အရည်အချင်းအား လွှတ်ပေးခြင်း၊ ကောင်းကင်အရှင် ရွှမ်တု၏ ရည်မှန်းချက်
Vol. 57 Ch. 614
ဟန်ကျွယ်ဟာ ဟန်ထော်ကို အန္တိမမူလ မဟာတာအို သင်ကြားပေးရုံတင်မကဘဲ ဟန်ထော်ရဲ့ အရည်အချင်းကိုလည်း လုံးဝ လွှတ်ပေးလိုက်ပါတယ်။ ဟန်ထော်ရဲ့ သွေးစည်းက သူ့ကို မယှဉ်နိုင်ဘူးဆိုပေမဲ့ ကောင်းကင်တာအို သက်ရှိတွေထက်စာရင် အများကြီး ပိုသန်မာပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်ပါတယ် “ငါ့ကို စိတ်မပျက်စေနဲ့၊ မင်းက ဒုတိယ လောကဦး နတ်ဘီလူး ဖြစ်လာဖို့ ငါ မျှော်လင့်ပါတယ်”
ဟန်ထော်ရဲ့ ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အလင်းရောင် ဖြာထွက်လာပါတယ်။ ဒီအလင်းရောင်က အတော်ကို တောက်ပလွန်းပါတယ်။
တစ်ချိန်တည်းမှာပဲ ဒုတိယ တာအိုစက်ကွင်းထဲက တုန်ကျိုးနဲ့ မုရုံချီရဲ့ ရောင်ဝါဟာ လျင်မြန်စွာ အားကောင်းလာပါတယ်။
“နောက်ထပ် ပဋိပက္ခ နတ်ဘီလူးလား...” မုရုံချီဟာ သိချင်စိတ်နဲ့ ရေရွတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် မုရုံချီဟာ သွားမကြည့်ပါဘူး။
မုရုံချီဟာ တိုက်ခိုက်ရေး နတ်ဘီလူး ဖြစ်လာကတည်းက အေးချမ်းစွာ ကျင့်ကြံအားထုတ်နေခဲ့တာပါ။ သူဟာ အရင်ကထက် အများကြီး စွမ်းအားပိုကြီးလာတဲ့အတွက် အလွန်တရာ စိတ်လှုပ်ရှားခဲ့ပြီး နေ့ရက်တိုင်းရဲ့ ကျင့်ကြမှုကိုတွေ ခံစားတက်လာပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်က ဘာဖြစ်လို့ ဂူအောင်းကျင့်ကြံတာကို ဒီလောက် နှစ်သက်ရတာလဲဆိုတာ မုရုံချီ နားလည်သွားပါပြီ။ စွမ်းအားပိုကြီးလာတယ်ဆိုတဲ့ ခံစားချက်က ဒီကမ္ဘာမှာ ဘယ်အတွေ့အကြုံထက်မဆို ခံစားလို့ ကောင်းပါတယ်။
မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ထော်ဟာ တဖြည်းဖြည်း နိုးလာပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ ပထမဆုံး တွေ့လိုက်ရတာက နတ်အလင်းရောင်တွေ တောက်ပနေတဲ့ ဟန်ကျွယ်ပါ။ ဟန်ကျွယ်ရဲ့ ရုပ်သွင်က တန်ခိုးကြီးမားပြီး ခမ်းနားထည်ဝါကာ ဂုဏ်ကျက်သရေ ရှိလှပါတယ်။
ဟန်ကျွယ်ရဲ့ ကူညီမှုနဲ့ ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ထဲက အမှောင်ထု စွမ်းအားကို ဖယ်ရှားပြီးပါပြီ။ အခုဆိုရင် ဟန်ထော်ဟာ အန္တိမမူလ မဟာတာအိုထဲကို တရားဝင် ဝင်ရောက်သွားပြီး သူ့အရည်အချင်းကလည်း လုံးဝ နိုးထသွားပါပြီ။
ဟန်ထော်ဟာ အရာအားလုံး ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရပါတယ်။ လောကကြီးက ရှင်းလင်းပြတ်သားလားပြီး မမြင်နိုင်တဲ့ ရှန်တျန်ချီကလည်း သူ့ရှေ့မှာ မြစ်တွေလို စီးဆင်းနေပါတယ်။
ဒီခံစားချက်က ပြောမယုံ ကြုံဖူးမှ သိနိုင်တဲ့ ခံစားချက်မျိုးပါ။
စိတ်လှုပ်ရှားသွားတဲ့ ဟန်ထော်ဟာ ဟန်ကျွယ်ကို ချက်ချင်း ရှိခိုးလိုက်ပါတယ် “ကျေးဇူးပါပဲ ဖေဖေ” ဟန်ထော်ရဲ့ အသံဟာ အနည်းငယ် တုန်ယင်နေပါတယ်။ ဟန်ထော်ဟာ သူ့အရည်အချင်း အသွင်ပြောင်းလဲသွားတာကို ခံစားနိုင်ပါတယ်။ အသက်တစ်ရှိုက်နဲ့တင် ရှန်တျန်ချီကို စုပ်ယူနိုင်ပြီး ကျင့်ကြံမှု တိုးတက်သွားပါတယ်။
‘တကယ်ကို ကြောက်ဖို့ ကောင်းလွန်းတယ်... ဒါက တာအိုပညာရှိရဲ့ မဟာတာအိုလား...’
ဟန်ကျွယ်ဟာ မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာမှာ နေနိုင်အောင် အကောင်းဆုံး ကြိုးစားချည်၊ ကောင်းကင်တာအို အပြင်ကို မထွက်နဲ့၊ အပြင်ဘက်မှာ ငါ့ထက်စွမ်းအားကြီးတဲ့ တည်ရှိမှုတွေက စောင့်ကြည့်နေကြတယ်၊ မင်းက ငါ့သွေးစည်းကို အမွေဆက်ခံထားတာဆိုတော့ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးရဲ့ ပစ်မှတ်ထားတာကို ခံရလိမ့်မယ်”
ဟန်ထော်ဟာ ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် မေးလိုက်ပါတယ် “ယီတျန် ဘယ်မှာလဲ၊ သူက ကျွန်တော်ရဲ့ သွေးသောက်ညီအစ်ကို၊ ဖေဖေ...”
“ငါ သူ့ကို မကယ်ထားဘူး”
“ဘာဖြစ်လို့လဲ...”
“သူက ကောင်းကင်တာအို သားတော်ပဲ၊ အတိအကျ ပြောရရင် ကောင်းကင်တာအို စိတ်ဝိညာဉ် ဖန်တီးထားတဲ့ နယ်ရုပ်တစ်ရုပ်ပဲ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်က ကောင်းကင်တာအိုကနေ မွေးဖွားလာတဲ့ အသိဉာဏ်ပဲ၊ ကောင်းကင်တာအိုမှာ စိတ်ဝိညာဉ်ရှိလာရင် ကျိန်းသေပေါက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်၊ မင်း ဒီအကျိုးအကြောင်းကိုတော့ နားလည်တယ်မလား၊ အဲဒါကြောင့် ငါ ယီတျန်ကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ယီတျန် ကြီးပြင်းလာရင် အင်မော်တယ်ကမ္ဘာကို ဘေးဒုက္ခ ဖြစ်စေလိမ့်မယ်၊ မင်း သူ့ရဲ့ သွေးဆာမှုကို အာရုံခံမိမှာပါ”
ဟန်ထော်ဟာ ကြက်သေသေသွားပါတယ်။
‘ဒီလိုလား... ဒါကြောင့် ငါ သူ့ကို ဘယ်လိုမှ လိုက်မမီတာကိုး’ ဟန်ထော်ဟာ မချိပြုံး ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ လေးနက်တည်းကြည်တုန်းပါ။
“သူ့မှာလည်း သူ့နောက်ခံနဲ့သူ ရှိတယ်၊ မင်း စိုးရိမ်စရာ မလိုဘူး၊ ဒီနေရာမှာ ကျင့်ကြံအားထုတ်အုန်း၊ လောလောဆယ် ငါ မင်းကို အပြင်ထွက်ခွင့် မပြုနိုင်ဘူး”
ဟန်ထော်ရဲ့ အရည်အချင်းက လုံးဝနိုးထသွားပြီဆိုပေမဲ့ စွမ်းအားက နိမ့်ပါးလွန်းပါသေးတယ်။
ဟန်ထော်က မေးလိုက်ပါတယ် “ဒါဆို ကျွန်တော် ဘယ်အချိန်ကျရင် ထွက်သွားလို့ရမှာလဲ”
“မင်း ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်ရင် ထွက်သွားလို့ရတယ်”
“ကောင်းကင်ဘဝဂ်အဆင့်...”
ဟန်ထော်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ သူ့လက်ရှိ အရည်အချင်းနဲ့ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်ဖို့က သိပ်မခက်ပါဘူး။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
ဟန်ထော်ဟာ အံဩမှင်သက်သွားပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းကို အပြင်ကို ထွက်ကြည့်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဟန်ထော်ဟာ သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်ပါတယ်။
‘မဖြစ်ဘူး... ငါ ဖေဖေကို စိတ်ပျက်စေလို့ မဖြစ်ဘူး’
ဟန်ထော်ဟာ နေရာမှာ ပြန်ထိုင်ပြီး စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ တာအိုပညာရှိတွေ ပြန်ရောက်လာကြပြီး စကြဝဠာခန်းမမှာ စုဝေးနေကြတာကို တွေ့လိုက်ရပါတယ်။
တစ်ခဏတွေးတောပြီးနောက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကနေ ခုန်ထွက်ကာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမဆီ သွားပါတယ်။ ဟန်ကျွယ်ရဲ့ ရောင်ဝါကို အာရုံခံမိတာကြောင့် စကြဝဠာခန်းမရဲ့ တံခါးဟာ ပွင့်သွားပါတယ်။
ဟန်ကျွယ် အထဲကို လျှောက်ဝင်လိုက်တဲ့အခါမှာတော့ တာအိုပညာရှိတွေရှေ့ကို ရောက်သွားပါတယ်။
“တာအိုရောင်းရင်းဟန်... နောက်ဆုံးတော့ ပေါ်လာပြီပဲ၊ ကျုပ်တို့က တာအိုရောင်းရင်းဟန် ပြန်မရောက်သေးဘူးလို့ ထင်နေတာ”
“သေစမ်း... ကျုပ်တို့တွေ အပြန်လမ်းမှာ တိုက်ခိုက်ခံရတယ်၊ တာအိုရောင်းရင်း ဖူရှီ မရှိတော့ဘူး...”
“အမှောင်ဘုရင် တာအိုပညာရှိနောက်မှာ ဘယ်သူ ရှိနေတာလဲ”
“ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ အန္တရာယ်က မပြီးဆုံးသေးဘူးလို့ ဆက်တိုက် ခံစားနေရတယ်”
တာအိုပညာရှိတွေရဲ့ စကားကြောင့် ဟန်ကျွယ် တစ်ချက်ဝှေ့ကြည့်လိုက်တဲ့အခါ ပျောက်နေတဲ့ ဖူရှီကလွဲလို့ တခြားတာအိုပညာရှိ အကုန်လုံး ဒဏ်ရာရနေတာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုလည်း မျက်နှာ တော်တော် ပျက်နေပါတယ်။
“ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေက တော်တော် ပြင်းထန်လို့လား” ဟန်ကျွယ်က မေးလိုက်တာပါ။
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “စွမ်းအားကြီးတဲ့ အင်အားတစ်ခုက ငါတို့ရဲ့ တာအိုနှလုံးသားတွေကို ဖိနှိပ်ထားတယ်၊ အကောင်းပကတိ ပြန်ဖြစ်ဖို့ အချိန်အတော်ယူရလိမ့်မယ်”
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “အဆုံးသတ် အပျက်အစီး နတ်ဘုံက ခင်ဗျားတို့ စီနီယာတွေကိုရော ဆက်သွယ်ကြည့်ပြီးပြီလား၊ သူတို့ကရော ဘာပြောလဲ”
“သူတို့က ငါတို့ကို ကောင်းကင်တာအို စီမံခန့်ခွဲတာကိုပဲ အာရုံစိုက်ခိုင်းတယ်၊ ကျန်တာတွေ အများကြီး မတွေးစေချင်ဘူး” တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ သက်ပြင်းချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ အမူအရာကို အကဲခတ်ကြည့်ပေမဲ့ သူတို့စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို မမှန်းဆနိုင်ပါဘူး။
“အမှောင်ဘုရင် တာအိုပညာရှိရဲ့ နောက်ခံက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ သူတို့ရဲ့ စီနီယာတွေဆိုတာကို ဒီတာအိုပညာရှိတွေ သိကြလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မသိပါ။]
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေအတွက် ဝမ်းနည်းမိသွားပါတယ် ‘ဒီလူတွေကလည်း ဘာမှမသိတဲ့ နယ်ရုပ်တွေပါလား...’
တကယ်တော့ ဒါကလည်း မထူးဆန်းပါဘူး။ သူတို့က ကောင်းကင်တာအို ပညာရှိတွေ ဖြစ်တဲ့အတွက် ကောင်းကင်တာအို တစ်ခုခုဖြစ်ရင် သူတို့လည်း ခံရမှာပါ။ ကောင်းကင်အရှင်ရွှမ်တုက နောက်မှ ရောက်လာတဲ့လူပါ။ သူသာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အကြံအစည်ကို သိရင် ရိုက်သတ်ရင်တောင် ကောင်းကင်တာအိုကို ဆင်းလာမှာ မဟုတ်ပါဘူး။
‘သူတို့တွေ အဖြစ်မှန်ကို မသိမှတော့ ငါ သူတို့ကို အသုံးချလို့ ရတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ကောင်းကင်တာအို ကိစ္စမှာ တစ်ဖက်တည်း မဟုတ်ပါလား။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောါတယ် “ငါတို့တွေ ဖူရှီကိစ္စကို မထိန်းချုပ်နိုင်ဘူး၊ ကောင်းကင်တာအို ကံတရား အထောက်အပံ့တိုးဖို့ ငါတို့တွေ နည်းလမ်းရှာမှ ဖြစ်မယ်၊ ကောင်းကင်တာအို အားကောင်းမှ ငါတို့လည်း ပိုလုံခြုံလိမ့်မယ်”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပြီး လူစုခွဲလိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ အသံလွှင့်ပြီး ဟန်ကျွယ်ကို ထွက်မသွားဖို့ တားလိုက်ပါတယ်။ တခြားတာအိုပညာရှိတွေ ထွက်သွားတဲ့အခါ စကြဝဠာခန်းမရဲ့ တံခါးဟာ ပြန်ပိတ်သွားပါတယ်။
“တစ်ခုခုမှားနေပြီ၊ ငါတို့တွေ မြေအင်မော်တယ်ကမ္ဘာကို မြန်မြန်ရအောင် လုပ်ပြီး ကောင်းကင်တာအိုကို ကျွေးရမယ်” ကောင်းကင်အရှင်ရွှမ်တုက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
“ခင်ဗျားက အတွေ့အကြုံများတဲ့ လွတ်လပ် တာအိုပညာရှိပဲ၊ ဘာဖြစ်လို့ ကျင့်ကြံမှု အကျခံပြီး ကောင်းကင်တာအိုကို ဆင်းသက်လာတာလဲ”
ကောင်းကင်အရှင်ရွှမ်တုက သက်ပြင်းချလိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေးက ရောက်လာတော့မယ်၊ ငါ ကောင်းကင်တာအိုနဲ့ လူသားမျိုးနွယ်စုကို စိုးရိမ်တယ်”
“ခင်ဗျားက ဒီနေရာကို အထက်ကခိုင်းလို့ ရောက်လာတာ မဟုတ်ဘူးလား”
“မဟုတ်ဘူးလေ၊ မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး လီမုယဲ့ကို သတ်လိုက်တဲ့ ရန်ကြွေးကို ဒီအတိုင်း လွှတ်ထားမှာလဲ” ကောင်းကင်အရှင်ရွှမ်တုက မပျော်မရွှင် ပြောလိုက်ပါတယ်။ ဒီခံစားချက်ကြောင့်ပဲ ကောင်းကင်အရှင်ရွှမ်တုနဲ့ ဟန်ကျွယ်ဟာ ပိုပြီးတော့ နီးစပ်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ထပ်ပြောပါတယ် “ငါ မဟာတာအို အနန္တကပ်ဘေးနဲ့ ပတ်သက်ပြီး ခန့်မှန်းထားတာတော့ ရှိတယ်၊ ဒါပေမဲ့ လောလောဆယ် သက်သေမပြနိုင်သေးဘူး၊ ငါ မြေအင်မော်တယ်ကမ္ဘာကို ပစ်မှတ်ထားတာကလည်း ကောင်းကင်တာအို သေသွားမှာကို ကြောက်လို့ပဲ၊ အဲဒီလိုနေ့မျိုးသာ ရောက်လာခဲ့ရင် ငါတို့တွေ ကောင်းကင်တာအို သက်ရှိတွေကို မြေအင်မော်တယ်ကမ္ဘာဆီ ရွှေ့ပြောင်းလို့ရတယ်၊ အတိတ်မှာတုန်းက တာအိုဘိုးဘေး အင်မော်တယ်ကမ္ဘာကို ဖန်တီးခဲ့သလိုမျိုးပေါ့”
ကောင်းကင်အရှင်ရွှမ်တုအပေါ် ထားရှိတဲ့ ဟန်ကျွယ်ရဲ့ သဘောထားဟာ ပြောင်းလဲစ ပြုလာပါတယ်။ ကျင့်ကြံသူအကုန်လုံးက အစွမ်းထက်ဆုံးဖြစ်အောင် ကျင့်ကြံကြတာ မဟုတ်ပါဘူး။ ကျင့်ကြံသူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။
အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ လွမ်ဟွေအာကာသနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ လွမ်ဟွေ အာကာသ တိုးတက်မှုအတွက် အကြီးမားဆုံး အဟန့်အတားက ပဋိပက္ခနတ်ဘီလူးနဲ့ မြေအင်မော်တယ်ကမ္ဘာထဲမှာ ပုန်းအောင်းနေတဲ့ အနန္တအာကာသပါ။
အနန္တအာကာသ နောက်မှာက တာအိုပညာရှိပါ။ သူက အလောင်းသုံးလောင်းကို ဖြတ်တောက်ပြီး တာအိုကို ရယူခဲ့တာ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုပညာရှိထက် စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူခဲ့တဲ့ တာအိုပညာရှိထက်တော့ နိမ့်ကျပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တစ်ချိန်က လွတ်လပ် တာအိုပညာရှိပါ။ ဟန်ကျွယ်ကလည်း အခုအချိန်မှာ လွတ်လပ် တာအိုပညာရှိ ဖြစ်တဲ့အတွက် အနန္တအာကာသကို စိုးရိမ်စရာ မလိုပါဘူး။ ဒါကြောင့် သူတို့တွေ ဖြေရှင်းရမှာက ပဋိပက္ခနတ်ဘီလူးပဲ ရှိပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။