← Chapters

နွီဝါ၊ တာအိုရောင်းရင်း မင်ယွင်

Vol. 56 Ch. 603

နွီဝါ၊ တာအိုရောင်းရင်း မင်ယွင်

Vol. 56 Ch. 603

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ စီစဉ်မှုကို ဘာကန့်ကွက်မှုမှ မရှိပါဘူး။ တကယ်လည်း လွမ်ဟွေအာကာသ လျင်လျင်မြန်မြန် တိုးတက်လာတာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။

အခုလက်ရှိအချိန်မှာ ဟန်ကျွယ်ာ လွတ်လပ်တာအိုပညာရှိ ဖြစ်အောင် ကြိုးစားအားထုတ်ရင်း အလုပ်ရှုပ်နေတာပါ။ ကောင်းကင်အရှင်ရွှမ်တုကလည်း လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မြေအင်မော်တယ်လောကရဲ့ ပဋိပက္ခနတ်ဘီလူးနဲ့ တိုက်ခိုက်ဖို့ အချိန် မရှိပါဘူး။

ဒါကြောင့် ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိ စကားအတိုင်း လိုက်နာဖို့ ပြောလိုက်ပါတယ်။ အဲဒီနောက် လွမ်ဟွေသမားတွေထဲက အလားအလာ အကောင်းဆုံးလူတွေကိုလည်း ပိုပြီးတော့ ဂရုတစိုက်ရှာဖွေဖို့ မှာကြားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ နောက်ထပ် ပဋိပက္ခ နတ်ဘီလူးကို မြေအင်မော်တယ်ကမ္ဘာကနေ ရွေးချယ်ဖို့ စီစဉ်ထားပါတယ်။ ကောင်းကင်တာအိုပညာရှိတွေထဲမှာ ကောင်းကင်အရှင်ရွှမ်တုပဲ မြေအင်မော်တယ်ကမ္ဘာကို အာရုံစိုက်တာပါ။ ဒါပေမဲ့ ကောင်းကင်တာအိုနဲ့ မြေအင်မော်တယ်ကမ္ဘာက ဝေးကွာလွန်းတဲ့အတွက် ကောင်းကင်အရှင်ရွှမ်တုဟာ သိပ်ပြီးတော့ အာရုံစိုက်အားမှာ မဟုတ်ပါဘူး။

ပဋိပက္ခနတ်ဘီလူး ဆက်ခံသူ အရေအတွက်က အကန့်အသတ် ရှိပါတယ်။ ဟန်ကျွယ်အနေနဲ့ ပဋိပက္ခ နတ်ဘီလူး သုံးထောင်လုံးကို သက်ရှိတွေချည်းပဲ ခန္ဓာသိမ်းခိုင်းလို့ မဖြစ်ပါဘူး။ သူတို့ဘာသာ ဖြစ်တည်လာတဲ့ ပဋိပက္ခနတ်ဘီလူးတွေကိုလည်း လိုအပ်ပါတယ်။

နာရီအနည်းငယ် စကားပြောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်ပြီး အန္တိမမူလ မဟာတာအိုနဲ့ ဆက်ပြီးတော့ ပေါင်းစပ်ပါတယ်။ နောက်ထပ် နှစ်တစ်သောင်းအတွင်း သူက ကျိန်းသေပေါက် လွတ်လပ် တာအိုပညာရှိ ဖြစ်လာတော့မယ် မဟုတ်ပါလား။

အင်မော်တယ်ကမ္ဘာ၊ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ။

ဟန်ထော်နဲ့ ယီတျန်ဟာ ရင်ဘောင်တန်းပြီး လမ်းလျှောက်နေပါတယ်။ သူတို့နှစ်ယောက်ဟာ ပေါ့ပေါ့ပါးပါးရှိပြီး စကားပြောရင်း ရယ်မောနေကြပါတယ်။ သူတို့နှစ်ယောက်ဟာ အခုဆိုရင် နတ်မင်းအဆင့်ကို ရောက်နေကြပါပြီ။ ယီတျန်ကတော့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်နဲ့ အတော်လေးကို နီးကပ်နေပါပြီ။

“ဒီနေရာက တကယ်ပဲ လူသေကို အသက်ပြန်သွင်းနိုင်တာလား၊ ဒီလောက်နှစ်တွေ ကြာပြီးနောက်မှာ မင်းမိဘတွေက အကြိမ်တစ်သောင်းလောက် ပြန်မွေးဖွားပြီးလောက်ပြီ” ယီတျန်က ခေါင်းခါပြီး ကူကယ်ရာမဲ့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

မိဘနဲ့ ဇနီးသည်က ဟန်ထော်ရဲ့ စွဲလမ်းမှု ဖြစ်လာခဲ့ပြီး ကျင့်ကြံမှုကိုတောင် သက်ရောက်လာတဲ့အတွက် ယီတျန်ဟာ ဟန်ထော်နဲ့အတူ ပြန်လည်မွေးဖွားခြင်းနယ်မြေကို လိုက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်တစ်ခေါက်တုန်းက ဟန်ထော်ဟာ ဒီနေရာမှာ သေလုနီးပါး ဖြစ်ခဲ့တယ် မဟုတ်ပါလား။

ဟန်ထော်ရဲ့ ခေါင်းထက်မှာ ဝိညာဉ်တစ်ပါး ပေါ်လာပါတယ်။ ဒီဝိညာဉ်က ကပ်ဘေးရန်ငြိုးပါ။ အတိတ်မှာတုန်းက ကပ်ဘေးရန်ငြိုးဟာ ဟန်ထော်ကို ခန္ဓာသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ဟန်ကျွယ်ကြောင့် ဟန်ထော်ရဲ့ အစေခံ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းသောင်းချီ ကုန်လွန်ပြီး နောက်မှာတော့ ဟန်ထော်နဲ့ ကပ်ဘေးရန်ငြိုးဟာ သေအတူရှင်မကွာ မိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ အရင်လို သခင် အစေခံ ဆက်ဆံရေးမျိုး မဟုတ်တော့ပါဘူး။

ကပ်ဘေးရန်ငြိုးက လေးနက်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒီနေရာမှာ တစ်ခုခုမှားနေတယ်၊ သတိမပြတ်စေနဲ့”

ယီတျန်ဟာ ကပ်ဘေးရန်ငြိုးကို လေးစားတုန်းပါ။ ဘာပဲဖြစ်ဖြစ် ကပ်ဘေးရန်ငြိုးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဖြစ်ပြီး ပြီးခဲ့တဲ့ကပ်ဘေးက မရေမတွက်နိုင်တဲ့ သရဲတွေရဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားတာ မဟုတ်ပါလား။ ကပ်ဘေးရန်ငြိုးကလည်း ဟန်ထော်နဲ့ ယီတျန်ကို အင်မော်တယ်ကမ္ဘာရဲ့ သမိုင်းတွေ ပြောပြပြီး အမြင်ကျယ်စေပါတယ်။

ဟန်ထော်က ပြောလိုက်ပါတယ် “ငါတို့က အရင်လိုမှ မဟုတ်တော့တာ၊ ဘာမှမဖြစ်လောက်ပါဘူး”

ဒီလိုနဲ့ သူတို့သုံးယောက်ဟာ ရှေ့ဆက် လျှောက်ကြပါတယ်။

သူ့မှတ်ဉာဏ်အတိုင်း ဟန်ထော်ဟာ အရင်တစ်ခေါက် သူလာခဲ့တဲ့နေရာကို ပြန်သွားပြီး ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေရဲ့ အရှင်သခင်ကို အော်ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ သခင်ရဲ့ အသံ ထွက်ပေါ်လာပါတယ်။

“မင်းပါလား”

နှစ်သောင်းချီ ကြာပြီးတာတောင် တစ်ဖက်လူက သူ့ကို မှတ်မိနေသေးတဲ့အတွက် ဟန်ထော်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။ အရင်တစ်ခေါက်က သူခံခဲ့ရတာကို ပြန်အမှတ်ရသွားတာလည်း ပါပါတယ်။

“နေအုန်း... ဒီလူက တစ်ခုခုမှားနေတယ်” ကပ်ဘေးရန်ငြိုးက ရုတ်တရက် ကြောက်လန့်တကြား ထအော်ပါတယ်။

ယီတျန်က တအံတဩ မေးလိုက်ပါတယ် “ဘာမှားလို့လဲ”

“သူ့ရောင်ဝါက ကောင်းကင်တာအိုသက်ရှိရဲ့ ရောင်ဝါ မဟုတ်ဘူး” ကပ်ဘေးရန်ငြိုးဟာ ကတုန်ကယင် ပြန်ဖြေလိုက်ပါတယ်။

ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ သခင်က ရယ်မောလိုက်ပါတယ် “ဟားဟား... အငြိုးအတေးတွေကနေ ဖြစ်လာတာလား... စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ မင်းက ငါ ဘယ်သူလဲဆိုတာကို မြင်မှတော့ ဒီနေရာကနေ ထွက်သွားဖို့ မကြံတော့နဲ့”

အနက်ရောင် အက်ကြောင်းဟာ ရုတ်တရက် ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးမားကျယ်ပြန့် သွားပါတယ်။ ဒီအနက်ရောင် အက်ကြောင်းထဲမှာ အေးစက်တဲ့ ဧရာမ မျက်လုံးကြီးတစ်လုံး ပေါ်လာပြီး ဟန်ထော်တို့ သုံးယောက်ကို စိုက်ကြည့်လိုက်ပါတယ်။ ယီတျန်ဟာ ချက်ချင်း ရွှေတုတ်ချောင်းကို ထုတ်ယူပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါတယ်။

ပဋိပက္ခနက်၊ အန္တိမမူလ မဟာတာအိုထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ နှစ်ငါးထောင် ကုန်ဆုံးသွားပါပြီ။ ဟန်ကျွယ်ဟာ အောင်မြင်မှုနဲ့ ပိုပိုနီးကပ်လာပါပြီ။

ဟန်ကျွယ်ဟာ နောက်ထပ် ရုပ်သွင်တစ်ခုက အန္တိမမူလ မဟာတာအိုကို စိုက်ကြည့်နေတာ ရုတ်တရက် ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူ လက်ရည်စမ်းပွဲကိုသုံးပြီး စစ်ဆေးလိုက်ပါတယ်။

[နွီဝါ: မဟာတာအိုပညာရှိ၊ အနန္တဧကရာဇ်၊ လူသားမျိုးနွယ်စု ဖန်တီးရှင်]

‘သူက ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ...’

နွီဝါကို တောက်ပတဲ့ အလင်းရောင်က ရစ်ပတ်ထားတာကြောင့် ဟန်ကျွယ်ဟာ နွီဝါကို မမှတ်မိတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တယ်ဆိုရင်တောင် ဟန်ကျွယ်ဟာ ထွက်ပြီးတော့ မိတ်ဆက်ဖို့ အစီအစဉ် မရှိပါဘူး။ ဟန်ကျွယ်ဟာ နွီဝါကို အမြဲတမ်းတမ်း သတိကြီးကြီး ထားခဲ့တာပါ။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး နွီဝါနဲ့ တိုက်ခိုက်လိုက်ပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ နွီဝါသတ်တာကို ခံလိုက်ရပါတယ်။ တိုက်ပွဲတစ်ခုလုံးကို ငါးမိနစ်ပဲ ကြာပါတယ်။ မဟာတာအိုပညာရှိက တကယ်ကို စွမ်းအားကြီးလွန်းတာပါ။

ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘နွီဝါက ဘယ်လိုလုပ်ပြီး ကောင်းကင်တာအို ပညာရှိကနေ မဟာတာအိုပညာရှိအဆင့်ကို ခုန်တက်သွားတာလဲ... လွတ်လပ်တာအိုပညာရှိအဆင့်ကို ကျော်ဖြတ်စရာ မလိုဘူးလား...’

‘ဒါမှမဟုတ် နွီဝါက နဂိုကတည်းက လွတ်လပ်တာအိုပညာရှိလား၊ ကောင်းကင်အရှင်ရွှမ်တုနဲ့ ကောင်းကင်အရှင်ဝူဖာလိုမျိုး ကျင့်ကြံမှုကို ဖိနှိပ်ပြီး ကောင်းကင်တာအိုပညာရှိ လုပ်နေတာလား...’

ဟန်ကျွယ်ဟာ ပဟေဠိ ဖြစ်သွားပေမဲ့ သက်တမ်းသုံးပြီး မတွက်ချက်ပါဘူး။ ဘာပဲဖြစ်ဖြစ် နွီဝါကို မဟာတာအိုပညာရှိအဖြစ် ဆက်ဆံရုံပါ။

အချိန်အတန်ကြာလို့ ဟန်ကျွယ် တာအိုဆက်ပေါင်းစပ်ဖို့ ပြင်ဆင်လိုက်တဲ့အခါ နောက်ထပ် ရုပ်သွင်တစ်ခု ထပ်ပေါ်လာပါတယ်။ ဒီလူက အန္တိမမူလ မဟာတာအိုရဲ့ တခြားတစ်ဖက်မှာ ပေါ်လာတာ ဖြစ်ပြီး နွီဝါနဲ့ ခပ်လှမ်းလှမ်းမှာ နေပါတယ်။

“နွီဝါကလည်း ဒီမဟာတာအိုကို မျက်စိကျနေတာလား၊ ငါတို့တွေ ရေစက်ပါတယ် ထင်တယ်”

လှောင်ပြောင်သရော်သံ တစ်သံ ထွက်ပေါ်လာပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ပါးဟာ သူတို့ မျက်စိကျနေတဲ့ အန္တိမမူလ မဟာတာအိုထဲမှာ တစ်စုံတစ်ယောက် ရှိနေတာကို လုံးဝ အာရုံမခံမိကြပါဘူး။

နွီဝါက တည်ငြိမ်စွာပဲ ပြောလိုက်ပါတယ် “ငါက ဒီမဟာတာအိုကို မျက်စိကျနေတာ မဟုတ်ဘူး၊ ဒီမဟာတာအိုရဲ့ မွေးဖွားမှုက မဟာတာအို အနန္တကပ်ဘေးနဲ့ ဆက်စပ်နေလိမ့်မယ်လို့ သံသယရှိနေတာ”

“ဟီးဟီး... ဧကရီက တော်တော်လေး ကရုဏာတရား ကြီးမားပြီး ပဋိပက္ခအတွက် စိုးရိမ်ပေးတက်တာပဲ”

“တာအိုရောင်းရင်း မင်ယွင်ကရော ဘာအတွက်လဲ၊ ရှင့်လူ တာအိုပညာရှိ မင်ကျွယ်က သေသွားပြီနော်၊ ရှင်က သူ့ကိုတော့ ဂရုမစိုက်ဘဲ ဒီမဟာတာအိုအသစ်ကို လာဂရုစိုက်နေတာလား”

“အဲဒီကျေးဇူး မသိတက်တဲ့ တပည့် သေသေရှင်ရှင် ဘာကိစ္စလဲ၊ ဒါပေမဲ့ ဒီမဟာတာအိုက ငါနဲ့ ရေစက်ပါတယ်၊ ဧကရီ မေ့ပစ်လိုက်ဖို့ အကြံပေးချင်တယ်၊ မဟုတ်လို့ကတော့ တာအိုဘိုးဘေးရဲ့ ကိုယ်ပိုင်တပည့်ကို မျက်နှာသာမပေးတယ် မပြောနဲ့”

နွီဝါက ဘာမှပြန်မပြောတဲ့အတွက် ပဋိပက္ခနက်ဟာ ပြန်တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ကတော့ ဒီအပြန်အလှန် စကားတွေကို ကြားပြီး လန့်သွားပါတယ် ‘တာအိုပညာရှိ မင်ကျွယ်မှာ တကယ်ကြီး ဒီလိုမျိုး နောက်ခံ ရှိနေတာလား...’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ စနစ်သုံးပြီး စစ်ဆေးလိုက်ပါတယ်။

[တာအိုရောင်းရင်း မင်ယွင်: မဟာတာအို နတ်စိတ်ဝိညာဉ်၊ ပဋိပက္ခ နတ်ဘီလူး။]

အကြောင်းအရာက နှစ်ခုတည်းဆိုပေမဲ့ အတော်ကြောက်ဖို့ ကောင်းပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်ရော ပဋိပက္ခ နတ်ဘီလူးရော ဖြစ်နေတာပါ။

‘ကံတရား မဟာတာအိုကနေ ဖြစ်ပေါ်လာတာများလား..’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

နွီဝါနဲ့ တာအိုရောင်းရင်း မင်ယွင်ဟာ စကားပြောတာ ရပ်သွားပါတယ်။ ဒီလိုနဲ့ အချိန်အတော်ကြီး ကြာသွားတဲ့အခါမှာတော့ နှစ်ယောက်စလုံး ထွက်ခွာသွားပါတယ်။ ဒီတော့မှပဲ ဟန်ကျွယ်ဟာ တာအိုဆက်ပေါင်းစပ်ပါတယ်။

ပဋိပက္ခနက်က ဟန်ကျွယ်ကို တကယ် အမြင်ကျယ်သွားစေပါတယ်။ ဒီနေရာမှာ ဘာမှမရှိပေမဲ့ ဒီနေရာက တကယ်ကို တောတွင်းဥပဒေသ ကြီးစိုးတဲ့နေရာပါ။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ တက်နိုင်သလောက် မြန်မြန် ပေါင်းစပ်ပြီး ဒီအဆင့်မြင့် မြေပုံကနေ အမြန်ဆုံး ထွက်သွားချင်လှပါပြီ။

ဟန်ကျွယ်အတွက် ကောင်းကင်တာအို အင်မော်တယ်ကမ္ဘာမှာ နေတာက အကောင်းဆုံးပါ။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ ကောင်းကင်အရှင် ရွှမ်တု၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖူရှီနဲ့ ဧကရာဇ်ရှောင်တို့ရဲ့ မျက်နှာတွေဟာ မဲမှောင်နေပါတယ်။ ဧကရီဟုတ်ထိုဟာ တာအိုပညာရှိတွေရဲ့ မျက်နှာကို အကဲခတ်ရင်း ဘာဖြစ်ခဲ့တယ်ဆိုတာကို နားလည်သွားပါတယ်။

ဧကရီဟုတ်ထိုက ပြောလိုက်ပါတယ် “ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိကို အနိုင်မယူနိုင်ဘူး ဆိုမှတော့ အင်မော်တယ်ကမ္ဘာကို စောင့်ကြပ်ရုံပဲ ရှိတော့တယ်၊ မကြာသေးခင်ကမှ အမှောင်ဘုရင် တာအိုပညာရှိက ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကိုသုံးပြီး အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတွေကို ထပ်ဖမ်းသွားတယ်၊ ဒီအဖမ်းခံရတဲ့အထဲမှာ ကောင်းကင်တာအို သားတော်နဲ့ ဟန်ကျွယ်ရဲ့ သားလည်း ပါတယ်”

ဒီစကားကြောင့် တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ မျက်လုံးတွေဟာ အရောင် လက်သွားပါတယ် “ဟန်ကျွယ်ရဲ့သား အဖမ်းခံလိုက်ရတာလား၊ ဒါဆို သူ လှုပ်ရှားတော့မယ်ပေါ့”

ချုံရှီလိုင်က ခေါင်းခါလိုက်ပါတယ် “အတိအကျ ပြောလို့ မရဘူး၊ ဟန်ကျွယ်က သူ့သားကို ဂရုစိုက်တာ မဟုတ်ဘူး၊ မဟုတ်ရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ပြန်ခေါ်တာ ကြာလှပြီ”

“ဟန်ကျွယ်သာ သူ့သားကို ဂရုစိုက်တယ်ဆိုရင် ဒီကိစ္စကို အာရုံခံမိမှာပဲ၊ အခု သူ ထွက်မလာဘူးဆိုတော့ သူ့သားကို စိုးရိမ်တာထက် အမှောင်ဘုရင် တာအိုပညာရှိကို ပိုကြောက်တာလည်း ဖြစ်နိုင်တယ်”

“ဟင်း... အဲဒီခွေးမသား အမှောင်ဘုရင် တာအိုပညာရှိက ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ”

“ငါ အဆုံးသတ် အပျက်အဆီး နတ်ဘုံက ဆရာဆီ ဆက်သွယ်ကြည့်သေးတယ်၊ ဆရာပြောတာတော့ အမှောင်ဘုရင် တာအိုပညာရှိကို သတ်ဖို့ အချိန် မရှိဘူးတဲ့၊ အဆုံးသတ်အပျက်အစီး နတ်ဘုံမှာလည်း ပြဿနာအကြီးကြီး တက်နေတယ်တဲ့”

“ကြည့်ရတာ အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ကွယ်မှာ အင်အားစုကြီးတစ်စု ရှိနေပုံပဲ၊ သူတို့က အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ အင်မော်တယ်ကမ္ဘာကို တစ်ချိန်တည်း တိုက်ခိုက်တာ ဖြစ်ရမယ်”

“ဒါ အဖြစ်နိုင်ဆုံးပဲ၊ ဒါပေမဲ့ သူတို့တွေ ဘယ်အင်အားစုကလဲဆိုတာ ငါတို့တွေ မသိဘူး၊ ငါတို့အဆင့်ကနိမ့်တော့ အင်မော်တယ်ကမ္ဘာကို ဂရုစိုက်ရုံပဲ တက်နိုင်တော့တာပေါ့”

တာအိုပညာရှိတွေဟာ သက်ပြင်းချလိုက်ပါတယ်။ သူတို့တွေဟာ အင်‌မော်တယ်ကမ္ဘာမှာ ဘုန်းတန်ခိုးကြီးပြီး သက်ရှိတိုင်း လေးစားကြည်ညိုရတဲ့ ကောင်းကင်တာအိုနဲ့ ညီမျှတဲ့ တည်ရှိမှုတွေ ဆိုပေမဲ့ ကောင်းကင်တာအို အပြင်ဘက်မှာတော့ အင်မော်တယ်ကမ္ဘာက သက်ရှိတွေနဲ့ ဘာမှမခြားပါဘူး။ သူတို့ဆရာသခင်တွေရဲ့ စကားကို နားထောင်ရတဲ့ နယ်ရုပ်တွေပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters