သစ္စာမဲ့ခြင်း
Vol. 31 Ch. 426
ကျင်းချင်သည် သူ့ကြောက်လန့်မှုကို ဖိနှိပ်ကာ သူ့ကိုယ်သူ အားတင်း၍ မေးလိုက်သည်။
“ခင်ဗျားက လူလား၊ တစ္ဆေလား…”
ထိုအရိပ်သည် ဆိုးယုတ်စွာ ပြုံး၍ လှောင်ပြောပြောသည်။ “လူလား၊ တစ္ဆေလား…မင်းကပဲ ကျုပ်ကို ပြောလေ…”
ကျင်းချင်သည် မျက်နှာပျက်သွားသည်။ ဟန်လိကမူ ငြိမ်သက်နေလျက်သာ။ သူက သူ့စာလိပ်ပန်းချီကားကို လျင်မြန်စွာ ဖွင့်လှစ်၏။
မရေမတွက်နိုင်သော မီးငှက်များသည် ထိုးထွက်ကာ ထိုအရိပ်ထံသို့ အုံလိုက်ကျင်းလိုက် ပျံသန်းသွားလေသည်။ တချိန်တည်းမှာ အစောပိုင်းတုန်းက ဆင့်ခေါ်ခဲ့သော ငှက်ကြီးသည်လည်း စူးရှစွာ အော်မြည်သံ ပြု၍ မြွေနှင့် တိုက်ခိုက်နေတာကို လက်လွှတ်ကာ ထိုအရိပ်ထံသို့ တိုးဝင်သွားတော့သည်။
ထိုအရိပ်သည် အထင်သေးစွာဖြင့် ပြောလိုက်သည်။
“အေးခဲယန်ငှက်တွေလား။ ဒီကောင်တွေမှာသာ အစစ်အမှန် ခန္ဓာကိုယ် ပိုင်ဆိုင်ထားမယ်ဆို ဒီစီနီယာက ကြောက်ကောင်း ကြောက်နိုင်သေးတယ်။ ဒါပေမဲ့ အခု သူတို့ရဲ့ ကြွင်းကျန်တဲ့ စိတ်ဝိညာဉ်သပ်သပ်နဲ့ မိစ္ဆာတွေကို ရှင်းထုတ်၊ တစ္ဆေတွေကို ဝါးမြိုဝံ့တယ်လား…”
ထိုသို့ ပြောကာ အစိမ်းရောင်အရိပ်သည် ၎င်း၏လက်ကို ပင့်မြှောက်သည်။ အနက်ရောင်ချီက သူ့လက်နှစ်ဖက် ပတ်လည်တွင် ချက်ချင်း သိပ်သည်းလာသည်။ ဖူး…ဖူး…။ အနက်ရောင်ချီသည် ဦးဂျိုပါ စပါးအုံးမြွေနှစ်ကောင်အဖြစ်သို့ ပြောင်းလဲ၍ မီးငှက်အုပ်ထံ တိုးဝင်လာတော့သည်။ ၎င်းတို့၏ သွေးဆာနေသော ပါးစပ်များကို ဟကာ မြွေနှစ်ကောင်က မီးငှက်များစွာကို ဝါးမြိုပစ်သည်။ ခဏအကြာတွင် ၎င်းတို့သည် အဖြူရောင်အခိုးအငွေ့အမျှင်တန်းတစ်ခုကို ထွေးထုတ်လေသည်။ ၎င်းတို့မှာ လုံးဝ ထိခိုက်မှု မရှိချေ။
ထိုအခိုက်တွင် အဖြူရောင်မီးတောက်လုံးအဖြစ် ပြောင်းလဲထားသော အေးခဲယန်ငှက်ကြီးသည် မြွေနှစ်ကောင်၏ ရှေ့သို့ ရောက်လာသည်။ သို့ရာတွင်မူ ၎င်းက ထိုမြွေတို့ကို လစ်လျူရှု၍ အရိပ်ထံသို့သာ တန်းမတ်စွာ ဦးတည်သည်။
အရိပ်က ဤသည်ကို မြင်သည့်အခါ ၎င်း၏မျက်လုံးသည် အနီရောင်တောက်ပသွားလေသည်။ ထိုအရိပ်သည် လှုပ်ရှားမှု မပြုသော်လည်း အလေးအနက်အသွင်တော့ ဖြစ်ပေါ်သည်။ အစိမ်းရောင်အရိပ််၏ လက်များက တုန်ယင်သွားကာ ၎င်း၏ လက်နှစ်ဖက်မှ ဦးဂျိုမြွေနှစ်ကောင်ကို ခွဲထွက်စေလျက် ၎င်းတို့ဘာသာ လှုပ်ရှားခွင့် ပြုသည်။
ထို့နောက်တွင်မူ ၎င်း၏လက်နှစ်ဖက်ကို ဆုပ်သည်။ သူ၏ဆုပ်ကိုင်မှုကနေ အစိမ်းရင့်ရောင်မီးတောက်များသည် တရစပ် ထွက်ပေါ်သည်။ ခဏအကြာ ၎င်း၏ခန္ဓာကိုယ် ဝေဝါးသွားပြီး အဖြူရောင်မီးလုံးသည် ကြမ်းတမ်းလှသော လက်သီးချက်တစ်ချက်နှင့် တွေ့ဆုံတော့သည်။ ဟန်လိနှင့် ကျင်းချင်တို့က တုန်လှုပ်စွာဖြင့် စောင့်ကြည့်နေကြပြီး အဖြူရောင်မီးလုံးမှာ လက်သီးချက်ကြောင့် ပြန့်ကြဲကာ ချက်ခြင်း ပျောက်ကွယ်သွားလေသည်။ အစိမ်းရောင်အရိပ်၏ လက်ကြားထဲ၌ ရုတ်တရက် အဖြူရောင်သလင်းပုလဲတစ်လုံး ပေါ်လာ၏။
ထိုအရိပ်သည် မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ တုံ့နှေးခြင်းမရှိ ၎င်းကို ဝါးမြိုပစ်သည်။ ထို့နောက်တွင်မူ ၎င်းက ဟန်လိကို အေးစက်စက် ထပ်၍ လှမ်းကြည့်သည်။
ထိုအခိုက်တွင် ဟန်လိ၏လက်ထဲရှိ စာလိပ်ပန်းချီကားမှာ ၎င်းဘာသာ မီးတောက်လာသည်။ သူက ၎င်းစာလိပ်ကို အလျင်အမြန် လွှတ်ပစ်လိုက်ရ၏။ ထိုစာလိပ်မှာ မျက်စိတမှိတ်အတွင်း ပြာဖြစ်သွားလေသည်။ စာလိပ်ပန်းချီကားက ပြာဖြစ်သွားချိန်တွင် မြွေနက်များနှင့် လုံးထွေးနေသော မီးငှက်များပါ ပျောက်ကွယ်သွားတော့သည်။
ဟန်လိသည် အသက်ဝဝရှိုက်သွင်းမိသွားသည်။
သူသည် အေးခဲယန်ငှက်များသည် အစိမ်းရောင်အရိပ်၏ ပြိုင်ဘက် မဖြစ်နိုင်တာ သိသော်လည်း တချက်တည်းနှင့် အပြီးသပ် ချေမှုန်းခံလိုက်ရမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ သူက ၎င်းတို့ကို ရန်သူ၏ ခွန်အားကို သိချင်၍သာ စေလွှတ်ခဲ့တာ ဖြစ်သည်။ အဆုံးသပ်တွင်မူ သူသည် ရန်သူ့ခွန်အား အတိမ်အနက်ကို သေချာ မသိနိုင်ခဲ့ပေ။ သူ သိလိုက်ရသော တစ်ခုတည်းသော အရာမှာ ရန်သူသည် တစ္ဆေ သို့မဟုတ် နတ်ဆိုးတစ်ကောင် မဟုတ်ကြောင်းကိုပင်။
တည်ငြိမ်စွာ ဆက်ရှိနေပြီး ဟန်လိသည် အစိမ်းရောင်အရိပ်ထံသို့ အာရုံစိုက်၍ ကြည့်သည်။ စိတ်ထဲကနေလည်း သူတို့ တိုက်ခိုက်ရလျှင် သူ့အတွက် အနိုင်ရခြေကို တွက်ချက်ကြည့်နေသည်။
“မဆိုးဘူး။ ကျုပ်က မင်းရဲ့ ခန္ဓာကိုယ်ကို အခု အတော်လေး စိတ်ဝင်စားသွားပြီ။ မင်းတို့နှစ်ယောက်ကတော့ ထွက်သွားလိုက်တော့…”
အစိမ်းရောင်အရိပ်က ဟန်လိကို ကြည့်လျက် ဖြည်းဖြည်းချင်း ပြောနေသည်။
ဝိညာဉ်သေကမူ နည်းနည်းလေးမျှ မလှုပ်ရှားသွားပေ။ ကျင်းချင်ကမူ ထိုသူ၏ စကားကို ကြားသည့်အခါ သူ့အမူအရာမှာ အဆက်မပြတ် ပြောင်းလဲသွား၏။
သူသည် ခုထိ ထိုအရိပ်ကို ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်ရသေးသော်လည်း ရန်သူ၏ ခွန်အားမှာ နက်နဲကာ မှန်း၍ မရပေ။ သူက ဟန်လိနှင့် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့၏ အနိုင်ရနိုင်ခြေမှာ သိပ်မမြင့်မားမှန်း ကျင်းချင် သိနေသည်။
အခု အစိမ်းရောင်အရိပ်က သူ့ကို ထွက်သွားဖို့ ပြောသည့်အခါ ကျင်းချင်၏ စိတ်နှလုံးသည် မတည်ငြိမ်နိုင်တော့ပေ။
အစိမ်းရောင်အရိပ်က နှာခေါင်းရှုံ့ကာ ကျင်းချင်နှင့် ဝိညာဉ်သေတို့ထံသို့ ဝေ့ကြည့်ကာ ဆိုးယုတ်မည့်ဟန်ဖြင့် ပြောသည်။
“ဘာလဲ။ ကျုပ်က မင်းတို့နှစ်ယောက်ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးနေတာနော်။ မင်းတို့နှစ်ယောက်က ဒီအခွင့်အရေးကို မလိုချင်တာလား။ ဒီစီနီယာ ဒုက္ခခံပြီး မင်းတို့နှစ်ယောက်ကိုပဲ အရင်စပြီး အလောင်းကောင်တွေအဖြစ် ပြောင်းပေးရမှာလား…”
ထိုအရိပ်၏ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စကားသံကို ကြားသည့်အခါ ကျင်းချင်၏ မျက်နှာမှာ နီလိုက်၊ ဖြူလိုက် ဖြစ်နေသည်။ ထို့နောက်တွင်မူ သူသည် အရှက်ရစွာဖြင့် ပြောလာတော့သည်။
“အစ်ကိုဟန်…ကျုပ် ဒီမှာ မသေချင်သေးဘူး။ ဒါ့ကြောင့် ကျုပ် ခင်ဗျားကို ချန်ထားခဲ့ရလိမ့်မယ်…”
ယင်းနောက်မှာ သူသည် မည်သည့်စကားကိုမျှ ထပ်မပြောတော့ပေ။ ကျောက်လှေကားများထံသို့ နောက်လှည့်မကြည့်ဘဲ ပြေးလေတော့သည်။ ဟန်လိ၏ အမူအရာကမူ တည်ငြိမ်လျက်သာ။ သူက စိတ်ပျက်ဟန်၊ ဒေါသထွက်ဟန်တို့ကိုလည်း မပြပေ။ သူသည် ချင်းကျင်ကို အေးစက်စက်သာ တချက်ကြည့်သည်။
အစိမ်းရောင်အရိပ်၏ အနီရောင်မျက်လုံးထံ၌ ကျေနပ်သွားဟန် အရိပ်အယောင် ပေါ်သည်။
ကျင်းချင်သည် တစစီ ဖြစ်သွားသော အရိုးစုကို တဟုန်ထိုး ဖြတ်ကျော်လာရုံ ရှိသေး ထိတ်လန့်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။
အရိုးစု၏ အစိတ်အပိုင်းများသည် သူ့ထံသို့ မြားများကဲ့သို့ ရုတ်ချည်း ထိုးနှက်တိုက်ခိုက်လာခြင်းပင်။ ဒေါသလည်းထွက်၊ လန့်လည်းလန့်သွားသော ကျင်းချင်သည် သူ့ကိုယ်သူ ငွေရောင်အလင်းလွှာတစ်ခုဖြင့် ဖြတ်ခနဲ ဝန်းရံစေသည်။ သို့သော် သူ၏မှော်ရတနာကို ထုတ်ဖော်ဖို့ထိ စောင့်မနေလေဘဲ အဖြူရောင်အလင်း ဖြာထွက်တောက်ပနေသော အရိုးပိုင်းများက သူ၏ ငွေရောင်အရံအတားကို ချိုးဖျက်ဝင်လာသည်။ ခဏအကြာတွင် ကျင်းချင်၏ ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်းဖြစ်ကာ ဂူကြမ်းပြင်ပေါ်သို့ စကားတခွန်းမှ မဆိုလေဘဲ လဲပြိုကျသွားတော့သည်။ ဟန်လိသည် ကြမ်းပြင်ပေါ်ရှိ ထိုအလောင်းကို စိတ်ခံစားချက် ကင်းမဲ့စွာ ကြည့်၍ မသိမသာ ခေါင်းယမ်းမိသည်။
သူ့လက်ကို ဖြတ်ခနဲ ပုတ်၏။ ဝိညာဉ်သားရဲ သိုလှောင်အိတ်သည် သူ့လက်ထဲတွင် ပေါ်လာသည်။ သူ့ရှေ့ရှိ ဓားပျံနှစ်လက်ကမူ တုန်ခါလာပြီး အစိမ်းရောင်ဖြာထွက်မှုကို ပေးစွမ်းလာသည်။
“စိတ်ဝင်စားစရာပဲ။ မင်းက ကျုပ်ကို ဘာကြောင့် ကတိမတည်တာလဲလို့တောင် မမေးပါလား…”
အစိမ်းရောင်အရိပ်က နှာခေါင်းရှုံ့ကာ ပြောသည်။
“ခင်ဗျားမှာ ပြောချင်စိတ် မရှိရင် ကျုပ်ကလည်း စမေးနေစရာမလိုဘူး။ လေကုန်တယ်…”
ဟန်လိက ထိုသို့ ပြောသည်။
“မဆိုးဘူး။ ကျုပ် မင်းကိုတော့ အတော်လေး သဘောကျနေပြီ။ ကျုပ် ဘေးဒုက္ခ မရောက်ခင်ကသာ မင်းနဲ့ တွေ့ဆုံခဲ့ရင် မင်းကို ကျုပ်ရဲ့ တပည့်အဖြစ် လက်ခံပေးလောက်တယ်။ ဒါပေမဲ့ အခုတော့ ကျုပ်က နောက်ထပ် တပည့် လုံးဝ လက်ခံတော့မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ သစ္စာဖောက်တပည့်တွေရဲ့ အရိုးကို ပြာဖြစ်တဲ့ထိ အမှုန့်ခြေပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေကိုပါ သန့်စင်ပစ်ပြီး ကျုပ် ကလဲ့စား ပြန်ချေရမယ်…”
အစိမ်းရောင်အရိပ်က ဟန်လိ၏ တုန့်ပြန်မှုအပေါ် နည်းနည်းတော့ အံ့အားသင့်သွားပုံ ရသည်။ သို့သော် ခဏအကြာ သူ၏ အသံသည် ရေခဲတမျှ ပြန်အေးစက်လာသည်။
အမူဟန်ပန်ပြောင်းလဲသွားခြင်း မရှိလေဘဲ ဟန်လိက သူ့လက်ကို ဝေ့ယမ်းသည်။ ထို့နောက်တွင်မူ ဝိညာဉ်သေသည် ဟန်လိဘေးသို့ လျှောက်လာသည်။ ဝိညာဉ်သေ၏ ခန္ဓာကိုယ်မှာ သွေးအလင်းဖြင့် ထွေးခြုံနေသည်။
ဟန်လိသည် လေကုန်ခံကာ စကားကြော ရှည်နေဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူက ရန်သူကို တချက်တည်းနှင့် အပီသိပ်နိုင်ရန်သာ စဉ်းစားထားသည်။ တချိန်တည်းမှာ သူ၏ခန္ဓာကိုယ်ထဲရှိ ဝါးတိမ်အုပ်ဓားများသည်လည်း အဆင်သင့် ဖြစ်လို့နေပြီ။
ဝိညာဉ်သေ၏ သွေးအလင်းကို မြင်ပြီးနောက်မှာ အရိပ်သည် မသိမသာ တုန်ယင်သွားသည်။ ၎င်းက ဒေါသတကြီး ပြုံးသည်။ “နတ်သွေးအလင်း၊ ကောင်းတယ်…ကောင်းတယ်…။ မင်းက ကျိနစ်ယင်ရဲ့ တပည့်လား၊ ဒါမှမဟုတ် ကျိနစ်တောက်ပခြင်းရဲ့ တပည့်လား…”
ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“ ကျိနစ်ယင်လား။ ခင်ဗျား ပြောတာက ကျိနစ်ယင်ကျွန်းရဲ့ သခင်ကြီးကျိနစ်ယင်ကိုလား…”
ဟန်လိသည် မထူးခြားနားဟန်ဖြင့် မေးသည်။ သူသည် မိစ္ဆာနက်ကျောင်းတော်နှင့် ကျိနစ်ယင်ကျွန်းတို့၏ နောက်ကွယ်ရှိ ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်တော့မည်ဟု ဝိုးတဝါး ခံစားမိသည်။
ဟန်လိ၏ စကားကို ကြားသည့်အခါ အစိမ်းရောင်အရိပ်သည် ဒေါသတကြီး ပျံသန်းလာကာ ကျယ်လောင်စွာ အော်ဟစ်သည်။
“သခင်ကြီးကျိနစ်ယင် ဟုတ်လား။ ဒီသစ္စာဖောက်တပည့်က သူ့ကိုယ်သူ သခင်ကြီးလို့ ခေါ်ဝံ့တယ်လား…”
ဟန်လိသည် နည်းနည်းတော့ မင်သက်သွားမိသည်။ ထိုတစ္ဆေသည် သခင်ကြီးကျိနစ်ယင်၏ သခင်တစ်ယောက် အမှန်တကယ် ဖြစ်နေသည်လား။ မည်မျှ ဆန်းပြားလိုက်သနည်း။
ဟန်လိ ထိုသို့ မင်သက်သွားစဉ် သူ၏နောက်မှ ခပ်အုတ်အုတ် ဆူညံသံတစ်သံကို ကြားရသည်။ ဟန်လိသည် အလန့်တကြားဖြင့် နောက်သို့ လှည့်ကြည့်သည်။ သို့သော် သူ၏ နောက်တွင် မည်သည့်အရာမျှ ရှိမနေပေ။
“မကောင်းတော့ဘူး” ချက်ခြင်းပင် ဟန်လိသည် သူ လှည့်စားခံရပြီကို နားလည်လိုက်သည်။ သူက ခေါင်းကို အလျင်အမြန် ပြန်လှည့်ကာ ဓားပျံခုနစ်လက်ကို သူ့အား ကာကွယ်ဖို့အတွက် စေလွှတ်သည်။ ခုလက်ရှိတွင် ဟန်လိသည် သူ၏ ဝါးတိမ်အုပ်ဓားများထဲမှ ကိုးလက်ကိုသာ ထိန်းချုပ်နိုင်သေးသည်။ ဤသည်မှာ သူ့အကန့်အသတ်ပင်။
သူက ခေါင်းလှည့်ချိန်တွင် သူ၏ ဓားကိုးလက်သည် ဓားအလင်းတန်းတစ်ခုတည်းကို ထုတ်လွှတ်လာသည်။ နတ်ဆိုးဒုက္ခလျှပ်စီး နတ်စွမ်းရည်သည် ၎င်းဓားအလင်းမှ ထိုးထွက်ကာ မည်သည့်နေရာကနေ ပေါ်လာမှန်း မသိရဘဲ သူ့ထံ တိုးဝင်လာသော အစိမ်းရောင်အလင်းကို ရင်ဆိုင်သည်။ ဟန်လိမှာ ချွေးစေး ပြန်သွားမိသည်။ သူသည် ရန်သူ၏ လက်ထဲ ကျရောက်လုမတတ် ဖြစ်သွားရသည် မဟုတ်လား။
“ကောင်းကင်လျှပ်စီးဝါး။ မင်းရဲ့ ဓားပျံတွေက အဲ့ဝါးကနေ သန့်စင်ထားတာပဲ…”
ထိုအခိုက်တွင် အစိမ်းရောင်အရိပ်သည် ယုံရခက်သည့်ဟန်ဖြင့် ပြောလာသည်။
ဟန်လိသည် နှာခေါင်းရှုံ့ကာ ထိုအရိပ်ကို လှောင်ပြောင်ဖို့အတွက် တွေးထားသည်။ သို့သော် သူသည် သူ့အထက်မှ ထူးခြားသောတုန်ခါလှိုင်းတစ်ခုကို ရုတ်တရက် ခံစားမိသည်။
ဟန်လိသည် ဘေးသို့ ရှောင်တိမ်း၏။ သို့သော် သူ့ရင်ဘက်၌ တုန်ယင်မှုကို ခံစားလိုက်ရတုန်းပင်။ သူနှင့် အလွန်ရင်းနှီးလှသော အနီရောင်အလင်းတန်းတစ်ခုက သူ့ကို ဒဏ်ရာ ရသွားစေခြင်းပင်။ ယင်းနောက်မှာ အဝါရောင်အလင်းတန်းတစ်ခုသည် သူ့ကို ကြမ်းတမ်းစွာ ထိုးနှက်လာသည်။ ဒန်…။ ကြည်လင်သော မြည်ဟိန်းသံ ထွက်ပေါ်လာသည်။ သူ၏ ဓားပျံများထဲမှ တချို့တလေသည် ထိုအဝါရောင်အလင်း(ဝါ) ရှေးအတီတေခွက်ကို တားဆီးရန် ပျံသန်းထွက်သည်။
“ဝိညာဉ်သေ…” ဟန်လိသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သွေးဝိညာဉ်ဆူးနှင့် ရှေးအတီတေခွက်တို့မှ အကြမ်းပတမ်း တိုက်ခိုက်မှုတို့မှာ ကျိန်းသေပေါက် ဝိညာဉ်သေ၏ တိုက်ခိုက်မှုပင်။
သို့သော် သူ့ဘေးရှိ ဝိညာဉ်သေကမူ အစိမ်းရောင်အရိပ်ထံသို့သာ တိုးဝင်သွားသည်။ သူ ပြောတာကို မကြားလေသည့်အလား။
ဟန်လိ၏ စိတ်ထဲရှိ ဝိညာဉ်သေနှင့် ဆက်သွယ်မှု ပြက်တောက်သွားသည်။ သူ၏ စိတ်ဝိညာဉ်အာရုံမှာ ခုထိ ဝိညာဉ်သေထံတွင် ရှိနေသေးသော်လည်း မည်သည့်အတွက်ကြောင့်မှန်းမသိ သူသည် ဝိညာဉ်သေကို ထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားသည်။ အစိမ်းရောင်အရိပ်က တဟားဟား ရယ်ကာ ဝိညာဉ်သေထံ အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ပျံသန်းလာသည်။
ဟန်လိ၏ မျက်နှာသည် သေလောက်အောင် ဖြူရော်သွားသည်။ ထို့နောက်တွင်မူ သူက အံတင်းတင်းကြိတ်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေ၍ အားမာန်နှင့် ပြောဆိုသည်။
“ပြန်ရုတ်သိမ်း…”
အကွာအဝေးတစ်ခု၌ ဝိညာဉ်သေ၏ ဦးခေါင်းထက်ရှိ သရဖူထံမှ အစိမ်းရောင်အလင်းလုံးငယ်တစ်ခု ပျံသန်းထွက်ကာ ဟန်လိ၏ ခန္ဓာကိုယ်ထံ လျင်မြန်စွာ ရောက်ရှိလာသည်။ ယင်းနောက် ၎င်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ထိုအခိုက်တွင် အစိမ်းရောင်အရိပ်သည် ဝိညာဉ်သေ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ဖြစ်လေသည်။ ဟန်လိသည် သူ့ရင်ဘက်ရှိ ဒဏ်ရာကို တောင့်ခံထားလျက် ဝိညာဉ်သေကို ကြမ်းတမ်းစွာဖြင့် စိုက်ကြည့်နေသည်။ ထို့နောက်တွင်မူ ဝိညာဉ်သေသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ ၎င်း၏ မျက်လုံးတို့မှာ သွေးရောင်တောက်နေသည်။