ရှောင်ချား
Vol. 31 Ch. 428
လူငယ်သည် သူ၏တစ္ဆေလက်သည်းကို ထပ်မံ ဝေ့ယမ်းသည်။ သို့သော် သည်တစ်ကြိမ်တွင်မူ အစိမ်းရောင်အလင်း ဖြာထွက်ကာ အစိမ်းရောင်အလင်းတန်းတစ်ခုက တိုးဝင်လာသော ဓားအလင်းတန်းထံ ဦးတည်ဝင်ရောက်သည်။ ချက်ခြင်းပင် မိုးကြိုးသံ အကျယ်ကြီး ဟိန်းထွက်သွား၏။
အနက်ရောင်နှင့် ရွှေရောင်လျှပ်စီးစက်ဝန်းပြက်များကား ပေါက်ကွဲထွက်၏။ လျှပ်လိမ်လျက် တဖြည်းဖြည်း လျှပ်စီးအဝန်းအဝိုင်းကြီးတစ်ခုကို ဖွဲ့စည်းသည်။ သည်တိုက်ခိုက်မှုအဟုန်ကြောင့် ခန်းမတစ်ခုလုံးသည်ပင် တုန်လှုပ်ဖွယ်ဖိအားဖြင့် တုန်ခါထွက်သွားသည်။ ရုတ်တရက် ဟန်လိ၏ မျက်လုံးက မှေးကျဉ်းသွားသည်။
“ကောင်းကင်လျှပ်စီးဝါး…” ရန်သူ၌လည်း ကောင်းကင်လျှပ်စီးဝါးထံမှ သန့်စင်ထားသော မှော်ရတနာတစ်ခု ပိုင်ဆိုင်ထားမှန်း ဟန်လိသည် အလန့်တကြား သိရှိလိုက်ရသည်။
ဖြစ်နိုင်သည်မှာ…။
ဟန်လိသည် တစံတခုကို တွေးမိပြီး လူငယ် ထုတ်လွှတ်လိုက်သော အစိမ်းရောင်အလင်းတန်းကို အာရုံစိုက်၍ စူးစမ်းကြည့်သည်။ လျှပ်စီးစက်ဝန်း၏ ဗဟိုချက်တွင် သူက တစ်ပေခန့်ရှည်သော မြားတစ်ခုနှင့် သူ၏ ဓားကြီးတို့ကား အသည်းအသန် တိုက်ခိုက်နေတာကို မြင်ရသည်။
၎င်းမြားထံမှ ထုတ်လွှတ်နေသော လျှပ်စီးမှာ သူ၏ ဓားမှ လျှပ်စီးနှင့် များစွာ ကွဲပြားနေခြင်း မရှိချေ။ ရွှေရောင်ဖြစ်ရမည့်အစား ၎င်းက မိစ္ဆာပညာရပ်တစ်ခုခုဖြင့် သန့်စင်ထားသည့်အတွက်ကြောင့် အနက်ရောင်ရောယှက်နေတာတစ်ခုသာ။
သို့ဆိုပေမည်လည်း အနက်ရောင်လျှပ်စီးသည် ရွှေရောင်လျှပ်စီးကို အသာစီး ရနေပုံ ပေါ်သည်။ ပို၍ အားကောင်းပုံ ရ၏။ ဟန်လိသည် သုန်မှုန်စွာ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရသည်။ သူ၏ မူလသံသယများက မှန်ကန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
သူသည် ထိုမြားက အရိုးစု၏ ဦးခေါင်းခွံထဲ ထိုးစိုက်နေသည်ကို မြင်ခဲ့တည်းက ရင်းနှီးသော အော်ရာတစ်ခုကို ခံစားမိခဲ့ရသည်။ ၎င်းအော်ရာမှာ သူ၏ ရွှေရောင်လျှပ်စီးဝါး၏ အော်ရာနှင့် အတော်လေးကို တူညီနေခဲ့သည်။ သို့သော် ၎င်းထံမှ အနက်ရောင် မိစ္ဆာချီ ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေသဖြင့် ဟန်လိသည် သံသယဝင်နေခဲ့တာ ဖြစ်သည်။
တကယ်တော့ သူ သိထားသည့်အတိုင်းဆို ရွှေလျှပ်စီးဝါးသည် ပြန့်ကြဲကြယ်ပင်လယ်များတွင် တကြိမ်သာ ပေါ်ခဲ့ဖူးသည်။ သို့ပေမည့် ပေါ်လာပြီး များမကြာမီမှာ ၎င်းသည် ပျောက်ကွယ်သွားခဲ့သည်။ သို့ဖြစ်၍ ထိုသူ၏ လက်ထဲသို့ ထိုရွှေရောင် ကောင်းကင်လျှပ်စီးဝါးသည် မည်သို့ ကျရောက်နိုင်ချေ ရှိနေပါ့မည်နည်း။ အကျိုးအကြောင်းမသင့်ဟု ဟန်လိသည် ထင်ခဲ့မိသည်။ သို့သော် ခုခါတွင်မူ ထိုမြားသည် ရွှေရောင်လျှပ်စီးဝါးကနေ သန့်စင်ထားရုံသာမ သည်တစ္ဆေအိုကြီး သန့်စင်ထားသော မှော်ရတနာတစ်ခုပါ ဖြစ်နေချေသေးသည်။ အံ့အားသင့်ဖွယ်ကောင်းလိုက်လေခြင်း။
ဟန်လိသည် လေ့လှောင်ပြုံး မပြုံးမိဘဲ မနေနိုင် ဖြစ်သွားရသည်။
သို့သော် သူက ရုတ်တရက် တစုံတခုကို ပြန်စဉ်းစားမိသွားသည်။ သူ အရိုးစုကို လေ့လာစူးစမ်းနေချိန်တုန်းကသာ ထိုတစ္ဆေအိုကြီးသည် မြားကို ထိန်းချုပ်၍ သူ့အား တိုက်ခိုက်ခဲ့လျှင် သူ ကျိန်းသေပေါက် သေနှင့်နေလောက်ပြီ။
စိတ်ထဲ၌ ထိုသို့ တွေးကာ ဟန်လိသည် ပို၍ လန့်သွားမိသည်။ သူ့ကျောတွင် ချွေးစေးများသည်ပင် ပြန်လာသည်။
သူ၏ ဝါးတိမ်အုပ်ဓားများက ထိုမြားကို အနိုင်မယူနိုင်တာ အံ့အားသင့်စရာ မရှိတော့ချေ။ သူ၏ ဓားများကို ပျိုးထောင်ခဲ့တာက သိပ်မကြာလှသေးပေ။ သူက ရွှေရောင်ကောင်းကင်လျှပ်စီးဝါး၏ ကနဦးစွမ်းရည်ကိုသာ တိုက်ခိုက်ရာ၌ အသုံးပြုနိုင်သေးသည်။ ရန်သူ၏ မှော်ရတနာထက် အဆင့်ကွာနေဆဲ ဖြစ်တာ သဘာဝပင်။ သူ၏ ဓားကိုးလက်ကိုသာ သည့်ထက် အချိန်ပိုကြာကြာ ပျိုးထောင်နိုင်ခဲ့လျှင်တော့ ရန်သူ၏ တခုတည်းသော မှော်ရတနာမှာ သူ့ဓားများကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ခုချိန်၌ သူက ရန်သူထံ၌ သူ့ဓားများ၏ နတ်ဆိုးဒုက္ခပေးခြင်းလျှပ်စီးကို ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခု ရှိနေမှန်းကိုပါ သိရှိလိုက်ရသည် ဖြစ်၍ ဟန်လိမှာ အင်ပြည့်အားပြည့် တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။ တကယ်တော့ သည်အစိမ်းရောင်အရိပ်သည် သူ၏ အစစ်အမှန်ကျင့်ကြံမှုကို အစတည်းက မပြသသေးပေ။ လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲပြီးနောက်မှာလည်း ထိုသို့သာ။
ထို့အပြင် သူ့ထံ၌ ဉာဏ်ရည်နှင့် ရင်းမြစ်များ ရှိနေခဲ့လျှင်ပင် သူ့ရန်သူ၏ မကောင်းဆိုးဝါးနှင့် နတ်ဆိုး မှော်ပညာရပ်များက ကျိန်းသေပေါက် သူ့ကို ဒုက္ခပေးနိုင်လိမ့်မည်သာ။ သူသည် ထိုမှော်ပညာရပ်များစွာကို ဟန့်တားနိုင်ပါ့မလားဟု မသေချာပေ။ သူ အစွန်းကုန် တိုက်ခိုက်လျက် သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာ တစ်သောင်းကို အသေအကြေ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့လျှင်ပင် အနိုင်ရနိုင်ဖို့မှာ မသေချာ မရေရာချေ။
အစောပိုင်းတုန်းက ရန်သူသည် စကားပြောမည်ဟု ကမ်းလှမ်းခဲ့ခြင်းမှာ ဟန်လိ၏ မှော်ရတနာနှင့် ထူးခြားသော ပညာရပ်များအပေါ် စိုးရိမ်နေ၍သာ ဖြစ်နိုင်လိမ့်မည်။ ထိုသို့ တွေးမိပြီး ဟန်လိသည် သူ့ဓားကြီးကို ပြန်ဆင့်ခေါ်သည်။ ပေါက်ကွဲသံနှင့်အတူ ဓားကြီးသည် မူလဓားငယ်ကိုးလက်အဖြစ်သို့ ပြန်ကွဲထွက်ကာ ဟန်လိထံသို့ တရှိန်ထိုး ပြန်ဦးတည်လာသည်။
လူငယ်က ဤသည်ကို မြင်သ်ည့အခါ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ ထို့နောက်တွင်မူ ခဏ တွေဝေနေပြီးနောက်မှာ သူက ဆက်၍ မတိုက်ခိုက်တော့ဘဲ သူ့မှော်ရတနာများကို ပြန်ဆင့်ခေါ်ဖို့ ဆုံးဖြတ်သည်။
ဟန်လိသည် သူ၏ ဓားများကို ပြန်ဆင့်ခေါ်ပြီးနောက်မှာ သူက မသေချာသည့်ဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျားက တကယ်ပဲ သခင်ကြီးကျိနစ်ယင်ဆိုတဲ့သူရဲ့ ဆရာလား။ ဒါဆို ခင်ဗျားရဲ့ အသက်ဟာ နှစ်ပေါင်းတစ်ထောင်ကျော်လောက် ရှိနေလောက်ပြီ…”
လူငယ်သည် ခေါင်းငုံ့ကာ သူ့ ပြန်ရုတ်သိမ်းထားသော လက်များကို ကြည့်ပြီး မထူးခြားနားဟန်ဖြင့် ပြောသည်။
“ကျုပ် သိမ်မွေ့စိတ်ဝိညာဉ်နတ်ဆိုးအသွင်ပြောင်းခြင်း ပညာရပ်ကို မကျင့်ကြံခင်တုန်းက ကျုပ်ရဲ့ အသက်ဟာ ခြောက်ရာကျော်ခဲ့ပြီ။ ကျုပ် ခန္ဓာကိုယ်ကို သိမ်မွေ့စိတ်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲပြီးနောက်မှာ နှစ်ပေါင်း ဘယ်လောက် ကုန်သွားပြီလဲဆိုတာ အတိအကျ မသိပေမယ့် နှစ်လေးရာထက်တော့ နည်းလိမ့်မှာ မဟုတ်ဘူး။ ကံကောင်းစွာနဲ့ ကျုပ်ရဲ့ စဦးစိတ်ဝိညာဉ် တစစီ ဖြစ်ပြီးနောက်မှာ ဒီသိမ်မွေ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ကျုပ် ကျင့်ကြံနိုင်ခဲ့တယ်။ ကျုပ်ရဲ့ အသွေးအသား ခန္ဓာကိုယ်တစ်ခုကို ဆက်တည်ရှိနေစေပြီး ကျုပ်က ကျင့်ကြံနေရင်း အချိန်ကြာလွန်းလို့ သေသွားမှာကိုပဲ ကြောက်ခဲ့စိုးရိမ်ခဲ့တာ…”
ဟန်လိသည် ငြိမ်သက်နေဆဲ။ ထိုသူ ပြောသည့်အတိုင်းသာ အမှန် ဖြစ်နေခဲ့လျှင် ထိုပုဂ္ဂိုလ်သည် နှစ်ပေါင်းတစ်ထောင်တစ္ဆေကြီးတစ်ကောင် ဖြစ်နေချေလိမ့်မည်။
ဟန်လိသည် ထိုသိမ်မွေ့စိတ်ဝိညာဉ်နတ်ဆိုးအသွင်ပြောင်းခြင်းပညာရပ်ကို စိတ်မဝင်စားဘဲ မနေနိုင် ဖြစ်ရသည်။ ၎င်းမှာ လူတစ်ယောက်၏ သက်တမ်း အကန့်အသတ်ကိုပါ ချိုးဖျက်နိုင်စေသည် မဟုတ်လား။ ဤသို့ဖြင့် ဟန်လိသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ခင်ဗျား ပြောတဲ့အတိုင်းဆို ကျုပ်က ခင်ဗျားကို စီနီယာတစ်ယောက်လို့ ခေါ်ဝေါ်သုံးစွဲပါ့မယ်…”
ထိုလူငယ်က သည်စကားကို ကြားသည့်အခါ ဟန်လိကို အေးတိအေးစက် ကြည့်သည်။ သူက ဟန်လိ၏ စကားများကို သဘောမကျနေပေ။ သူက နှာခေါင်းရှုံ့ကာ ပြော၏။
“စီနီယာဟုတ်လား…။ ကျင့်ကြံခြင်းလောကမှာ ချီးကျူးခံလိုက်၊ အဆဲခံလိုက်နဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ခန္ဓာကိုယ်မဲ့တဲ့ တစ္ဆေတစ်ကောင်အဖြစ်နဲ့ ဆက်ရှိနေပြီး ငါ့ရဲ့ သစ္စာဖောက်တပည့်နှစ်ယောက်ကို လက်စားချေဖို့အတွက် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ပြန်ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ မင်းရဲ့ ဇစ်မြစ်ကိုသာ ကောင်းကောင်း မရှင်းလင်းပြခဲ့ရင် ငါ့ရဲ့ မူလချီကို အထိခိုက်ခံပြီးတော့ကို မင်းကို ဒီနေရာကနေ အသက်ရှင်လျက် မထွက်သွားနိုင် ငါ လုပ်မိမှာ သေချာတယ်…”
သူ၏ စကားသံက တည်ငြိမ်သည်။ သို့သော် သူ့စကားလုံးများက လေးလံကာ အေးစိမ့်နေချေသည်။ ဟန်လိသည် ခါးသီးစွာ ပြုံးမိသည်။ သံသယတချို့ ဖြစ်ပေါ်မိပြီးနောက်မှာ သူက ပြောလိုက်သည်။
“စီနီယာမှာ မေးချင်းတာရှိရင် ဒီဂျူနီယာကို အားမနာတမ်း မေးနိုင်ပါတယ်။ စီနီယာအနေနဲ့ ကျုပ်အပေါ်မှာ ရှိနေသေးတဲ့ သံသယတချို့ကို ရှင်းလင်းသွားအောင် လုပ်နိုင်မလား…”
လူငယ်သည် ခဏတော့ မင်သက်သွားသေးသည်။ ထို့နောက်တွင်မူ သူက အားပါးတရ ရယ်မောသည်။
“ကောင်းတယ်…သိပ်ကောင်းတယ်။ ကျုပ် ဒီအခြေအနေတွေကို သဘောတူတယ်။ ဒါပေမဲ့ မင်း သိတာက များနေတော့ မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ကတော့ ခက်လိမ့်မယ်…”
လူငယ်သည် မောက်မာစွာဖြင့် ပြောသည်။
“ဟားဟား…စီနီယာက ဒါနဲ့ ပတ်သတ်ပြီးလို့တော့ စိတ်ပူဖို့ မလိုပါဘူး။ ကျုပ် ခန့်မှန်းတာသာ မမှားရင် စီနီယာရဲ့ ကျင့်ကြံမှုဟာ အများဆုံးမှ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ဖြစ်နိုင်တယ်။ ရိုးရိုးသားသား ပြောရရင်တော့ ကျုပ်လည်း စီနီယာကို ခုခံနိုင်၊ မနိုင်ကို သိချင်စိတ်တော့ ဖြစ်မိတယ်…”
ဟန်လိက ထိုသို့ ပြောရင်း လူငယ်၏ ဟန်ပန်ကို သေချာ လေ့လာကြည့်နေသည်။
လူငယ်သည် အေးတိအေးစက် ရယ်မောလိုက်လေသည်။ သို့သော် သူက နည်းနည်းလေးမျှ မူမမှန်တာကို မပြသပေ။ ဟန်လိသည် စိတ်ထဲကနေ ‘ပါးနပ်လိုက်သည့် မြေခွေးအိုကြီး’ ဟုသာ ကြိတ်ဆဲမိတော့သည်။
“အရည်မရ အဖတ်မရတွေ ပြောမနေတော့နဲ့။ မင်းက ကျောက်စိမ်းပြားတစ်ခုကနေ ကျုပ် ပြောတဲ့ ပညာရပ်တွေကို သင်ယူခဲ့ပြီး ကျုပ်ရဲ့ သစ္စာဖောက်တပည့်နှစ်ယောက်ဆီက မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲ့ကျောက်စိမ်းပြား ကျုပ်ကို ပေးပါ…”
လူငယ်၏ အသံသည် ကြမ်းရှ အေးစက်နေကာ လွှမ်းမိုးမှုအပြည့်ပင်။
ဟန်လိသည် မျက်မှောင်ကြုတ်သည်။ ချီတုံချတုံ ဖြစ်ပြီးနောက်မှာ သူ့သိုလှောင်အိတ်ကို ပုတ်သည်။ မီးခိုးရောင်ချီကို ထုတ်လွှတ်နေသော ကျောက်စိမ်းပြားတစ်ခုသည် လူငယ့်ထံသို့ ပျံသန်းသွားသည်။
လူငယ်သည် ၎င်းကျောက်စိမ်းပြားကို တိုက်ရိုက် မဖမ်းယူချေ။ ထိုအစား သူက သူ့လက်ကို ပင့်မြှောက်ကာ အနက်ရောင်ချီစပါးအုံးနက်ကို ဆင့်ခေါ်ပြီး ၎င်း၏ ပါးစပ်ဖြင့် ထိုကျောက်စိမ်းပြားကို ဖမ်းယူစေပြီးမှ သူ့ရှေ့ကို ယူလာစေသည်။
သူ၏လက်နှစ်ဖက်သည် လှုပ်ရှားသွားခြင်း မရှိလေဘဲ သူ့မျက်လုံးကတော့ သွေးနီရောင်လင်းလက်သွားသည်။ သူသည် ကျောက်စိမ်းပြားထံသို့ စိတ်ခံစားချက်မဲ့စွာဖြင့် ကြည့်ရှုသည်။
ခဏအကြာတွင် သူက သူ့အကြည့်ကို ပြန်ရုတ်ပြီး သူ့လက်ကို တောက်ထုတ်သည်။ ကျောက်စိမ်းပြားက ဟန်လိထံသို့ ဝှစ်ခနဲ ပြန်ရောက်လာသည်။ ထို့နောက်တွင်မူ သူက ဟန်လိကို ဖြည်းဖြည်းချင်း ပြောသည်။
“ ဒီကျောက်စိမ်းပြားကို ရခဲ့တဲ့ နေရာ ကျုပ်ကို ပြောပါ။ ဒီကျောက်စိမ်းပြားဟာ မင်းနဲ့ ကျုပ်ရဲ့ သစ္စာဖောက်တပည့်နှစ်ယောက်ကြားမှာ ပတ်သတ်မှု တချို့တလေ မရှိနိုင်ဘူးဆိုတာကို သက်သေပြဖို့ မလုံလောက်သေးဘူး…”
ဟန်လိသည် ခပ်ရေးရေးသာ ပြုံးသည်။ သူက ပြန်မဖြေပေ။ ထိုအစား သူ့မေးခွန်းကိုသာ မေးသည်။
“စီနီယာရဲ့ နတ်စွမ်းရည်တွေက ကြီးမားမှတော့ ဂုဏ်သတင်းကလည်း မြင့်မားမှာပါပဲ။ စီနီယာရဲ့ ကြီးမြတ်တဲ့ အမည် ကျုပ်ကို ပြောပြပေးနိုင်မလား…”
ဟန်လိက သူ့မေးခွန်းကို ရှောင်ပြီး မေးခွန်းပြန်မေးလာသည့်အခါ လူငယ်သည် စစချင်းတော့ ဒေါသထွက်သွားသေးသည်။ သို့သော် ခဏအကြာတွင် သူက တစုံတခုကို တွေးမိပြီး အေးတိအေးစက် ပြန်ဖြေသည်။
“အရင်တုန်းကတော့ မင်း ငါ့နာမည်ကို ကြားဖူးချင် ကြားဖူးမှာပါ။ ငါ့နာမည်က လေးနက်အရိုးသခင်ရှောင်ချား…”
“လေးနက်အရိုးသခင်…” ဟန်လိသည် ထိုအမည်ကို ပြန်စဉ်းစားကြည့်၍ မရနိုင် ဖြစ်နေသည်။
သို့ရာတွင် သူက ဤသည်ကို စိတ်ထဲ၌ ထားမနေဘဲ တည်ငြိမ်စွာ ပြောသည်။
“စီနီယာက ဒီကျောက်စိမ်းပြားဟာ ကျုပ်ရဲ့ နောက်ခံကို သက်သေပြဖို့ မလုံလောက်ဘူးလို့ ထင်နေတယ်ဆို ကျုပ်ရဲ့ ကျင့်ကြံမှုပညာရပ်ဆို လုံလောက်နိုင်မှာပါ။ စီနီယာ အနေနဲ့ ကျုပ်ရဲ့ ကျင့်ကြံမှုပညာရပ်ဟာ သူ လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ ပညာရပ်တွေနဲ့ လုံးဝ ကွဲပြားတာကို မြင်နိုင်လောက်မှာပါ။ ကျေးဇူးပြုပြီး တချက်လောက် ကြည့်ပေးပါ…”
ထိုသို့ပြောရင်း ဟန်လိသည် သူ၏ မိုးပြာအနှစ်သာရဓားပညာရပ်ကို အသက်သွင်းသည်။ သူ၏ ခန္ဓာကိုယ်မှ တောက်ပစူးရှသော မိုးပြာအလင်းများ ထုတ်လွှတ်လာသည်။
တအောင့်အကြာတွင် ဟန်လိသည် သူ့လက်ချောင်းများကို တောက်ထုတ်ကာ မိုးပြာအနှစ်သာရဓားအလင်းတန်းရှစ်ခုကို နံရံသို့ သွားရောက်ထိမှန်စေသည်။ ထိုအခါ၌ နံရံ၌ အပေါက်များ ဖြစ်သွားလေ၏။
“ဒီကျောက်စိမ်းပြားရဲ့ ဇစ်မြစ်ကတော့ အတော်လေး ရိုးရှင်းပါတယ်။ ဂျူနီယာဟာ မကောင်းဆိုးဝါးကျင့်ကြံသူတစ်ယောက်ကို ရှင်းလင်းခဲ့ပြီး ဒီဟာကို သူ့ခန္ဓာကိုယ်ပေါ်ကနေ မထင်မှတ်ဘဲ ရလာခဲ့တာပါ။ စီနီယာ ဒါကို မယံဘူးဆို ကျုပ်လည်း ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး။ ကျုပ်တို့ တိုက်ခိုက်ရုံပဲ ရှိတော့တာပေါ့…”
ဟန်လိသည် သူ့လက်နှစ်ဖက်ကို ပေါ့ပေါ့ပါးပါး ပုတ်၍ ထိုသို့ ပြောလိုက်တော့သည်။
ရှောင်ချားသည် ဟန်လိ၏ မိုးပြာအလင်းကို သုန်မှုန်စွာဖြင့် စိုက်ကြည့်နေသည်။ အတော်လေးကြာပြီးနောက်မှာ သူ့အမူအရာသည် ပြေလျော့သွားပြီး သူက ပြောသည်။
“မင်းရဲ့ ကျင့်ကြံမှုက ကျုပ်ရဲ့ လေးနက်ယင်ပညာရပ်တွေနဲ့ တကယ်ပဲ ကွဲပြားပါတယ်။ ပြီးတော့ ဒါက မိစ္ဆာတာအိုကျင့်ကြံခြင်းပညာရပ်တောင် မဟုတ်ဘူး။ ဒါပေမဲ့လို့ မင်းမှာက မိစ္ဆာအမြုတေကိုယ်ပွားတစ်ယောက် ပိုင်ဆိုင်ထားပြီး ဒီနေရာကိုပါ ရောက်လာခဲ့သေးတယ်။ ဒါ့ကြောင့် ဒီအဘိုးအိုက ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ အခု ဒီအဘိုးအိုမှာ မင်းအတွက် နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်။ ကျောက်စိမ်းပြားအပြင် မင်း အဲ့အလောင်းကနေ တခြား ဘယ်အရာတစ်ခုခုကိုများ ရခဲ့သေးလဲ…”
ဟန်လိ၏ အမူအရာသည် ထိုစကားကို ကြားသည့်အခါ တမျိုး ဖြစ်သွားသည်။ သူက သည်မျှ ကြာအောင် တဖက်သူ၏ ချိန်းခြောက်နေမှုသည် သည်နောက်ဆုံးအခိုက်အတန့်အတွက် ဖြစ်လိမ့်မည်ဟုလည်း သူ ဝိုးတဝါး ခံစားမိသည်။ ထိုအတွေးဖြင့် ဟန်လိက တဖက်သူ၏ အမေးကို ပြန်မဖြေပေ။ ထိုအစား သူက တည်ငြိမ်စွာသာ မေးလိုက်သည်။
“စီနီယာဟာ သိမ်မွေ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့လို့ ဒီနေရာမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တဲ့အတွက် ဒီသိမ်မွေ့စိတ်ဝိညာဉ်နတ်ဆိုးအသွင်ပြောင်းခြင်း ပညာရပ်မှာ အတားအဆီးတွေ၊ အားနည်းချက်တွေ အများကြီး ရှိနေမှာ သေချာတယ်။ ဥပမာ နေရောင်အောက်ကို သွားလို့ မရတာမျိုးပေါ့…”
“ဟက်…ကျုပ်က မင်းကို အမှန်တိုင်း ပြောပြမယ်လို့ ထင်နေတာလား…”
လူငယ်သည် ဒေါသမထွက်ဘဲ မနေနိုင် ဖြစ်ကာ ဟန်လိ၏ စကားကို ကြားဖြတ်ကာ ပြောလာသည်။
ဟန်လိသည် မထူးခြားနားဟန်ဖြင့် တည်ငြိမ်စွာသာ ပြောလိုက်သည်။
“မထင်ပါဘူး။ စီနီယာက ဂျူနီယာ မသိသင့်တဲ့ အရာတစ်ခုနဲ့ ပတ်သတ်ပြီး သူ့ကို သွားပြောလိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား…”
ရှောင်ချားသည် ထိုကဲ့သို့ ထေ့လှောင်သော စကားများကို ကြားသည့်အခါ သူသည် တုန်လှုပ်သွားပြီး သူ၏ ဒေါသထွက်နေသော အမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။