝိညာဉ်သေတို့၏ ရှေ့သို့ လွင့်ထွက်ကျရောက်လာသည်။ ဟန်လိသည် အသွေးအသားမဲ့နေသော အလောင်းကို ကြည့်ကာ သူ့မျက်နှာမှာ စိမ်းဖန့်ဖန့် ဖြစ်သွားရသည်။
ကျင်းချင်၏ မျက်နှာမှာလည်း ဖြူရော်နေခဲ့တာ ကြပြီ။ သို့သော် အခုအခါတွင်မူ သူသည် လက်ထဲ၌ သူ၏ အဖြူရောင်တံဆိပ်တုံးကို ကိုင်ကာ စိတ်ပူပန်တကြီး ဖြစ်နေချေပြီ။
“ဟားဟား…ကျုပ်က နောက်ထပ် သင့်တော်တဲ့ အလောင်းတစ်လောင်း ထပ်လိုသေးတယ်။ မင်းတို့ထဲက ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် စတေးပေးချင်ကြလဲ…”
ရေခဲတမျှ အေးစက်သော အသံတစ်သံသည် အထင်သေးမှုအပြည့်ဖြင့် ခန်းမထဲတွင် ပဲ့တင်ထပ်သည်။
ဟန်လိ၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက စာလိပ်ပန်းချီကားကို ထပ်မံ၍ ဖြန့်သည်။ မီးငှက်အားလုံးသည် စာလိပ်ထဲသို့ ပြန်ဝင်ရောက်လာပြီးနောက်မှာ ဟန်လိသည် သူ့လက်နှစ်ဖက်ကို ပူးကပ်သည်။ သူ့ပုံစံက အလေးအနက် ဖြစ်နေ၏။
ဝှစ်။ သုံးမီတာမျှဗြက်ရှိသော အေးခဲယန်ငှက်သည် စာလိပ်ပန်းချီကားထဲမှ တောက်ပသော မီးတောက်များ ခြံရံလျက် ပျံသန်းထွက်သည်။ ၎င်းက ဟန်လိ၏ ဦးခေါင်းနားမှာ တပတ်ပတ်၍ ပျံသန်းပြီးနောက် ခန်းမထဲရှိ ကျောက်တိုင်များထဲမှ တစ်ခုထံသို့ တောင်ပံဖြန့်ကာ တိုးဝင်သွားလေသည်။
ဘန်း။
ထိုငှက်ကြီးသည် ကျောက်တိုင်ကို ဝင်ဆောင့်ချိန်တွင် အစိမ်းရောင်လင်းလက်ကာ အနက်ရောင်ချီဖြင့် ပြုလုပ်ထားသည့် မသတီစရာ ကောင်းလှသော မြွေတစ်ကောင်သည် ပျံသန်းထွက်လျက် မီးငှက်နှင့် လုံးထွေးသွားသည်။
မီးငှက်က အဖြူရောင်မီးအနှစ်သာရများကို ထွေးထုတ်နေပြီး မြေကမူ အနက်ရောင်ချီများကို မှုတ်ထုတ်နေလျက် ၎င်းတို့ကြား တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလေတော့သည်။
“ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်တဲ့ ဝိညာဉ်ထိန်းချုပ်ခြင်း ပညာရပ်တွေကို အသုံးပြုနိုင်တဲ့ တစုံတယောက်က ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ကျုပ်က မင်းကို လျှော့တွက်မိခဲ့ပုံပဲ…”
ထိုသို့ ပြောကာ အရိပ်တစ်ခုသည် ကျောက်တိုင်ထံမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။ ဟန်လိနှင့် ကျင်းချင်တို့သည် ထိုသူ့ထံသို့ အလျင်အမြန် လှမ်းကြည့်ကြသည်။
ထိုအရိပ်သည် အစိမ်းရင့်ရောင် ရှိရုံသာမက ၎င်းကို အစိမ်းရောင်အလင်းတောက်တောက်ဖြင့် ခြုံလွှမ်းထားသေးသည်။ ၎င်း၏ အစစ်အမှန်ရုပ်သွင်ကို ဖုံးကွယ်ထား၏။ သူ၏ခန္ဓာကိုယ်သည် လက်မောင်းလုံးခန့် ရှိသော အနက်ရောင်မြူဖြင့် ထွေးခြုံထားပြီး သူ၏ မျက်လုံးကမူ သွေးနီရောင်ပင်။
ထိုအရိပ်က သူတို့သုံးယောက်ထံ ဝေ့ကြည့်လာသည့်အခါတွင် ဟန်လိနှင့် ကျင်းချင်တို့သည် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားလေသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားကာ ထိုအရိပ်ထံသို့ အလန့်တကြားဖြင့် ပြန်လှမ်းကြည့်သည်။
ရန်သူသည် အကြည့်တစ်ချက်ဖြင့်ပင် သူတို့ကို ဖိအားပေးလာခဲ့လေပြီ။ ထိုသူ၏ ကျင့်ကြံမှုအဆင့်က သူတို့ထက် သာလွန်တာ သိသာနေ၏။ ထိုသူမှာ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်များ ဖြစ်နိုင်လား။
ထိုအရိပ်၏ ပုံပန်းသွင်ပြင်အရ ထိုသူသည် လူတစ်ယောက်ထက် တစ္ဆေတစ်ကောင် သို့တည်းမဟုတ် နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေသည်။ သို့သော် ထိုသူသည် တစ္ဆေဝိညာဉ်တစ်ကောင် အမှန်တကယ် ဖြစ်နေခဲ့လျှင် ၎င်း၏ ဉာဏ်ရည်တစ်ခုလုံးကို မည်သို့မည်ပုံ ထိန်းသိမ်းထားနိုင်ပါ့မည်နည်း။