← Chapters

မြေပုံအပိုင်းအစကို ပြန်ဖော်ထုတ်ခြင်း

Vol. 31 Ch. 429

မြေပုံအပိုင်းအစကို ပြန်ဖော်ထုတ်ခြင်း

Vol. 31 Ch. 429

“မင်း မဖြေချင်ဘူးဆိုမှတော့…ဒီလိုဆိုရင်ရော…”

အရိုးသခင်သည် တခြားအကြောင်းအရာတစ်ခုကို ပြောင်းလဲသည်။ သို့သော် ထိုအချိန်တွင် ထိုမိစ္ဆာအိုကြီး၏ ခန္ဓာကိုယ်ထဲမှ ကြည်လင်ထင်ရှားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက ဟန်လိကိုပါ မင်သက်သွားစေ၏။ အရိုးသခင်သည် ထိုအသံကို ကြားသည့်အခါ သူလည်း မင်သက်သွားသည်။ သို့သော် သူသည် မယုံကြည်နိုင်ဟန်ဖြင့် ပျော်ရွှင်သည့်ဟန်ပန် ဖြစ်ပေါ်သွားသည်။

သူက ဟန်လိကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ သူ ဝမ်းဗိုက်ကိုသူ ထိုးနှက်လိုက်သည်။ ဆုတ်ပြဲသံတစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင်နံရိုးတစ်ခုသည် ထိုးထွက်လာပြီး သူ့ခန္ဓာကိုယ်ကို တပတ်ပတ်၍ ပျံသန်းပြီးနောက်မှ ၎င်းနံရိုးက သူ့လက်ဝါးထဲသို့ ကျရောက်သည်။

ကြည်လင်သောအသံများသည် ထိုနံရိုးထံမှ ထွက်ပေါ်နေတာပင်။ ဟန်လိသည် စဉ်းစားမရဟန် ဖြစ်ပေါ်သည်။

မိစ္ဆာအိုကြီးကမူ ထိုနံရိုးကို သူ့လက်ထဲတွင် ကိုင်ထားလျက် သူ၏အပြုံးက ပို၍ ပီပြင်လာသည်။

ခရက်။ မိစ္ဆာအိုက သူ့လက်ကို ဖြစ်ညှစ်လိုက်၏။ အရိုးသည် အမှုန့်ဖြစ်သွားလေသည်။ ထိုအရိုးမှုန့်များထံမှ အလင်းစက်ဝန်းတစ်ခု လွင့်ဝဲလာပြီး အနက်ရောင်နှံကောင်တစ်ကောင်အသွင် ဖြစ်ပေါ်သည်။ ၎င်းက အော်မြည်သံပြုကာ အလင်းစက်ဝန်းထဲကနေ ထွက်ခွာ၍ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

ရှောင်ချားသည် အားပါးတရ ရယ်မောကာ သူ့လက်ထဲရှိ ထိုအလင်းစက်ဝန်းကို ဖမ်းဆုပ်ကိုင်သည်။ ထိုအဖြူရောင်အလင်းသည် သိပ်မကြာခင် ပျောက်ကွယ်သွားကာ သက်တမ်းရင့်ရော်နေပြီး အဝါရောင်ရှိ အဝတ်စတစ်ခုအသွင် ပေါ်ထွက်သည်။

ဟန်လိက ထိုအဝတ်စကို မြင်သည့်အခါတွင် တုန်လှုပ်သွားလေသည်။

၎င်းကို သူ ရင်းနှီးသည်။ ၎င်းအဝတ်စမှာ သူ မိစ္ဆာနက်ကျောင်းတော်သခင်ထံမှ ရခဲ့သော မြေပုံအပိုင်းအစတစ်ခုနှင့် အတော်လေးကို ဆင်တူသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပတ်သတ်မှုတချို့ ရှိတာ ဖြစ်နိုင်လား။

ဟန်လိသည် စိတ်မတည်မငြိမ် ဖြစ်သွားမိသည်။ သူသည် ထိုမြေပုံအပိုင်းအစ၏ နောက်ကွယ်မှ ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ဖို့ သဲလွန်စတစ်ခုတော့ ရှိလာနိုင်ပြီဟု သိလိုက်သည်။ သူက ရှောင်ချား၏ အပြုအမူတိုင်းကို သေချာ စောင့်မကြည့်ဘဲ မနေနိုင် ဖြစ်ရလေ၏။

ကံဆိုးသည်မှာ ထိုအဝတ်စကို ခပ်မြန်မြန် တချက်သာ ကြည့်ပြီးနောက်မှာ သူက ၎င်းကို သူ့ဝတ်ရုံထဲ အလျင်အမြန် ထည့်သိမ်းလိုက်ခြင်းပင်။ ထို့နောက်တွင်မူ သူက ဟန်လိကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“မင်းက ကျုပ်ရဲ့ သစ္စာဖောက်တပည့်နှစ်ယောက်နဲ့ အဆက်အသွယ် မရှိတော့ ကျုပ် မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး။ ကျုပ် အရေးတကြီး လုပ်စရာ တစ်ခု ရှိတယ်။ ဒါ့ကြောင့် ကျုပ်တို့ လမ်းခွဲကြတာပေါ့။ ကျုပ် မထွက်သွားခင်တော့ မင်းကို အကြံကောင်းတစ်ခု ပေးလိုက်အုံးမယ်။ မင်း ဒီမှာ ကြာကြာနေနေအုံးမယ်ဆို ကျုပ်ရဲ့ မကောင်းတဲ့ တပည့်က သတိပြုမိသွားနိုင်ပြီး ဒီနေရာကို အလောတကြီး လာနေလောက်ပြီ ဆိုတာပဲ…”

ထိုသို့ပြောပြီးနောက်မှာတော့ ရှောင်ချားသည် ဟန်လိ တုန့်ပြန်တာကို အရေးစိုက်မနေတော့ဘဲ သွေးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ ဟန်လိကို ကျော်ကာ ထွက်ပေါက်ထံ ဦးတည်ထွက်သွားတော့သည်။

ဟန်လိသည် စစချင်းတော့ မင်သက်သွားသေးသည်။ သို့သော် တအောင့်အကြာတွင်မူ သူက မျက်မှောင်ကြုတ်သည်။ သူ့ခန္ဓာကိုယ်မှာ မိုးပြာအလင်း ခြုံလွှမ်းသွားပြီး ခန်းမကို တပတ်ပတ်သည်။ ယင်းနောက် သူ့အဖော်များ၏ သိုလှောင်အိတ်များနှင့် မှော်ရတနာများကို ယူဆောင်ကာ သူတို့၏ အလောင်းများကို ပြာဖြစ်စေပြီး သည်နေရာကနေ အလျင်အမြန် ထွက်သွားတော့သည်။ ကြည့်ရတာ ထိုမိစ္ဆာအိုကြီးသည် ထိုအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို စိတ်ဝင်စားမှု မရှိပုံ ရသည်။ သူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကို အထင်သေး၍လည်း၊ သို့တည်းမဟုတ် သူ့ကိစ္စကပင် အရေးကြီးလွန်းနေ၍လားတော့ မသိသော်လည်း ဤသည်မှာ ဟန်လိအတွက်တော့ အတော်လေး အဆင်ပြေသွားသည်။

သို့သော်လည်း သူသည် ဟိုအဝတ်စအကြောင်းကိုတော့ မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။ ထို့အပြင် သူသည် ရှောင်ချာင်းက ဝင်ပေါက်တွင် ထောင်ချောက်တစ်ခု ချထားနိုင်ကာ ဒုက္ခများသွားမည်ကိုလည်း စိုးရိမ်၍ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

သို့ပေမည့် ဟန်လိသည် ရှောင်ချားက သူ့ကိုယ်ပွားဖြစ်သော ဝိညာဉ်သေကို ထိန်းချုပ်ခဲ့သည့်အကြောင်း တွေးမိသည့်အခါ သူ့စိတ်ထဲ နာကျင်တောက်လောင်စွာ ခံစားမိရလေသည်။ သို့ရာတွင် ရှောင်ချား၏ တိုက်ပွဲခွန်အားအရ သူ၏ အောင်မြင်နိုင်ချေမှာ မမြင့်မား၍ သူသည် အကူအညီမဲ့စွာသာ ခံစားမိတော့သည်။ ထိုအတွေးဖြင့် ဟန်လိသည် မြေအောက်ဂူထဲကနေ အပေါ်မျက်နှာပြင်သို့ ပျံသန်းတက်လာခဲ့သည်။

ဟိုမိစ္ဆာအိုကြီးရှောင်ချားကမူ သဲလွန်စမရှိ ပျောက်ကွယ်သွားတာ ကြာနေခဲ့ပေပြီ။ ဟန်လိမှာ ထိုသူ၏ လှုပ်ရှားမှုပညာရပ်အပေါ် ရှိန်မိသွားရသည်။ သို့သော် ဟန်လိသည် သူ့ဘေးပတ်လည်မှာ အေးဆေးဖြစ်သည့်အခါတွင် သည်နေရာကို လာခဲ့သော လူအများထဲ၌ သူတစ်ယောက်သာ ပြန်ထွက်လာနိုင်ခဲ့သည့်အကြောင်းကို စဉ်းစားမိသွားသည်။ သူသည် စိတ်ထဲ၌ အေးစက်ကာ ထီးတည်းဖြစ်သွားခြင်းကို ခံစားမိသည်။

သို့သော် ထိုကဲ့သို့ အဆိုးဘက်မှ ခံစားချက်များ ပေါ်လာသည့်အခါ သူ့စိတ်ထဲကနေ ၎င်းအတွေးများကို မောင်းထုတ်ပစ်သည်။ တကယ်တော့ ကျင့်ကြံခြင်းလမ်းကြောင်းမှာ ရှည်လျားခက်ခဲလှသည် မဟုတ်လား။ အခု စိတ်မကောင်းဖြစ်နေရမည့် အချိန် ဟုတ်မနေပေ။

သူသည် သည်နေရာတွင် ကြာကြာ မနေဝံ့ပေ။ သူက ချက်ခြင်းပင် သည်ကျွန်းပေါ်ကနေ ပျံသန်းထွက်လာပြီုး သူ၏ သိုလှောင်အိတ်ထံ လက်ဆန့်ထုတ်သည်။ တအောင့်အကြာတွင်မူ သူ့လက်ထဲ၌ အဝတ်ပိုင်းစတစ်ခု ပေါ်လာသည်။ သူက ၎င်းကို ကြည့်နေရင်း သူ့စိတ်ထဲ တမျိုး ခံစားမိသည်။

သူက ၎င်းအဝတ်စသည် ရှောင်ချား၏ အဝတ်စနှင့် ပတ်သတ်ခြင်း ရှိ၊မရှိကို စူးစမ်းနေရန် မလိုတော့ပေ။ ဟန်လိသည် ၎င်းအဝတ်စ၌ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို မသိသော်လည်း ၎င်းက မိစ္ဆာအိုကြီးရှောင်ချားကဲ့သို့ ဉာဏ်များလှသူကိုပင် ထိန်းချုပ်မှု လွယ်ကင်းသွားစေခဲ့ပေသည်။

ထိုအတွေးဖြင့် ဟန်လိသည် အဝတ်စကို မစူးစမ်းကြည့်ဘဲ မနေနိုင် ဖြစ်ရခြင်းပင်။

မူလတုန်းက မထင်မရှား မြေပုံသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပေမည့် ထိုမြေပုံနေရာတွင် ရွှေရောင် ဓားငယ်အလင်းကွက်ပုံစံတစ်ခုက အစားထိုးနေသည်။ ဟန်လိသည် ၎င်းကို မည်သို့ပင် ကြည့်ပါစေ အနှီဓားငယ်က အနောက်မြောက်အရပ်သို့ ဦးတည်ညွှန်ပြနေလေ၏။ ဓားထိပ်မှ အနီရောင်အလင်းတန်းတစ်ခုသည် အဝတ်စအစွန်းတွင် ဦးတည်ထားပြီး ဝိုးတဝါးမြင်ကွင်းတစ်ခုကို ထုတ်ဖော်လို့နေသည်။

ဟန်လိသည် မျက်မှောင်ကြုတ်သည်။ သူသည် ထိုပစ္စည်း၏ ရည်ရွယ်ချက်တိတိပပကို မသိသော်လည်း ၎င်းမှာ ရိုးရှင်းသော မြေပုံတချပ်သာ ဖြစ်သည်ဟု နားလည်ခဲ့လျှင် သူသည် ငတုံးငအတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ထိုအဝတ်စသည် ကိုင်ဆိုင်ထားသူကို ဓားငယ် ညွှန်ပြသော နေရာတခုခုသို့ သွားရောက်ပါက အခွင့်အရေးတစ်ခုနှင့် ကြုံရနိုင်သည်ဟု ဖော်ပြထားတာ သိသာသည်။ ထိုမြေပုံ(ဝါ)အဝတ်စကို ဆုပ်ကိုင်လျက် ဟန်လိသည် စဉ်းစားခန်းဝင်နေလေ၏။

ရှောင်ချားသည် အလျင်လိုနေပုံ အရ သည်မြေပုံနှင့် ပတ်သတ်ပြီး အချိန်မှာ အရေးကြီး၍သာဖြစ်ချေလိမ့်မည်။ ထို့အပြင် သူ၏ ပျော်ရွှင်သွားသော ဟန်ပန်အရ ထိုနေရာသို့ သွားလျှင် ရနိုင်သော ဆုလဒ်မှာ သေချာပေါက် မြင့်မားမှာ သိသာသည်။

ဟန်လိသည် ထိုသို့ စဉ်းစားမိသည်နှင့် သူက ချက်ခြင်းပင် မြေပုံပေါ်ရှိ ဓားညွှန်ပြထားသည့် ဦးတည်ရာအတိုင်း ပျံသန်းလာတော့သည်။ သူသာ အလျင်မလိုပါက ဆုလဒ်ကို တခြားသူများ ရသွားနိုင်သည်။

စဉ်းစားပြီး အချိန်အတော်ကြာ တွေဝေနေပြီးနောက်မှာ နောက်ဆုံး၌ သူသည် ထိုဦးတည်ရာအတိုင်းသို့ သွားရန် ဆုံးဖြတ်ခဲ့ပေသည်။ သူက မျက်စိတမှိတ်အတွင်း သည်လူသူကင်းမဲ့သော ကျွန်းကို ချန်ရစ်ထားခဲ့လေ၏။

ဆယ့်ငါးမီနစ်လောက်ကြာပြီးနောက်မှာ သည်ကျွန်းထံ အနက်ရောင်မြူထုတစ်ခုသည် အလျင်အမြန် ချဉ်းကပ်လာသည်။ လှိုဏ်ဂူဝင်ပေါက်သို့ တပတ်ပတ်ပြီးနောက်မှာ ထိုမြူသည် သက်လတ်ပိုင်းအရွယ်၊ ပိန်ပိန်ပါးပါးနှင့်လူတစ်ယောက်၏ ဟန်ပန်ပေါ်လာသည်။ ထိုသူသည် သွေးတစ်စက်မျှ မရှိလေသည့်နှယ် ဖြူရော်လှသည်။ သူက အဖျက်အစီးခံရသော အတားအဆီးများနှင့် အစီအရင်မန္တာန်များ၊ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း တိုင်လုံးတို့ကို ဘေးသို့ ရွှေ့ထားခံရတာတို့ကို မြင်သည့်အခါ ချက်ခြင်းပင် မြေအောက်ထဲသို့ မျက်မှောင်ကြုတ်လျက် ဝင်လာခဲ့သည်။

ခဏအကြာတွင် ထိုလှိုဏ်ဂူအောက်ဘက်မှ ဒေါသတကြီး မကျေမနပ်အော်သံတစ်သံကို ကြားရပြီး ၎င်းအသံကြောင့် အနီးအနားရှိ ကုန်းမြေသည်ပင် တုန်ခါထွက်သွားသည်။ ထို့နောက်တွင်မူ သက်လတ်ပိုင်းလူသည် ဂူထဲမှ ပျံသန်းထွက်လာပြီး ကောင်းကင်ထက်သို့ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ဦးတည်ထွက်လာသည်။

သူသည် ဘေးပတ်ပတ်လည်သို့ ကြည့်နေပြီး အနက်ရောင်အလင်းတန်းဆယ်ခုကျော်ကို ထုတ်လွှတ်သည်။ ထိုအလင်းတန်းများသည် အနက်ရောင်ငှက်ကြီးများအဖြစ်သို့ ပြောင်းလဲကာ အနီးဝန်းကျင် ကီလိုမီတာငါးဆယ်အထိ ရှာဖွေသည်။

သို့သော် ထိုငှက်များသည် မည်သည့်အရာကိုမျှ မတွေ့သည့်အခါ သက်လတ်ပိုင်းလူ၏ အမူအရာမှာ မျက်နှာအပျက်ပျက် ဖြစ်လာသည်။ သူက ကောင်းကင်ထက်သို့ ခေါင်းမော့လျက် အချိန်အတန်ကြာသည့်အထိ မည်သည့်လှုပ်ရှားမှုမျှ ထပ်မလုပ်တော့ပေ။

အချိန်မည်မျှ ကြာသွားမှန်း မသိရပြီးနောက်မှာတော့ သူက အေးစက်စွာ ရယ်မောလိုက်သည်။

“မွန်းစတားအိုကြီး…ခင်ဗျားက ထွက်ပြေးနိုင်စွမ်း ရှိတော့ကော ဘာဖြစ်သေးသလဲ။ ခင်ဗျားဟာ အရင်တုန်းကလိုမျိုး သိမ်မွေ့အရိုးမိစ္ဆာဘိုးဘေး မဟုတ်တော့ဘူး။ ကျုပ်ကလည်း ခင်ဗျားရဲ့ အမြုတေဖွဲ့စည်းခြင်း တပည့်လေး မဟုတ်တော့ဘူး။ ကျုပ်က ကောင်းကင်လေဟာနယ်ခန်းမကိစ္စတွေကို အပြီးသပ်ပြီးတာနဲ့ ခင်ဗျားကို ပြန့်ကြဲကြယ်ပင်လယ်များကနေ ထာဝရ မောင်းထုတ်ပစ်မယ်…”

ထို့နောက်တွင်မူ သူသည် ဆက်၍ တွေဝေမနေတော့ဘဲ ကောင်းကင်ထက်သို့ ပျံဝဲတက်ကာ အနက်ရောင်တိမ်ထုကြီးအဖြစ်သို့ ပြန်ပြောင်းလဲကာ ထွက်ခွာသွားသည်။

ယင်းနောက်တွင်မူ ထိုအနက်ရောင်မြူထုထဲမှ အနက်ရောင်အလင်းတန်းတစ်ခုသည် ထိုးထွက်သွားကာ အောက်ဘက်ရှိ လှိုဏ်ဂူဝင်ပေါက်ကို ပျက်စီးသွားစေသည်။ ထို့နောက်တွင် ထိုအနက်ရောင်မြူထုသည် အကွာအဝေးတစ်ခုရှိ ကောင်းကင်ထံသို့ ပျံသန်းသွားလေသည်။

ဟန်လိကတော့ ထိုဖြစ်အင်ကို မသိနေမှာ သဘာဝပင်။ သူက မြေပုံဦးတည်ချက်အတိုင်း ပျံသန်းနေလျက် ရှိသည်။ အရိုးသခင်ရှောင်ချားက ကြားဖြတ်လာမှာကို စိုးရိမ်၍ သူသည် အလွန်သတိထားပြီး အလစ်အငိုက် တိုက်ခိုက်မှုကို စစ်ဆေးနိုင်ဖို့ သူ့စိတ်ဝိညာဉ်အာရုံတခုလုံးကို မကြာခဏ စေလွှတ်သည်။

လေးငါးရက်လောက် ကုန်ဆုံးပြီး မည်သည့်အရာကိုမျှ မတွေ့မှ ဟန်လိသည် များစွာ စိတ်အေးနိုင်တော့သည်။

သို့သော် တနေ့ ဟန်လိသည် အလျင်စလို ခရီးဆက်လာစဉ် သူက သူ၏ရှေ့ဘက်မှ ပဍိပက္ခဖြစ်သံကို ရုတ်တရက် ကြားရသည်။ အလင်းများ တလက်လက်တဖြတ်ဖြတ်၊ ပေါက်ကွဲသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေပုံအရ ထိုနေရာတွင် ကျင့်ကြံသူများ တိုက်နေခိုက်နေကြတာ ဖြစ်ဖို့များသည်။

ဟန်လိသည် မျက်မှောင်ကြုတ်ကာ သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ အကွာအဝေးတစ်ခုထံသို့ သေချာလှမ်းကြည့်သည်။ ခုလက်ရှိတွင် ပန်းထိုးထားသော ဝတ်စုံများဖြင့် ကျင့်ကြံသူများကို အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် တိုက်ခိုက်နေကြသည်။ ထိုဝတ်စုံဖြင့် ကျင့်ကြံသူများကို မကောင်းဆိုးဝါးချီတစ်ခုက ခြုံလွှမ်းထားသည်။

သို့ရာတွင် သူတို့၏ ခွန်အားက နိမ့်ကျပေသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်သာ ဖြစ်သည်။ ကြည့်ရတာ အမျိုးသားနှင့် အမျိုးသမီးတို့မှာ အခြေအနေ သိပ်မကောင်းပုံ ရသည်။

ဟန်လိသည် နှာခေါင်းပွတ်လိုက်မိသည်။ သူသည် သူတို့သည် ချိန်းခြောက်မှု မရျိနိုင်တော့ သိသည်နှင့် ဖြတ်ကျော်သွားမည်ဟု ကြိုပြင်ဆင်သည်။ သူတို့တိုက်ခိုက်နေကြတာသည် သူ့ကိစ္စမဟုတ်ပေ။ သူ၌ အရေးတကြီး လုပ်ဆောင်ရမည့် အရာ ရှိနေသည် မဟုတ်လား။

ထိုအတွေးဖြင့် ဟန်လိသည် သူ၏အမြန်နှုန်းကို တိုးစေပြီး အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဖြတ်ခနဲ ထိုသူတို့ရှေ့တွင် ပေါ်လာသည်။ တိုက်ခိုက်နေကြသူများသည် ကြီးစွာ တုန်လှုပ်မင်သက်လျက် သူတို့ဩ မှော်ရတနာများကို ချက်ခြင်း ပြန်ရုတ်သိမ်းကုန်သဉ်။

ဟန်လိက သူတို့ကို ဖြတ်ကျော်သွားချိန်တါင်မူ ခဏ ရပ်ပြီး ဝေ့ကြည့်သည်။

“အယ်…” ထိုစုံတွဲကျင့်ကြံသူအတွဲထံမှ အမျိုးသမီးကျင့်ကြံသူသည် ဟန်လိကို သိသွားသည့်ပုံပင်။ သူမက အားရဝမ်းသာ လှမ်းအော်သည်။

“အစ်ကိုဟန်…ကျမဟာ ညာတမန်တော်ရဲ့ အဓိကတပည့်တစ်ယောက်ပါ။ ဒီကျင့်ကြံသူသုံးယောက်ကတော့ ကျမတို့ဂိုဏ်းရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အဆိပ်နဂါးအစုအဝေးက သူတွေပါပဲ…”

All Chapters