← Chapters

စုဝေးခြင်း

Vol. 31 Ch. 434

စုဝေးခြင်း

Vol. 31 Ch. 434

နောက်ပိုင်းရက်များတွင်မူ ရောက်လာကြသော ကျင့်ကြံသူ အရေအတွက်သည် နည်းသထက် နည်းလာသည်။

သို့ရာတွင် သခင်ကြီးကျိနစ်ယင်နှင့် ပညာရှိအဘိုးအိုတို့သည် အလေးအနက်အသွင်ဖြင့် တိတ်တဆိတ် ထိုင်နေကြပေသည်။ သူတို့၏ အကြည့်က ခန်းမထံသို့ ရံဖန်ရံခါ ကျရောက်သည်။ သူတို့သည် တစုံတခုကို စောင့်နေကြသည့်အလား။

“သူတို့က မန်ဟုဇီကို စောင့်နေကြတာများလား…”

ဟန်လိသည် ထိုသည်ကို သတိပြုမိကာ အတော်လေး သိချင်စိတ် ဖြစ်မိနေသည်။

နေ့လယ်ခင်းသို့ ရောက်လာသည့်အခါတွင် ခန်းမဝင်ပေါက်မှ ခြေသံများကို ကြားရလေသည်။ အပြာရောင်လင်းလက်မှုနှင့်အတူ လူနှစ်ယောက်သည် အထဲသို့ တပြိုင်နက်တည်း ဝင်လာကြ၏။ သူတို့ထဲမှ တစ်ယောက်သည် နီမြန်းသော အသားအရေနှင့် တာအိုရသေ့အိုတစ်ယောက် ဖြစ်သည်။ တခြားတစ်ယောက်ကမူ လယ်သမားပုံစံ ဝတ်စားထားပြီး သူ့မျက်နှာမှာ ပိန်ပါးနက်မှောင်၏။

ထိုနှစ်ယောက် ပေါ်လာသည့်အခါတွင် ခန်းမထဲရှိ ကျင့်ကြံသူများသည် ဂနာမငြိမ် ဖြစ်ကုန်ကြသည်။ အများစုက သူတို့နှစ်ယောက်ထံ လေးစားသည့်ဟန်ဖြင့် ကြည့်နေသည်။ ကြည့်ရတာ အနှီနှစ်ယောက်သည် နာမည်ကျော်များ ဖြစ်ပုံ ရ၏။

သခင်ကြီးကျိနစ်ယင်နှင့် ပညာရှိအိုကြီးတို့သည်လည်း သူတို့ထံသို့ ရန်လိုသည့် အကြည့်ဖြင့် လှမ်းကြည့်သည်။

ထိုအသစ်ရောက်လာသော ကျွမ်းကျင်သူနှစ်ယောက်သည်လည်း တဖက်သူများထံသို့ ရန်လိုစွာ ပြန်ကြည့်သည်။ ရသေ့အိုကြီးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မိစ္ဆာအိုကြီး ကျိနစ်ယင်၊ မင်း ရောက်လာတာ စောသားပဲ။ ကြည့်ရတာ မင်းတို့ရဲ့ မိစ္ဆာတာအိုက ကောင်းကင်လေဟာနယ်ခန်းမထဲမှာ ထိပ်ဆုံးရောက်ဖို့ ဆုံးဖြတ်ပြီးတဲ့ ပုံပဲ…”

“ထျန်ဝူဇီ။ ကျုပ်က စောရောက်တာ မဟုတ်ဘူး။ ခင်ဗျားတို့လို ကြောင်သူတော်တွေကသာ နောက်ကျနေတာ။ ခင်ဗျားရဲ့ မြေပုံ အပိုင်းအစ သတင်းအချက်အလက်ဟာ မှားယွင်းနေတော့ ခင်ဗျား ရောက်လာလိမ့်မယ်လို့တောင် ကျုပ်က မထင်ထားဘူး။ ခုလို ရောက်လာတော့လည်း ကောင်းပါတယ်။ ဒီသခင်ကြီးက ခင်ဗျားကို ဖိနှိပ်နိုင်မယ့် အခွင့်အရေး ရတာပေါ့…”

သခင်ကြီးကျိနစ်ယင်သည် ရန်လိုသည့်ဟန်ဖြင့် တုန့်ပြန်သည်။

“မင်းက ဘယ်သူကိုများ ဖိနှိပ်မယ်လို့ တွေးထားတာလဲ…ကျိနစ်ယင်။ ကျေးဇူးပြုပြီး ကျုပ်တို့ကို အလင်းပြပါ…”

တာအိုရသေ့အို၏ တုန့်ပြန်စကားကို စောင့်မနေဘဲ နောက်ထပ် အသံတစ်သံ ဟိန်းထွက်လာသည်။

ကျိနစ်ယင်နှင့် ပညာရှိအိုတို့မှာ ထိုအသံကို ကြားသည့်အခါ၌ သူတို့၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားသည်။ ဖာသိဖာသာ နေနေသော မိန်းမလှသည်ပင် ရုတ်တရက် ခေါင်းမော့လာကာ ခန်းမဝင်ပေါက်ထံသို့ အေးတိအေးစက် စိုက်ကြည့်လာသည်။

“ဝမ်ထျန်မင်…ရှင်လည်း ရောက်လာပြီပေါ့…”

“ကြည့်ရတာ အမျိုးသမီးဝမ်လည်း ရောက်နေပြီပဲ။ ကျုပ် ရောက်လာတာက ခင်ဗျားကို ဘာကြောင့်များ အံ့အားသင့်သွားစေရတာလဲ…”

ထိုသို့ ပြောပြီးနောက်မှာ အပြင်ဘက်မှ အပြာရောင်တစ်ခုသည် အထဲသို့ ဖြတ်ခနဲ ရောက်လာသည်။သည့်နောက်မှာ ခရမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်၏ အသွင် ပေါ်လာသည်။ သူက ခါး၌ ကျောက်စိမ်းခါးပတ်တစ်ခုကို ပတ်ထားသေးသည်။

ထိုသူသည် လေးထောင့်စပ်စပ် မျက်နှာနှင့် ဖြူဖွေးတောက်ပသော သွားတို့ကို ပိုင်ဆိုင်ထားသည်။ သူက မိန်းမလှဝမ်ထံသို့ မထူးခြားနားဟန်ဖြင့် လှမ်းကြည့်ပြီးနောက်မှာ သူ့အကြည့်သည် ကျိနစ်ယင်ထံသို့ ကျရောက်သည်။ သူသည် အလွန်လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားသူတည်း။

သခင်ကြီး ကျိနစ်ယင်သည် မကောင်းဆိုးဝါးဟန်ပန်ဖြင့် သူ့ပါးစပ်ကို ပိတ်၍ ထိုသူ၏ အကြည့်ကို ငြိမ်သက်၍သာ တုန့်ပြန်သည်။ ဤသည်မှာ ဟန်လိကို တုန်လှုပ်သွားစေသည်။ သူသည် အသစ်ရောက်လာသော ပုဂ္ဂိုလ်သို့ လှမ်း၍ စူးစမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ဟန်လိသည် အရှင်သခင်ကြီး ကျိနစ်ယင်ကဲ့သို့ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်မှာ ထိုသူ့ကို ရှိန်နေသဖြင့် အနှီပုဂ္ဂိုလ်မှာ စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရချေမည်။

သူ မြင်သလောက်ဆို ထိုအသစ်ရောက်လာသော သုံးယောက်သည် ပြန့်ကြဲကြယ်ပင်လယ်များ၏ လမ်းမှန်တာအိုဘက်မှ ကျင့်ကြံသူများ ဖြစ်ပုံရမည်။ ကျိနစ်ယင်နှင့် တခြားသူများကမူ မိစ္ဆာတာအိုဘက်မှ သူများ ဖြစ်နိုင်သည်။ ခန်းမထဲရှိ အစောပိုင်းတုန်းက ဂနာမငြိမ်ဖြစ်မှုသည် သက်လတ်ပိုင်းလူ ရောက်လာသည့်အခါ ချက်ခြင်း ငြိမ်သက်သွားကြသည်။

ဉာဏ်အလင်းအနန္တဂိတ်တံခါးများ၏ ဂိုဏ်းသခင် ဟူသော စကားသံတစ်ခုကိုသာ ခပ်တိုးတိုး ကြားရလေသည်။ ထိုသူမှာ တခြားနှစ်ယောက်နှင့် ယှဉ်လျှင် ပိုမြင့်သော အဆင့်အတန်းရှိသူ ဖြစ်ပုံ ရသည်။

“ဝမ်ထျန်မင်….ရှင့်ရဲ့ တပည့်တွေထဲက တစ်ယောက်ကြောင့် ကျမရဲ့ ဓားအစေခံတစ်ယောက် ဒဏ်ရာ ရသွားခဲ့တာမလား…”

မိန်းမလှဝမ်က ထိုသို့ မေးခွန်းထုတ်လာသည်။ သူမသည် ထိုပုဂ္ဂိုလ်ကို မကြောက်လန့်သည့်အလား။

“ဒါက မမှန်ဘူး။ ကျုပ်ဂိုဏ်းရဲ့ တပည့်က မင်းရဲ့ ဓားအစေခံရဲ့ ကျင့်ကြံမှုဟာ အတော်လေး ကောင်းမွန်တာ တွေ့တဲ့အတွက် သူက လက်ရည်စမ်းကြည့်ရုံလောက်ပဲ။ အမျိုးသမီးဝမ်က ဒီလို ကိစ္စလေးတွေအတွက် ရန်လိုနေတာလား…”

ဝမ်ထျန်မင်သည် မျက်မှောင်ကြုတ်၍ မထူးခြားနားဟန်ဖြင့် ပြောပြသည်။

“လက်ရည်စမ်းချင်ရုံ သပ်သပ်ဟုတ်လား။ ကျမရဲ့ ဓားအစေခံဟာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတာ။ ရှင့်ရဲ့တပည့်က သူမကို အနိုင်ကျင့်လိုက်တာ သိသာနေတာပဲ။ ရှင်တို့ဂိုဏ်းအတွက်တော့ ရှက်စရာပဲ…”

မိန်းမလှဝမ်၏ မျက်နှာသည် အေးစက်လာသည်။

“အနိုင်ကျင့်တာလား။ ကျုပ် မလုပ်ဝံ့ပါဘူး။ နောက်ကျမှ လက်နက်သူတော်စင်ဆီ ကျုပ်ရဲ့ အဲ့တပည့်တွေကို လာတောင်းပန်ခိုင်းလိုက်ပါ့မယ်…”

သက်လတ်ပိုင်းလူသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သိပ်ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

“ဒီကိစ္စက ကျမခင်ပွန်းနဲ့ ဘာဆိုင်လို့လဲ။ ဒါက ကျမကိစ္စ။ ကျမက သုစရိုက်နှစ်ထွေဓားပညာရပ်ကို အသုံးပြုပြီး ဂိုဏ်းခေါင်းဆောင်ဝမ်နဲ့ လက်ရည်စမ်းမယ်ဆိုရင်ကော…”

မိန်းမလှသည် ထိုသို့ဆိုရင်း ပို၍ ဒေါသထွက်လာပုံ ရသည်။

“အမျိုးသမီးဝမ်နဲ့ ယှဉ်ပြိုင်ရမှာလား။ မလုပ်ပါနဲ့။ လမ်းခြောက်သွယ်ရဲ့ လက်နက်သူတော်စင်ကသာ ကျုပ်က သူ့ဇနီးကို အနိုင်ကျင့်တာ သိသွားခဲ့ရင် ကျုပ် အသက်ကို ရန်လာရှာပါအုံးမယ်။ ကျုပ်က လမ်းမှန်နဲ့ မိစ္ဆာတာအိုကြားမှာ စစ်ပွဲကြီးတစ်ခုကို အစပျိုးတဲ့သူ မဖြစ်ချင်သေးဘူး…”

ဝမ်ထျန်မင်သည် တဟားဟား အော်ရယ်၍ ထိုသို့ ဆိုလေသည်။ သူသည် ရယ်စရာလှောင်စရာ တစ်ခုခုကို ကြားရလေသည့်အလား။

မိန်းမလှက ထိုစကားကို ကြားသည့်အခါ သူမ၏မျက်နှာသည် နီမြန်းသွားသည်။ တချက်ကြည့်ပြီးနောက်မှာ သူမက သည်ကိစ္စကို လက်လွှတ်လိုက်သည်။ မိန်းမလှက သက်လတ်ပိုင်းလူနှင့် ပတ်သတ်သည့် ကိစ္စကို ဆက်မပြောတော့သော်လည်း ထိုသူကမူ သခင်ကြီးကျိနစ်ယင်နှင့် ကိစ္စကိုမူ လက်လွှတ်ပေးချင်စိတ် ရှိမနေပေ။

သူက ကျိနစ်ယင်ထံသို့ လှမ်း၍ နှာခေါင်းရှုံ့သည်။ သို့သော် သူက တခုခု ပြောရန် ဟန်ပြင်စဉ် လျှောက်လမ်းသည် ခပ်သဲ့သဲ့ တုန်ခါလာကာ ခန်းမတစ်ခုလုံးကို မသိမသာ လှုပ်ခါသွားသည်။

စဦးစိတ်ဝိညာဉ်ပုဂ္ဂိုလ်များကလွဲ၍ ကျန်သည့် ကျင့်ကြံသူအားလုံးသည် ဝင်ပေါက်ထံသို့ အလန့်တကြား လှမ်းကြည့်ကြသည်။

သခင်ကြီးကျိနစ်ယင်နှင့် ပညာရှိအိုကြီးတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။

ဝမ်ထျန်မင်၏ မျက်လုံးထဲ၌မူ အေးစက်စက် အလင်းတစ်ခုသည် ထက်ရှသော သတ်ဖြတ်ချင်စိတ်နှင့်အတူ တောက်ပသွားသည်။ ရသေ့အိုကြီးနှင့် လယ်သမားအိုတို့ကမူ မည်သူလာသည်ကို သိသည့်ပုံ ရကာ စိုးရိမ်သွားဟန် ဖြစ်ပေါ်ကြသည်။

တုန်ခါမှုများက မကြာမီတွင် ပို၍ ပြင်းထန်လာသည်။ တဖြည်းဖြည်းဖြင့် အရပ်မြင့်မြင့် ပုံရိပ်တစ်ခု လှစ်ဟပေါ်လာသည်။ ထိုပုဂ္ဂိုလ်သည် အပြာရောင်ဝတ်စုံကို ဝတ်ထားကာ သူ့၌ အဝါရောင်မုတ်ဆိတ်များကိုလည်း ပိုင်ဆိုင်ထားသည်။ သူသည် ခန်းမထဲသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်လာသည်။ သူ၏ ခြေလှမ်းတိုင်းသည် ခန်းမကို လှုပ်ရှားခါသွားစေသည့်အလား ထင်ရ၏။

လူတိုင်း၏ အံ့အားတသင့် ဖြစ်နေသော အကြည့်များအောက်၌ သူသည် ခန်းမထဲရှိ လူများအားလုံးကို အရေးစိုက်ဟန် ရှိမနေဘဲ သူ့အကြည့်က ဝမ်ထျန်မင်ထံသို့သာ ကျရောက်သည်။ သူက အားပါးတရ ရယ်မောကာ ပြောလာသည်။

“ကြီးမြတ်လှတဲ့ ဂိုဏ်းခေါင်းဆောင်ဝမ်လည်း ဒီကို ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ကျုပ် ဒီကို လာခဲ့တာ မှန်သွားပုံ ရတယ်။ ကျုပ်က အမြဲတမ်း ဂိုဏ်းခေါင်းဆောင်ဝမ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်နေမိတာ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ခုထိ အဲ့အခွင့်အရေးကို လုံးဝ မရခဲ့သေးဘူး…”

ထိုပုဂ္ဂိုလ်က ဝမ်ထျန်မင်ထံသို့ ရန်စသော အကြည့်ဖြင့် လှမ်းကြည့်သည်။

“ပြန့်ကြဲကြယ်ပင်လယ်များရဲ့ အားအကောင်းဆုံး အကာအကွယ်မိစ္ဆာပညာရပ် ဖြစ်တဲ့ အစ်ကိုမန်ရဲ့ ကောင်းကင်တောင့်ခံ ပညာရပ်တွေကို ကျုပ်ကလည်း မျက်မြင်တွေ့ချင်နေတာပါ။

ဝမ်ထျန်မင်သည် ထိုသူ့ကို အေးစက်စက် ကြည့်ကာ အကြောက်အလန့်ကင်းစွာဖြင့် ပြန်တုန့်ပြန်သည်။

“ဟားဟား…ပြောတာကောင်းတယ်….အပြောကောင်းတယ်။ ကျုပ်ကလည်း ဂိုဏ်းခေါင်းဆောင်ဝမ်ရဲ့ အစစ်အမှန်ကောင်းကင်ရွှေ့လျားခြင်း ပညာရပ်အပေါ် အတွေ့အကြုံ ရချင်နေတာ…”

ထိုသူမှာ ပြုံးဖြီး၍ သူ၏ စိတ်အားထက်သန်မှုကို ဖုံးကွယ်မထားဘဲ ပြန်ပြောလာသည်။

သူ့အတွက် ကံဆိုးသည်မှာ ဂိုဏ်းခေါင်းဆောင်ဝမ်သည် ခုလက်ရှိတွင် မတော်တဆ တခုခုကို မဖြစ်ချင်တာပင်။ သူသည် ရသေ့အိုကြီးနှင့် လယ်သမားအိုတို့ထံသို့ ခပ်တိုးတိုး လှမ်းပြောပြီး ထို့နောက်မှာ သူတို့သုံးယောက်သည် ကျောက်စိမ်းတိုင်လုံးတစ်ခုထံသို့ ပျံသန်းတက်သွားသည်။

ယင်းနောက်မှာ တာအိုရသေ့အိုက ထိုကျောက်စိမ်းတိုင်လုံးပေါ်ရှိ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အဘိုးအိုတစ်ယောက်ထံသို့ လှမ်းပြောသည်။ ထို့နောက်တွင်မူ ၎င်းအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူသည် မျက်နှာသာ ပေးခံရသည့်အလား တခြားနေရာသို့ ဖယ်ပေးလေသည်။

နောက်မှ ရောက်လာသော ပုဂ္ဂိုလ်၏ မျက်နှာထက်တွင်မူ လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သည်။ သူက ခေါင်းမော့ကာ ဘေးပတ်လည်သို့ လှမ်းကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ဝေဝါးကာ ကျောက်စိမ်းတိုင်တစ်ခုပေါ်တွင် ပြန်ပေါ်လာသည်။

ဖြစ်ချင်တော့ ထိုကျောက်စိမ်းတိုင်လုံးမှာ ဟန်လိ ရှိနေသောနေရာ ဖြစ်နေသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ အမူအရာသည် တုန်လှုပ်သွားသည်။

“ထွက်သွား…ဒီနေရာက ငါ့အပိုင်ပဲ…” ထိုလူထူးခြားပုဂ္ဂိုလ်သည် ပေါ်လာသည်နှင့် ဟန်လိထံသို့ အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

ဟန်လိသည် မျက်နှာပျက်သွားသည်။ သူက လက်သီးခပ်တင်းတင်းဆုပ်မိသွားပြီး သည်နေရာတွင် ပေကပ်နေဖို့ တွေးမိလိုက်သေးသည်။ သို့သော် ခဏအကြာတွင် သူသည် ၎င်းကျောက်စိမ်းတိုင်ပေါ်ကနေ ခုန်ဆင်းလိုက်ရသည်။ ဟန်လိ၏ မျက်နှာထက်တွင်မူ ရေခဲလွှာတစ်ခု ဖုံးအုပ်ခြင်း ခံလိုက်ရသည်။ ဤသည်မှာ အလွန်ရှက်ဖွယ်ကောင်းလှသော်လည်း သူသည် အချိန်တခုတော့ သည်းခံတောင့်ခံရဖို့သာ ရှိသည်။

တကယ်တော့ ခန်းမထဲရှိ အတားအဆီးများသည် ကျင့်ကြံသူများ၏ လှုပ်ရှားတိုက်ခိုက်မှုကို တားဆီးထားနိုင်စွမ်း ရှိသော်လည်း စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်အပေါ်တော့ ၎င်းအတားအဆီးက လွှမ်းမိုးနိုင်မှု ရှိ၊ မရှိ မသေချာပေ။ ဟန်လိသည် စိတ်ခံစားချက် တစ်ခုတည်းဖြင့် သူ့အသက်ကို မစွန့်စားချင်ပေ။

စိတ်ထဲ အနိုင်ကျင့်ခံရသည့်အပေါ် မကျေမနပ် ဖြစ်မှုအပေါ် ဖိနှိပ်လျက် အောက်ဘက်ရှိ နေရာလွတ်တစ်ခုကို ရှာကာ ဝင်ထိုင်သည်။ ပညာရှိအိုကြီးကမူ ထိုသူ့ကို လှမ်းကြည့်၍ ပြောလိုက်သည်။

“အစ်ကိုမန်က ရောက်လာတာ‌ အတော်လေး နောက်ကျတာပဲ။ အစ်ကိုမန် စိတ်ပြောင်းသွားပြီး မလာတော့ဘူးလို့တောင် ကျုပ် ထင်တာ။

“ဘာလို့ မလာရမှာလည်း။ အသက်ရှည်စေမယ့် ဆေးလုံးတွေ သန့်စင်နိုင်ဖို့ မျှော်လင့်ချက်ကြောင့် ကျုပ်က ဒီကောင်းကင်လေဟာနယ်ခန်းမကို လာခဲ့တာ။ တချို့ကိစ္စလေးတွေကြောင့် ကျုပ်က အချိန်ဖင့်သွားခဲ့တာပဲ။ ဝမ်ထျန်မင် ရောက်လာတာကတော့ အတော်လေး အံ့အားသင့်ဖို့ ကောင်းတယ်။ သူလည်း သက်ရှည်သစ်သီးက ရင့်မှည့်ပြီဆိုတာကို သိလို့ ဒီသစ်သီးတွေထဲက တချို့ကို ခူးယူချင်တာများလား…”

လူထူးခြားမန်သည် သူ၏ အဝါရောင်မုတ်ဆိတ်ကို ပွတ်သပ်ကာ အနည်းငယ် သံသယဝင်ဟန်ဖြင့် ပြောသည်။

“ကျုပ်လည်း သေချာတော့ မသိဘူး။ ဒီကောင်းကင်လေဟာနယ်ခန်းမထဲမှာ တခြား ထူးခြားတဲ့ ရတနာတွေက မရေမတွက်နိုင်အောင် ရှိတယ်။ ဒါ့ကြောင့် သူ ဒီကို ဘာအတွက် လာခဲ့တယ်ဆိုတာ ဘယ်သူက သိမလဲ…”

ပညာရှိအိုကြီးသည် သံသယဝင်ဟန်ဖြင့် ထိုသို့ ပြောသည်။

သခင်ကြီးကျိနစ်ယင်သည် တစုံတခုကို တွေးမိသွားပုံ ရပြီး သူက ပူပန်စွာဖြင့် ပြောသည်။

“ဝမ်ထျန်မင်က လမ်းမှန်တာအိုဘက်က ထိပ်ပိုင်းခေါင်းဆောင်ပုံရိပ်တွေထဲက တစ်ယောက်ပဲ။ သူက ကောင်းကင်လေဟာနယ်ဒယ်စောက်အတွက်များ ဒီကို ရောက်လာခဲ့တာလား…”

“ကောင်းကင်လေဟာနယ်ဒယ်စောက်လား…။ မဖြစ်နိုင်ဘူး။ ဒီပစ္စည်းကိုသာ အလွယ်တကူ ရနိုင်မယ်ဆို ဒီ့အရင်ထဲက တခြားကျင့်ကြံသူတွေ ယူသွားခဲ့တာ ကြာလောက်ပြီ…”

မန်ဟုဇီ၏ ပြန်အဖြေကို စောင့်မနေဘဲ ပညာရှိအိုကြီးသည် ခေါင်းယမ်းကာ ပြောသည်။

(မှတ်ချက်…မန်ဟုဇီမှာ မုတ်ဆိတ်ကြီးဟု အဓိပ္ပာယ်ရပါသည်။ )

All Chapters