← Chapters

နတ်ဘီလူးများ မွေးဖွားလာခြင်း

Vol. 58 Ch. 621

နတ်ဘီလူးများ မွေးဖွားလာခြင်း

Vol. 58 Ch. 621

ဟန်ထော်ရဲ့ တိုးတက်မှုက ကိုယ်ပိုင်တပည့်တွေကို လှုံ့ဆော်ပေးလိုက်ပါတယ်။ အခုအချိန်မှာ ကိုယ်ပိုင်တပည့် အများစုက နတ်မင်းအဆင့်မှာ တစ်,ပြီး ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်နိုင်ကြသေးပါဘူး။ ဟန်ထော်က သူတို့နောက်မှ ကျင့်ကြံအားထုတ်ပြီး သူတို့ရှေ့ကို ရောက်သွားတာက ကိုယ်ပိုင်တပည့်တွေအတွက် တကယ်ကို မခံချင်စရာပါ။

အဲဒီနေ့မှာပဲ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ချွဲပါတော့တယ် “ယောက်ျား... မိန်းမ ထပ်ပြီး မစောင့်နိုင်တော့ဘူး၊ ကလေးယူကြရအောင်...” ရှင်းဟုန်ရွှမ်က ညုတုတု ပြောလိုက်ပါတယ်။

ဟန်ကျွယ်ရှေ့မှာ ရှင်းဟုန်ရွှမ်က မိန်းမငယ်လေး တစ်ယောက်လိုပါပဲ။ ကိုယ်ဟန်အမူအရာတွေ ထိန်းသိမ်းမနေပါဘူး။

ဟန်ကျွယ်ဟာ ဒေါသတကြီး ပြန်ပြောလိုက်ပါတယ် “ဘာဖြစ်ပြန်ပြီလဲ၊ မင်း ပြဿနာတက်မှာကို မကြောက်ဘူးလား”

“ဘာလို့ ပြဿနာတက်ရမှာလဲ၊ သူ့ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ပိတ်ပြီး အပြင်မထွက်ခိုင်းဘူး၊ ဘယ်လိုလုပ်ပြီး ပြဿနာ တက်နိုင်ဦးမှာလဲ”

“တကယ်လား”

ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ်။ ကျင့်ကြံရတာက ပျင်းဖို့ကောင်းတဲ့အတွက် နောက်ထပ် သားတစ်ယောက် ရှိလာတာက နည်းနည်း ပျော်စရာ ကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ သူနဲ့ ရှင်းဟုန်ရွှမ်ရဲ့ သွေးစည်းသန်မာမှုက ကွာခြားလွန်းတဲ့အတွက် သူတို့နှစ်ယောက် ကလေးရနိုင်ဖို့ဆိုတာ အတော်ကို ခက်ခဲပါတယ်။ အတိတ်မှာတုန်းက ချင်းလွမ်အာနဲ့ ကလေးယူခဲ့တုန်းကလည်း ဟန်ထော်ရဲ့ သွေးစည်းကို ထိန်းသိမ်းဖို့ ဟန်ကျွယ်ဟာ အတော်လေး အားစိုက်ခဲ့ရပါတယ်။

ဟန်ကျွယ်ဟာ သူ့ရဲ့ ဒုတိယကလေးကို ရှင်းဟုန်ရွှမ် တောင့်ခံနိုင်အောင် သူ့သွေးစည်းကို ဖိနှိပ်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် မွေးဖွားလာတဲ့ ကလေးက ဟန်ထော်လောက် အရည်အချင်းရှိတော့မှာ မဟုတ်ပါဘူး။

မသိမသာနဲ့ သွေးစည်းအမွေကို ကန့်သတ်ထားတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ ဒီစွမ်းအားကြောင့်ပဲ သွေးစည်းက မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် အားပျော့သွားတာပါ။ ဒါက မဟာတာအိုရဲ့ ကန့်သတ်ထားမှု ဖြစ်နိုင်ပါတယ်။ မဟုတ်ရင် ပဋိပက္ခ နတ်ဘီလူးတွေ ပိုပိုပေါ်လာပြီး ပဋိပက္ခကိုတောင် ဖျက်ဆီးနိုင်လောက်ပါတယ်။

ရှင်းဟုန်ရွှမ်ရဲ့ အာရုံကို ပြောင်းလဲဖို့အတွက် ဟန်ကျွယ်ဟာ တာအိုစတင်ဟောကြားပြီး ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှု တိုးတက်အောင် ပထမဆုံး ကူညီပေးပါတယ်။

မြေအင်မော်တယ်ကမ္ဘာရဲ့ နေထက်ကြီးတဲ့ ဂြိုဟ်ကြီးတစ်လုံးမှာ မရေမတွက်နိုင်တဲ့ အဆောက်အဦးမြင့်တွေ တည်ရှိနေပြီး သယ်ယူပို့ဆောင်ရေး ယဉ်တွေကလည်း လေထဲမှာ တရစပ် ပျံသန်းနေပါတယ်။ ဂြိုဟ်ထက်မှာတော့ နည်းပညာ သက်တန့်အလင်းက ရောယှက်နွယ်ပြီး တည်ရှိနေပါတယ်။

အထပ်တစ်သောင်းကျော် မြင့်မားတဲ့ အဆောက်အဦးတစ်ခုရဲ့ ထိပ်မှာ ရန်တုဟာ မှန်ပြတင်းပေါက်ရှေ့ ရပ်ပြီး မြို့ကို ငုံ့ကြည့်နေပါတယ်။ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ရန်တုရဲ့ရောင်ဝါဟာ ပိုပို အားကောင်းလာပါတယ်။ သူ့မျက်လုံးတွေကလည်း ဓားလိုစူးရှပြီး ကြောက်ဖို့ ကောင်းလာပါတယ်။

အခန်းရဲ့ အမှောင်ထုထဲမှာ အရိပ်နက်တစ်ရိပ် ပေါ်လာပြီး မျက်ဆံတစ်စုံ ပေါ်လာပါတယ် “ဘယ်လိုလဲ... မင်း တွေးပြီးပြီလား” အရိပ်နက် မေးလိုက်ပါတယ်။

ဒါက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အသံပါ။

ရန်တုဟာ အရိပ်နက်ကို လှည့်ကြည့်ပြီး မျက်နှာသေနဲ့ မေးလိုက်ပါတယ် “ငါက မင်း ဘယ်သူလဲ ဆိုတာတောင် မသိတာ ဘယ်လိုတွေးရမှာလဲ”

ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က ရန်တုနောက်ကို လိုက်နေတာ လချီပါပြီ။ ဒီလိုလချီကြာနေလို့လည်း ရန်တုဟာ ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကို တော်တော်လေး မကျေမနပ် ဖြစ်နေပါတယ်။ ဒါပေမဲ့ ရန်တုဟာ တစ်ဖက်လူကို ထိခိုက်အောင် မလုပ်နိုင်တာကြောင့် သည်းခံရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။

လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ပြောလိုက်ပါတယ် “ငါ ဘယ်သူလဲဆိုတာ ပြောလို့မရဘူး၊ ဒါပေမဲ့ မင်း သဘောတူရင် ဧရာမအခွင့်အရေးကြီးတစ်ခုကို မင်းရလိမ့်မယ်၊ မင်း ကျင့်ကြံမှု မတိုးတာ နှစ်အတော်ကြာပြီမလား၊ မင်းက နဂါးငွေ့တန်းမှာ ပြိုင်ဘက်ကင်းပေမဲ့ မြေအင်မော်တယ်ကမ္ဘာ တစ်ခုလုံးကနေကြည့်ရင် မင်းကိုယ်မင်း အရမ်းစွမ်းအားကြီးတယ်လို့ ထင်လား”

ရန်တုဟာ တိတ်ဆိတ်သွားပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဆက်ပြောပါတယ် “သွားပါ... အနန္တအာကာသကို သွားချည်၊ နောက်ကျလို့ မင်း အောင်မြင်ခဲ့ရင် အနန္တအာကာသကို ထိန်းချုပ်ဖို့ ငါ မင်းကို ပံ့ပိုးပေးမယ်”

ရန်တုဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါက မင်းကို မမီပေမဲ့ အနန္တအာကာသရဲ့ လွမ်ဟွေသမားတွေထက်တော့ စွမ်းအားကြီးသေးတယ်၊ ငါက ဘယ်လိုလုပ်ပြီး သူတို့နဲ့ ရောလို့ ရမှာလဲ”

“ငါ မင်းအတွက် တာဝန်တစ်ခု စီစဉ်ပေးမယ် မင်းက လွမ်ဟွေအာကာသကို ဆန့်ကျင်သယောင်ဆောင်ပြီး လွမ်ဟွေသမားတွေကို သတ်ဖြတ်ချည်၊ ငါက ဒီအခွင့်အရေးကို အသုံးချပြီး မင်းကို လွမ်ဟွေအာကာသကနေ နှင်ထုတ်လိုက်မယ်၊ လွမ်ဟွေသမားတွေရဲ့ ကံတရား အထောက်အပံ့ကိုလည်း ဖြတ်တောက်လိမ့်မယ်၊ ပြီးရင် ငါ လွမ်ဟွေသမားတွေကို စေလွှတ်ပြီး မင်းကို လိုက်ဖမ်းခိုင်းမယ်၊ အနန္တအာကာသကို မင်းကို သတိထားမိနေတာ ကြာပြီဆိုတော့ မင်းကို စည်းရုံးသိမ်းသွင်းဖို့ ကျိန်းသေပေါက် ကြိုးစားမှာပဲ”

“လွမ်ဟွေ အာကာသက အနန္တအာကာသကို ဖိနှိပ်ထားတာ ကြာပြီ၊ သူတို့ရဲ့ လွမ်ဟွေသမားတွေက ငါတို့လွမ်ဟွေသမားတွေလောက် မတော်ဘူး၊ အနန္တအာကာသက ငါတို့ လွမ်ဟွေသမားတွေကို စည်းရုံးဖို့ ကြိုးစားနေတာ ကြာပြီ၊ သူတို့က မင်းကို ကျိန်းသေပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး”

ရန်တုက ပြန်မေးလိုက်ပါတယ် “ငါ့မှာ ရွေးချယ်စရာ ရှိလား”

“ငါ မင်းကို တွန်းအား မပေးပါဘူး၊ ဒါပေမဲ့ မင်းက ဒီထက် စွမ်းအားပိုကြီးချင်တာမလား၊ ဒါက မင်းအတွက် အခွင့်အရေးပဲ”

ဒီစကားကြောင့် ရန်တုဟာ လက်သီးကို တင်းတင်းဆုပ်ပြီး ဝေခွဲမရ ဖြစ်သွားပါတယ်။ ရုတ်တရက်ဆိုသလို ရန်တုဟာ သူ့ကို ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ် သင်ပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကို သတိရသွားပါတယ်။ သူ့ရဲ့ လက်ရှိသက်တမ်းနဲ့ နှစ်သန်းတစ်ရာ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ရန်တုဟာ ဟန်ကျွယ်နဲ့ မတွေ့ခင် သေတောင် သေသွားနိုင်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေက တစ်ခါဂူအောင်းရင် ခေတ်တစ်ခေတ်ကို အိပ်မက်မက်တယ်လို့ ရန်တု ကြားဖူးပါတယ်။ ဒါကြောင့် ရန်တုဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါ လက်ခံတယ်”

နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းကနေ ကျေနပ်အားရစွာ ထွက်လာပါတယ်။ ဟန်ကျွယ်က ကလေးယူဖို့ သဘောမတူပေမဲ့ သူမသာ တာအိုပညာရှိအတု အဆင့်ကို ရောက်သွားရင် ကျိန်းသေပေါက် ငြင်းမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်က သူမကို ဘယ်တုန်းကမှ မညာခဲ့ပါဘူး။ အမြဲတမ်း ကတိတည်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၁၃၀,၀၀၀ တုန်းကတော့ သူမကို တစ်ခါ ညာခဲ့ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ သူနဲ့ ဟန်ကျွယ် ကြုံတွေ့ခဲ့တာကို ပြန်တွေးမိတိုင်း ဒဏ္ဍာရီထဲက အချစ်ပုံပြင်လို အံ့ဩဖွယ်ကောင်းတယ်လို့ ခံစားရပါတယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားလာပြီး ကြက်သွေးရောင် မြေခွေးနီကို လွှတ်ပေးလိုက်ပါတယ်။

နှစ် ၃၀,၀၀၀ ကြာပြီးနောက် ကြက်သွေးရောင် မြေခွေးနီဟာ ဧရာမနတ်ဘီလူးအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။ ဟန်ကျွယ်ကို ပြန်မြင်လိုက်ရတဲ့အတွက် ကြက်သွေးရောင် မြေခွေးနီဟာ တစ်ဘဝ ကုန်ဆုံးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ မြေခွေးတစ်ကောင်ရဲ့ ပုံပန်းသွင်ပြင် ရှိနေသေးပေမဲ့ သူ့ရောင်ဝါကတော့ လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။

“သခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” ကြက်သွေးရောင် မြေခွေးနီက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။ စိတ်လှုပ်ရှားမှုကြောင့် ကြက်သွေးရောင် မြေခွေးနီဟာ အနည်းငယ် တုန်တက်သွားပါတယ်။ ကြက်သွေးရောင် မြေခွေးနီဟာ ပဋိပက္ခနတ်ဘီလူးရဲ့ စွမ်းအားကို အာရုံခံစားနိုင်နေပါပြီ။

ဟန်ကျွယ်ဟာ မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးကို ခေါ်လိုက်ပါတယ် “မင်းတို့အကုန်လုံးက ပဋိပက္ခ နတ်ဘီလူးတွေပဲ၊ နောက်ကျရင် ငါ ပဋိပက္ခ နတ်ဘီလူးတွေကို ဒီထက် ဖန်တီးဦးမှာ၊ အဲဒီအချိန်ကျရင် မင်းတို့က ကျန်တဲ့ နတ်ဘီလူးတွေကို စီမံခန့်ခွဲရလိမ့်မယ်၊ ငါ မင်းတို့ကို အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ဖို့ အခွင့်အာဏာ ပေးအပ်ပြီးပြီ၊ မင်းတို့တွေ အထဲမှာ တိုက်ခိုက်လို့ရတယ်၊ မင်းတို့တွေ လုံးဝ စွမ်းအားမကြီးမချင်း ငါ မင်းတို့ကို အပြင်ပေးထွက်မှာ မဟုတ်ဘူး”

ဟန်ကျွယ် စကားကို ကြားလိုက်ရတဲ့ ပဋိပက္ခ နတ်ဘီလူး သုံးပါးဟာ အချင်းချင်း အကဲခတ်လိုက်ကြပါတယ်။ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးတယ်လို့ မခံစားရပါဘူး။ သဘာဝရန်သူတော်ကြီးလို့ပဲ ခံစားကြရပါတယ်။

ဒီအကြောင်းကြောင့်လည်း ပန်ကူးက နတ်ဘီလူးသုံးထောင်ကို သတ်ဖြတ်ပြီး တာအိုကို ရယူနိုင်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ကြတာ မဟုတ်ပါဘူး။ တာအိုကို ရယူဖို့ ရန်သူကို သတ်ဖြတ်တာပါ။

ဟန်ကျွယ်ရဲ့ အမိန့်ကြောင့် ပဋိပက္ခ နတ်ဘီလူး သုံးပါးဟာ အချင်းချင်းတော့ ပြန်သတ်မှာ မဟုတ်ပါဘူး။ သူတို့တွေ အချင်းချင်း မကြိုက်ရင်လည်း အသွင်တူလက်ရည်စမ်းပွဲထဲမှာ စိတ်ကြိုက် ချလို့ရပါတယ်။

ဥပမာအားဖြင့် မုရုံချီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ အကြိမ်ထောင်သောင်းချီ တိုက်ခိုက်ပြီးပါပြီ။ အနိုင်ရတာ ရှိသလို ရှုံးတာလည်း ရှိခဲ့ပါတယ်။

မုရုံချီက စပ်စုလိုက်ပါတယ် “ဆရာဘိုးဘိုး... ပဋိပက္ခ နတ်ဘီလူး ဘယ်နှပါးလောက် ဖန်တီးမှာလဲ”

“သုံးထောင်... နတ်ဘီလူးခေတ်ရဲ့ ဂုဏ်ကျက်သရေကို ပြန်ထွန်းလင်းကြတာပေါ့”

‘ပဋိပက္ခ နတ်ဘီလူးသုံးထောင်...’ မုရုံချီနဲ့ တခြားနတ်ဘီလူး နှစ်ပါးဟာ လန့်သွားကြပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး မုရုံချီတို့ သုံးယောက်ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ဘီလူးလောင်းလျာတွေကို လေ့လာပါတယ်။

ပဋိပက္ခနတ်ထဲမှာ...

ပဋိပက္ခနတ်မင်းဟာ ဧရာမဥက္ကာခဲပေါ်မှာ ထိုင်နေပြီး သူ့ရှေ့မှာ ကြေးမုံပြင်တစ်ချပ် ပေါလော မျောနေပါတယ်။ ဒီကြေးမုံပြင်ရဲ့ အစွန်းတွေက ကျောက်တုံးနဲ့တူပြီး ရှေးကျလှပါတယ်။ ကြေးမုံပြင်ထဲမှာတော့ ကြယ်တာရာ ကောင်းကင်ပြင်နဲ့ ကြယ်ဒါဇင်ကျော် ရှိနေပါတယ်။

“နောက်ထပ် ပဋိပက္ခ နတ်ဘီလူးတစ်ပါး မွေးဖွားလာပြန်ပြီ... ဘာတွေ ဖြစ်နေတာလဲ၊ ဘာဖြစ်လို့ ငါ ရှာလို့ မရတာလဲ” ပဋိပက္ခ နတ်မင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး စိတ်လေးသွားပါတယ်။ ဒီအတောအတွင်း ပဋိပက္ခရဲ့ ပြောင်းလဲမှုတွေက မြန်ဆန်လွန်းလှပါတယ်။ ပထမဆုံး အသစ်ပေါ်ထွက်လာတဲ့ လျှို့ဝှက်ဆန်းကြယ် မဟာတာအို ပျောက်ကွယ်သွားပါတယ်။ ဒုတိယက သူ ကျိန်စာတိုက်ခံရပြီး ဒဏ်ရာရတာပါ။ တတိယကတော့ ပဋိပက္ခနတ်ဘီလူးသုံးပါး မွေးဖွားလာတာပါ။

လောကကြီး ဖန်တီးမှု အပြီးမှာ ကျန်နေခဲ့တဲ့ ပဋိပက္ခနတ်ဘီလူးက လက်ချိုးရေလို့ ရပါတယ်။ နောက်ထပ် ပဋိပက္ခ နတ်ဘီလူး မွေးဖွားဖို့က နှစ်ဆယ်ဘီလီယံကြာတောင် တစ်ခါ ဖြစ်ခဲလှပါတယ်။ ဒီအတောအတွင်း ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကနေ မဟာတာအို အနန္တကပ်ဘေးရဲ့ ရောင်ဝါကို ပဋိပက္ခ နတ်မင်း ခံစားမိလိုက်ပါတယ်။

“တာအိုဘိုးဘေး တစ်ခါက ပြောခဲ့ဖူးတယ်၊ လောကဦး နတ်ဘီလူးက ပဋိပက္ခ နတ်ဘီလူးတွေကို ဦးဆောင်ပြီး ပဋိပက္ခကို သိမ်းပိုက်ရင် မဟာတာအို အနန္တကပ်ဘေး ပေါ်ပေါက်လာလိမ့်မယ်တဲ့” ပဋိပက္ခနတ်မင်းဟာ သူ့ဘာသာ စိတ်ရှုပ်စွာ ရေရွတ်လိုက်ပါတယ်။ ပဋိပက္ခနတ်မင်းဟာ ဒီအခြေအနေတွေကို ထိုးဖောက် မမြင်နိုင်သလို တွက်ချက်လို့လည်း မရပါဘူး။ ခန့်မှန်းကြည့်လို့လည်း မရပါဘူး။

တစ်ခဏအကြာမှာတော့ ပဋိပက္ခနတ်မင်းရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က ဆွမ်တိပါ။ ဆွမ်တိက ပထမဆုံး မေးလိုက်ပါတယ် “တာအိုရောင်းရင်း ကျိန်စာတိုက်ခံရသေးလား”

ပဋိပက္ခနတ်မင်းက ပြန်မေးလိုက်ပါတယ် “ဘာဖြစ်လို့ ဒီလိုမေးတာလဲ”

ပဋိပက္ခနတ်မင်းဟာ ကျိန်စာတိုက်ခံရပြီးနောက် အဆုံးသတ် အပျက်အစီး နတ်ဘုံက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို အထူးတလည် မေးမြန်းခဲ့ပါတယ်။ ဒီသတင်းက အခုလိုမျိုး ခပ်မြန်မြန် ပျံ့နှံ့သွားလိမ့်မယ်လို့ ပဋိပက္ခ နတ်မင်း ထင်မထားခဲ့ပါဘူး။ အခု သူအမုန်းဆုံးဖြစ်တဲ့ ဆွမ်တိတောင် ဒီသတင်းကို သိနေပြီ မဟုတ်ပါလား။

“ငါလည်း မင်းလိုပဲ ကျိန်စာတိုက်ခံရတယ်၊ ငါတို့ကို ကျိန်စာတိုက်တဲ့လူက အမှောင်သခင်ကြီးပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters