ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်စင်း
Vol. 31 Ch. 433
ဟန်လိသည် စဉ်းစားနေသည်။ သူသည် မည်သို့ဖြစ်လာမည်ကို မသိသော်လည်း ကောင်းကင်ထက်ရှိ သည်ထူးခြားသော နန်းတော်သည် ရှေးဟောင်းကျင့်ကြံသူများ တည်ဆောက်ခဲ့သော ယွဲ့ဒေသ၏ သွေးနှင့်မီးစမ်းသပ်ကွင်းနှင့် အလားသဏ္ဌာန်တူနေသည်။ ၎င်းနန်းတော်အတွင်း၌ ရတနာများစွာ ရှိနေမည် ဖြစ်သော်လည်း အန္တရာယ်အဖုံဖုံလည်း များပြားလိမ့်မည်သာ။
သခင်ကြီးကျိနစ်ယင်၏ ခန့်မှန်းရခက်သော အမူအရာက သူ့ကို အနည်းနှင့်အများတော့ လန့်သွားစေသည်သာ။ ထိုသူမှာ တခုခုကို ကြံစည်နေတာများလား။ မည်သို့ပင်ဖြစ်စေ တခုခု ဖြစ်လာခဲ့ပါက ဟန်လိအနေဖြင့် ချက်ခြင်း နောက်ပြန်ဆုတ်ခြင်းက သူ့အဖို့ ပို၍ ဉာဏ်ရှိရာ ကျလိမ့်မည်။
သို့ရာတွင် ထိုအစွမ်းထက်ကျွမ်းကျင်သူများ၏ အပြောအရ သည်နန်းတော်မှာ နှစ်သုံးရာတွင်သာ တစ်ကြိမ်သာ ပွင့်သည်ဟူ၍ပင်။ သူသာ ခုချိန်၌ ပြန်လှည့်သွားခဲ့လျှင် နောက်ထပ်အခွင့်အရေးတစ်ခု လုံးဝ ရနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်၍ သူက ပြန်မလှည့်နိုင်သေးဘဲ ချီတုံချတုံ ဖြစ်နေသည်။ ဟန်လိ အတွေးများနေစဉ် ရုတ်တရက် အရိုးသခင်၏ အသံကို ကြားရ၏။
“ကောင်လေး…မင်း ရှိမှာ ကျိနစ်ယင် လိုချင်တာ တခုခု ရှိနေတဲ့ပုံပဲ။ အကြောင်းရင်းမရှိဘဲ အစောပိုင်းတုန်းကလို ပုံစံမျိုးနဲ့ သူ မင်းကို ကြည့်လိမ့်မယ်လို့တော့ ငါ မထင်ဘူး။ ငါ ခန့်မှန်းတာ မှန်မယ်ဆို သူက မင်းရှိကနေ အမြတ်ထုတ်ချင်နေတာပဲ…”
အရိုးသခင်သည် မထူးခြားနားဟန်ဖြင့် ပြောသော်လည်း သူ့စကားလုံးများထဲ၌ လှောင်ပြောင်သည့်သဘော ပါသည်။ ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့ကာ ပြန်ဖြေသည်။
“ကျွန်းသခင်ကျိနစ်ယင်ကသာ ဒီမှာ ခင်ဗျား ရောက်နေတာကို သိသွားခဲ့ရင် အတော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ... အနည်းဆုံးတော့ သူလည်း နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူ့ဆရာ ဖြစ်သူနဲ့ စကားစမြည်တော့ ပြောချင်နေမှာ သေချာပါတယ်…”
“မင်းက ငါ့ကို ချိန်းခြောက်ရဲတယ်လား…” အရိုးသခင်သည် ရန်လိုစွာဖြင့် မေး၏။
“ကျုပ် မလုပ်ဝံ့ပါဘူး။ စီနီယာရဲ့ အဆင့်အတန်းနဲ့ စွမ်းရည်တွေအရ ကျုပ်က ဘယ်လုပ်ဝံ့ပါမလဲ။ ဒါပေမဲ့ စီနီယာဟာ တခြားသူတစ်ယောက်ရဲ့ ကံဆိုးမှုအပေါ် ကျေနပ်တဲ့သူ၊ စိတ်ဝင်စားနေတဲ့သူ မဖြစ်ဖို့တော့ လိုတာပေါ့။ မဟုတ်ရင် ကျုပ်လည်း ကျုပ် အသက်အန္တရာယ် ကျရောက်လာတဲ့အခါကျရင် မတော်တဆ နှုတ်ချော်ပြီး ပြောမိသွားနိုင်တာပဲ…”
ဟန်လိသည် မတုန်မလှုပ်ဖြင့် ပြန်တုန့်ပြန်သည်။ အရိုးသခင်သည် အချိန်တခုထိ ငြိမ်သက်သွားသည်။
ဟန်လိသည် အရိုးသခင်မှာ ဒေါသပုန်ထသွားပြီး သူ့ကို ဆက်၍ စကားပြောချင်စိတ် မရှိတော့ဟု ထင်သည်။ သို့သော် ရုတ်တရက် သူသည် သူ့ကို တုန်လှုပ်ကျေနပ်အံ့အားသင့်သွားစေသော အေးတိအေးစက် စကားတခုကို ကြားလိုက်ရသည်။
“မင်း စဦးစိတ်ဝိညာဉ် ဖွဲ့စည်းချင်လား…”
“စီနီယာ…ခင်ဗျား ဘာကို ဆိုလိုတာလဲ…” ဟန်လိသည် စိတ်လှုပ်ရှားမှုကို ထိန်းကာ မေးသည်။
“ဟားဟား….ငါ ဘာကို ဆိုလိုတာလဲ ဟုတ်လား။ ငါ့စကားက ရိုးရှင်းပါတယ်။ မင်းရဲ့ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေး နှစ်ဆ ဖြစ်သွားစေနိုင်တဲ့ ပစ္စည်းတစ်ခုကို ငါ သိတယ်။ ဒါက ဒီကောင်းကင်လေဟာနယ်ခန်းမထဲမှာ ရှိတယ်။ ဒီလို လုပ်ပေးနိုင်တဲ့ တခြား ပစ္စည်း မရှိတော့ဘူး။ မင်းသာ ငါနဲ့ ပူးပေါင်းပြီး ငါ့ရဲ့ သစ္စာဖောက်တပည့်ကျိနစ်ယင်ကို သုတ်သင်နိုင်မယ့် အခွင့်အရေးကို ရှာဖွေမယ်ဆို အဲ့ပစ္စည်းကို ရနိုင်မယ့်နည်းလမ်း ငါ မင်းကို ပြောပြမယ်။ ဘယ်လိုလဲ။ ငါကတော့ နတ်ဆိုးတစ္ဆေတာအိုကို ကျင့်ကြံတဲ့အတွက် အဲ့ပစ္စည်းကို အသုံးမပြုနိုင်ဘူး။ မဟုတ်ရင်တော့ ငါ မင်းကို ပြောပြနေမှာ မဟုတ်ဘူး။ မင်း ငါနဲ့အတူ လက်တွဲဖို့ သဘောမတူဘူးဆိုလည်း ကျိနစ်ယင်က မင်းကို အရင်လာရှာမယ့်ပုံရတယ်။ အဲ့အချိန် ရောက်လာခဲ့ရင်တော့…ဟားဟား…”
ဟန်လိသည် ချက်ခြင်း မဆုံးဖြတ်ပေ။ ထိုအစား သူသည် ငြိမ်သက်စွာ ထိုင်နေလျက် မျက်မှောင်ကြုတ်ကာ အတွေးထဲ နစ်မြောနေသည်။
အရိုးသခင်မှာလည်း မလောပေ။ တည်ငြိမ်စွာသာ ရှိနေသည်။ သူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် မငြင်းဆန်နိုင်သော အရာတစ်ခုကို ကမ်းလှမ်းပြီးဟု ယုံကြည်ထားသည်။ သူသည် ဟန်လိ ဖြည်းဖြည်းချင်း သဘောတူလာမည်ကို တည်ငြိမ်စွာ စောင့်နေရန်သာ လိုအပ်သည်။
ထိုအခိုက်တွင် သခင်ကြီး ကျိနစ်ယင်နှင့် ဝူချောင်တို့သည် ပညာရှိအသွင်ဖြင့် အဘိုးအို၏ တိုင်လုံးထံသို့ ပျံသန်းသွားကာ သူတို့ အချင်းချင်း စကားပြောကြသည်။ တချက်တချက် သူတို့က ဝမ်အမည်ရ မိန်းမလှထံသို့ တစုံတခုကို လှမ်းပြောသည်။ သို့ရာတွင် ထိုအမျိုးသမီးသည် သူမ၏ ဓားကို သန့်ရှင်းရေး လုပ်နေပြီးနောက်မှာ မျက်လုံးမှိတ်ထားသည်။ သူမသည် သူတို့ကို အာရုံစိုက်မနေပုံ ရသည်။
သခင်ကြီးကျိနစ်ယင်သည် ထိုသို့ အေးတိအေးစက် ဆက်ဆံခံရတာကို ရှက်ရွှံ့ဟန် သို့မဟုတ် ဒေါသမထွက်ပုံ ပေါ်သည်။ သူက ပြုံး၍သာ ဆက်ပြောသည်။ သူသည် အရေခွံထူသော ပုံစံမျိုးရှိတာ သိသာ၏။
ဟန်လိသည် ထိုသူများထံသို့ အကြည့်ရောက်နေပြီး သခင်ကြီးကျိနစ်ယင်ထံသို့ ကြောက်လန့်မှု ပိုတိုးလာသည်။ ထိုသူမှာ ကျင့်ကြံမှုအဆင့် နက်နဲရုံသာမက သူ၏ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း သာမန်သူများထက် များစွာ သာနေသည်။ မဟုတ်ပါက အရိုးသခင်သည် နတ်ဆိုးတစ္ဆေတာအိုကို အဘယ်သို့ အတင်းအကြပ် လျှောက်လှမ်းပါမည်နည်း။ သူ၏ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကို စွန့်ပစ်ခဲ့ရပါမည်နည်း။ အရိုးသခင်သည် သူ၏ ထိုတပည့်ကို ပြာချပစ်သည့်အထိ မုန်းတီးနေတာ သိသာသည်။
သို့သော် ထိုမိစ္ဆာအိုကြီး အရိုးသခင်နှင့် ကျိနစ်ယင်တို့ကြား မည်သည့်မကျေမနပ်ချက်ပဲ ရှိနေပါစေ ဟန်လိထံ ကြည့်နေသော ကျိနစ်ယင်၏အကြည့်သည် ပို၍ တရင်းတနှီး ဖြစ်လာသည်။
သူ့အဖို့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ထံမှ လက်မြောက်ရန် အခွင့်အရေး မရှိသော်လည်း အမှန်တကယ် ပဋိပက္ခ ဖြစ်နိုင်ဖို့ အခွင့်အရေး နည်းလိမ့်မည်။
တကယ်တော့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်နှင့် စဦးစိတ်ဝိညာဉ်အဆင့်တို့ကြား ကွာခြားမှုက ကြီးမားလွန်းလှသည် မဟုတ်လား။ သူ၏ မှော်ရတနာနှင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အတော်လေး အစွမ်းထက်လှသော်လည်း နင်လားငါလည်း တိုက်ခိုက်ပါက သူ့အဖို့ သေရဖို့များသည်။
ထိုသို့ စဉ်းစားပြီးနောက်မှာ ဟန်လိသည် အရိုးသခင်ကို ဖြည်းဖြည်းချင်း တုန့်ပြန်သည်။
“ခင်ဗျား ပြောခဲ့တဲ့ ပစ္စည်းအကြောင်းကို ရှင်းပြပါ…”
“ဒါပေါ့ မင်း ကျုပ်နဲ့ လက်တွဲမယ်ဆို ကျုပ်က မင်းကို ရှင်းပြမှာပေါ့…”
အရိုးသခင်သည် အနည်းငယ် ကျေနပ်သွားကာ ထိုသို့ ပြန်ဖြေလာသည်။
ဟန်လိသည် ချက်ခြင်း ပြန်မတုန့်ပြန်ပေ။ သူက မျက်လုံးမှိတ်ကာ သူ၏ ချီကို သန့်စင်နေရန် ဟန်ဆောင်သည်။
“ဒီပစ္စည်းကို ရွက်လွှာကိုးခုဝိညာဉ်ဂျင်ဆင်း၊ ဒါက ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်ချီကနေ အသွင်ပြောင်းတဲ့ ပစ္စည်းပဲ။ ၎င်းရဲ့ အဓိကခန္ဓာကိုယ်ဟာ စိတ်ဝိညာဉ်ဆေးပင်တစ်ခု ဖြစ်ပေမယ့်လို့ ၎င်းရဲ့ သန့်စင်လှတဲ့ စိတ်ဝိညာဉ်သဘာဝဟာ ၎င်းကို အင်းဆက် ဒါမှမဟုတ် တိရိစ္ဆာန်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲစေတယ်။ ဒါက သူ့ဘာသာ ရွှေ့လျားနိုင်တယ်။ ပုန်းကွယ်ရာမှာလည်း တော်တယ်။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျုပ်က ဒီကောင်းကင်လေဟာနယ်ခန်းမထဲမှာ ဒီပစ္စည်းကို မြင်ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက ကျုပ်ရဲ့ ကျင့်ကြံမှုဟာ အလွန်နိမ့်တယ်။ ကျုပ် လက်ထဲမှာ သင့်တော်လှတဲ့ မှော်ပစ္စည်းတွေလည်း မရှိခဲ့ဘူး။ ဒါ့ကြောင့် ကျုပ်က ဒီအရာကို လက်လွှတ်ခဲ့ရတယ်။ ကျုပ် ဒုတိယအကြိမ် ရောက်လာတဲ့အချိန်မှာတော့ ကျုပ်က စဦးစိတ်ဝိညာဉ်အဆင့် ရောက်နေပြီ ဖြစ်တဲ့အတွက် ဒါကို ရဖို့ အများကြီး အားစိုက်ထုတ်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ဒါက မင်းအတွက်တော့ အတော်လေး အသုံးဝင်လိမ့်မယ်…”
အရိုးသခင်က ထိုသို့ ပြောလာသည်။
“ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်း…” ဟန်လိသည် လေအေးတချက် ရှိုက်သွင်းမိသွားသည်။
ဟန်လိသည် ထိုဒဏ္ဌာရီလာ အင်မောတယ်ဆေးပင်ကို သိတာ ကြာပြီ ဖြစ်သည်။ ဟန်လိသည် ထိုဆေးပင်ကို ရှေးဟောင်းဆေးဝါးမှတ်တမ်းများထဲ၌ ဖော်ပြထားသည်ကို မကြာခဏ မြင်ဖူးသော်လည်း ၎င်းသည် ရှေးပဝေသဏီအချိန်တုန်းက သေမျိုးလောက၌သာ ပေါ်ဖူးခဲ့သည်ဟု ယုံကြည်သည်။ ၎င်းသည် ကောင်းကင်လေဟာနယ်ခန်းမထဲ၌ အမှန်တကယ် တည်ရှိနေသည်လား။
သို့ပေမည့် ဟန်လိသည် ၎င်းရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းသည် စဦးစိတ်ဝိညာဉ် သိပ်သည်းဖို့အတွက် အသုံးဝင်တာကို ခုမှ ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်သည်။
ထိုမိစ္ဆာအိုကြီးသည် သူနှင့် ပူးပေါင်းဖို့များ လိမ်ညာ၍ ပြောနေသလား။
ဟန်လိသည် ထိုသို့ သံသယ ရှိမိသည်။
ဟန်လိ သံသယဝင်နေတာကို ခန့်မှန်းမိပုံရကာ အရိုးသခင်သည် ဆက်ပြောလာသည်။
“စိတ်ချပါ။ ကျုပ်တို့ ဒီအရံအတားကို ချိုးဖျက်ပြီးတဲ့အခါကျရင် ဒုတိယဝင်ပေါက်မှာ ဒီပစ္စည်းကိုရဖို့ ကျုပ်က အရင်ဆုံး မင်းကို ကူညီပေးမယ်။ ပြီးရင် ကျုပ်တို့ ဒီသစ္စာဖောက်တပည့်ကို ရှင်းထုတ်ပြီးတဲ့နောက် ကျုပ်က မင်းကို လျှို့ဝှက်ဆေးညွှန်းတစ်ခုကို ပေးလိမ့်မယ်။ အဲ့နည်းနဲ့ မင်းက ဆေးလုံးတစ်လုံး ဖန်တီးနိုင်မယ်ဆို ဒီဆေးလုံးဟာ မင်းရဲ့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်ခြေကို အများကြီး တိုးတက်စေလိမ့်မဘ်။ ဒါပေမဲ့ ကျုပ်လည်း ဒီကောင်းကင်လေဟာနယ်ခန်းမကို လာခဲ့တာဟာ အသုံးဝင်တဲ့ ကျင့်ကြံခြင်းအမယ်ပစ္စည်းတွေကို ရှာဖွေဖို့ပဲ။ အဲ့အချိန်ကျရင် မင်းက ကျုပ်ကို ကူညီပေးရင် အောင်မြင်နိုင်ချေ ပိုများလိမ့်မယ်…”
အရိုးသခင်သည် ဟန်လိ၏ သံသယကို အရင်ဆုံး ရှင်းလင်းသည်။
“ကောင်းပြီ။ ခင်ဗျားက ကျိနစ်ယင်ကို သတ်နိုင်ဖို့ သေချာတယ်ဆို ကျုပ် ကူညီပေးနိုင်တယ်…”
ဟန်လိသည် အရိုးသခင်နှင့်အတူ ယာယီမဟာမိတ် ဖွဲ့ဖို့ သဘောတူလိုက်သည်။
အမှန်တော့ ထိုမဟာမိတ်သည် အတော်လေး အားနည်းသည်။ မည်မျှ ကြာကြာခံမည်ကို အလွန် ခက်ခဲ၏။ သခင်ကြီးကျိနစ်ယင်ကို သတ်ပြီးသည့်နောက်မှာ ချက်ခြင်းပင် ပြိုကွဲသွားနိုင်သည်။
ဟန်လိသည် စိတ်ထဲကနေသာ သက်ပြင်းရှည်ကြီး ချမိတော့သည်။
မိစ္ဆာအိုကြီး၏ လေသံအရ သူ သည်နေရာသို့ ရောက်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်လောက်ပေ။ ထိုသို့ အတွေ့အကြုံ ရှိထားတာက သူ့ထက်စာလျှင် အများကြီး ပိုကောင်းသည်။ အနည်းဆုံးတော့ သူသည် ကောင်းကင်လေဟာနယ်ခန်းမ၏ အခြေခံများနှင့် ပတ်သတ်ပြီး သိလာနိုင်သည်။ သခင်ကြီးကျိနစ်ယင်အပေါ် အရိုးသခင်၏ သတ်ဖြတ်ချင်စိတ်ကမူ မေးခွန်းထုတ်စရာ မလိုအောင် ယုံကြည်သည်။
အရိုးသခင်နှင့် စကားစမြည် ပြောပြီးနောက်မှာ ဟန်လိ၏ အမူအရာမှာ မရေမရာ ဖြစ်သွားသည်။ သူသည် အခွင့်အရေးကော၊ အန္တရာယ်ကော ရမည့်လမ်းကို တပြိုင်နက်တည်း လျှောက်လှမ်းရမည့်ပုံပင်။ ကောင်းကင်လေဟာနယ်ခန်းမသို့ သွားမည့် ခရီးစဉ်မှာ အလွန်အန္တရာယ်များမှာ သေချာသည်။
သူသည် သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်သည်။ ယင်းနောက်မှာ သူသည် ချီစတင်မွန်းမံနေတော့သည်။
ခန်းမအတွင်း၌ ဟန်လိသည် ရုတ်တရက် တိုက်ခိုက်လာမှုများနှင့် ပတ်သတ်ပြီးလိုတော့ မပူပေ။ အစောပိုင်းတုန်းက သူ စမ်းသပ်ခဲ့သလောက်ဆို လွင့်မြောခြင်းပညာရပ်များနှင့် တခြား အသေးအမွှား မှော်ပညာရပ်များကလွဲ၍ တခြား ပညာရပ်များကို ထုတ်ဖော်၍ မရခဲ့ချေ။ မှော်စွမ်းအားသည် အဆင့်တစ်ခုသို့ ရောက်သည်နှင့် ပျောက်ကွယ်သွားပေသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မှော်ရတနာများသည်ပင် အသက်မဲ့သော အရာဝတ္ထုတစ်ခုကဲ့သို့ ဖြစ်နေချေသည်။
ထိုအတားအဆီးများသည် အံ့အားသင့်ဖို့ ကောင်းပါသည်။
လာမည့်တပါတ်၌ ခန်းမထဲရှိ ကျင့်ကြံသူ အရေအတွက်မှာ ပိုတိုးလာကြသည်။ တဖြည်းဖြည်း လူတစ်ရာကျော်လောက်ထိ ရှိလာခဲ့ပြီ။
ကျောက်စိမ်းတိုင်များတွင် ကျင့်ကြံသူများ ပြည့်နှက်နေ၏။ နောက်ပိုင်းမှ ရောက်လာသူများဆို ကြမ်းပြင်ပေါ်တွင်သာ ထိုင်ရန် နေရာတစ်ခု ရှာကာ အချိန်တခုထိ ၎င်းနေရာတွင် အနားယူကြရသည်။