← Chapters

တာအိုပညာရှိတို့ရဲ့ အတွေးများ

Vol. 56 Ch. 608

တာအိုပညာရှိတို့ရဲ့ အတွေးများ

Vol. 56 Ch. 608

မြေအင်မော်တယ်ကမ္ဘာ၊ ဒုတိယ တာအိုစက်ကွင်း။

ကောင်းကင်အရှင်ရွှမ်တုနဲ့ စကားပြောပြီးသွားတဲ့ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းမှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တာအိုစက်ကွင်းအစောင့်ကို အပြင်ထုတ်လိုက်ပါတယ်။

ဒီတာအိုအစောင့် အသစ်က လီမုယဲ့ကို ပုံတူကူးထားတာပါ။

“အခုအချိန်ကစပြီး မင်းနာမည်က တုန်းကျိုးပဲ”

တုန်းကျိုးဟာ သူ့နာမည်အတွက် ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်ပြီး ထွက်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရန်တုကို ကြည့်လိုက်ပါတယ်။ ရန်တုဟာ အင်မော်တယ်အဆင့်ကို ရောက်သွားပါပြီ။ သူ့နောက်မှာ အထက်နတ်ဘုရား ၁၂ ပါးနဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် ရှိနေတာကြောင့် ပြဿနာတော့ သိပ်မရှိနိုင်ပါဘူး။

ဟန်ကျွယ်ဟာ တခြားသင့်တော်တဲ့ ပဋိပက္ခနတ်ဘီလူးလောင်းလျာတွေကို စပြီးတော့ ရွေးချယ် စိစစ်ပါတယ်။

ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ရဖို့က မလွယ်ပါဘူး။ သုံးထောင်ဆိုရင်တော့ ပြောမနေပါနဲ့။ အခု ဟန်ကျွယ်ဟာ နှစ်တစ်သိန်းမှ တစ်ကြိမ်ပဲ စနစ်ပေးတဲ့ ရွေးချယ်မှုကို ရတာပါ။ အဆင့်ထိုး‌ဖောက်ဖို့ ဆိုတာကလည်း နှစ်သောင်းချီမှာ တစ်ကြိမ်ပဲ ထိုးဖောက်နိုင်တာပါ။ နောက်ကျရင် ဒီထက်တောင် ပိုကြာအုန်းမှာပါ။

ဟန်ကျွယ်ဟာ နတ်ဘီလူးလောင်းလျာတွေကို ရွေးချယ်စိစစ်တဲ့အခါမှာ အချက်အလက် အများကြီးကို ထည့်သွင်း စဉ်းစားပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ မြေအင်မော်တယ်ကမ္ဘာရဲ့ ကံတရားမြစ်ကို ထိုးဖောက်ပြီး အတိတ် ပစ္စုပ္ပန် အနာဂတ်ကို အကဲခတ်ပါတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို လေ့လာအကဲခတ်တာက အဲဒီလူရဲ့ ကိုယ်ကျင့်တရားနဲ့ လုပ်ဆောင်မှုတွေကို သိနိုင်ပါတယ်။

၂၇ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးလောင်းလျာ ငါးဦးကို ရွေးချယ်ပြီး ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ် သင်ပေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ဘီလူးလောင်းလျာတွေကို ထပ်ဂရုမစိုက်တော့ဘဲ ပစ်ထားလိုက်ပါတယ်။

နတ်ဘီလူးလောင်းလျာ ဖြစ်လာဖို့ ပထမဆုံးကျော်ဖြတ်ရမှာက ရှင်သန်ကျန်ရစ်ဖို့ပါ။ ဒီနေရာလေးမှာတောင် မရှင်သန်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ပဋိပက္ခနတ်ဘီလူး ဖြစ်လာဖို့ အရည်အချင်း ပြည့်မှီမှာလဲ။

ဟန်ကျွယ်ဟာ နတ်ဘီလူးလောင်းလျာတွေကို ပဋိပက္ခနတ်ဘီလူး မဖြစ်ခင်ကတည်းက ခိုင်မာပြတ်သားတဲ့ နှလုံးသားရှိပြီး ကိုယ်ပိုင်လျှောက်လမ်းနေတဲ့ လမ်းစဉ် ရှိစေချင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး ဟန်ယွီကို ကြည့်လိုက်ပါတယ်။ လီတောက်ခုံး နတ်ဆိုးတွေကို သတ်ဖြတ်ပြီးကတည်း ပုကျိုးနတ်တောင်ဟာ အန္တရာယ်ရှိတဲ့နေရာတစ်ခုအဖြစ် နာမည်ဆိုးတွင်ပြီး ရောက်လာတဲ့လူ တော်တော်နည်းသွားပါတယ်။ ဒါကြောင့် ပုကျိုးနတ်တောင်တစ်ခုလုံး အလွန်တရာမှာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

ဟန်ယွီဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပြီး ပုကျိုးနတ်တောင်ရဲ့ ထောင့်တစ်ရာနေမှာ ကျင့်ကြံအားထုတ်နေပါတယ်။

ဟန်ကျွယ်ရဲ့ ဟန်ယွီအပေါ် စိတ်ဝင်စားမှုဟာ ရုတ်တရက် လျော့ကျသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီမျက်နှာကို မြင်ရတာ ရိုးအီလာပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ယွီမှာ နောက်ခံရှိသွားပြီမို့ ဟန်ကျွယ်ဟာ ထပ်ပြီးတော့ ဝင်မပါချင်တော့ပါဘူး။

အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ဟန်ယွီကို အသုံးချပြီး ဟန်ထော်ကို လှုံ့ဆောင်ချင်တာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခနက်ထဲကို သွားပြီးကတည်းက ကောင်းကင်တာအို အပြင်ဘက်မှာရှိတဲ့ လောကဟာ အလွန်တရာ ကြီးမားကျယ်ပြန့်မှန်း သဘောပေါက်သွားပါတယ်။ ဒါကြောင့် ဟန်ထော်ရဲ့ ပြိုင်ဘက်က သူ့ဘာသာ အလိုလိုပေါ်ပေါက်လာမယ်ဆိုတာကို နားလည်လိုက်ပါတယ်။ သူ့အနေနဲ့ တကူးတက ပြုစုပြိုးထောင်နေစရာ မလိုပါဘူး။

ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုကို ကြည့်လိုက်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုက တိတ်ဆိတ်ဂိုဏ်းရဲ့ အကြီးမားဆုံး ထောက်ပံ့ရာနေရာတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုကို နည်းနည်း အာရုံစိုက်ပါတယ်။

ဒီကြားထဲမှာ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့က တစ်ခုခုမှားယွင်းနေပါတယ်။ ကောင်းကင်တာအိုက ခပ်သဲ့သဲ့ ငြင်းဆန်နေသလိုပါပဲ။ ဟန်ကျွယ်လည်း အကြောင်းရင်းကို လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါ တိတ်ဆိတ်သွားရပါတယ်။

အကြောင်းကတော့ မိုးကောင်းကင်မျိုးနွယ်စုဟာ အင်မော်တယ် နတ်ဘုရားတွေရဲ့ ကိုယ်စားလှယ် ဖြစ်လာပေမဲ့ တာဝန်တွေကို မဆောင်ရွက်လို့ပါပဲ။ ဂျိရှင်းရှန်က မိုးကောင်းကင်မျိုးနွယ်စုအတွက် နယ်မြေချဲ့ထွင်ဖို့ တိုက်ခိုက်ရင်း အလုပ်များနေတာကြောင့် သူတို့လက်အောက်မှာရှိတဲ့ သက်ရှိတွေကို ဂရုစိုက်ဖို့ မေ့လျော့နေပါတယ်။

သက်ရှိတွေက ကပ်ဘေးတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ မိုးကောင်းကင်မျိုးနွယ်စုကို ငိုယိုပြီး အကူအညီတောင်းကြပေမဲ့ ဘာတုံ့ပြန်မှုမှ မရရှိကြပါဘူး။ သက်ရှိတစ်သောင်းလောက်ဆိုရင် ကိစ္စမရှိပေမဲ့ အရေအတွက်က ပိုပိုများလာပါတယ်။ သက်ရှိအားလုံး ဒုက္ခရောက်ပြီး မိုးကောင်းကင်မျိုးနွယ်စုကို မကျေနပ်တဲ့အခါ ဒီကိစ္စက မိုးကောင်းကင်မျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ကို မတည်မငြိမ် ဖြစ်စေပါတော့တယ်။

လက်ရှိ အင်မော်တယ်ကမ္ဘာက သာယာဝပြောတယ်ဆိုပေမဲ့ အရေးအကြီးဆုံးတစ်ခု လိုအပ်နေပါသေးတယ်။ အဲဒါကတော့ ဥပဒေပါ။

ကောင်းကင် နိယာမ တစ်နည်းအားဖြင့် ကောင်းကင် ဥပဒေပါ။

ကောင်းကင်တာအို ပြန်မစခင်က စကြဝဠမှာရှိတဲ့ အနန္တကမ္ဘာဟာ လူသားတွေကို အုတ်မြစ်အဖြစ် အသုံးပြုပါတယ်။ အဆိုး အကောင်းကိုလည်း သေချာ ခွဲခြားထားပါတယ်။ မကောင်းတာ လုပ်တဲ့လူတွေက ငရဲပြည်ကိုသွားပြီး အပြစ်ခံရသလို ကောင်းတာလုပ်တဲ့လူတွေကလည်း အင်မော်တယ်တွေ ဖြစ်ကုန်ပါတယ်။

တိကျသေချာတဲ့ စည်းမျဉ်းစည်းကမ်း မရှိတာအပြင် မိုးကောင်းကင်မျိုးနွယ်စုက တခြားအပြစ်တွေ အများကြီးကိုလည်း ကျူးလွန်ထားပါတယ်။ ဒီလို အပြစ်ကျူးလွန်တဲ့အထဲမှာ တိတ်ဆိတ်ဂိုဏ်းသားတွေလည်း ပါပါတယ်။ ဒီကိစ္စက ဘယ်တော့မှ အဆုံးမသတ်နိုင်မဲ့ အရာတစ်ခုပါ။

ဟန်ကျွယ်ဟာ ဒီကိစ္စကို ကြည့်ရုံသာကြည့်ပြီး ဝင်ပါဖို့စိတ်ကူး လုံးဝ မရှိပါဘူး။ သေမျိုးကမ္ဘာက မကောင်းမှုတွေနဲ့ ပြည့်နေပါတယ်။ သက်ရှိအားလုံးကလည်း ပုံစံမျိုးစုံ ရှိပါတယ်။ တာအိုပညာရှိတွေဟာ သေမျိုးတိုင်းကို လိုက်ပြီးတော့ မထိန်းချုပ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ ယေဘုယျအခြေအနေကိုပဲ ဂရုစိုက်ပါတယ်။ သူ ထောက်ပံ့ထားတဲ့ မိုးကောင်းကင်မျိုးနွယ်စုက မကောင်းဆိုးဝါး ဖြစ်လာရင် ဟန်ကျွယ်က လမ်းမှန်ရောက်အောင် ဖျောင်းဖျမှာပါ။ ဒီလိုမှ မရဘူးဆိုရင်တော့ ဖျက်ဆီးပစ်ပြီး တခြားလူကို ‌နောက်ကနေ ပံ့ပိုးပေးမှာပါ။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ အတိတ်က တာအိုပညာရှိတွေရဲ့ စိတ်နေသဘောထားကို ရုတ်တရက် နားလည်လိုက်ပါတယ်။ တာအိုပညာရှိဂိုဏ်းတွေ အကြိမ်များစွာ ဖျက်ဆီးပြီး အကြိမ်များစွာ ပြန်ဖွဲ့စည်းတာက တာအိုပညာရှိတွေ လိုချင်တာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ လွတ်လပ် တာအိုပညာရှိ ဖြစ်သွားပြီ ဆိုပေမဲ့ ဘဝမြင့်ပြီး ကျင့်ကြံအားထုတ်ဖို့ကိုတော့ မေ့မသွားပါဘူး။

ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ဟန်ကျွယ်ဟာ အချိန်မဖြုန်းဘဲ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ဖို့ လိုအပ်ပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးကာ မျက်တောင်တစ်ခတ်အတွင်း နှစ် ၇၀၀ ကြာသွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို ရုတ်တရက် အိပ်မက်ပေးပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံအားထုတ်မှုကို နှောင့်ယှက်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ခရီးနှင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို သူ ထွက်သွားတဲ့ကိစ္စကို မသိစေပါဘူး။

စကြဝဠာခန်းမ။

ဟန်ကျွယ်ရောက်သွားတဲ့အခါ တခြားတာအိုပညာရှိတွေ စုံနေတာကို တွေ့လိုက်ရပါတယ်။

ကောင်းကင်အရှင်ဝူဖာက မျက်နှာသေနဲ့ရှိပြီး ချုံရှီလိုင်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဖူရှီနဲ့ ဧကရာဇ်ရှောင်ကတော့ ဟန်ကျွယ်ကို မသိမသာ ခေါင်းညိတ်ပြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “အဆုံးသတ် အပျက်အစီး နတ်ဘုံက စပြီးတော့ လှုပ်ရှားနေပြီ၊ ငါတို့လည်း လှုပ်ရှားသင့်ပြီ၊ မတော်တဆ မဖြစ်ရအောင် ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ လိုတယ်”

တာအိုပညာရှိတွေဟာ ‌ခေါင်းညိတ်လိုက်ပြီး စကြဝဠခန်းမကနေ ပျောက်ကွယ်သွားကြပါတယ်။ သူတို့တွေဟာ အမှောင်တားမြစ်နယ်မြေကို ရောက်သွားကြပြီး လျင်မြန်စွာ ခရီးနှင်ကြပါတယ်။

တာအိုပညာရှိရောင်ဝါက အမှောင်တားမြစ်နယ်မြေမှာ ဖုံးကွယ်လို့ မရပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ ကြားထဲ ရောဝင်ပြီး ရှေ့ဆုံးက မသွားသလို နောက်ဆုံးကနေလည်း မလိုက်ဘဲ အလယ်မှာ နေပါတယ်။

ချုံရှီလိုင်က ရုတ်တရက် ပြောလိုက်ပါတယ် “ငါ့လက်အောက်ငယ်သား လောကဦးပဋိပက္ခဗုဒ္ဓကိုလည်း အမှောင်ဘုရင် တာအိုပညာရှိက ဖမ်းသွားတယ်၊ သူ အသက်ရှင်နေသေးရဲ့လား မသိဘူး”

ချုံရှီလိုင် စကားစလိုက်တာနဲ့ တခြားတာအိုပညာရှိတွေကလည်း စကားစပြောကြပါတယ်။ တာအိုပညာရှိအားလုံးရဲ့ လက်အောက်ငယ်သားတွေဟာ အမှောင်ဘုရင် တာအိုပညာရှိ ဖမ်းဆီးတာကို ခံထားရပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိက တာအိုပညာရှိ အကုန်လုံးကို ရန်စတာဆိုရင် မမှားပါဘူး။

တောင်ဘက်စွန်း ကောင်းကင်အရှင်က ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန် ငါတို့ကို ပြောစမ်းပါ၊ နိုင်ချေဘယ်လောက်ရှိလဲ”

တခြားတာအိုပညာရှိတွေကလည်း လှည့်ကြည့်ကြပါတယ်။ တာအိုပညာရှိတွေဟာ အရင်တုန်းကလည်း အတူပူးပေါင်းပြီး အမှောင်ဘုရင် တာအိုပညာရှိကို တိုက်ခိုက်ခဲ့ပေမဲ့ မယှဉ်နိုင်ခဲ့ပါဘူး။ အခုဒီတစ်ခါမှာတော့ မသိကိန်း ဟန်ကျွယ် ပါလာပါတယ်။

ဟန်ကျွယ် လီမုယဲ့ကို သတ်တာက အမှောင်ဘုရင် တာအိုပညာရှိ တာအိုပညာရှိ သူတို့တွေကို အနိုင်ယူတာထက် အများကြီး ပိုမြန်ပါတယ်။ ဒါပေမဲ့ လီမုယဲ့က ဟန်ကျွယ်နဲ့ မတိုက်ခိုက်ခင် အမှောင်ဘုရင် တာအိုပညာရှိ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က အင်မော်တယ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး တာအိုပညာရှိပါ။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ငါနဲ့ အမှောင်ဘုရင် တာအိုပညာရှိက တစ်ခါမှ မတွေ့ဖူးတော့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ”

ချုံရှီလိုင်ဟာ ဟန်ကျွယ်စကား ဆိုလိုရင်းကို နားလည်တာကြောင့် ချက်ချင်း ပြောလိုက်ပါတယ် ‘တာအိုရောင်းရင်းဟန်ကို ဖိအားမပေးပါနဲ့၊ ငါတို့တွေ တကယ် တိုက်ခိုက်ကြရင် သူ့ကို လျစ်လျူရှုထားဟန် ဆောင်ဖို့လိုတယ်၊ ဒါမှ ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်မှာ”

ကောင်းကင်အရှင်ရွှမ်တုက ဝင်ပြောပါတယ် “ဒီတိုက်ပွဲမှာ ငါ လွတ်လပ်မှု စွမ်းအားကို ထုတ်သုံးမယ်၊ အရင်တစ်ခေါက်ကနေ ငါတို့တွေ နိုင်နိုင်ချေ ပိုများလာမှာ ကျိန်းသေတယ်”

တာအိုပညာရှိတွေဟာ ပြုံးလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ ပိုပြီးတော့ ယုံကြည်ချက် ရှိသွားကြပါတယ်။ အဲဒီနောက် တာအိုပညာရှိတွေဟာ အင်မော်တယ်ကမ္ဘာအကြောင်း စပြောကြပါတယ်။

အမှောင်ထု ကျဆုံးခြင်း အကျဉ်းထောင်။

ဟန်ထော်နဲ့ ယီတျန်ဟာ တစ်ယောက်ကို တစ်ယောက်မှီပြီး မလှမ်းမကမ်းက အော်ဟစ်နေတဲ့ အကျဉ်းသားအသစ်တွေကို ကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာက လှောင်ပြုံး ပြုံးနေပါတယ်။

ယီတျန်က ပြုံးလိုက်ပါတယ် “ငါတို့တွေ ဒီကို ရောက်စတုန်းက တခြားလူတွေ ငါတို့ကို ကြည့်တဲ့အကြည့်ကို ငါအခုထိ မမေ့သေးဘူး”

ဟန်ထော်ကတော့ သက်ပြင်းချလိုက်ပါတယ် “ငါကတော့ ကျင့်သားရနေပြီ”

ဒီနှစ်တွေမှာ အမှောင်ဘုရင် တာအိုပညာရှိက မကြာခဏ တာအိုဟောကြားပါတယ်။ ဒါကြောင့် ဟန်ထော်နဲ့ ယီတျန်ရဲ့ ကျင့်ကြံမှုဟာ လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် ယီတျန်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို အချိန်မရွေး ထိုးဖောက်လို့ ရနေပါပြီ။

“ကြည့်ရတာ ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိ လက်အောက်မှာ အလုပ်လုပ်ရတော့မဲပုံပဲ၊ ဒါလည်း ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် အမှောင်ဘုရင် တာအိုပညာရှိက တာအိုပညာရှိတွေထက် စွမ်းအားပိုကြီးတာပဲ” ယီတျန်က သရော်ပြုံး ပြုံးလိုက်ပါတယ်။

ဟန်ထော်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

အချိန်က အရာအားလုံးကို ဖျက်ပစ်နိုင်ပါတယ်။ အကျဉ်းသားတွေဟာ အမှောင်ထု စွမ်းအားကို နေသားကျလာပြီး ပိုပိုစွမ်းအားကြီးလာတဲ့အခါ သူတို့စိတ်နေသဘောထားကလည်း ပြောင်းလဲစ ပြုလာပါတယ်။ ဟန်ထော်ဟာ အကျဉ်းသာဟောင်းတွေက သူတို့ကို ဘာလို့ လျစ်လျူရှုထားလဲဆိုတာ နားလည်သွားပါပြီ။

“မင်းတို့က ကောင်းကင်တာအိုကို လက်လျှော့ချင်တာလား..”

စိတ်ထဲမှာ ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် ဟန်ထော်ဟာ ထိတ်လန့်သွားပါတယ်။ ဒီအသံက ကပ်ဘေးရန်ငြိုးရဲ့ အသံမဟုတ်ပါဘူး။ သူတို့တွေ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာတွေ့ခဲ့တဲ့ ဝတ်ရုံဖြူရဲ့ အသံပါ။ ဟန်ထော်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး တစ်ဖက်လူရဲ့ တည်ရှိမှုကို လိုက်ရှာပေမဲ့ ရှာမတွေ့ပါဘူး။

“လိုက်ရှာမနေနဲ့၊ ငါက မင်းခန္ဓာကိုယ်ထဲမှာ”

ဝတ်ရုံဖြူရဲ့ စကားကြောင့် ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ’ ဟန်ထော်ဟာ စိတ်ထဲကနေ ဝတ်ရုံဖြူကို ပြန်မေးလိုက်ပါတယ် “ခင်ဗျားက ကျွန်တော်ခန္ဓာကိုယ်ထဲမှာ ဘာလုပ်နေတာလဲ”

ဝတ်ရုံဖြူက ပြန်ဖြေပါတယ် “ငါ အမှောင်ဘုရင် တာအိုပညာရှိကို သတ်ပြီး သူ့နေရာကို ဝင်ယူချင်တယ်၊ မင်း ငါ့ကို ကူညီမလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters