← Chapters

အခန်း (၇၉၀)

Vol. 57 Ch. 790

အခန်း (၇၉၀)

Vol. 57 Ch. 790

‘ဓမ္မစင်မြင့်ကို ချိုးဖျက်ရမှာလား’

‘အဲဒါက ဘာကိုဆိုလိုတာလဲ’

“အမတ်ချုပ်ကြီးဟန်၊ ငါတို့က အစွမ်းကုန်သုံးပြီး ဓမ္မစင်မြင့်ရဲ့ အကာအကွယ်ဝင်္ကပါကို ချိုးဖျက်ရမယ်လို့ ပြောချင်တာလား”

တိမ်တိုက်တာအိုဝတ်စုံနှင့် ဦး‌ခေါင်းထက်တွင် ခရမ်းရွှေအလင်းရောင်ကို ထုတ်လွှတ်နေသော လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

တခြားလူများကလည်း ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဓမ္မစင်မြင့်၏ အကာအကွယ်ဝင်္ကပါကို ချိုးဖောက်ရန် မလွယ်ကူပေ။

ထိုဝင်္ကပါသည် နတ်ဘုရားခုံရုံးမှ အဓိကခန်းဆောင်၏ အကာအကွယ်ဝင်္ကပါအောက် တစ်ဆင့်သာနိမ့်သည်။

နတ်ဘုရားခုံရုံး၏ အကာအကွယ်ဝင်္ကပါကို အောင်မြင်စွာချိုးဖောက်ရန်အတွက် ရှေးခေတ်၏ မဟာကျင့်ကြံသူဆယ်ဦးသည် ပူးပေါင်းခဲ့ရသည်။

ယခုအချိန်တွင် ထိုလူများသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသည်။ အကယ်၍ အဆုံးမဲ့နတ်ဘုရားဘုရင်က ထိုလူများနှင့် ယှဉ်နိုင်လျှင်ပင် တစ်ယောက်တည်းသာ ဖြစ်သည်။

သူတို့အားလုံး ပူးပေါင်းလိုက်လျှင်ပင် ထိုမဟာပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ခွန်အားများကို ပေါင်းစပ်လိုက်ရုံဖြင့် အရည်အသွေးပြောင်းလဲသွားမည်မဟုတ်ပေ။

ဟွမ်ခြောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးသည်။

သူ့နောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် မိစ္ဆာနဂါးနက်သည် မိစ္ဆာအရှိန်အဝါများကို ထုတ်လွှတ်လျက် ပေါ်ထွက်လာသည်။

မိစ္ဆာနဂါးအပြင် စာလိပ်တစ်ခုသည်လည်း ရွှေအလင်းကိုထုတ်လွှတ်၍ ဖြည်းဖြည်းချင်း ပွင့်လာသည်။

မဟာသူတော်စင် ကောင်းကင်နင်းခြေ မိစ္ဆာဘုရင်နှင့် လောကတည်ငြိမ်ခြင်းမြေပုံ ....

ဟွမ်ခြောက်၏စွမ်းအားများက ပေါက်ကွဲထွက်လာပြီး မိုင်ထောင်ချီပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ဥက္ကာခဲများအားလုံးသည် အသံပေးနေကြသည်။

အာကာသထဲတွင် ပြန့်ကျဲနေသော ဥက္ကာခဲအပိုင်းအစများသည် ဝဲကတော့အဖြစ် ပြောင်းလဲသွားပြီး ဗဟိုချက်တစ်ခုတွင် စုစည်းလာကြသည်။

လောကတည်ငြိမ်ခြင်းမြေပုံသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး အဆုံးမရှိသောအာကာသကို ဝါးမြိုလိုက်ပုံပေါ်သည်။

ဟွမ်ခြောက်၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအဆင့်သို့ ရောက်နေသည်။

အထက်ဘုံ၏ ကျွမ်းကျင်သူများနှင့် ဆည်မှထွက်ပေါ်လာသော ကျင့်ကြံသူများ၏ မျက်နှာထားသည် ပြောင်းလဲသွားကြသည်။

ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများက ပုံမှန်အတိုင်းသာ ဖြစ်သည်။

ရှေးတိမ်တိုက်စကြဝဠာတွင် ဟွမ်ခြောက်သည် နာမည်ကြီးသည်။ သူက ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်၏ လက်အောက်တွင်ရှိနေပြီး နေရာတိုင်းတွင် ဆက်တိုက်သတ်ဖြတ်ခဲ့သည်။

ဟွမ်ခြောက်က ကျယ်လောင်စွာရယ်မောလိုက်ပြီး လောကတည်ငြိမ်ခြင်းမြေပုံသည် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူက ဓားရှည်ကို ကိုင်ဆွဲပြီး ခုတ်ချလိုက်သည်။

ဓားချက်သည် ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲသွားစေပုံပေါ်ပြီး လေဟာနယ်သည် ဟိန်းဟောက်သံပေးလျက် ပေါက်ကွဲထွက်သွားသည်။ လေဟာနယ်သည် ဖိနှိပ်ခံလိုက်ရပြီး တွန့်လိမ်လျက် ကျိုးပျက်သွားသည်ကို သာမန်မျက်လုံးဖြင့် မြင်နိုင်သည်။

ထိုဓားချက်ကြောင့် ကြယ်တစ်လုံးသည် အမှုန့်ဖြစ်သွားလိမ့်မည်။

“ဘန်း”

လွင့်မျောနေသော ပေတစ်ရာကျယ်ဝန်းသည့်စင်မြင့်သည် ပျက်စီးသွားခဲ့သည်။

ထို့နောက် ဒုတိယစင်မြင့်၊ တတိယစင်မြင့် ....

ပုံရိပ်ယောင်ဆန်သောတည်နေရာတွင် ဓမ္မစင်မြင့်အခုတစ်ရာသည် အမှုန့်အဖြစ် ပြိုကွဲသွားခဲ့သည်။

ဟွမ်ခြောက်က တောက်ပနေသောမျက်လုံးများဖြင့် လောကတည်ငြိမ်ခြင်းမြေပုံကို ပြန်သိမ်းသည်။

သူက ထိုဓားချက်ဖြင့် တိုက်ပွဲစင်မြင့်တစ်ရာကို ဖျက်ဆီးခဲ့သည်။

သို့သော် ထိုအရာသည် အဆုံးသတ်ပင်ဖြစ်သည်။

သစ်သားနစ်မြုပ်ချောက်နက်တွင် မရေမတွက်နိုင်သော စင်မြင့်များ ရှိနေကြသည်။

ဟွမ်ခြောက်က လောကတည်ငြိမ်ခြင်းမြေပုံကို ပြန်သိမ်းလိုက်ပြီး ဟန်မူယဲ့၏နောက်သို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင် လူတိုင်းက စကားမပြောဘဲ သစ်သားနစ်မြုပ်ချောက်နက်တွင်ရှိသော တိမ်တိုက်နှင့်မြူခိုးများကို ကြည့်နေကြသည်။

ပျက်စီးသွားသော တိုက်ပွဲစင်မြင့်များသည် ပြန်လည်ကောင်းမွန်လာကြသည်။

“အဲဒါက ဓမ္မစင်မြင့်ရဲ့ အကာအကွယ်ဝင်္ကပါပဲ”

တောင်တန်းနှင့်မြစ်စုတ်တံကို ကိုင်ထား‌သော ကောင်းရှောင်ရွှမ်က တည်ငြိမ်စွာပြောသည်။

သူက မလှုပ်ရှားသော်လည်း ဓမ္မစင်မြင့်၏ အကာအကွယ်ဝင်္ကပါနှင့် ရင်းနှီးနေသည်။

တစ်ချိန်က သူသည် ဓမ္မစင်မြင့်ပေါ်တွင် စိန်ခေါ်ပြီး နာမည်ချန်ထားနိုင်ခဲ့သည်။

“ဓမ္မစင်မြင့်က တိုက်ခိုက်မှုစွမ်းအားကို စုပ်ယူတယ်။ အဲဒါကြောင့် လူတစ်ယောက်ရဲ့တိုက်ခိုက်မှုက အကာအကွယ်ဝင်္ကပါကို ဖျက်ဆီးဖို့ မလုံလောက်ဘူးဆိုရင် ဘယ်တော့မှ ချိုးဖောက်နိုင်မှာမဟုတ်ဘူး”

ဓမ္မစင်မြင့်က တိုက်ခိုက်မှုစွမ်းအားကို စုပ်ယူလိုက်သောအခါတွင် ပိုမိုအားကောင်းလာသည်။

အကယ်၍ ပထမဆုံးတိုက်ခိုက်မှုသည် ဝင်္ကပါကို မချိုး‌ဖောက်နိုင်ခဲ့လျှင် နောက်ထပ်တိုက်ခိုက်မှုများသည် အသုံးမဝင်တော့ပေ။

ကောင်းရှောင်ရွှမ်၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော ကျွမ်းကျင်သူများက ခေါင်းခါလိုက်ကြသည်။

လောက၏ ကျွမ်းကျင်သူအားလုံးနီးပါးသည် ဤနေရာတွင် စုစည်းနေကြသည်။

သို့သော် ဟွမ်ခြောက်ထက်သာလွန်သည်ဟု ပြောရဲသောလူများ သိပ်မရှိကြပေ။

ပူးပေါင်းရန်အတွက်လည်း မဖြစ်နိုင်ပေ။

ဤနေရာတွင်ရှိသော လူများသည် မတူညီသော အတွေးများနှင့် မတူညီသော အင်အားစုများမှ ရောက်လာကြသည်။ သူတို့က မည်သို့ ပူးပေါင်းနိုင်မည်နည်း။

“ငါတို့က ဓမ္မစင်မြင့်ရဲ့ အကာအကွယ်ဝင်္ကပါကို တစ်ချက်တည်းချိုးဖောက်ဖို့ ပြောနေတာဆိုရင်တော့ ငါလည်း မလုပ်နိုင်ဘူး”

ဟန်မူယဲ့၏ဘေးတွင် ကျားဝူက ညင်သာစွာပြောသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်ကပင် ဓမ္မစင်မြင့်၏အကာအကွယ်ကို မချိုးဖောက်နိုင်ဟု ဝန်ခံခဲ့သည်။

သူတို့က ထိုရလဒ်ကို ခန့်မှန်းပြီးသားဖြစ်သော်လည်း အဆုံးမဲ့နတ်ဘုရားဘုရင်က တိုက်ရိုက်ထုတ်ပြောလိုက်သောကြောင့် လူအများသည် စိတ်အေးသွားကြသည်။

‘အဲဒီတော့ အဆုံးမဲ့နတ်ဘုရားဘုရင်က ငါတို့ထင်ထားသလောက် အားမကောင်းဘူးပေါ့’

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

ကျားဝူက မှိန်ဖျော့ပြီး သာမန်ဆန်သောအငွေ့အသက်ကို ထုတ်ဖော်နေသည်။ ထိုအချိန်တွင် မဖော်ပြနိုင်သော စွမ်းအားတစ်ခုသည် အာကာသထဲတွင် အသက်ဝင်လာသည်။

လူတိုင်းက ချုပ်နှောင်ခံထားရသကဲ့သို့ အသက်ရှူရန် ခက်ခဲလာသည်။

ထိုအချိန်တွင် သူတို့အားလုံးက ချောက်နက်တစ်ခု၏အောက်ခြေတွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်၏ အငြိုးအတေးစွမ်းအင် ဖြစ်သည်။

လူအများအပြားသည် ကျားဝူကို ထိတ်လန့်စွာကြည့်လိုက်ကြသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်သည် ဓမ္မစင်မြင့်ကို မချိုးဖျက်နိုင်ဟု ပြောခဲ့သော်လည်း ခွန်အားကို စုစည်းနေခဲ့သည်။

ထိုအချက်သည် သူ၏ ယုံကြည်ချက်ကို ဖော်ပြနေသည်။

‘အဆုံးမဲ့နတ်ဘုရားဘုရင်က ရှေးခေတ်ရဲ့ မဟာပုဂ္ဂိုလ်ကြီးဆယ်ယောက်နဲ့ ယှဉ်နိုင်တာလား’

‘ဒါက ကြောက်စရာပဲ’

“ငါက ကြိုးစားကြည့်ရမလား။ ဒါမှမဟုတ် မင်းမှာ ပိုကောင်းတဲ့အကြံ ရှိလား”

ကျားဝူက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“မင်းမှာ အရံအစီအစဉ်ရှိတာကို ငါသိတယ်”

ကျားဝူနှင့် ဟန်မူယဲ့သည် ပြန့်ကျဲကြယ်ကျွန်းတွင် လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။

သူတို့က အချင်းချင်း နားလည်မှုရှိကြသည်။

“အကြီးအကဲက ကျွန်တော့်ကို ကောင်းကောင်းသိနေတာပဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ရှေ့သို့ ညွှန်ပြသည်။

“ဓမ္မစင်မြင့်ကို ချိုးဖျက်ဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်”

“ပထမတစ်ခုကတော့ စင်မြင့်ရဲ့ အကာအကွယ်ဝင်္ကပါကို အားသုံးပြီး တစ်ချက်တည်း ဖျက်ဆီးဖို့ပဲ။ စင်မြင့်က အတိုင်းအတာတစ်ခုအထိ ပျက်စီးသွားမယ်ဆိုပေမဲ့ ပြန်ကောင်းလာလိမ့်မယ်”

“ဒုတိယတစ်ခုကတော့ ဓမ္မစင်မြင့်ပေါ်ကို တက်သွားပြီး ပုံရိပ်ယောင်ရုပ်သေးတွေနဲ့ တိုက်ခိုက်ဖို့ပဲ”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ရှေးခေတ်ရဲ့ မဟာကျင့်ကြံသူကြီးတွေလိုမျိုး ရုပ်သေးရုပ်တွေကို အနိုင်ယူပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဝင်ရောက်ဖို့အတွက် အရည်အချင်းပြသရမယ်”

ဓမ္မစင်မြင့်ကို ချိုးဖျက်ခြင်းသည် စင်မြင့်ပေါ်တွင် ရုပ်သေးများကို အနိုင်ယူ၍ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန်အတွက် အရည်အချင်းပြသခြင်း ဖြစ်သည်။

ဟန်မူယဲ့၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော ကျွမ်းကျင်သူများသည် စိတ်လှုပ်ရှားသွားကြသည်။

‘အဲဒါက ဓမ္မစင်မြင့်ကို ချိုးဖျက်ရတဲ့နည်းလမ်းပေါ့’

‘အဲဒါဆိုရင် ငါကရော အရည်အချင်းပြည့်မီမလား’

မရေမတွက်နိုင်သောလူများသည် တက်ကြွနေပြီး စင်မြင့်ပေါ်သို့ တက်‌ရောက်၍ ရုပ်သေးရုပ်များနှင့် တိုက်ခိုက်ချင်နေကြသည်။

“အားလုံးပဲ ဓမ္မစင်မြင့်ပေါ်မှာ အသက်အန္တရာယ်မရှိပေမဲ့ ထိခိုက်နိုင်သေးတယ်။ ပြီးတော့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်ထားခဲ့တာကြောင့် ပြောင်းလဲမှုတွေ ဖြစ်သွားပြီလား မသိနိုင်ဘူး”

ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် ပြောသည်။

“တိုက်ပွဲစင်မြင့်ပေါ်ကို တက်သွားချင်ရင် သတိထားပြီး ကိုယ်ပိုင်အစွမ်းအစအတိုင်း ဆောင်ရွက်ရမယ်”

‘ငါတို့သိပါတယ်။ အဲဒါကို ဘယ်သူက မသိဘဲနေမှာလဲ။ တိုက်ပွဲစင်မြင့်ပေါ်ကို ဘယ်အချိန်တက်နိုင်မလဲဆိုတာပဲ ပြောစမ်းပါ’

လူတိုင်းက စိတ်အားထက်သန်နေကြသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“အားလုံးပဲ ဂရုစိုက်ကြပါ”

‘ဟားဟား၊ ငါတို့က မင်းအဲဒီလိုပြောလာမှာကို စောင့်နေတာကွ’

ကျွမ်းကျင်သူများသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပုံရိပ်ယောင်စင်မြင့်များဆီသို့ ပျံသန်းသွားကြသည်။

လူတစ်ယောက်က စင်မြင့်ပေါ်သို့ ရောက်သွားသောအချိန်တွင် ပုံရိပ်ယောင်တစ်ခုသည် စုစည်းလာခဲ့သည်။

“ဘုန်း”

လူတစ်ယောက်က လှုပ်ရှားလိုက်သည်။ ပုံရိပ်ယောင်သည် တစ်ချက်ပင်မခံနိုင်ဘဲ ချက်ချင်းပျက်စီးသွားသည်။

ထို့နောက် ကျွမ်းကျင်သူသည် အလင်းတန်းအဖြစ် ပြောင်းလဲပြီး ဒုတိယစင်မြင့်ပေါ်သို့ ရောက်သွားသည်။

အသက်ရှူကြိမ်အနည်းငယ်အတွင်း၌ လူတစ်ယောက်သည် စင်မြင့်ဆယ်ခုကို ကျော်ဖြတ်ပြီးခဲ့သည်။

“ဟမ်၊ စိတ်ဝင်စားစရာပဲ”

စင်မြင့်ပေါ်တွင်ရှိနေသော လူတစ်ယောက်က အသံပြုသည်။

သူ့ရှေ့တွင်ရှိနေသော ရုပ်သေးရုပ်သည် လှုပ်ရှားလိုက်သည်။ ထိုတိုက်ကွက်သည် သူအသုံးပြုခဲ့သော တိုက်ကွက်နှင့် တူညီနေသည်။

ဓမ္မစင်မြင့်သည် တိုက်ကွက်များကို ကူးယူနိုင်သည်။

“ဓမ္မစင်မြင့်မှာ လောကရဲ့ နည်းစနစ်တွေအားလုံးနဲ့ ဥပဒေသတွေအားလုံးကို လေ့ကျင့်နိုင်တယ်။ လူတစ်ယောက်က စင်မြင့်တွေကို ကျော်ဖြတ်နိုင်လေ ရင်ဆိုင်ရမယ့် ရုပ်သေးရုပ်က သန်မာလာလေပဲ”

ကောင်းရှောင်ရွှမ်က တောက်ပနေသော မရေမတွက်နိုင်သည့် တိုက်ပွဲစင်မြင့်များကို ကြည့်လိုက်ပြီး အတိတ်ကို သတိရနေပုံပေါ်သည်။

“တစ်ခါတလေမှာ အနိုင်ယူဖို့အခက်ဆုံးပြိုင်ဘက်က ကိုယ်ကိုယ်တိုင်ပဲ”

အနိုင်ယူဖို့အခက်ဆုံးပြိုင်ဘက်သည် ကိုယ်ကိုယ်တိုင်ပင် ဖြစ်သည်။

ကျားဝူက အံ့အားသင့်နေသောမျက်နှာထားဖြင့် တိုက်ပွဲစင်မြင့်ကိုကြည့်ပြီး အတွေးနက်နေသည်။

“ဒါက တကယ်စိတ်ဝင်စားစရာပဲ”

ဟွမ်ခြောက်က ပြုံးလိုက်ပြီး ပျော်ရွှင်စွာပြောသည်။

“ငါ့သမီးကို ကြိုးစားခိုင်းရမယ်။ သူမရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က မခိုင်မာသေးဘူး။ အတွေ့အကြုံတွေကို သုံးသပ်နိုင်ရင် မဆိုးဘူး”

နတ်ဘုရားခုံရုံးခေတ်တွင် အားကောင်းပြီး အရည်အချင်းပြည့်မီသော မဟာကျင့်ကြံသူများကသာ ဓမ္မစင်မြင့်သို့ တက်ရောက်နိုင်သည်။

ဓမ္မစင်မြင့်ပေါ်သို့ လူတိုင်းတက်ရောက်ရန် အခွင့်အ‌ရေးမရှိပေ။

ဓမ္မစင်မြင့်သည် ကျင့်ကြံသူများအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။

“ဓမ္မစင်မြင့်ကို ချိုးဖျက်နိုင်ရင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဝင်ရောက်ဖို့အတွက် အရည်အချင်းပြည့်မီတာလား”

ကျားဝူက ဟန်မူယဲ့ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ဟန်မူယဲ့က တိတ်ဆိတ်နေသော်လည်း ဘေးတွင်ရှိနေသော ကောင်းရှောင်ရွှမ်က ပြောလိုက်သည်။

“ဟုတ်တယ်။ ရှေးခေတ်အချိန်မှာ အဲဒီလိုပဲ။ မဟာကျင့်ကြံသူတွေက ဓမ္မစင်မြင့်ကို ချိုးဖျက်ဖို့ လိုအပ်တယ်”

“နောက်ပိုင်းမှာ ဓမ္မစင်မြင့်ကို ချိုးဖျက်နိုင်တဲ့လူတွေက နည်းပါးလာတယ်။ အဲဒါကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဝင်ရောက်နိုင်ဖို့အတွက် လိုအပ်ချက်ကို လျော့ချလိုက်ရတယ်”

“နောက်ဆုံးမှာတော့ စင်မြင့်တစ်ရာကို ကျော်ဖြတ်နိုင်ရင် အင်မော်တယ်ကမ္ဘာကို တက်လှမ်းခွင့်ရတယ်”

‘စင်မြင့်တစ်ရာကို ကျော်ဖြတ်ရမှာလား’

‘အဲဒါက သိပ်မလွယ်တဲ့ပုံပဲ’

သူတို့၏ရှေ့တွင် အမြန်ဆုံးလူများသည် စင်မြင့်နှစ်ဆယ်ကို ဖြတ်ကျော်ခဲ့သည်။

သို့သော် သူတို့၏ အမြန်နှုန်းသည် လျော့ကျသွားသည်။

“ဘုန်း”

သူတော်စင်အဆင့်တွင်ရှိနေသော ကျင့်ကြံသူတစ်ယောက်သည် ရုပ်သေးရုပ်၏ လက်ဝါးချက်ကြောင် ဖြူဖျော့နေသောမျက်နှာထားဖြင့် စင်မြင့်၏အပြင်ဘက်သို့ လွင့်ထွက်လာသည်။

သူက အားတင်းထားပြီး ပြန်သွားရန် ကြိုးစားနေသော်လည်း သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူက အားနည်းနေပြီး အကူအညီမဲ့စွာဖြင့် ဥက္ကာခဲတစ်ခုပေါ်တွင် အနားယူနေရသည်။

“စင်မြင့်ကနေ ကျရှုံးသွားရင် အနည်းဆုံး တစ်ရက်အနားယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ရတယ်”

ကောင်းရှောင်ရွှမ်က ထိုကျင့်ကြံသူကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

တစ်ဖက်လူက ခေါင်းမော့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။

ကျားဝူက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“ကောင်လေး၊ ဒီမဟာဝင်္ကပါရဲ့ စွမ်းအားနဲ့ဆိုရင် စင်မြင့်တစ်ရာကို ဖြတ်ကျော်ဖို့ မရိုးရှင်းဘူးမဟုတ်လား”

တခြားလူများက စင်မြင့်တစ်ရာကို မကျော်ဖြတ်နိုင်သော်လည်း ထိပ်တန်းအဆင့်ကျွမ်းကျင်သူဖြစ်သော သူကတော့ လုပ်နိုင်သည်။

သို့သော် ဓမ္မစင်မြင့်ကို ချိုးဖျက်ရန်အတွက် ထိုသို့ ရိုးရှင်းမည်မဟုတ်ပေ။

All Chapters