ဝမ်စစ်ယွဲ့
Vol. 31 Ch. 430
သူမ၏ အော်သံကြောင့် ဟန်လိမှာ မင်သက်သွားရပြီး ထိုအမျိုးသမီးထံသို့ လှမ်းကြည့်မိသည်။
“မင်းက ပြင်းပြတေးသံဂိုဏ်းရဲ့ တပည့်တစ်ယောက်လား…”
ဟန်လိသည် တည်ငြိမ်သော ဟန်ပန်ဖြင့် မေးသည်။
ထိုအမျိုးသမီးငယ်သည် အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိလိမ့်မည်။ သူမ၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သည်။ ဟန်လိကို တွေ့၍ အံ့ဩဝမ်းသာ ဖြစ်သွားသော သူမ၏ ဟန်အမူအရာမှာ အလွန်ချိုမြိန်သည့်ဟန် ပေါ်နေသည်။
“တပည့်ဝမ်စစ်ယွဲ့က အကြီးအကဲဟန်ကို လေးစားသမှု ပေးပါတယ်…”
ထိုချစ်ဖွယ်ကောင်းသော အမျိုးသမီးငယ်မှာ ဟန်လိဘေးသို့ ခပ်သွက်သွက် ပျံသန်းလာပြီး သူ့ကို တလေးတစား ဦးညွှတ်သည်။
ဟန်လိက သူမကို တည်ငြိမ်စွာ သေချာကြည့်၍ ဖြည်းဖြည်းချင်း မေးလိုက်သည်။
“မင်းက ကျုပ်ကို ဘယ်လို သိတာလဲ။ အရင်က ကျုပ်ကို မြင်ဖူးလို့လား…”
ဟန်လိသည် အနည်းငယ် စဉ်းစားမရ ဖြစ်သွားသည်။ သူသည် သူမကို မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်တာ သေချာပါသည်။
“ဂျူနီယာက စီနီယာကို ခုမှ လေးစားမှု ပြနိုင်တာ ဆိုပေမယ့် ဂိုဏ်းခေါင်းဆောင်က စီနီယာရဲ့ ပုံတူတွေကို ဂိုဏ်းခန်းမမှာ လေးငါးခုလောက် ချိတ်ဆွဲထားပါတယ်။ ဒါ့ကြောင့် ကျမက စီနီယာ့ကို သိနေတာပါ…”
သူမက တလေးတစား ပြောသည်။
ဟန်လိလည်း မင်သက်သွားမိသည်။ သူသည် ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်သွားသည်။ သူက ပြင်းပြတေးသံဂိုဏ်းမှ ဟိုအမျိုးသမီးသုံးယောက်သည် ထိုကဲ့သို့ အရာမျိုးကို အမှန်တကယ် လုပ်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူက နည်းနည်းတော့ မကျေမနပ် ဖြစ်သွားသော်လည်း သူ့မျက်နှာထက်တွင်မူ မည်သည့်မူမမှန်မှုကိုမျှ မပြပေ။ သူ့အကြည့်က ဘေးရှိ သက်လတ်ပိုင်းလူထံသို့ ကျရောက်သွားပြီး မသိမသာ ပြုံး၍ ပြောသည်။
“အစ်ကိုဝမ်…ကျုပ်တို့ မတွေ့တာ နှစ်တွေ ကြာလှပြီ။ ခင်ဗျား နေကောင်းတဲ့ ပုံပါပဲ…”
ထိုသက်လတ်ပိုင်းလူသည် ဟန်လိကို မြင်တည်းက သူ့မျက်နှာက တမျိုး ဖြစ်နေခဲ့သည်။ အခု သူ၏ အမူအရာမှာ ပို၍ ရှုပ်ထွေးသွားသည်။ သူက ဟန်လိကို ကြည့်သည့်အခါတွင် လေးစားမှုကော၊ သူ့ကိုယ်သူ သိမ်ငယ်မှုကောကိုပါ တပြိုင်နက်တည်း ခံစားမိရသည်။
“စီနီယာဟန်က ကျုပ်ကို သိနေအုံးလိမ့်မယ်လို့ တကယ်ပဲ မမျှော်လင့်ထားခဲ့မိဘူး။ ခင်ဗျားရဲ့ ပုံတူကို ပြင်းပြတေးသံဂိုဏ်းမှာ ကျုပ် မြင်ဖူးခဲ့ပေမယ့် မယုံကြည်ဝံ့ ဖြစ်နေခဲ့မိတာ။ စီနီယာရဲ့ အမြုတေဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ဂုဏ်ပြုပါတယ်…”
သူက အနည်းငယ် ခါးသီးဟန်ဖြင့် ပြောသည်။
သက်လတ်ပိုင်းလူသည် မာကြောကြယ်ကျွန်း၌ တွေ့ခဲ့ဖူးသော လူငယ်ဝမ်ချောင် အမှန်တကယ် ဖြစ်နေချေသည်။ သူ၏ ရုပ်သွင်မှာ လူငယ်တစ်ယောက်ကဲ့သို့ ယူဆနိုင်သေးသော်လည်း သူ့ဆံပင်များက ခုဆို အဖြူရောင်သမ်းနေလေပြီ။ သူ့မျက်နှာထက်တွင်လည်း အသက်ကြီးရင့်ပုံ ပေါ်နေပြီ။
“အစ်ကိုဝမ်က ကျုပ်ကို စီနီယာလို့ ခေါ်ဖို့ မလိုပါဘူး။ တကယ်တော့ ကျုပ်တို့က မျိုးဆက်တူလို့ သတ်မှတ်နိုင်တာပဲ မဟုတ်လား…”
ဟန်လိက ပြုံး၍ ပြောသည်။
ဟန်လိသည် ဝမ်ချောင်မှာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေပြီး အမြုတေဖွဲ့စည်းဖို့ မျှော်လင့်ချက် မရှိတာကို မြင်သည်။
အမှန်တော့ ဝမ်စစ်ယွဲ့ကသာ သူ့ကို လှမ်းမခေါ်ခဲ့လျှင် သူသည်လည်း ရပ်တန့်မိမည်သာ။ သူ၏ ထူးကဲလှသော မှတ်ဉာဏ်ကြောင့် ဟန်လိသည် ဝမ်ချောင်ကို သူနှင့် အရင်က အကြိမ်များစွာ မဆုံဖူးသော်လည်း တချက်ကြည့်ရုံဖြင့် မှတ်မိသည်။ ထိုသူ့အပေါ် ဟန်လိက အမြင်ကောင်း ရှိခဲ့သည် ဖြစ်၍ ဖြတ်သွားဖြတ်လာ လာကြုံသည့်အခါ ထိုသူ သေမည့်အဖြစ်ကို ဘေးကနေ ရပ်ကြည့်နေမည် မဟုတ်ပေ။
ဟန်လိ၏ စကားကို ကြားသည့်အခါ ဝမ်ချောင်က သူ ထိုသို့ မပြုလုပ်ဝံ့ကြောင်း ဖော်ပြသည်။
အမျိုးသမီးငယ်ကမူ သူတို့နှစ်ယောက် ထိုသို့ စကားပြောနေတာ ကြားသည့်အခါ သူမ၏ ပါးစပ်မှာ မသိမသာ ဟနေမိသည်။ သူမက အံ့အားသင့်မိနေတာပင်။ သူမက တခုခုကို မေးချင်နေသည်။ သို့သော် ရန်သူသုံးယောက်ထံ ဟန်လိက အေးစက်စက် ပြောလာခဲ့သည်။
“မင်းတို့ သုံးယောက် ဘယ်သွားမလို့ တွေးထားတာလဲ။ ကျုပ်က မင်းတို့ကို ထွက်သွားလို့ ပြောလိုက်လို့များလား…”
ရန်သူသုံးယောက်သည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ရောက်လာတာကို မြင်သည့်အခါ အသည်းအသန် ထိတ်လန့်သွားသည်။ သို့သော် ဟန်လိသည် သူတို့ကို စိတ်ထဲ မထားဘဲ ပျော်ရွှင်စွာဖြင့် စကားစမြည် ပြောနေတာ မြင်သည့်အခါတွင်မူ ဖြည်းဖြည်းချင်း နောက်ဆုတ်လျက် သူတို့၏ ကံတရားကို စမ်းသပ်ကြည့်မိသည်။
သို့သော် ဟန်လိထံမှ စကားသံကို ကြားရသည့်အခါ သူတို့သုံးယောက်သည် သေလောက်အောင် ဖြူရော်သွားကြသည်။ အပြန်အလှန် တချက်လောက် ကြည့်ကြပြီး သူတို့သည် သူတို့၏ အကာအကွယ်မှော်ပစ္စည်းများကို ထုတ်ဖော်ကာ အသည်းအသန် ထွက်ပြေးကြတော့သည်။
“ဟက်…မင်းတို့က သေချင်နေတာပဲ…” ဟန်လိက အေးတိအေးစက် နှာခေါင်းရှုံ့၏။ သူ့လက်ချောင်းကို တောက်ထုတ်လိက်သည်။ မိုးပြာအလင်းတန်းသုံးခုသည် ထိုသုံးယောက်၏ နောက်တွင် ချက်ခြင်း ပေါ်ထွက်လာသည်။
ထိုဓားအလင်းတို့ကြောင့် သူတို့၏ အရံအတားများ ချက်ခြင်း ပျက်စီးကုန်သည်။ ထိုသုံးယောက်၏ အလန့်တကြား အော်ဟစ်ခြင်းနှင့်အတူ သူတို့၏ မှော်ပစ္စည်းများသည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။
အမျိုးသမီးငယ်နှင့် ဝမ်ချောင်တို့သည် ဟန်လိက ထိုအဆိပ်နဂါးအဖွဲ့အစည်းမှ ကျင့်ကြံသူသုံးယောက်ကို ရှင်းထုတ်ပစ်တာအား စောင့်ကြည့်နေပြီးနောက်မှာ သူတို့သည် ဟန်လိထံသို့ ပိုလေးစားစွာ မကြည့်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။
ဟန်လိသည် စိတ်ထဲကနေ ခေါင်းညိတ်မိသည်။ မိုးပြာအနှစ်သာရဓားအလင်းတန်းသုံးခုသည် ထူးခြားလှဟန် မပေါ်သော်ငြားလည်း အမှန်တကယ်တွင်မူ သိသာလှသော စိတ်ဝိညာဉ်စွမ်းအား ပါဝင်ချေသည်။ မည်သို့ပင်ဖြစ်စေ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူသုံးယောက်ကို တချက်တည်းနှင့် သတ်ပစ်နိုင်ခဲ့သည့်အပေါ် ဟန်လိမှာ ကျေနပ်မိသည်။ ကြည့်ရတာ မိုးပြာအနှစ်သာရ ဓားအလင်းတန်းများသည်လည်း သူ၏ ကျင့်ကြံမှုနှင့်အတူ စွမ်းအားအရာတွင် တိုးတက်လာကြပုံပင်။
ဟန်လိသည် တစုံတခုကို တွေးမိသွားဟန်ဖြင့် မေးသည်။
“အယ်…နေပါအုံး။ ခင်ဗျားတို့နှစ်ယောက်လုံးက ဝမ် မျိုးရိုးတွေဆိုတော့…ဆိုလိုတာက…”
ဝမ်ချောင်သည် ဟန်လိ၏ စကားကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် ရှက်သွားဟန် ပေါ်သည်။ သူက ပြန်ဖြေသည်။
“စီနီယာကတော့ နောက်ပြီ။ စစ်ယွဲ့က ကျနော်ရဲ့ သမီးပါ…”
ဟန်လိသည် မင်သက်သွားသည်။ သို့သော် ခဏအကြာတွင် သူက အားပါးတရ ရယ်မောကာ ပြောသည်။
“ဒီလိုဆိုမှတော့ ကျုပ်က အစ်ကိုဝမ်ကို ဂုဏ်ပြုရမှာပေါ့။ စစ်ယွဲ့က ခုလောက် အသက်အရွယ်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေတာပဲ။ သူမက တနေ့မှာ အမြုတေဖွဲ့စည်းနိုင်တာလည်း ဖြစ်နိုင်သေးတယ်…”
ထိုစကားကို ကြားသည့်အခါ ဝမ်ချောင်သည် ဂုဏ်ယူဟန်ဖြင့် ရယ်ကာမောကာ ပြောသည်။
“စီနီယာဟန်ကို ကျုပ် မဖုံးကွယ်ထားပါဘူး။ စစ်ယွဲ့က တကယ်ပဲ ဂုဏ်ယူစရာပါ။ သူမဟာ အသက်နှစ်ဆယ်ကျော်လေးနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ကျုပ်က သူမအပေါ် မျှော်လင့်ချက် မြင့်မြင့် ထားမိပါတယ်။ ကျုပ်ကတော့ ရှေ့ဆက် မတိုးတက်နိုင်တော့ပေမယ့် သူမဟာ ကျုပ် သေသွားခဲ့ရင်တောင် ခရီးအဝေးထိ ဆက်သွားနိုင်ဖို့ပဲ မျှော်လင့်ရပါတယ်…”
ထို့နောက်တွင်မူ ဝမ်ချောင်သည် အမျိုးသမီးငယ်ကို ကြင်နာယုယဟန်ဖြင့် ကြည့်သည်။
ဟန်လိလည်း သူမကို ပြုံး၍ ကြည့်ကာ မသိမသာ ခေါင်းညိတ်ပြသည်။ ထိုဝမ်စစ်ယွဲ့သည် သိသာစွာ ကောင်းမွန်သော ပါရမီပါသူပင်။ ယင်းနောက်တွင်မူ ဝမ်ချောင်နှင့် ဟန်လိတို့သည် တစ်ယောက်နှင့်တစ်ယောက် အတွေ့အကြုံများကို ပြောကြဆိုကြသည်။
သူတို့သည် နက်နဲသော မိတ်ဆွေအဖြစ် မရှိခဲ့ကြသော်လည်း အသိဟောင်းတစ်ယောက်နှင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ ပြန်ဆုံရခြင်းသည် ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်လား။
ဟန်လိ မာကြောကြယ်ကျွန်းကနေ ထွက်လာပြီး သိပ်မကြာခင်တွင် ဝမ်ချောင်၏ ဆရာဖြစ်သူမှာ ကျင့်ကြံနေရင်း သက်တမ်း ကုန်ဆုံးခဲ့ရသည်။ ယင်းနောက်မှာ ဝမ်ချောင်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နိုင်ခဲ့ပြီး ကျွန်းများစွာထံ သွားရောက်ကာ အတွေ့အကြုံများ ရှာဖွေသည်။ အချိန်တခု ကြာပြီးနောက်မှာ သူသည် ပြင်းပြတေးသံဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး ထိုဂိုဏ်း၏ ပြင်ပကိစ္စများကို ကိုင်တွယ်ရသော တပည့်များထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။
သူက ပြင်းပြတေးသံဂိုဏ်း၏ အရေးမကြီးလှသော တာဝန်မျိုးစုံကို ကိုင်တွယ်ခဲ့ရသည်။ သို့သော် သူ့သမီး စစ်ယွဲ့မွေးဖွားလာပြီး မကြာခင်မှာ သူ့ဇနီးဖြစ်သူသည် ထူးဆန်းသော ရောဂါတစ်ခုကြောင့် သေဆုံးခဲ့သည်။ သူ့ဇနီးအပေါ် နက်ရှိုင်းသောချစ်ခင်မှုကြောင့် သူသည် နောက်ထပ် လက်မထပ်တော့ရန် ဆုံးဖြတ်ပြီး သူကိုယ်တိုင် ဝမ်စစ်ယွဲ့ကို ပျိုးထောင်ပေးခဲ့သည်။ သူမသည်လည်း ပြင်းပြတေးသံဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့တာကတော့ သဘာဝပင်။
ထိုဇာတ်ကြောင်းကို ကြားရပြီးနောက်မှာ ဟန်လိသည် စိတ်ထဲကနေ သက်ပြင်းချမိကာ ခါးသီးစွာ ရယ်မောမိသည်။ နှိုင်းယှဉ်ရပါက သူ၏ကိုယ်ပိုင်အတွေ့အကြုံများမှာ အတော်လေး ရိုးရှင်းပေသည်။ ကျင့်ကြံခြင်းကလွဲ၍ သူ၌ ထွေထွေထူးထူး ပြောစရာ အကြောင်းဟူ၍ ဘာမျှ ရှိမနေခဲ့ပေ။
သို့ပေမည့် အဆုံးသပ်တွင်မူ ဟန်လိသည် ထိုသားအဖကို အခုကဲ့သို့ လူသူကင်းမဲ့သော နေရာတွင် မည်သည့်အတွက်ကြောင့် တိုက်ခိုက်နေရသနည်းဟု မေးလာသည်။ ထိုအခါ ဝမ်ချောင်သည် ဒေါသထွက်ဟန် တုန့်ပြန်၍ သူ့သမီးကမူ ဝမ်းနည်းဟန်ဖြင့် တုန့်ပြန်သည်။ သည့်အတွက်ကြောင့် ဟန်လိမှာ စဉ်းစားမရ ဖြစ်မိသည်။
ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ဝမ်ချောင်သည် ဖြည်းဖြည်းချင်း ရှင်းပြလာသည်။
ဝမ်စစ်ယွဲ့သည် အရွယ်ရောက်လာသည့်အခါတွင် သူမသည် အလားအလာကောင်းသော လူငယ်ကျင့်ကြံသူတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ ကံဆိုးသည်မှာ သူမတို့ လက်ထပ်ပြီး သိပ်မကြာခင်မှာ ထိုကျင့်ကြံသူလူငယ်သည် တခြားကျင့်ကြံသူများနှင့် တိုက်ခိုက်ရင်း သေဆုံးခဲ့ရသည်။ ထိုအခါ လူလွတ်ပြန်ဖြစ်သွားသော စွဲဆောင်မှုရှိလှသည့် ဝမ်စစ်ယွဲ့သည် ဂိုဏ်းထဲရှိ အမျိုးသားကျင့်ကြံသူများ မျက်စိကျတာကို ခံရလေသည်။ သို့သော် ဝမ်စစ်ယွဲ့က မုဆိုးမအဖြစ်သာ ဆက်နေထိုင်ပြီး ခပ်မြန်မြန် ပြန်လက်ထပ်ချင်စိတ် ရှိမနေပေ။ သို့ဖြစ်၍ သူမက ကျင့်ကြံမှုလက်တွဲဖော်အဖြစ် တောင်းဆိုမှုများကို ငြင်းဆန်ခဲ့သည်။ ရလဒ်အနေဖြင့် သူမသည် ပြင်းပြတေးသံဂိုဏ်း၏ အဆင့်အတန်းမြင့်သူတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားခဲ့ပြီး အန္တရာယ်များသော တာဝန်များ ပေးအပ်တာ ခံရတော့သည်။ သူမက အဆိပ်နဂါးအဖွဲ့အစည်း ပိုင်နက်ထဲမှာ အဖိုးတန်သတ္တုအမယ်တစ်ခုကို ယူဆောင်ရမည်ဟု တာဝန်ပေးအပ်ခံခဲ့ရသည်။
သူ့သမီးက ထိုကဲ့သို့ အန္တရာယ်များလှသော အခြေအနေတစ်ခုအောက်သို့ ရောက်သည့်အခါ ဝမ်ချောင်သည် ဘေးမှ အကြောင်သား ထိုင်မနေနိုင်တော့ပေ။ သူ့သမီးနှင့်အတူ ခရီးအတူ ထွက်လာခဲ့သည်။ သို့သော် သူတို့၏ လျှို့ဝှက်တာဝန်ကို အဆိပ်နဂါးအဖွဲ့အစည်းက မည်သို့မည်ပုံ သိသွားခဲ့လည်း မသိရချေ။ သူမတို့ သားအဖမှာ ထိုအဖွဲ့အစည်းမှ ကျင့်ကြံသူ သုံးယောက်၏ လိုက်လံခြင်းကို ခံရကာ အသက်ရှင်ဖို့ အသည်းအသန် တိုက်ခိုက်နေခဲ့ရသည်။
ဟန်လိသာ သူတို့ကို ဖြတ်ကျော်မလာမိခဲ့လျှင် သူတို့အဖို့ ဆိုးဝါးစွာ အဆုံးသပ်တစ်ခုနှင့် ကြုံရမှာ သေချာသလောက် ရှိခဲ့ပေသည်။ ဝမ်ချောင်၏ ခံပြင်းသော စကားများကို ကြားရပြီးသည့်အခါ ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ အချိန်အတော်ကြာသည့်အထိ ငြိမ်သက်စွာ ဆက်ရှိနေခဲ့သည်။ ဝမ်ချောင်၏ စကားအသွားအလာအရ သူသည် ဟန်လိကို သူတို့ကိုယ်စား တရားမျှတမှု ပြန်ရှာဖွေပေးစေချင်ပုံ ရနေသည်။
သို့ရာတွင် ဤသည်မှာ တဖက်သက် ဇာတ်လမ်းတပုဒ်သာ။ သူသည် သူတို့ကြား နက်ရှိုင်းသော ပတ်သတ်မှု မရှိလေဘဲ ပြင်းပြတေးသံဂိုဏ်း၏ အတွင်းရေးကိစ္စများတွင် အဆင်အခြင်မဲ့စွာ ပါဝင်ချင်စိတ် ရှိမနေခဲ့ပေ။