ကောင်းကင်လေဟာနယ်ခန်းမ
Vol. 31 Ch. 431
တကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ ဟန်လိသည် မျှော်လင့်စောင့်စားနေသော ဝမ်ချောင်ကို ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။
“အစ်ကိုဝမ်ကလည်း ပြင်းပြတေးသံဂိုဏ်းဝင် ဖြစ်နေမှတော့ ကျုပ်ဟာ အမည်ခံသပ်သပ်ပဲ ဆိုတာကိုတော့ သိမှာပါ။ ကျုပ်ဟာ ဂိုဏ်းရဲ့ အတွင်းရေးကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ လုံးဝ မပါဝင်ခဲ့ဖူးဘူး။ ဒါပေမဲ့လို့ အစ်ကိုဝမ်တို့ ပြောတဲ့ ကိစ္စကို ကျုပ် အနေနဲ့ နတ်သမီးခရမ်းဝိညာဉ်နဲ့ နောက်ထပ် တွေ့ဖြစ်တဲ့အခါကျရင် သူမကို ပြောပြလိုက်ပါ့မယ်။ ဒါပေမဲ့လို့ သူမက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်ပေးဘူးဆိုရင်တော့ ကျုပ်လည်း လုပ်ပေးနိုင်ဖို့ မသေချာပါဘူး…”
ဟန်လိသည် သူကိုယ်တိုင် ထိုကိစ္စကို မဖြေရှင်းပေးချင်တာ မြင်သည့်အခါ ဝမ်ချောင်သည် နည်းနည်းတော့ စိတ်ပျက်မိသွားသည်။
သူသည် သူနှင့် ဟန်လိတို့ကြား ပတ်သတ်မှုက နက်ရှိုင်းခြင်း မရှိတာကိုလည်း သိပေသည်။ သူနှင့် သူ့သမီးကို ကယ်တင်ပေးခဲ့ခြင်းသည်ပင် သူတို့၏ အရင်တုန်းက သိခဲ့ဖူးသည့်အပေါ် ပြန်ကြည့်ပေးတာဟု ယူဆနိုင်နေပြီ။ သူသည် မည်သို့မျှ ထပ်အထွန့်မတက်တော့ဘဲ ကျေးဇူးတင်စကားကိုသာ အခါခါ ပြောလေသည်။ ဝမ်စစ်ယွဲ့က ဟန်လိကို လေးစားသမှု ပြရန် ဂါဝရပြမည့်ဟန် ပြင်သည်။ သို့သော် ဟန်လိက ပြုံး၍ ငြင်းသည်။
သို့ပေမည့် ဟန်လိသည် အနည်းငယ် စဉ်းစားမရဟန်ဖြင့် မေးလာသည်။
“စစ်ယွဲ့ဟာ ညာတမန်တော်ရဲ့ တပည့် မဟုတ်ဘူးလား။ နင်က ဘာကြောင့်များ သူမကို ဒီကိစ္စ မပြောခဲ့တာလဲ…”
ဝမ်စစ်ယဲ့သည် ပို၍ ဝမ်းနည်းသွား ပုံပေါ်ပြီး ညင်သာစွာ ရှင်းပြသည်။
“စီနီယာဟန်က ဒါကို မသိတာနေမယ်။ ဒီတာဝန်ဟာ ကျမဆရာနဲ့ ဆွေမျိုးတော်တဲ့သူ တစ်ယောက်က ချမှတ်ပေးခဲ့တာ။ ဆရာက ကျမတို့ကို တာအိုလက်တွဲဖော် ဖြစ်စေချင်တယ်လေ။ ဒါပေမဲ့ ကျမက ငြင်းဆန်ခဲ့တဲ့အတွက် သူမကို အတော်လေး ဒေါသထွက်သွားစေခဲ့တယ်…”
ထိုအမျိုးသမီးငယ်က အကူအညီမဲ့ဟန်ဖြင့် ဤသို့ ပြောသည်။ သူမ၏ သနားစဖွယ်အလှတရားမှာ ထင်းပေါ်နေသည်။ ဟန်လိသည် ခဏတော့ ငေးကြည့်မိသွား၏။ ယင်းနောက် သူ့ကိုယ်သူ ပြန်ထိန်းကာ သူ့အကြည့်ကို ဝမ်ချောင်ဘက်သို့ လှည့်၍ သူက ပြောလိုက်သည်။
“ကျုပ် ဒီကို ဖြတ်လာတာ အရေးကြီး ကိစ္စတစ်ခု ရှိလို့ပဲ။ ကျုပ် ခင်ဗျားတို့နဲ့အတူ ခရီးထပ်ဆက်နိုင်တော့မှာ မဟုတ်ဘူး။ ကျုပ် ထွက်သွားတော့မယ်…”
ဟန်လိသည် သူတို့နှစ်ယောက်ကို လက်နှစ်ဖပ်ဆုပ်ကာ နှုတ်ဆက်သည်။ ထိုသားအဖသည် ဟန်လိကို နေပေးဖို့ တောင်းဆိုရန် မသင့်လှသဖြင့် အကူအညီပေးခဲ့မှုအတွက် ကျေးဇူးတင်စကားများကိုသာ ခပ်မြန်မြန် ပြောလိုက်သည်။ ထို့နောက်တွင် ဟန်လိသည် ခပ်ရေးရေး ပြုံး၍ မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ကို ဖြတ်သန်း ထွက်လာတော့သည်။
သားအဖနှစ်ယောက်ကမူ မိုးပြာအလင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်နေမိကြသည်။ အချိန်အတော်ကြာပြီးနောက်မှာ ဝမ်စစ်ယွဲ့က ဒေါသလည်းထွက်နေဟန် ရသော ချစ်စဖွယ်လေသံဖြင့် ပြောလာသည်။
“အဖေ…ကျမတို့ဂိုဏ်းရဲ့ အကြီးအကဲဟန်က အဖေရဲ့ အသိဟောင်းလို့ ကျမကို တခါမျှလည်း မပြောပြခဲ့ဘူး။ အဖေတို့ စကားပြောနေခဲ့ပုံအရဆို အဖေဟာ သူ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို မရောက်ခင်မှာ သူနဲ့ ဆုံခဲ့ဖူးတယ်မလား။ အဖေ…သမီးကို ဒီအကြောင်း ပြပြနိုင်မလား။ အကြီးအကဲဟန်ဟာ ကျမတို့အတွက်တော့ တကယ်ပဲ ဆန်းကြယ်လွန်းတယ်လေ…”
Near the end, her angry voice had turned to one of strong curiosity.
သူမ၏ စကားအဆုံးသပ်ခါနီးတွင် ဒေါသသံပါသော လေသံမှာ သိချင်စိတ် ဖြစ်ပေါ်နေသော လေသံအဖြစ်သို့ ပြောင်းသွားသည်။
ဝမ်ချောင်သည် သက်ပြင်းချ၍ နှစ်လိုစွာ ပြောသည်။
“အဖေနဲ့ စီနီယာဟန်တို့က အကြိမ်အနည်းငယ်ပဲ ဆုံဖူးပါတယ်။ အဖေတို့က နက်ရှိုင်းတဲ့ ပတ်သတ်မှုမျိုး မရှိခဲ့ဘူး။ ဒါ့အပြင် အဖေတို့ သူနဲ့ ဆုံခဲ့တဲ့ အချိန်တုန်းက အဖေတို့ရဲ့ ကျင့်ကြံမှုဟာ နိမ့်သေးတယ်။ ရုတ်တရက် ဂိုဏ်းခန်းမမှာ သူ့ပုံတူကို မြင်ခဲ့တုန်းကဆို အဖေ တကယ်ပဲ တုန်လှုပ်ခဲ့မိတယ်။ နောက်လေးငါးရက်လောက်အထိကို စိတ်ဂနာမငြိမ်ပါ ဖြစ်ခဲ့တယ်။ ဒီလူဟာ တကယ်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့ပြီး ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့တာပဲ။ ဒါက တကယ်ပဲ လက်သင့်မခံနိုင်တဲ့ ကိစ္စတစ်ခုပဲ…”
ထိုသို့ ပြောပြီးနောက်မှာ သူက စကားပြောနေတာကို ရပ်၍ အချိန်ခဏ စိတ်နှင့်ကိုယ်မကပ်သည့်ဟန် ဖြစ်သွားသည်။ ဝမ်စစ်ယွဲ့က သူမ၏အဖေဖြစ်သူမှာ တစုံတစ်ခုကို တွေးနေတာ မြင်သည့်အခါ ဘေးတွင်သာ ငြိမ်သက်တိတ်ဆိတ်စွာ စောင့်နေတော့သည်။ ယင်းနောက်မှာတော့ သူမတို့ သားအဖသည် ကောင်းကင်ထက်သို့ ဖြတ်၍ အေးအေးဆေးဆေး ပျံသန်းလာကြတော့သည်။
……
ဗလာကင်းမဲ့နေသော ပင်လယ်အနီးဝန်းကျင်သည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာခဲ့သည်။ ရက်အနည်းငယ်ကြာတိုင်း ကျင့်ကြံသူများသည် ထိုနေရာ၏ အမြင့်ထက်မှ အလျင်စလို ဖြတ်သန်းသွားလာနေကြသည်။ သူတို့သည် ကျေနပ်အံ့အားသင့်သော ဟန်အမူအရာများ ရှိနေသည်။ ထိုနေရာတွင် ကောင်းကင်ယံ၌ လွင့်မြောနေသော နန်းတော်ကြီးတစ်ခုသည် နည်းနည်းလေးမျှ လှုပ်ရှားမှု မရှိလေဘဲ တည်ရှိနေလေသည်။ ထိုနန်းတော်သည် မီတာလေးရာလောက်ထိ မြင့်မားကာ အဖြူရောင်ကျောက်စိမ်းများဖြင့် ထွင်းထုထားသော နန်းတော်ကြီးပင်။ ၎င်းသည် အလွန်လှ၏။ အလင်းများ တလက်လက် ဖြာထွက်နေသည်။
၎င်းကို သိပ်သည်းလှသော ရွှေရောင်အလင်းလွှာတစ်ခုက ခြုံလွှမ်းထားသေးသည်။ အနှီအလင်းလွှာမှာ မီတာလေးထောင်လောက်ထိ အမြင့်ရှိသည်။
ကျင့်ကြံသူများသည် ထိုနန်းတော်ထံ ခရီးနှင်လျက် အရံအတားကို အလွယ်တကူပင် ဖြတ်ကျော်လာကြသည်။
တနေ့တွင် မိုးပြာအလင်းတန်းတစ်ခုသည် ထိုနန်းတော်၏ အောက်ဘက်သို့ ရောက်လာခဲ့ကာ ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအလင်းတန်း လွင့်ပြယ်သွားချိန်တွင်မူ သာမန်ရုပ်သွင်နှင့် လူငယ်တစ်ယောက်၏ ဟန်ပန် ပေါ်လာသည်။ ထိုလူငယ်မှာ မြေပုံ ဦးတည်ချက်အတိုင်း လာခဲ့သော ဟန်လိပင်။
ဟန်လိသည် တိမ်ထုများကြားတွင် တည်ရှိနေသောာ ခမ်းနားလှသည့် ကျောက်စိမ်းနန်းတော်ကြီးကို မော့ကြည့်ကာ အံ့အားတသင့် ပင့်သက်ရှိုက်မိရသည်။
သူသည် တုန်လှုပ်နေရာကနေ အချိန်အတော်ကြာမှ ပြန်သတိဝင်လာ၏။ သူသည် ထိုနန်းတော်ခန်းမထံသို့ ချက်ခြင်း ချဉ်းကပ်မသွား။ ထိုအစား ခဏလောက် စဉ်းစားချင့်ချိန်နေသည်။ သို့သော် ရုတ်တရက် သူ၏အမူအရာမှာ ပျက်ယွင်သွားပြီး သူ့ခန္ဓာကိုယ်သည် မိုးပြာအလင်းလင်းလက်၍ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ခဏလောက်အကြာတွင် သွေးနီရောင်တိမ်တိုက်တစ်ခုသည် အပြေးအလွှား ရောက်ချလာကာ ဟန်လိ အစောပိုင်းတုန်းက ရှိနှင့်ခဲ့သော နေရာအနားတွင် ရပ်သည်။ ထိုအနီရောင်တိမ်တိုက်က ပြန့်ကြဲလျက် ဆံပင်အနီရောင်နှင့် အဘိုးအိုတစ်ယောက်၏အသွင် ပေါ်လာသည်။ ထိုအဘိုးအို၏လက်ထဲတွင်လည်း အဝတ်စတစ်ခုကို ကိုင်ဆောင်ထားသည်။ သူက ဘေးဘီသို့ အေးတိအေးစက် စူးစမ်းသည်။ ယင်းနောက် သူက ခေါင်းမော့ကြည့်ရာ နန်းတော်ကို မြင်သည်။ ထိုအခါ သူ့ဟန်ပန်၌ ပျော်ရွှင်သွားဟန် ဖြစ်ပေါ်သည်။ တအောင့်အကြာတွင် အနီရောင်ဆံပင်နှင့် အဘိုးအိုသည် အနီရောင်တိမ်တိုက်အသွင်အဖြစ် ပြန်ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သည်။
ထို့နောက်တွင်မူ အဖြူရောင်လင်းလက်သွားပြီး ထိုအဘိုးအိုသည် ရွှေရောင်အရံအတားကို ကျော်ဖြတ်သွားလေသည်။ တအောင့်အကြာတွင် ဟန်လိ ပြန်ပေါ်လာသည်။
လာမည့်တပတ်အတွင်း ဟန်လိသည် သည်အနီးအနားတွင် စိတ်ရှည်စွာ သူ့ကိုယ်သူ ဖုံးကွယ်ထားနေစဉ် တခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်မှာလည်း ရွှေရောင်အလင်းအရံအတားထဲ ဝင်ရောက်သွားတာကို သူ တွေ့မြင်ခဲ့သည်။ သူတို့သည်လည်း အဝတ်စမြေပုံကို ကိုင်ထားကြသည်ပင်။
သည်နေ့တွင် ဟန်လိသည် နောက်ဆုံး၌ စိတ်မရှည်နိုင်တော့ပေ။ သူသည် ရွှေရောင်အရံအတားထံ ပျံသန်းလာခဲ့သည်။ သူ့လက်ကို ဝေ့ယမ်းကာ မြေပုံကို ထုတ်၍ ၎င်းထံ စိတ်ဝိညာဉ်စွမ်းအားကို ဖြည်းဖြည်းချင်း သွန်းလောင်းသည်။ ထို့နောက်တွင်မူ မြေပုံသည် အဖြူရောင်စိတ်ဝိညာဉ်အလင်းကို ထုတ်လွှတ်လျက် ဟန်လိကို ခြုံလွှမ်းသည်။ ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီးနောက်မှာတော့ ဟန်လိသည် ထိုအရံအတားကို မရှိလေသည့်နှယ် လွယ်ကူစွာ ကျော်ဖြတ်လာသည်။
သည့်နောက်မှာ ဟန်လိသည် လှပခမ်းနားသော နန်းတော်ထံသို့ ပျံသန်းလာသည်။
နန်းတော်နှင့် နီးကပ်လာသည့်နောက်မှာ ဟန်လိသည် နန်းတော်ဝင်ပေါက် အထက်တွင် ရေးသားထားသော ကောင်းကင်လေဟာနယ်ခန်းမ ဟူသည့် ငွေရောင်စာသားကို သတိပြုမိသည်။
၎င်းစာလုံးတို့မှာ ခမ်းနားပြီး ထည်ဝါရုံသာမက စာသားအနားစွန်းများမှာလည်း ပြတ်ပြတ်သားသား ရှိသည်။ တချက်ကြည့်မိရုံဖြင့် သူ့မျက်လုံးထဲ၌ မသိမသာ ကိုက်ခဲမိသွားသည်။ ဟန်လိမှာ အလန့်တကြားဖြင့် ခေါင်းငုံ့လိုက်ရပြီး ထပ်မံ မကြည့်ဝံ့တော့ပေ။
အံတင်းတင်းကြိတ်လျက် ဟန်လိသည် နန်းတော်ထံသို့ ဂရုတစိုက် လျှောက်လာခဲ့ပြီး သူ့အကြည့်က အတွင်းဘက်သို့ ရောက်နေသည်။ ဟန်လိမှာ ဝင်လာသည်နှင့် အံ့အားတသင့် ဖြစ်ရသည်။ သူသည် ကြည်လင်ပြတ်သားလှသော ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသည့် ဖြောင့်တန်းသော လမ်းကျဉ်းတစ်ခုကို မြင်ရသည်။ သူသည် ၎င်း၏ အဆုံးသပ်ကို မမြင်နိုင်ဘဲ ရှိ၏။ ၎င်းသည် ကိုးမီတာမျှ ကျယ်ကာ ဆယ့်နှစ်မီတာ မြင့်သည်။ လျှောက်လှမ်းဝင်လာသူတိုင်းကို စိတ်ပိုင်းဆိုင်ရာ ဖိအားတစ်ခု ပေးစွမ်းကာ မသက်မသာ ဖြစ်စေသည်။
ဟန်လိသည် မျက်မှောင်ကြုတ်ကာ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်သည်။ သို့သော် သူ့စိတ်ဝိညာဉ်အာရုံသည် နံရံနှင့် ထိမိသည့်အခါတွင် ပြန်ကန်ထွက်လာတာကို သိရသည့်အခါ သူ့အမူအရာမှာ ချက်ခြင်းပင် အံ့အားတသင့် ဖြစ်သွားသည်။ သူသည် သူ့စိတ်ဝိညာဉ်အာရုံကိုပင် မဖြန့်ကျက်နိုင်ဘဲ ရှိရလေသည်။
ဟန်လိ၏ မျက်လုံးထဲ၌ စိတ်အားတက်ကြွမှုအလင်း ဖြတ်ခနဲ ပေါ်ကာ သူက ကျောက်စိမ်းနံရံကို အာရုံစိုက်ကာ စူးစမ်းကြည့်နေသည်။ ထိုနံရံမှာ ခပ်ဖျော့ဖျော့အလင်း လင်းလက်နေတာကို သူ မြင်၏။ သူသာ အနီးကပ် သေချာ အာရုံမစိုက်ပါက ၎င်းကို လွဲချော်သွားနိုင်သည်။ ကြည့်ရသည်မှာ ဝင်ပေါက်လမ်းတစ်ခုလုံးသည် ကြီးမားသော စွမ်းရည်များကို ထိန်းသိမ်းထားပုံ ရသည်။
ထို့နောက်တွင်မူ သူက သူ့လက်ချောင်းကို ဆန့်ထုတ်ကာ ကျောက်စိမ်းထံ ပေါ့ပေါ့ပါးပါး ထိုးနှက်ကြည့်သည်။ သူသည် မည်သည့်အတားအဆီးအမျိုးအစားမှန်း အတိအကျ မသိသော်ငြားလည်း ၎င်းတို့၌ နက်နဲကာ နှိုင်းဆ၍ မရသော စိတ်ဝိညာဉ်စွမ်းအား ပါဝင်နေမှန်းတော့ သိသည်။ သည့်အတွက် သူ့စိတ်ထဲ မသိမသာ တုန်ရင်မိသွားသည်။
သူက သူ့လက်ချောင်းကို ပြန်ရုတ်ကာ ခဏ စဉ်းစားကြည့်သည်။ ထို့နောက်တွင်မူ သူက ခေါင်းမော့လျက် ရှေ့သို့ ဆက်လျှောက်လာဖို့ ဆုံးဖြတ်သည်။ ဟန်လိသည် လျှောက်လမ်းအတွင်းပိုင်း ပတ်ပတ်လည်ကို တည်ငြိမ်စွာ ကြည့်၍ လျှောက်လာသည်။
သည်နေရာတွင် အတားအဆီးများ ရှိနေ၍ တစုံတယောက်က အနီးအနားတွင် ပုန်းကွယ်ကာ သူ့ကို အလစ်တိုက်ခိုက်လာမည့်အပေါ်တော့ စိုးရိမ်စရာ မရှိပေ။ သည့်အတွက် သူသည် စိုးရိမ်မှုကင်းကင်းဖြင့် ဆက်လျှောက်လာသည်။ သို့ပေမည့် သည်လမ်းမှာ ရှည်လျား၏။ သူသည် မီနစ်နှစ်ဆယ်လောက် လျှောက်လာပြီးမှ ၎င်း၏ အဆုံးနေရာသို့ ရောက်သည်။ သူ့မျက်စိရှေ့တွင် ရောင်ပြာရောင်အလင်းဖြာထွက်နေသော ထွက်ပေါက်တစ်ခု ပေါ်လာသည်။
စိတ်အားတက်ကြွစွာဖြင့် ဟန်လိသည် ထိုအပေါက်ကနေ အလျင်အမြန် ဝင်လာခဲ့သည်။
သူ့အမူအရာက ချက်ခြင်းပင် သတိအနေအထား ဖြစ်မိသွားသည်။ ထိုအပြာရောင်အလင်းသည် ခန်းမကြီးတစ်ခုကို လှစ်ဟဖော်ပြသည်။ ထိုခန်းမသည် မီတာတစ်ရာငါးဆယ်လောက် ရှိနိုင်မည်။
ပို၍ ထူးခြားသည်မှာ ကျောက်စိမ်းတိုင်လုံးကြီးများသည် ခန်းမ တလျှောက် ညီမျှစွာ တည်ရှိနေခြင်းပင်။ ၎င်းတိုင်လုံးကြီးများသည် ထူထဲရုံသာမက ၎င်းတို့ပေါ်တွင် မြင်ရခဲသော ထူးခြားသည့် သားရဲမျိုးစုံကို ရေးထွင်းထားသည်။ ၎င်းတစ်ခုချင်းစီသည် အသက်ဝင်လှကာ ၎င်းတို့၏ တသီးတသန့်စိတ်ဝိညာဉ်ချီလည်း ပါဝင်နေချေ၏။
ထိုတိုင်လုံးကြီးများ၏ ထိပ်တွင် ကျင့်ကြံသူ ဆယ်ယောက်ကျော်လောက် ရှိနေကြပြီး သူတို့ထဲ၌ မတ်တပ်ရပ်သူကရပ်၊ ထိုင်သူက ထိုင်နေသည်။
ကျင့်ကြံသူ အနည်းငယ်ကလွဲ၍ သူတို့အားလုံးသည် ကျောက်တိုင်တစ်ခုစီကို မောင်ပိုင်စီးထားကြသည်။ ထို့အပြင် မည်သူကမျှ စကားကျယ်ကျယ် မပြောကြချေ။ ကိုယ့်အာရုံနှင့်သာကိုယ် ရှိနေကြသည်။
ဟန်လိ ရောက်ရှိလာမှုက ကျင့်ကြံသူ တချို့တလေ၏ အာရုံကိုသာ စွဲဆောင်သည်။ သို့သော် သူတို့ထဲမှ အချို့သည် ဟန်လိကို မြင်သည့်အခါ တုန်လှုပ်အံ့အားသင့်သွားရသည်။ ဟန်လိသည်လည်း ထိုသူတို့ကို သိသွားကာ သူက ခါးသီးစွာ ပြုံးမိသည်။