← Chapters

သိမ်မွေ့စိတ်ဝိညာဉ်နတ်ဆိုးအသွင်ပြောင်းခြင်း

Vol. 31 Ch. 427

သိမ်မွေ့စိတ်ဝိညာဉ်နတ်ဆိုးအသွင်ပြောင်းခြင်း

Vol. 31 Ch. 427

ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ အပြာရောင်အဆောင်တစ်ခုကို အလျင်အမြန် ထုတ်ကာ သူ့ဒဏ်ရာပေါ်သို့ ခပ်ဖွဖွ တင်သည်။ အဖြူရောင်အလင်းလင်းလက်ကာ ချက်ခြင်း သွေးတိပ်သွားသည်။ သို့သော် သူက ဝိညာဉ်သေထံသို့ ခေါင်းပြန်လှည့်ကြည့်သည့်အခါတွင်မူ ဟန်လိသည် စကားတခွန်းမှ မဆို။ သူ၏ခန္ဓာကိုယ်ကို မိုးပြာအလင်းဖြင့် ခြုံလွှမ်းစသည်။ သူ၏ မြစိမ်းရောင်ဓားများက သူ့အား လှည့်ပတ်လျက်။

ဟန်လိသည် သည်နေရာကေန ထွက်သွားမည်ဆို သူ့အနေဖြင့် ထိုဓားများကို သူ့ခန္ဓာကိုယ် ပတ်လည်တွင် ကာကွယ်ထားဖို့ လိုပေမည်။ သို့မှသာ ထိုရှေးဟောင်းလူထူးခြား(ဝါ) အရိပ်၏ လှည့်ကွက်များကို ကာကွယ်နိုင်လိမ့်မည်။

အမှန်တိုင်းဆိုရပါမူ ကျင့်ကြံခြင်းလောက၌ သူ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ အခု ကြုံရသော ရန်သူသည် သူ့အဖို့ အရှိန်ရဆုံး ဖြစ်သည်။ သူ၏ တုန့်ပြန်မှုများကသာ မဆိုသလောက် နှေးကွေးသွားခဲ့ပါက သူ့နှလုံးတွင် ဆူးပေါက်ရာ ဖြစ်နေခဲ့လောက်ပြီ မဟုတ်လား။ သူ၏ စိတ်ဝိညာဉ်အာရုံသည် သာမန်ကျင့်ကြံသူများထက် ပိုအားကောင်းသည့် အတွက်ကြောင့်သာ မဟုတ်ပါက သူသည် ဝိညာဉ်သေ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် သေသွားလောက်မှာ သံသယ ဖြစ်နေစရာ မလိုချေ။

သွေးဝိညာဉ်ဆူးကား အမှန်တကယ် ကြမ်းလှပြီး မကောင်းဆိုးဝါး ဆန်လှသည်။ ၎င်းကို တားဆီးဖို့ငှာ ခက်သည်။ သို့သော် ခုချိန်တွင်မူ သွေးဝိညာဉ်ဆူး၏ ထပ်မံ တိုက်ခိုက်မှုများအပေါ် စိုးရိမ်နေရန် မလိုတော့ပေ။

သို့ရာတွင် ဟန်လိသည် သုန်မှုန်နေတုန်းပင်။

ပြင်ပပြန်လည်မွေးဖွားခြင်းပညာရပ် အရဆို သူသည် သူ့စိတ်ဝိညာဉ်အစိတ်အပိုင်းနှင့် ဝိညာဉ်သေ၏ ရုပ်ပိုင်းခန္ဓာကိုယ်တို့ကို တသားတည်း ဖြစ်အောင် သန့်စင်နိုင်ခဲ့ပြီး ဖြစ်သင့်သည်။ သို့သော် ထိုတစ္ဆေအိုကြီးသည် ဝိညာဉ်သေကို သူ မသိပါဘဲ မည်သို့များ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့သနည်း။

သူသည် နည်းနည်းလေးမျှပင် သတိမပြုမိခဲ့ပေ။ သူ့အသိစိတ်ကို ဝိညာဉ်သေထံမှ အလျင်အမြန် ပြန်ထုတ်နှုတ်ယူခဲ့သည့် သူ့ ဖြတ်ထိုးဉာဏ်ကြောင့်သာ မဟုတ်ပါက သူသည် ထိုအရိပ်မှာ သူ့ကိုပါ ဝါးမြိုပစ်နိုင်မည့် နည်းလမ်းတစ်ခုကို အသုံးပြုလာနိုင်လောက်သည်။ စိုးရိမ်စရာပင်။ ခုချိန်တွင် ဟန်လိသည် သူ့အဖို့ ဘေးဒုက္ခများမည့် အခြေအနေသို့ ရောက်နေပြီမှန်း သိသည်။

ရန်သူသည် ဝိညာဉ်သေကိုပါ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သည့်အပြင် အစိမ်းရောင်အရိပ်သည် သေဆုံးသွားခဲ့ပြီး မိစ္ဆာနတ်ဆိုးဝိညာဉ် သို့မဟုတ် ရှေးဦးဝိညာဉ်တစ်ယောက် ဖြစ်ဖို့များသည်။ ထိုအရိပ်သည် ဝိညာဉ်သေ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားနိုင်ခြင်းက ဆိုးဝါးလွန်းသည်တော့လည်း ဟုတ်မနေ။ ထိုအခွင့်အရေးကနေ ဟန်လိအဖို့ သူ့ကို ရှင်းထုတ်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုသို့ တွေးကာ ဟန်လိသည် သူ့လက်ကို လှုပ်ရှားသည် ကြေးခေါင်းလောင်းတစ်ခုသည် သူ့လက်ထဲတွင် ပေါ်လာသည်။ ၎င်းမှာ သူ သိမ်းထားတာ အချိန်အတော်ကြာပြီ ဖြစ်သော ဝိညာဉ်လမ်းညွှန်ခေါင်းလောင်းတည်း။

ထိုခေါင်းလောင်းတွင် ဝိညာဉ်သေ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သွေးအနှစ်သာရ ပါဝင်သည်။

ထိုအခိုက်တွင် ဝိညာဉ်သေသည် ခန္ဓာကိုယ် ဟိုဒီဆန့်ကာ လှုပ်ရှားသည်။ ထိုအရိပ်က ဝိညာဉ်သေ၏ ခန္ဓာကိုယ်နှင့် အသားကျအောင် လုပ်နေသည့်အလား။ ဟန်လိ၏ အပြုအမူကို မြင်သည့်အခါ သူက မသတီစရာကောင်းစွာ ရယ်မောသည်။

ဟန်လိ၏ အမူအရာမှာ နက်မှောင်သွားသည်။ သူက ဆက်၍ တွေဝေမနေတော့ဘဲ ခေါင်းလောင်းငယ်ကို လှုပ်ခတ်မြည်စေသည်။

ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်ခြင်းနှင့်အတူ ဝိညာဉ်သေ၏ နီရဲနေသော မျက်လုံးတို့က တဖြတ်ဖြတ် လင်းလက်သွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်တွင် တခြား ပြောင်းလဲသွားတာ ဘာမျှ မရှိပါ။ ဟန်လိသည် စိတ် ချောက်ခြားသွားမိပြီ။

“ ဒီမိစ္ဆာအမြုတေကိုယ်ပွားအပေါ်မှာ မင်းက ဘာလှည့်ကွက်တွေကိုပဲ သုံးသုံး၊ ကျုပ်က ဒီခန္ဓာကိုယ်ရဲ့ သခင် ဖြစ်လာပြီဆိုမှတော့ မင်းအနေနဲ့ ကျုပ်အပေါ်မှာ ပမွှားအတားအဆီးလေးတွေက အလုပ်ဖြစ်မယ်လို့ ထင်နေတာလား…”

ဝိညာဉ်သေသည် လှောင်ပြောင်သည့်လေသံဖြင့် တဖြည်းဖြည်း ပြောသည်။

“ခင်ဗျားက မိစ္ဆာအမြုတေကိုယ်ပွားကို သိတာလား…” ဟန်လိ၏ စိတ်ထဲ၌ အံ့အားသင့်ကာ ချောက်ခြားသွားမိသည်။

“ဟားဟား…မိစ္ဆာအမြုတေနဲ့ ပြင်ပပြန်လည်မွေးဖွားခြင်းပညာရပ်တွေဟာ ကျုပ်ရဲ့ သစ္စာဖောက်တပည့်နှစ်ယောက်ကို လက်လွှဲပေးခဲ့တဲ့ ဟာတွေပဲ။ ကျုပ်က ဒါတွေကို ဖြတ်မမြင်နိုင်ဘူးလို့ မင်း ထင်လား။ မင်းက ကျုပ်ရှေ့မှာ ဒီပညာရပ်တွေကို အသုံးပြုဖို့ သတ္တိသိပ်ရှိနေတာလား။ မင်းရဲ့ဆရာက ဒီကိုယ်ပွားကို သန့်စင်တဲ့အခါ ကျုပ်က အလွယ်တကူ ထိန်းချုပ်နိုင်တယ်လို့ သတိမပေးခဲ့ဘူးလား…”

ဝိညာဉ်သေသည် သူ့လည်ပင်းကို ဘယ်ညာတွန့်ကာ လက်နှစ်ဖက်ကို ဖြန့်ကား၍ မထူးခြားနားစွာ ပြောသည်။

ဟန်လိသည် အံ့အားသင့်သွားမိသည်။ သူ့မျက်နှာထက်တွင် ထူးခြားသောဟန်အမူအရာတစ်ခု ဖြစ်ပေါ်သည်။

“ဘာ ဆရာလဲ။ ကျုပ်က ဒီကိုယ်ပွားဖန်တီးခြင်းပညာရပ်ကို ကျောက်စိမ်းအဆောင်တစ်ခုစီကနေ ရခဲ့တာ။ ဒီကျောက်စိမ်းအဆောင်က ခင်ဗျားနဲ့ ပတ်သတ်မှု ရှိလား…”

ဟန်လိက ထိုသို့ မေးလေသည်။

“ကျောက်စိမ်းပြား ဟုတ်လား။ ကောင်လေး…မင်းက ငါ့ရဲ့ သစ္စာဖောက်တပည့်နှစ်ယောက်ရဲ့ တပည့်ဆိုတာကို ဝန်မခံရုံနဲ့ ကျုပ်က မင်းကို ခွင့်လွှတ်ပေးမယ်လို့ ထင်လား…။ ကျုပ် မင်းကို ဖမ်းပြီးရင် မင်းရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပစ်ပြီး ကျုပ် သိချင်တဲ့အရာအားလုံးကို သိအောင် လုပ်ရမယ်…”

ဝိညာဉ်သေသည် ဟန်လိ ပြောတာကို မယုံပေ။ သူက မထူးခြားနားဟန်ဖြင့် ပြောလာသည်။

ထိုသို့ ပြောကာ သူက အနီးအနားရှိ အရိုးစုပုံကို လေထဲသို့ မြောက်တက်စေသည်။ ၎င်းသည် လုံးဝ ပြီးပြည့်စုံသော အရိုးစုအဖြစ် ပြန်စုစည်းသွားကာ ၎င်းသည် ဝိညာဉ်သေထံ ပျံသန်းလာသည်။ ဟန်လိသည် ထိုသူ၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူက တဖက်ရန်သူ အလွယ်တကူ အောင်မြင်သွားမည်ကိုတော့ သည်အတိုင်း ခွင့်မပြုပေးနိုင်ပေ။

သူက သူ့လက်ချောင်းကို သုံးကြိမ်သုံးခါ တောက်ထုတ်သည်။ သူ့လက်ထံမှ မိုးပြာဓားအလင်းတန်းသုံးခုသည် ထိုးထွက်သွားသည်။ မိုးပြာအနှစ်သာရဓားအလင်းတန်းများသည် အရိုးစုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားချေသည်။

“မင်း လုပ်ဝံ့တယ်လား…” ဝိညာဉ်သေက ထိုသို့ ပြောသည်။ ထို့နောက်တွင် သူ့ပါးစပ်ကို ဟကာ သွေးအလင်းတန်းတစ်ခုကို ထွေးထုတ်သည်။

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ကာ သွေးအလင်းနှင့် မိုးပြာအလင်းတို့သည် ထိပ်တိုက်တွေ့ပြီး အလင်းများ ဖြာထွက်သည်။

ဟန်လိသည် မျက်မှောင်ကြုတ်ကာ အလေးအနက်အသွင်ဖြင့် ရှိနေသည်။ ခန္ဓာပိုင်စိုးခံရပြီးနောက်မှာ ဝိညာဉ်သေ၏ ကျင့်ကြံမှုသည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်က အကန့်အသတ် မဟုတ်လေတော့ပေ။ မည်မျှ ထူးခြားလိုက်သနည်း။

သို့သော် နောက်ထပ် အဖြစ်အပျက်က ဟန်လိကို ပို၍ပင် ပင့်သက်ရှိုက်အံ့အား သင့်သွားစေသည်။

အဖြူရောင်အရိုးစုသည် ဝိညာဉ်သေ၏ ရှေ့သို့ ပျံသန်းလာပြီးသည်နှင့် ၎င်းသည် ဝိညာဉ်သေ၏ ခန္ဓာကိုယ်နှင့် နည်းနည်းလေးမျှ အဟန့်အတား မဖြစ်စေဘဲ ပေါင်းစပ်သွားသည်။

ထို့နောက်တွင်မူ ဝိညာဉ်သေသည် ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်သည်။ သူ၏ ခန္ဓာကိုယ်မှ အတူညီသော အရောင်မျိုးစုံ ထုတ်လွှတ်လေသည်။ အစိမ်းရောင်မီးတောက်၊ အနက်ရောင်တစ္ဆေမြူများ၊ ဝိညာဉ်သေ၏ နတ်သွေးအလင်း။ ထိုအလင်းသုံးခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဝိညာဉ်သေ၏ ခန္ဓာကိုယ် တလျှောက် လှည့်ပတ်၍ သူ့အား အပြည့်အဝ ဖုံးအုပ်ထားသည်။

ဝိညာဉ်သေသည် အော်ဟစ်နေရင်း သူ့ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲမှုအသေးစားတစ်ခုကို ကြားရသည်။ သူ၏ ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် ကွေးညွှတ်လျက် သူ၏ ခြေတံလက်တံများနှင့် ခန္ဓာကိုယ်တို့သည် တဖြည်းဖြည်း ကြုံ့လာသည်။

ထိုနောက်တွင်မူ သူက မတ်မတ် ပြန်ဖြစ်သွားပြီး လူကောင်ကြီးကြီး အရွယ်အစားကနေ သာမန်လူတစ်ယောက်၏ အရွယ်သို့ ရောက်ရှိသည်။

သို့သော် ဟန်လိကို အတုန်လှုပ်စေတုန်းက ဝိညာဉ်သေ၏ မျက်နှာမှာ ပျိုမျစ်နုပျိုသော လူငယ်တစ်ယောက်၏ အသွင် ဖြစ်သွားခြင်းပင်။ သူ့မျက်လုံးထဲရှိ သွေးနီရောင်သည်ပင် များစွာ မှိန်ဖျော့သွားသည်။ ချက်ခြင်းပင် ဝိညာဉ်သေသည် လုံးဝ မတူညီသောလူတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီ။

ထိုအခိုက်အတန့်တွင် ဟန်လိသည် အကြောင်သား ဖြစ်နေမိသည်။ ယင်းနောက်မှာတော့ သူက ခါးသီးစွာ ပြုံးမိသည်။

ခဏငြိမ်သက်နေပြီးနောက်မှာ ဟန်လိသည် အံ့အားသင့်ဖွယ်ကောင်းသော မေးခွန်းတစ်ခုကို ထိုလူငယ်ထံ မေးလိုက်သည်။

“ဒါက ပိုင်စိုးမှုလား။ ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို ဖမ်းသီးသိမ်းပိုက်ပစ်တာလား…”

လူငယ်သည် ဆန်းကြယ်စွာ ပြုံး၍ ဟန်လိကို မျက်လုံးမှေးစင်းကာ ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ လေးနက်ဝိညာဉ်နတ်ဆိုးအသွင်ပြောင်းခြင်း ပညာရပ်ကို အတော်လေး လျှော့တွက်ထားတာပဲ။ ဒါက စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကသာ ဖော်ထုတ်အသုံးပြုနိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ။ ဒါကို ကျင့်ကြံမယ်ဆို ခန္ဓာကိုယ်ကို ဖမ်းဆီးသိမ်းပိုက်ဖို့ ဘာအတားအဆီးမှ မရှိတော့ဘူး။ သိမ်မွေ့လှတဲ့ စိတ်ဝိညာဉ်တွေကိုလည်း တခြားခန္ဓာကိုယ်တစ်ခုထဲ လူတစ်ယောက်ဟာ စိတ်ကြိုက် ပေါင်းထည့်နိုင်သေးတယ်။ အခု ငါ့ရဲ့ သိမ်မွေ့စိတ်ဝိညာဉ်ဟာ အရိုးအဖြစ် သိပ်သည်းထားတယ်။ ငါက မင်းကို သွေးစတေးခံ ဖြစ်စေမှာ။ ဒါမှသာ ဒီနတ်ဘိုးဘေးဟာ နောက်တဖန် မော်ကြွားလာနိုင်မှာ ဖြစ်တယ်…”

သူက သူ့လက်ကို ပင့်မြှောက်ကာ ရုတ်တရက် သူ့လက်ချောင်းများသည် အစိမ်းရင့်ရောင်လက်သည်းခွံများနှင့်အတူ လက်သည်းများအဖြစ် လက်မများစွာ ရှည်ထွက်လာသည်။

ဟန်လိ၏ အမူအရာသည် နက်မှောင်သွားသည်။ သူသည် ဆက်၍ တစက္ကန့်ပင် အချိန် မဖြုန်းတီးတော့ချေ။ သူ အစတည်းက ကိုင်ထားသော စိတ်ဝိညာဉ်သားရဲအိတ်ကို ပစ်လွှတ်ကာ သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာထောင်ချီကို စေလွှတ်သည်။ ခဏအကြာတွင် ရွှေနှင့်ငွေရောင် တောက်ပသော အင်းဆက်အုပ်ကြီးသည် သူ၏ ခေါင်းထက်တွင် လွင့်မြောနေသည်။

ထို့နောက်တွင် သူ့လက်နှစ်ဖက်ကို ဖြန့်ကား၍ ဝေ့ယမ်းလိုက်သည်။ အဖြူရောင်အလင်းများသည် သူ့ဘေးပတ်လည်တွင် အဆက်မပြတ် တောက်ပသွားပြီး ဟန်လိကို လူဝံရုပ်သေးအကောင်လေးဆယ်ကျော်က ဝန်းရံသည်။ ၎င်းရုပ်သေးတိုင်းက လူငယ်ထံ အေးစက်စွာ စိုက်ကြည့်နေသည်။ သို့သော် ဟန်လိက ထိုမျှနှင့် မရပ်သေးပေ။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ ဓားငယ်ကိုးလက်သည် မိုးပြာအလင်း တောက်ပလျက် သုံးမီတာမျှ ရှည်လျားသော မြစိမ်းရောင်ဓားကြီးအဖြစ်သို့ ပေါင်းစည်းသွားသည်။ ထိုဓားအလင်းတန်းက ရွှေရောင်စက်ဝန်းပြက်များဖြင့် တောက်ပနေလျက်။

ထိုသည်ကို မြင်သည့်အခါ လူငယ်၏ မျက်နှာအမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် အံ့အားလည်းသင့် အလေးအနက် စိုးရိမ်သည့်ဟန်လည်း ဖြစ်သွားသည်။

ထိုလူငယ်က ရုတ်တရက် ပြောလာသည်။

“ကောင်းကင်လျှပ်စီးဝါးကနေ သန့်စင်ထားတဲ့ ဓား၊ အင်းဆက်ထိန်းချုပ်ခြင်း ပညာရပ်နဲ့ ရုပ်သေးတွေ။ ကြည့်ရတာ မင်းက ကျိနစ်ယင်နဲ့ ကျိနစ်တောက်ပခြင်းတို့ရဲ့ တပည့် မဟုတ်တဲ့ ပုံပဲ။ ဒီလိုဆိုမှတော့ ကျုပ်တို့ စကားနဲ့ပဲ ပြောကြတာ ပိုကောင်းမယ်။ ဘယ်လိုလဲ…”

အပြည့်အဝ ခုခံတိုက်ခိုက်ရန် ပြင်ဆင်ပြီးသော ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မင်သက်သွားသည်။ ခဏ တိတ်ဆိတ်သွားပြီးနောက်မှာတော့ သူက အေးတိအေးစက်သာ ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားဟာ ကျုပ်ရဲ့ ဓားပျံတွေကို ခုခံနိုင်လား၊ မနိုင်လား စမ်းသပ်ကြည့်ချင်သေးတယ်…”

အနည်းငယ်မျှ တုံ့နှေးမနေတော့ဘဲ ဟန်လိက သူ၏ ဓားပျံကြီးထံသို့ လက်ညွှန်သည်။ ၎င်းဓားကြီးမှာ လူငယ်ထံသို့ အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ချက်ခြင်း တိုးဝင်သွားသည်။ ၎င်းပျံသန်းသွားစဉ် မိုးကြိုးသံများကိုပါ ကြားရလေ၏။

ထိုစကားကို ကြားသည့်အခါ လူငယ်၏မျက်နှာသည် မသိမသာ ပျက်ယွင်းသွားသည်။ သူသည် သူ့ရှေ့သို့ သူ့လက်သည်းများကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းသည်။ လခြမ်းကွေးအသွင် အနက်ရောင်အလင်းငါးခုသည် လေထဲကနေ ထွက်ပေါ်ကာ လျင်မြန်စွာ ဖြန့်ကားသည်။ ၎င်းသည် ဓားအလင်းတန်းထံသို့ လျင်မြန်စွာဖြင့် ခုတ်ပိုင်းလာသည်။

ထိပ်တိုက်တွေ့သည်နှင့် အစိမ်းရောင်ဓားအလင်းတန်းသည် ခပ်ဖျော့ဖျော့ ရွှေရောင်လျပ်စီးစက်ဝန်းပြက် လင်းလက်ဖြာထွက်ကာ အနက်ရောင်အလင်းလခြမ်းကွေးများကို လုံးဝ ချေဖျက်ပစ်သည်။ ၎င်းတို့သည် တစ်ချက်လေးမျှပင် တောင့်မခံနိုင်ပေ။

ထိုလူငယ်၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့စိတ်ကမူ အကြီးအကျယ် မင်သက်နေတော့သည်။ ကောင်းကင်လျှပ်စီးဝါး၏ စွမ်းအားက သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေ၏။

မျက်စိတမှိတ်အတွင်း အစိမ်းရောင်ဓားအလင်းတန်းသည် လူငယ်၏ရှေ့သို့ ကျရောက်လာသည်။ သို့ပေမည့် သူက တည်ငြိမ်စွာဖြင့် သူ့လက်ကို စုဝေး၍ သူ့ထံ တိုးဝင်လာနေသော ဓားကြီးကို မထူးခြားနားဟန်ဖြင့် ကြည့်နေသည်။ သူက တစုံတခုကို အင်္ကျီလက်အိုးဖြင့် ဖမ်းဆုပ်လိုက်သည့်အလား။

All Chapters