သခင်ကြီးကျိနစ်ယင်
Vol. 31 Ch. 432
ခန်းမထဲရှိ လူများထဲ၌ သူနှင့် လမ်းခွဲလာခဲ့တာ သိပ်မကြာလှသေးသော အရိုးသခင်လည်း ပါသည်။ ထိုသူမှာ ခန်းမထောင့်ရှိ ကျောက်စိမ်းတိုင်တစ်ခုပေါ်၌ တင်ပုလွေခွေချိတ်၍ ထိုင်နေလျက် ဟန်လိကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏ အံ့အားသင့်သွားဟန်ကိုလည်း ဖုံးကွယ်မထားပေ။ နောက်ထပ် တိုင်လုံးတစ်ခုပေါ်တွင် ထိုင်နေသော အမျိုးသမီးကမူ ဟန်လိကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ သူမကတော့ ပြင်းပြတေးသံဂိုဏ်း၏ နတ်သမီးခရမ်းဝိညာဉ်ပင်။ သူမ၏ ဘေးတွင် မိုးပြာရောင်အပေါ်ထပ်အင်္ကျီနှင့် ကျော့ရှင်းသော အမျိုးသားတစ်ယောက် ရပ်နေသည်။
ထိုအမျိုးသားက နတ်သမီးခရမ်းဝိညာဉ်၏ အမူအရာကို မြင်သည့်အခါတွင် သူသည် ဟန်လိထံသို့ လှမ်း၍ အကဲဖြတ်သည်။ သူက နတ်သမီးခရမ်းဝိညာဉ်ကို မေးခွန်းတချို့ပါ လှမ်းမေးသည်။
နတ်သမီးခရမ်းဝိညာဉ်မှာ ကျက်သရေရှိလှစွာ ပြုံး၍ ထိုသူ့ကို ခပ်တိုးတိုး ပြောပြသည်။ သူမက ဟန်လိ၏ အဆင့်အတန်းကို ရှင်းပြနေပုံ ရသည်။
ဟန်လိသည် မျက်မှောင်ကြုတ်မိသွားပြီး သူ့တို့ထံကနေ အကြည့်ခွာသည်။ သည့်နောက်တွင်မူ သူ့ထံသို့ မကောင်းသော စိတ်ဖြင့် လှမ်းကြည့်နေသော တစုံတစ်ယောက်ထံသို့ သူ့အကြည့် ရောက်သွားသည်။
ဟန်လိသည် သူ့ထံသို့ ဒေါသတကြီး ကြည့်နေသော အဘိုးအိုကို မြင်သည့်အခါ စဉ်းစားမရ ဖြစ်သွားသည်။ ခဏတော့ သူ ကြောင်သွားသည်။ ထို့နောက်တွင်မူ သူသည် ၎င်းအဘိုးအိုကို မှတ်မိသွားကာ စိတ်ရှုပ်သွားပေသည်။ ထိုသူမှာ နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ အကြီးအကဲမြောင်ပင်။
ငါးကြင်းသားပေါက်သားရဲ ကိစ္စကြောင့် အကြီးအကဲကူသည် သူ့ကို သတ်ချင်ခဲ့သည်။ သို့သော် ဟန်လိက သူ့မူလချီ ထိခိုက်နေခဲ့ခြင်းကို အခွင့်ကောင်းယူကာ သူ၏ အစီအရင်မန္တာန်အတားအဆီးများဖြင့် အကြီးအကဲကူကို ရှင်းထုတ်နိုင်ခဲ့ပေသည်။
ဟန်လိသည် စိတ်ထဲကနေ တကိုယ်တည်း ရေရွတ်နေမိသည်။ သို့သော် သူသည် နည်းနည်းလေးမျှ အရေးမစိုက်သည့်ဟန် ပေါ်နေသည်။ ခန်းမထဲ၌ ကျန်သည့်သူများကို လေ့လာကြည့်ရှုပြီးနောက် တခြား သူ သိသော မည်သူမျှ မရှိတော့တာကို မြင်ရသည်။
အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက်မှာ ဟန်လိသည် မည်သူမျှ ရှိမနေသော ကျောက်စိမ်းတိုင်လုံးတစ်ခုကို ရှာကာ ၎င်းထံသို့ ပျံသန်းသွားသည်။ ယင်းနောက်မှာ သူသည် ခြေချိတ်၍ ထိုင်နေသည်။ ဟန်လိ၏ စိတ်ဝိညာဉ်အာရုံမှာ ကန့်သတ်ထားတာ ခံရသည့်အတွက်ကြောင့် သူသည် တခြားသူများ၏ ကျင့်ကြံမှုများကို မြင်နိုင်စွမ်း ရှိမနေပေ။ သူက သည်နေရာရှိ လူအများစုမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သာ ဖြစ်၍ အနည်းဆုံးကသာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနိုင်မည်ကိုသာ သိသည်။
သည်လူများထဲတွင် စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များပင် တစ်ယောက်၊ နှစ်ယောက် ပါနိုင်သည်။ ထိုအတွေးဖြင့် ဟန်လိသည် တိုင်လုံးပေါ်တွင် ထိုင်နေရင်းကနေ တခြားသူများကို ဂရုတစိုက် စူးစမ်းကြည့်နေသည်။
အချိန်တခု ကြာပြီးနောက်မှာတော့ သူသည် စဦးစိတ်ဝိညာဉ်အဆင့် ဖြစ်နိုင်ချေများသူ နှစ်ယောက်ကို တွေ့ရသည်။ တစ်ယောက်မူ အဝါရောင်ဝတ်စုံ ဝတ်ထား၏။ ပိန်ပိန်ပါးပါးနှင့် ပညာရှိဟန်ပန်အသွင်ရှိသော အဘိုးအိုတစ်ယောက် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သူ့လက်တဖက်ကို ကျောပေါ်သို့ တင်ထားပြီး တခြားလက်တစ်ဖက်ဖြင့် ကျောက်စိမ်းပြားတစ်ခုကို ပျင်းရိပျင်းတွဲ ကြည့်နေသည်။ သူသည် မကြာခဏ စိတ်ဝင်စားဟန်ဖြင့် ခေါင်းယမ်းနေတတ်သည်။ သူသည် စာဂျပိုးတစ်ယောက် ဖြစ်မည့်ပုံပင်။
တခြားတစ်ယောက်ကမူ လှပသော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမကို အရိုးထိအေးစိမ့်သည့် အော်ရာတစ်ခုက ခြုံလွှမ်းထားကာ သူစိမ်းများ သူမနားသို့ ချဉ်းကပ်မလာဝံ့စေအောင် ကာဆီးထားသည်။ သူမက နက်မှောင်တောက်ပြောင်သော ဓားရှည်တစ်လက်ကို အမူအရာကင်းမဲ့ဟန်ဖြင့် သန့်ရှင်းရေး လုပ်နေပေသည်။ သူမသည် အလွန် မာနကြီးပုံ ပေါ်သည်။ ဟန်လိ ခန်းမထဲသို့ ဝင်လာသည့်အချိန်မှစ၍ သူသည် ထိုအမျိုးသမီးသည် မည်သည့်နေရာကိုမျှ ကြည့်တာကို မမြင်ရချေ။
တခြားကျင့်ကြံသူများသည်လည်း တည်ငြိမ်ပြီး မထူးခြားနားဟန် ပေါ်သော်လည်း ထိုနှစ်ယောက်နှင့် ယှဉ်ပါက သူတို့၏ အမူအရာများသည် အနည်းငယ် အတင်းအကြပ် လုပ်ထားသည့်ပုံ ပေါ်သည်။
ထို့အပြင် ခန်းမထဲရှိ ကျင့်ကြံသူအများစုသည် ထိုနှစ်ယောက်ထံ လေးစားသည့် အရိပ်အယောင်ဖြင့် ကြည့်နေကြသည်။ ထိုကဲ့သို့ မသိမသာ ကွာခြားချက်လေးများကြောင့် ဟန်လိသည် ထိုနှစ်ယောက်မှာ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေမှာကို သေချာနေတာပင်။
မူလတုန်းက ဟန်လိသည် ထိုနှစ်ယောက်အပြင် လျှော့တွက်၍ မရသော ထူးကဲသည့်သူများလည်း ရှိနေသေးမှန်း နားလည်သည်။ အထင်ရှားဆုံး ဥပမာကမူ အရိုးသခင်ပင်။ ထိုမိစ္ဆာအိုကြီး၏ ကျင့်ကြံမှုသည် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်သော်လည်း သူသည် အဆင့်တူများထက် တိုက်ပွဲစွမ်းရည်တွင် အများကြီး သာလွန်ပေသည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများနောက်သို့ ဒုတိယနောက် လိုက်ကြသူများပင်။
ထိုအုပ်စုကြား၌ တခြားပုန်းကွယ်နေသော ကျားများ ရှိ၊မရှိကို မည်သူက သိနိုင်ပါ့မည်နည်း။
မည်သို့ပင်ဖြစ်စေ ဟန်လိသည် ပို၍ သတိထားလာသည်။ သူက သည်နေရာတွင် စုစည်းနေသော ကျင့်ကြံသူများ၏ အစစ်အမှန်ခွန်အားနှင့် ပတ်သတ်ပြီး စဉ်းစားကြည့်နေသည်။ သည်စုဝေးမှုမှာ ပျင်းရိစရာကောင်းသော တွေ့ဆုံမှုတစ်ခုအဖြစ်နှင့် အဆုံးသပ်သွားလိမ့်မည် မဟုတ်ပေ။
တကယ်တော့ အဝတ်စမြေပုံပေါ်ရှိ ဆန်းကြယ်မှုနှင့် မြောလွင့်နေသော ကောင်းကင်လေဟာနယ်ခန်းမသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တချို့ကိုပင် စွဲဆောင်နိုင်သည် မဟုတ်လား။ ဤသည်မှာ မကြာခင် သာမန်ထက်ထူးကဲတာ တစ်ခုခု ဖြစ်လာတော့မည်ဟု ဆိုလိုသည်။
ကံဆိုးသည်မှာ သူသည် အသေးစိတ်အချက်အလက်များကို လုံးဝ သိမနေခြင်းပင်။ မဟုတ်ပါက သူ့အဖို့ ကြိုစီစဉ်ထား၍ ရကာ အန္တရာယ်ကို လျှော့ချနိုင်မည် ဖြစ်သည်။
အခြေအနေက ဤသို့ ဖြစ်နေမှတော့ ဟန်လိသည် မီးစင်ကြည့်က ရတော့မည်သာ။
ဟန်လိသည် အတွေးထဲ နစ်မြောနေစဉ် ရုတ်တရက် အသံပို့လွှတ်လာတာကို ကြားလိုက်ရသည်။
“ကောင်လေး…မင်းမှာ ကောင်းကင်လေဟာနယ်မြေပုံအပိုင်းအစ ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူ။ ကျုပ်တို့ ဒီရတနာအမဲလိုက်ပွဲမှာ ပူးပေါင်းကြမလား…”
“ရတနာ အမဲလိုက်ပွဲ…” ဟန်လိသည် ထိုစကားနှစ်ခွန်းကို ကြားသည့်အခါ သူ့စိတ်ထဲ ပျော်သွားသည်။ သူ သည်ကို လာခဲ့တာ မှန်သွားပြီမှန်း သိလိုက်သည်။ အမူဟန်ပန် ပြောင်းလဲသွားခြင်း မရှိဘဲ ဟန်လိသည် တည်ငြိမ်စွာ ပြန်ဖြေသည်။
“စီနီယာက ကျုပ်နဲ့ အတူတူ ပူးပေါင်းချင်စိတ် ဘယ်လိုလုပ် ရှိသွားရတာလဲ။ ကျေးဇူးပြုပြီး ကျုပ်ကို ရှင်းပြပေးပါ…”
အရိုးသခင်သည် ဟန်လိက မငြင်းဆန်တာကို ကြားသည့်အခါ သူ့အမူအရာမှာ တောက်ပသွားသည်။ သူက မည်သို့ ပြောမည်နည်းဟု စဉ်းစားနေရုံ ရှိသေး ခန်းမထဲသို့ လူနှစ်ယောက် ဝင်ရောက်လာသည်။ ဟန်လိနှင့် အရိုးသခင်တို့နှစ်ယောက်လုံး ထိုနှစ်ယောက်ကို မြင်သည့်အခါ သူတို့၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားကုန်သည်။
ဟန်လိ၏ အမူအရာသည် မသိမသာ ဖြူရော်သွားပြီး အရိုးသခင်၏ မျက်လုံးထဲတွင်မူ သွေးဆာရူးသွပ်မှု ဖြတ်ပြေးသွားသည်။ ကံကောင်းသည်မှာ သူ့စိတ်က လျင်မြန်၍ သူ၏ ထိုအမူအရာသည် ခဏသာ ကြာသည်။ သူ့တည်ငြိမ်သောအမူဟန်ပန် ချက်ခြင်း ပြန်ဖြစ်ပေါ်သည်။
ဝင်ရောက်လာသော နှစ်ယောက်မှာ အရိုးသခင်၏ မူမမှန် ဖြစ်သွားတာကို သတိမပြုမိကြပေ။ ဟန်လိကမူ ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ကျိနစ်ယင်ကျွန်း၏ လူငယ်သခင်လေးဝူချောင် ဖြစ်နေတာကို မြင်သည်။ ဝူချောင်ဘေးရှိ ဖြူရော်ရော်မျက်နှာဖြင့် သက်လတ်ပိုင်းလူကို မမြင်ဖူးသော်လည်း ထိုသူ မည်သူမှန်း သူ ခန့်မှန်းမိသည်။
သည်အခိုက်တွင် သက်လတ်ပိုင်းလူသည် ဝူချောင်ကို ခေါ်ကာ ခန်းမထဲသို့ အေးစက်စက် ဝေ့ကြည့်သည်။ မကြာခင်တွင် သူ့အကြည့်က ဝါကျင့်ကျင့်မျက်နှာနှင့် ကျင့်ကြံသူတစ်ယောက်ထံသို့ ကျရောက်သွားပြီး သူက အေးတိအေးစက် ရယ်၏။ ထိုကျင့်ကြံသူသည် ဖြူရော်သွားပြီး သူ့ခန္ဓာကိုယ်မှာ မသိမသာ တုန်ရင်သွားသည်။ သို့သော် ခပ်မြန်မြန် တွေးပြီးနောက် သူက သူ့ကိုယ်ဟန်ကို ပြန်ပြင်သည်။
“ ကောင်းတယ်…သိပ်ကောင်းတယ်…” အေးစက်စက် ရယ်မောပြီးနောက်မှာ သူ့အကြည့်က ဟန်လိထံသို့ ကျရောက်လာပြန်သည်။ ထိုအခါ ဟန်လိသည် မြွေဟောက်တစ်ကောင်က သူ့ထံ ကြည့်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အမွှေးအမျှင်များပင် ထောင်မတ်သွားမိသည်။ သူ၏ အမူအရာက တည်ငြိမ်နေသော်ငြားလည်း သူ့စိတ်ထဲတွင်မူ ဗျာများနေသည်။
ရုတ်တရက် ဟန်လိမှာ အံ့အားသင့်သွားမိသည်။ ထိုသက်လတ်ပိုင်းလူသည် သူ့ကို မြင်သည့်အခါ၌ မထင်မှတ်စွာဖြင့် ကျေနပ်အံ့အားသင့်သွားသည့် ဟန်ပန်အရိပ်အယောင်ကို မဖုံးကွယ်ထားပေ။ ဟန်လိသည် တည်ငြိမ်နေသော်လည်း ထိုအမူဟန်ပန်ကို ရှင်းလင်းစွာ မြင်ရသည်။ သူ့စိတ်ထဲ သံသယများစွာ ဖြစ်မိသွားသည်။
အရိုးသခင်သည်လည်း ဤသည်ကို မြင်ကာ မင်သက်သွားသည်။ သို့သော် ခဏအကြာတွင် သူက မျက်လုံးကစားကာ ခေါင်းငုံ့၍ စဉ်းစားသွားသည်။ ထိုအခိုက်တွင်မူ ယင်းသက်လတ်ပိုင်းလူသည် ပညာရှိအိုနှင့် သက်လတ်ပိုင်းမိန်းမလှတို့ထံသို့ အကြည့်ရောက်သွားပြီး သူ့အေးတိအေးစက်အကြည့်ကို ထိန်းသိမ်းသည်။ သူက လက်နှစ်ဖက်ဆုပ်၍ ထိုနှစ်ယောက်ကို ပြောသည်။
“တောင်ပိုင်းကြိုးကြာကျွန်းရဲ့ အစ်ကိုချင်နဲ့ နံရံဖြူတောင်ရဲ့ အမျိုးသမီးဝမ်တို့ကိုပါ တွေ့ရလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ခင်ဗျားတို့ကို ချက်ခြင်း မသိလိုက်တဲ့အတွက် ကျုပ် တကယ်ပဲ တောင်းပန်ပါတယ်…”
“လေးစားပြနေစရာ မလိုဘူး။ ကျုပ်ဂိုဏ်းဟာ မင်းရဲ့ ကျိနစ်ယင်ကျွန်းနဲ့ အဆင့်အတန်းချင်းတူတူပဲ။ ကျုပ်တို့က အခွင့်သင့်လို့ လာတွေ့ကြရုံပဲ။ တကယ်တော့ဒါက နှစ်ပေါင်းသုံးရာတိုင်းမှာ ကြုံရတဲ့ အခွင့်အရေးတစ်ခုပဲ။ ကျုပ် ကြားတာကတော့ မန်ဟုဇီမှာလည်း ကောင်းကင်လေဟာနယ်မြေပုံအပိုင်း ပိုင်ဆိုင်ထားတယ်ဆို။ သူလည်း သိပ်မကြာခင် ရောက်လာတော့တယ်။ အဲ့အချိန်ရောက်လာခဲ့ရင် ကျုပ်တို့ မွန်းစတားအိုကြီးတွေက နောက်တစ်ခါ ထပ်ဆုံကြပြန်ပြီပေါ့…”
ထိုအဘိုးအိုသည် ကျောက်စိမ်းပြားကို သိမ်းဆည်းကာ ပြုံး၍ ပြောသည်။
“မန်ဟုဇီလည်း လာမှာလား…” ထိုအမည်ကို ကြားသည့်အခါ သက်လတ်ပိုင်းလူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူက ၎င်းအမည်ကို အတော်လေး စိုးရွှံ့ကြောက်လန့်နေသည့်အလား။
“အမှန်ပဲ။ သူ့သက်တမ်းက အလျင်အမြန် ကုန်ဆုံးနေပြီလို့ ကျုပ် ကြားထားတယ်။ သူလည်း နောက်ထပ် သက်တမ်းနည်းနည်း ထပ်ပိုနေရအောင်လို့ ကောင်းကင်ခန်းမဆီလာပြီး အသက်ဆွဲဆန့်ပေးနိုင်တဲ့ ဆေးလုံးတွေ ဖော်စပ်ဖို့ သက်ရှည်သစ်သီးကို လာရှာလိမ့်မယ်…”
ထိုအဘိုးအိုသည် အေးစက်လှောင်ပြောင်လိုသော သဘောပါသည့်လေသံဖြင့် ထိုသို့ မော်ကြွားစွာ ပြောလာသည်။
ရေခဲကဲ့သို့ မိန်းမလှကမူ သူမ၏ ဓားကိုသာ ဆက်၍ သန့်ရှင်းရေး လုပ်နေပြီး သူတို့၏ စကားများကို လုံးဝ လစ်လျူရှုထားသည်။ ဟန်လိသည် ထိုနှစ်ယောက်၏ စကားများကို ကြားသည့်အခါ လေအေးတချက် ရှိုက်သွင်းမိသွားသည်။ ထိုစကားများထံမှ သူသည် အချက်အလက် အနည်းငယ် ရလိုက်၏။
ဝူချောင်ဘေးရှိ ထိုသက်လတ်ပိုင်းလူမှာ သခင်ကြီးကျိနစ်ယင်ပင် ဖြစ်ချေသည်။ သူသည် သည်ကို ရောက်လာသော နောက်ထပ် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။
ကောင်းကင်လေဟာနယ်ခန်းမထဲ၌ သက်ရှည်စိတ်ဝိညာဉ်ဆေးပင်များစွာ ရှိနေပေသည်။ သို့ဖြစ်၍ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက သည်နေရာသို့ စိတ်မရှည်ဖြစ်ပြီး ရောက်လာကြတာ အံ့အားသင့်စရာ မရှိတော့ချေ။