← Chapters

တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိနှစ်ပါး

Vol. 58 Ch. 624

တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိနှစ်ပါး

Vol. 58 Ch. 624

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပြီး နောက်ထပ် နှစ်တစ်ထောင် ကြာသွားပါတယ်။

ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

[သင့်မိတ်ဆွေ ရန်တုသည် လျှို့ဝှက်ဆန်းကြယ် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်တာအို စွမ်းအားနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး ကောင်းကင်တာအို စွမ်းအားကို ဆုပ်ကိုင်နိုင်သွား၏။]

[သင့်သား ဟန်‌ထော်သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ ရှီတုတောက်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ကောင်းကင်အရှင်ဝူဖာသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဟန်ထော်က ဘာဖြစ်လို့ အင်မော်တယ်ကမ္ဘာကနေ ထွက်သွားတာလဲ’ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီးနောက် သက်ပြင်းသာ ချမိပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ထော် အင်မော်တယ်ကမ္ဘာကနေ ထွက်သွားရတဲ့ အကြောင်းရင်းက ယီတျန်ကို ကယ်တင်ဖို့ ဖြစ်နေလို့ပါ။

ဟန်ထော်ဟာ ယီတျန်ကို ကယ်ဖို့ သူ့အသက်ကိုတောင် ဂရုမစိုက်တော့ပါဘူး။ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အပြုအမူကို မဝေဖန်ပါဘူး။ လူတိုင်းမှာ သူတို့တန်ဖိုးအထားရဆုံး တစ်စုံတစ်ယောက် ရှိကြစမြဲ မဟုတ်ပါလား။

ဟန်ထော်ဟာ မဟာတာအိုပညာရှိ တစ်ပါးပါးရဲ့ ဖမ်းဆီးတာကို ခံရရင် ဟန်ကျွယ်က လိုက်ကယ်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်က ဟန်ထော်ကို အပြင်မထွက်ဖို့ ပြောပြီးပါပြီ။ သတိပေးထားတဲ့ ကြားထဲက ထွက်သွားတာ ဖြစ်တဲ့အတွက် ဘာတွေပဲဖြစ်လာဖြစ်လာ ဟန်ထော်ကိစ္စပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ သူကလွဲရင် တာအိုပညာရှိ အကုန်လုံး ကျိန်စာတိုက်ခံရတာကို ရှာတွေ့သွားပါတယ်။

‘ငါ ဘာဖြစ်လို့ ကျိန်စာတိုက်မခံရတာလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတဘ်။

[တာအိုစက်ကွင်းသည် ကျိန်စာကံကို ဟန့်တားနိုင်၏။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ‘ဒီလိုကိုး... ငါတာအိုစက်ကွင်းက တော်တော်ခိုင်တာပဲ’

“တာအိုပညာရှိတွေကို ဘယ်သူက ကျိန်စာတိုက်နေတာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ဆက်မေးလိုက်ပါတယ်။

[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ် စိတ်ထဲမှာ မျက်နှာအများကြီး ပေါ်လာပါတယ်။

[ဆွမ်တိ: မဟာတာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ဗုဒ္ဓဂိုဏ်း တည်ထောင်သူ။ သူနှင့် ချုံရှီလိုင်၏ ကံရေစက်ကို သင် ဖြတ်တောက်လိုက်သောကြောင့် ဆွမ်တိသည် သင့်အား မုန်းတီးသွားခဲ့၏။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

[ဧကရာဇ်ရှောင်: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်၊ ကောင်းကင်တာအိုပညာရှိ၊ တာအိုဘိုးဘေး၏ တပည့်၊ မိစ္ဆာမျိုးနွယ်စု၏ ဘိုးဘေးတစ်ပါး ဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

[ကံကောင်းကင်: မဟာတာအို နတ်စိတ်ဝိညာဉ်၊ ကံတရား မဟာတာအိုမှ ဖြစ်တည်လာပြီး နှောင်းပိုင်း၌ ဘိုးဘေးရှီတျန်၏ ထိန်းချုပ်မှုကို ခံရကာ မဟာတာအိုမူလ စွမ်းအား ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ကံကောင်းကင်သည် ကောင်းကင်တာအိုကို မုန်းတီးသည်။ သင်က ကောင်းကင်တာအိုကို ဖျက်ဆီးသည့် သူ့အစီအစဉ်ကို ဟန့်တားခဲ့သောကြောင့် ကံကောင်းကင်သည် သင့်အား မုန်းတီးသွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

[သေခြင်းမဲ့တာအို: တာအိုဖြတ်ကျော် ဆရာကြီး၊ အနန္တဧကရာဇ်၊ ကောင်းကင်ဖွင့်လှစ်ပြီးနောက် ပထမဆုံး သက်ရှိများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ အနန္တကပ်ဘေးအတွင်း၌ ကောင်းကင်တာအို၏ နှင်ထုတ်မှုကို ခံခဲ့ရသောကြောင့် သေခြင်းမဲ့တာအိုသည် ကောင်းကင်တာအိုအား ရန်သူအဖြစ် ရှုမြင်၏။ သင်က ကောင်းကင်တာအို မပျက်စီးအောင် ကယ်တင်လိုက်ကြောင်း ကြားသိလိုက်ရသဖြင့် သေခြင်းမဲ့တာအိုသည် သင့်အား မုန်းတီးသွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။ သူအယောင်ဆောင်တဲ့လူက လေးယောက်တောင် ရှိနေလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။ ဧကရာဇ်ရှောင်ကလွဲရင် ကျန်တဲ့လူ အကုန်လုံးက မဟာတာအိုနဲ့ ရင်ပေါင်တန်းနိုင်တဲ့လူတွေပါ။

ဒါကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ကနေ စွမ်းအားကြီးပုဂ္ဂိုလ်တွေက လုံးဝ မညီညွတ်ဘူးဆိုတာ သိလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ လီတောက်ခုံးကို ကြည့်လိုက်ပါတယ်။ လီတောက်ခုံးဟာ တာအိုရယူတာ အောင်မြင်ခါနီးနေပါပြီ။ လီတောက်ခုံးရဲ့ ခန္ဓာကိုယ်က တာအိုပညာရှိ ဖြစ်သွားပါပြီ။ သူ့ဝိညာဉ်ကတော့ လုံးဝအသွင်ပြောင်းလဲဖို့ ခြေတစ်လှမ်း လိုပါသေးတယ်။

ဟန်ကျွယ်ဟာ နည်းနည်း စိတ်လှုပ်ရှားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးက သူ ပြုစုပျိုးထောင်ထားတဲ့ ပထမဆုံး တာအိုပညာရှိဖြစ်လို့ပါ။

၇၆ နှစ် ကြာပြီးနောက် အနန္တကမ္ဘာကို ကျယ်ပြောတဲ့ ကောင်းကင်တန်ခိုးက ထပ်ပြီးတော့ ဖုံးလွှမ်းသွားပါတယ်။

“ငါက တိတ်ဆိတ်ဂိုဏ်းရဲ့ လီတောက်ခုံးပဲ၊ ငါ ဒီနေ့ ကိုယ့်အင်အားနဲ့ကိုယ် တာအိုကိုရယူပြီး တာအိုပညာရှိရဲ့ တာအိုအသီးကို ရသွားပြီ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကို ငါ ကာကွယ်ပြီး ဂိုဏ်းရဲ့ အခွင့်အာဏာစက်ကို ထိန်းချုပ်မယ်၊ အစောင့်အရှောက် တစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန် ဝတ္တရားကို ဖြည့်ဆည်းမယ်”

အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။ တာအိုကို အောင်မြင်စွာ ရယူနိုင်တဲ့လူ နောက်တစ်ယောက် ထပ်ပေါ်လာပြီ မဟုတ်ပါလား။

သက်ရှိအကုန်လုံးက လီတောက်ခုံး နာမည်နဲ့ ရင်းနှီးကြပါတယ်။ လီတောက်ခုံးက ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံမှာ အမြဲတမ်း ထိပ်တန်းမှာ ရှိနေခဲ့တာ မဟုတ်ပါလား။ ဒါပေမဲ့ သူတို့တွေဟာ တာအိုပညာရှိတွေက တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းလာလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။

အထူးဆန်းဆုံးကတော့ အတိတ်မှာ တာအိုပညာရှိတွေက ကတိအကြီးကြီးတွေပေးပြီး ကောင်းကင်တာအိုကို ကျိန်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ လီတောက်ခုံးကတော့ တကယ်ကြီး တိတ်ဆိတ်ဂိုဏ်းကို ကျိန်ဆိုလိုက်ပါတယ်။

တိတ်ဆိတ်ဂိုဏ်းက ပြန်ပြီးတော့ ထွက်ပေါ်လာပါတယ်။

အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုအသီးသီးဟာ အံ့ဩတကြီး ဖြစ်ကုန်ကြပါတယ်။

အဲဒီနေ့မှာပဲ လီတောက်ခုံးဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို သွားပြီး တာအိုစက်ကွင်း ဖွင့်လှစ်ပါတယ်။ တခြားတာအိုပညာရှိတွေဟာ အပြေးရောက်လာပြီး လီတောက်ခုံးကို ဂုဏ်ပြုကြပါတယ်။ ရှီတုတောက်ရဲ့ မျက်နှာတော့ ပါးစပ်ထဲ ယင်ကောင်အုပ်လိုက် ဝင်သွားသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လီတောက်ခုံးက သူ့ကို အမြဲတမ်း အနှောင့်အယှက် ပေးခဲ့လို့ပါပဲ။

ရှီတုတောက်ဟာ တာအိုပညာရှိ ဖြစ်လာလို့ လီတောက်ခုံးရန်ကနေ ကင်းဝေးပြီ ထင်ခဲ့တာပါ။ အခုတော့ လီတောက်ခုံးကလည်း တာအိုပညာရှိ ဖြစ်လာခဲ့ပါပြီ။

တကယ်လည်း ရှီတုတောက်ကို တွေ့တွေ့ချင်း လီတောက်ခုံး ပြောလိုက်တဲ့ စကားက... “ဟမ်... ငါတို့ကြားမှာ အနိုင်အရှုံး မကွဲသေးဘူး၊ ငါတို့တွေ ဆက်တိုက်ကြတာပေါ့”

ရှီတုတောက်ဟာ ပါးစပ်ပိတ်ပြီး ဘာမှပြန်မပြောပါဘူး။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ သက်ပြင်းချလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းမှာ တာအိုပညာရှိနှစ်ပါး ပေါ်လာပြီ၊ တူတပည့် တောက်ခုံး နောက်ကျရင် ကောင်းကင်တာအိုကို ကာကွယ်ရမဲ့ တာဝန်ကို မင်း ထမ်းဆောင်ရလိမ့်မယ်”

လီတောက်ခုံးဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ချုံရှီလိုင်တို့နဲ့ မစိမ်းပါဘူး။ အတိတ်မှာတုန်းက လီမုယဲ့ရဲ့ အကြီးဆုံးတပည့် အရည်အချင်းက တာအိုပညာရှိ အကုန်လုံးကို မနာလိုဝန်တို ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ထိတောင် လီတောက်ခုံးရဲ့ အရည်အချင်းက ထိပ်တန်းပဲလို့ တာအိုပညာရှိတွေ ခံစားနေရတုန်းပါ။

လီတောက်ခုံးက ပြောလိုက်ပါတယ် “ထမ်းဆောင်ပါ့မယ်၊ ကျွန်တော်က ဂိုဏ်းချုပ်ကို အတုယူပြီး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်မှာ၊ ကျွန်တော် စိတ်လိုက်မာန်ပါ လုပ်မှာကို စိုးရိမ်စရာ မလိုပါဘူး”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကြပါတယ်။ သူတို့တွေဟာ လီတောက်ခုံးက တာအိုကို ရယူပြီးခါစမလို့ ရဲတင်းလွန်းမှာကို ကြောက်နေတာပါ။ ကံကောင်းထောက်မစွာပဲ လီတောက်ခုံးက ဟန်ကျွယ်လိုမျိုး ခြိုးခြံကျင့်ကြံသူ ဖြစ်နေပါတယ်။

တိတ်ဆိတ်ဂိုဏ်းက အဓိက အင်အားစုအသီးသီးကို ထိုးဖောက် စိမ့်ဝင်ထားပြီဆိုပေမဲ့ ကောင်းကင်တာအိုကို မထိန်းချုပ်ပါဘူး။ ဒါကြောင့်လည်း တာအိုပညာရှိတွေက တိတ်ဆိတ်ဂိုဏ်းကို လျှို့ဝှက် မကြံစည်ရဲတာပါ။ ဒါတွေအားလုံးထက် အရေးအကြီးဆုံး အကြောင်းအရင်းကတော့ မနိုင်နိုင်လို့ပဲ ဖြစ်ပါတယ်။

“တစ်နေရာပဲ ကျန်တော့တယ်၊ တာအိုပညာရှိ ကိုးပါး စုံညီရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့က ပြီးပြည့်စုံသွားလိမ့်မယ်၊ အဲဒီကျမှပဲ ငါတို့တွေ စိတ်ချလက်ချ ကျင့်ကြံအားထုတ်နိုင်မှာ” ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ်။

ရှီတုတောက်က တအံ့တဩ မေးလိုက်ပါတယ် “တာအိုပညာရှိက ကိုးပါး စုံနေပြီ မဟုတ်ဘူးလား”

တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ရွှမ်တု၊ ကောင်းကင်အရှင်ဝူဖာ၊ ရှီတုတောက်၊ လီတောက်ခုံးနဲ့ တိတ်ဆိတ်ဂိုဏ်းချုပ်။

စုစုပေါင်း တာအိုပညာရှိ ကိုးပါးပါ။

ဂိုဏ်းချုပ်တျန်ကျွယ်က ခေါင်းခါလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က ကောင်းကင်တာအိုပညာရှိ မဟုတ်ဘူး၊ သူက ကောင်းကင်တာအိုထဲမှာ နေပေမဲ့ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ရဲ့ ကန့်သတ်မှုကို မခံရဘူး”

တကယ်တော့ သူတို့လည်း ဒီကိစ္စကို ထူးဆန်းနေတာပါ။ ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး‌ နေလဲဆိုတာကို သူတို့လည်း မသိပါဘူး။ ဟန်ကျွယ်က ကောင်းကင်တာအိုထဲကနေ တာအိုကို ရယူပြီး ကောင်းကင်တာအို ကန့်သတ်တာကို မခံရသူပါ။

ရှီတုတောက်ဟာ တိတ်ဆိတ်သွားပြီး တိတ်ဆိတ်ဂိုဏ်းချုပ် အကြောင်းကို ပိုသိချင်သွားပါတယ်။ ဟန်ကျွယ်ဟာ ရှီတုတောက်ကို အမှောင်သခင်ကြီးအနေနဲ့ ဆက်သွယ်ထားတာမို့ ရှီတုတောက်ဟာ ဟန်ကျွယ်ကို တိတ်ဆိတ်ဂိုဏ်းချုပ်မှန်း မသိပါဘူး။

“နောက်ပြီး ဒီကြားထဲမှာ အမှောင်သခင်ကြီးက ငါတို့ကို ပစ်မှတ်ထားနေတယ်၊ မင်းတို့တွေ ကျိန်စာတိုက်ခံရပြီး မခံနိုင်တော့ရင် ငါတို့ကို အကူအညီတောင်းဖို့ မမေ့နဲ့၊ အခုလက်ရှိ ကောင်းကင်တာအိုက တာအိုပညာရှိ ကျဆုံးတာကို တောင့်မခံနိုင်တော့ဘူး” ကောင်းကင်အရှင်ရွှမ်တုက သတိပေးလိုက်ပါတယ်။

‘အမှောင်သခင်ကြီး...’ ရှီတုတောက်ဟာ မျက်တောင် တစ်ချက် ခတ်လိုက်ပြီး စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ် ‘တောင်းပန်ပါတယ်၊ ငါက အမှောင်သခင်ကြီးဘက်ကပဲ’

လောကဦး ခရမ်းရောင်ချီက အမှောင်သခင်ကြီးပေးတာ မဟုတ်ပေမဲ့ သူ့ကို လောကဦး ခရမ်းရောင်ချီ ပေးတဲ့လူကလည်း သဘောရိုးနဲ့ ပေးတာ မဟုတ်ပါဘူး။ ကြောင်သူတော် ကြွက်သူခိုး တာအိုပညာရှိထက်စာရင် ရှီတုတောက်ဟာ အမှောင်သခင်ကြီးကို ပိုသဘောကျပါတယ်။

တာအိုပညာရှိတွေဟာ ထွေရာလေးပါး ပြောဆိုကြပြီးနောက် လူစုခွဲလိုက်ကြပါတယ်။

နှစ်သုံးရာ ကြာပြီးနောက်။

“ငါက ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်ဧကရာဇ်၊ ကောင်းကင်တာအိုဂိုဏ်းကို တည်ထောင်သူ ဖန်းလျန်ပဲ၊ ဒီနေ ငါ တာအိုကို ရယူပြီး တာအိုပညာရှိ တာအိုအသီးကို ပြုစုပျိုးထောင်မယ်၊ ငါက ကောင်းကင်တာအိုရဲ့ ဥပဒေကို ထိန်းသိမ်းပြီး ကောင်းမှု မကောင်းမှုကို ခွဲခြားသိစေမယ်၊ သက်ရှိအားလုံး လမ်းမှန်ရောက်အောင် ရှေ့ကနေ ဦးဆောင်မယ်”

ဖန်းလျန်ရဲ့အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပြီး သက်ရှိတွေ အကုန်လုံးကို ထပ်ပြီးတော့ အံ့အားသင့်သွားစေပါတယ်။ နောက်ထပ် တာအိုပညာရှိတစ်ပါး ထပ်ပေါ်လာပြန်ပြီ မဟုတ်ပါလား။

တာအိုပညာရှိတွေ အကုန်လုံး လန့်သွားကြပါတယ်။ သူတို့တွေဟာ ဖန်းလျန်က နောက်ဆုံး ကောင်းကင်တာအို ပညာရှိ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။

အင်မော်တယ်ကမ္ဘာ၊ တစုန်ကောင်းကင်ဂိုဏ်း။

နန်းတော်ထဲက ဝတ်ရုံနက်ဟာ ရုတ်တရက်ဆိုသလို မယုံကြည်နိုင်စွာ မျက်လုံးဖွင့်လိုက်ပါတယ် “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ အဲဒါ ငါဖြစ်ရမှာ မဟုတ်ဘူးလား”

ဒီဝတ်ရုံနက်က တစုန်ကောင်းကင်ပါ။

တာအိုပညာရှိတွေဟာ သူ့ကို တာအိုပညာရှိ ဖြစ်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါကြောင့် တစုန်ကောင်းကင်ဟာ အမြဲတမ်း တည်ငြိမ်နေခဲ့တာပါ။ တာအိုပညာရှိ ဖြစ်လာဖို့ လောကဦး ခရမ်းရောင်ချီကို လိုအပ်ပါတယ်။ တာအိုပညာရှိတွေက လောကဦး ခရမ်းရောင်ချီ ပေးမယ်ဆိုတဲ့အတွက် တစုန်ကောင်းကင် တာအိုပညာရှိ ဖြစ်လာဖို့က သေချာသလောက်ကို ရှိနေခဲ့တာပါ။

ဒါပေမဲ့ နောက်ဆုံးမှာတော့...။

တစုန်ကောင်းကင်ရဲ့ ပထမဆုံး တုံ့ပြန်မှုက သူအရူးလုပ်ခံရပြီလို့ ထင်ပြီး တရားမျှတမှု ရှာချင်တာပါ။ ဒါကြောင့် တစုန်ကောင်းကင်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ချက်ချင်း သွားပါတယ်။

ဒီအချိန်မှာပဲ တာအိုပညာရှိတွေဟာ စကြဝဠာခန်းမမှာ စုဝေးနေကြပါတယ်။ လီတောက်ခုံးနဲ့ ရှီတုတောက်ကလွဲရင် အရင်မျိုးဆက်က တာအိုပညာရှိတွေ အကုန်လုံး ရောက်လာကြပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ၊ ဖန်းလျန်က ဘယ်လိုလုပ်ပြီး တာအိုရယူနိုင်သွားတာလဲ” တောင်ဘက်စွန်း ကောင်းကင်အရှင်က စမေးလိုက်ပါတယ်။

ကိစ္စတွေက ထူးဆန်းလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ လောကဦး ခရမ်းရောင်ချီ တစ်ခု ရှိနေသေးလို့ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters