အခန်း (၇၉၁)
Vol. 57 Ch. 791
“ဒီဝင်္ကပါက အခု ကိုယ်ပိုင်စွမ်းအားနဲ့ လည်ပတ်နေတယ်။ ဒီဝင်္ကပါကို ချိုးဖောက်ဖို့အတွက် စင်မြင့်တွေအားလုံးကို ကျော်ဖြတ်ပြီး ရုပ်သေးရုပ်တွေအားလုံးကို အနိုင်ယူရမယ်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်သည်။
အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန်အတွက် စင်မြင့်များအားလုံးကို ဖြတ်ကျော်ရသော ရှေးခေတ်၏ မဟာကျင့်ကြံသူများကဲ့သို့ ဖြစ်သည်။
ကျားဝူက မောက်မာသောမျက်နှာထားဖြင့် စိတ်လှုပ်ရှားနေပုံရသည်။ သူက ကျယ်လောင်စွာရယ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုး၍ စင်မြင့်ပေါ်သို့ ရောက်သွားသည်။
“ကောင်လေး၊ ဘယ်သူက အရင်ဆုံးကျော်ဖြတ်နိုင်မလဲ ကြည့်ရအောင်”
ပြိုင်ပွဲသည် အရင်ဆုံးတက်ရောက်သွားသောလူ မဟုတ်ဘဲ စင်မြင့်အများဆုံး ကျော်ဖြတ်နိုင်သောလူ ဖြစ်သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်သည် ကိုယ်ကိုယ်တိုင်နှင့် ဟန်မူယဲ့ကို ယုံကြည်ချက်ရှိသည်။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
“အမတ်ချုပ်ကြီးဟန်၊ ဓမ္မစင်မြင့်ကို ထိန်းချုပ်ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့အတွက် စင်မြင့်တွေအားလုံးကို ကျော်ဖြတ်ရုံပဲဆိုရင် ဘာဖြစ်လို့ ဒီလူတွေကို စုစည်းလိုက်တာလဲ”
ဟန်မူယဲ့၏နောက်တွင် ရှုဝေက ညင်သာစွာပြောလိုက်သည်။
ရှုဝေက ခေါက်ယပ်တောင်ကို အသာအယာဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ ကြည့်သည်။
“လောကရဲ့ အဆင့်ကိုးကျင့်ကြံသူစွမ်းအားကို ပြသချင်လို့လား”
“အင်အားစုတွေအားလုံးရဲ့ စစ်ပွဲကို ရပ်တန့်သွားစေချင်လို့လား”
ရှုဝေက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“အမတ်ချုပ်ကြီးဟန်က အဲဒီလိုမျိုး အပေါ်ယံဆန်တဲ့လူမျိုး မဟုတ်ဘူးလို့ထင်တယ်”
ဟန်မူယဲ့က ရယ်လိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်ချသည်။
“မင်းပြောတာ မှန်တယ်”
ရှုဝေက ခပ်ဟဟရယ်လိုက်သည်။ ထို့နောက် ဟန်မူယဲ့၏စကားသံကို ဆက်ကြားရသည်။
“ငါက အဲဒီလိုမျိုး အပေါ်ယံဆန်တဲ့လူပဲ”
ရှုဝေ၊ ဟွမ်ခြောက်နှင့် ကောင်းရှောင်ရွှမ်တို့က နှုတ်ခမ်းများတွန့်သွားကြသည်။
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ရှေ့သို့ကြည့်သည်။
ကျားဝူက ယှဉ်ပြိုင်ချင်သည်ဟု ပြောသော်လည်း ချက်ချင်းလှုပ်ရှားမည်မဟုတ်ပေ။
ရှုဝေပြောခဲ့သည့်အတိုင်း ဟန်မူယဲ့က ခွန်အားပြပြီး ခြောက်လှန့်ရန်အတွက် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများကို စုစည်းခဲ့ခြင်းမဟုတ်ပေ။
သူက တိတ်ဆိတ်စွာသင်ယူရန် ရည်ရွယ်ထားသည်။
နတ်ဘုရားခုံရုံးသည် လွန်ခဲ့သော နှစ်ပေါင်းလေးသိန်းတွင် ပျက်စီးသွားခဲ့သည်။
ထိုအချိန်အတွင်း၌ ကျင့်ကြံခြင်းနည်းစနစ်များသည် မရေမတွက်နိုင်အောင် ပြောင်းလဲသွားခဲ့သည်။
ဆည်၏ ကျင့်ကြံခြင်းနည်းစနစ်များသည် ရှေးခေတ်နှင့် တူညီလိမ့်မည်။ သို့သော် ရှေးတိမ်တိုက်စကြဝဠာနှင့် ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ ကျင့်ကြံခြင်းနည်းစနစ်၊ မှော်ပညာရပ်၊ တာအိုပညာရပ်နှင့် ဓားပညာရပ်များသည် သိသိသာသာ ကွဲပြားနေကြသည်။
ဂိုဏ်းတိုင်းသည် ထူးခြားသောပင်ကိုယ်ဟန်များကို ပိုင်ဆိုင်ထားကြသည်။
ယခုအချိန်တွင် ဟန်မူယဲ့၏လုပ်ဆောင်ချက်သည် ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို ကျင့်ကြံနေသောအချိန်နှင့် ဆင်တူသည်။ သူက ဂိုဏ်းအသီးသီး၏နည်းစနစ်များကို စုစည်းပြီး ကိုယ်ပိုင်အတွက် အသုံးချမည်။
သူက ဥက္ကာခဲပေါ်တွင် ထိုင်ပြီး စင်မြင့်၏တိုက်ပွဲများကို စောင့်ကြည့်နေခဲ့သည်။
တချို့ကျင့်ကြံသူများသည် အလွန်အားကောင်းသော မှော်နည်းစနစ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့ပြုလုပ်လိုက်သော လက်ဟန်များသည် ကောင်းကင်နှင့်မြေကြီးကို ပျက်စီးသွားစေနိုင်သည်။ တချို့လူများက လျှပ်စီးကဲ့သို့ ဖျတ်ခနဲလှုပ်ရှားနေပြီး သာမန်မျက်လုံးဖြင့် လိုက်မကြည့်နိုင်ပေ။
တချို့က လေးနက်သောဓားနည်းစနစ်ကို ပိုင်ဆိုင်ထားပြီး သာမန်ဓားချက်နှင့် လေဟာနယ်ကို တုန်ခါသွားစေနိုင်သည်။ တချို့က တာအိုနည်းစနစ်ဖြင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ထိန်းချုပ်နေပြီး တချို့က မန္တန်များကို အသုံးချနေကြသည်။
စင်မြင့်တစ်ခုချင်းစီတွင် ထိုကျွမ်းကျင်သူများသည် အံ့အားသင့်စရာကောင်းသော နည်းစနစ်များကို ဖော်ထုတ်နေကြသည်။
သူတို့နှင့် ရင်ဆိုင်နေသော ရုပ်သေးရုပ်များသည် ရှေးခေတ်၏ နည်းစနစ်များနှင့် ပုံတူကူးထားသော တိုက်ကွက်များကို အသုံးချနေကြသည်။
ဟန်မူယဲ့က နေရာတွင် ထိုင်နေသည်။ စင်မြင့်တစ်ခုချင်းစီ၏ တိုက်ပွဲများသည် သူ့စိတ်ထဲတွင် ထင်ရှားစွာရှိနေကြသည်။
ယွီလင်တာအိုဂိုဏ်း၏ တာအိုနည်းစနစ်များ၊ ဓားစံအိမ်၏ ဓားနည်းစနစ်များ၊ ရှေးခေတ်ရုပ်သေးရုပ်များ၏ တိုက်ခိုက်ရေးနည်းစနစ်များ၊ ချင်းယန်ဓားဂိုဏ်း၏ ဓားထိန်းချုပ်နည်းစနစ်များ ....
ဟန်မူယဲ့က တစ်နေ့လုံး မလှုပ်ရှားခဲ့ပေ။
ယနေ့တွင် ကျားဝူသည် စင်မြင့်၃၅၈ခုကို ကျော်ဖြတ်ခဲ့သည်။
တခြားကျွမ်းကျင်သူများထဲတွင် လူငါးယောက်သည် စင်မြင့်တစ်ရာကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ဓားစံအိမ်၏ တာအိုဘိုးဘေးချီယု၊ ယွီလင်တာအိုဂိုဏ်းမှ နတ်ဘုရားဘုရင်နှစ်ပါးနှင့် တခြားနတ်ဘုရားဘုရင်နှစ်ပါးတို့ ဖြစ်ကြသည်။
တခြားလူအများအပြားသည် စင်မြင့်ရှစ်ဆယ်နှင့် ကိုးဆယ်ကို ကျော်ဖြတ်ခဲ့ကြသည်။
စင်မြင့်ထက်မှ ရှုံးနိမ့်လာသောလူများသည် ပိုများနေသည်။
ယခုအချိန်တွင် ကျရှုံးသွားသော ကျင့်ကြံသူများနှင့် စင်မြင့်ထက်တွင် ရှိနေသော ကျင့်ကြံသူများ၏ မျက်နှာထားသည် လေးနက်နေကြသည်။
ရှုံးနိမ့်သွားသော ကျင့်ကြံသူများသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေကြပြီး စင်မြင့်ထက်တွင်ရှိနေသော ကျွမ်းကျင်သူများသည် ရုပ်သေးများနှင့် ရင်ဆိုင်ရန် အားထုတ်နေကြသည်။
ရုပ်သေးများ၏ခွန်အားသည် ကိုယ်ပိုင်စွမ်းအားသာမက ထုတ်ဖော်လိုက်သော နည်းစနစ်များနှင့်လည်း သက်ဆိုင်နေသည်။
“ဘုန်း”
ဝိညာဉ်ရတနာကို ကိုင်ဆောင်ထားသော သူတော်စင်တစ်ပါးသည် ရုပ်သေးရုပ်၏လက်သီးချက်ကြောင့် အပြင်ဘက်သို့ လွင့်ထွက်လာသည်။
သူက ကြောက်ရွံ့နေသောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
ထိုလက်သီးချက်သည် သူ့ကို သတ်ဖြတ်လုနီးပါး ဖြစ်သွားခဲ့သည်။
“မင်းက ဝိညာဉ်ရတနာကို လုံလောက်အောင် သန့်စင်မထားဘူး။ ပြီးတော့ ဒီမှာ လှုပ်ရှားလိုက်တဲ့အခါ အတားအဆီးတချို့ ရှိနေတယ်။ အထူးသဖြင့် မီးအမျိုးအစားနည်းစနစ်ကြောင့်ပဲ။ မင်းက ကျောက်စိမ်းထီးရဲ့စွမ်းအင်ကို အပြည့်အဝ အသုံးမချနိုင်သေးဘူး”
ဖြောင့်မတ်စွာထိုင်နေသော ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
ဝိညာဉ်ရတနာဖြစ်သော ကျောက်စိမ်းထီးကို ကိုင်ဆောင်ထားသည့် တာအိုတန်ခိုးရှင်က တစ်ကိုယ်လုံးတုန်ခါသွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ဇောင်နင်တာအိုဘုရားကျောင်းရဲ့ အကြီးအကဲက မီးဓာတ်ဖယ်ရှားနိုင်တဲ့ သွားစွယ်ငါးခုပုဆိန်ကို ကိုင်ဆောင်ထားတယ်။ သူကိုယ်တိုင်ကလည်း ရေဓာတ်ကျင့်ကြံသူပဲ။ မင်းက သူနဲ့ ဆွေးနွေးကြည့်နိုင်တယ်”
ဟန်မူယဲ့က စကားပြောလိုက်ပြီး တာအိုတန်ခိုးရှင်၏ အံ့အားသင့်နေသောအကြည့်အောက်တွင် ဖြည်းဖြည်းချင်း မတ်တပ်ရပ်သည်။
တိုက်ပွဲစင်မြင့်မှ ရှုံးနိမ့်လာသော ကျင့်ကြံသူများအားလုံးသည် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
‘လောကရဲ့ နံပတ်ကိုးမှာရှိနေတဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်၊ နတ်ဘုရားဧကရာဇ်ရဲ့ အမွေဆက်ခံသူက ဘယ်လောက် သန်မာတာလဲ’
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အစိမ်းရောင်ဓားကို ထုတ်ယူသည်။
“ခလွမ် ....”
ဓားအလင်းသည် စင်မြင့်ကို တိုက်ရိုက်ထိုးဖောက်သွားသည်။
ပထမစင်မြင့်ပေါ်တွင်ရှိသော ရုပ်သေးရုပ်သည် အပြည့်အဝပုံပေါ်မလာခင် ဟန်မူယဲ့၏ဓားချက်ကြောင့် ပျက်စီးသွားသည်။
သူက ဓားကိုင်ထားပြီး ဒုတိယစင်မြင့်ပေါ်သို့ ရောက်လာသည်။ သူက နောက်ထပ် ရှေ့တစ်လှမ်းတိုးပြီး အသစ်ပေါ်လာသော ရုပ်သေးရုပ်ကို ဓားဖြင့် ထိုးဖောက်လိုက်သည်။
ဟန်မူယဲ့က နောက်ထပ်ခြေတစ်လှမ်းဖြင့် တတိယစင်မြင့်ပေါ်သို့ ရောက်သွားပြီး ဓားကို အသာအယာဝှေ့ယမ်းလျက် ရုပ်သေးရုပ်ကို နှစ်ပိုင်းပြတ်သွားစေသည်။
သူက စတုတ္ထမြောက်ခြေလှမ်းဖြင့် စတုတ္ထမြောက်စင်မြင့်ပေါ်သို့ ရောက်လာခဲ့သည်။
ဓားသည် ဆက်လက်လှုပ်ရှားနေပြီး စတုတ္ထမြောက်ရုပ်သေးရုပ်သည် မခုခံနိုင်ခဲ့ပေ။
ငါးခုမြောက်စင်မြင့် ....
ခြောက်ခုမြောက်စင်မြင့် ....
ခုနစ်ခုမြောက်စင်မြင့် ....
ဆယ်ခုမြောက်စင်မြင့် ....
စင်မြင့်တစ်ရာ ....
ဟန်မူယဲ့က ပထမစင်မြင့်မှ စင်မြင့်တစ်ရာအထိ ခြေလှမ်းတစ်ရာ လှမ်းခဲ့သည်။ သူ၏ဓားသည် ထောင့်ဖြတ်အတိုင်း ထိုးခုတ်ခြင်း၊ တိုက်ရိုက်ထိုးသွင်းခြင်းကို ပြုလုပ်၍ ပေါ့ပါးစွာ လှုပ်ရှားခဲ့သည်။
သူက ခြေလှမ်းတစ်ရာဖြင့် စင်မြင့်တစ်ရာကို ကျော်ဖြတ်ခဲ့သည်။
‘ဒါက လောကမှာ အဆင့်ကိုးဖြစ်တဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အမတ်ချုပ်ကြီးဟန်ရဲ့ အစစ်အမှန်ခွန်အားလား’
စင်မြင့်၏အပြင်ဘက်တွင် လူတိုင်းက အံ့အားသင့်နေသောမျက်နှာထားဖြင့် မျက်လုံးပြူးသွားကြသည်။
ရှုဝေက ခေါက်ယပ်တောင်ကို တစ်ဝက်ပိတ်ထားသော်လည်း အပြည့်အဝ ဆက်မပိတ်နိုင်ခဲ့ပေ။ သူ့မျက်နှာထားက အလွန်အံ့အားသင့်နေပုံပေါ်သည်။
“သူက အရမ်းသန်မာတာပဲလား”
“မထူးဆန်းတော့ပါဘူး ....”
ခြေလှမ်းတစ်ရာနှင့် တိုက်ပွဲစင်မြင့်တစ်ရာ ....
ဟန်မူယဲ့၏ ဓားအလင်းသည် အလွန်ထက်မြိနေသည်။
ရုပ်သေးရုပ်များသည် သူ့ကို အနည်းငယ်ပင် မတားဆီးနိုင်ခဲ့ကြပေ။
သူက စင်မြင့်တစ်ရာသို့ ရောက်လာသောအခါ ယှဉ်ပြိုင်သူများထဲမှ အသန်မာဆုံးလူဆယ်ယောက်ထဲတွင် ပါဝင်သွားခဲ့သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က တကယ်ကို လောကရဲ့ အဆင့်ကိုးကျွမ်းကျင်သူပဲ”
ဥက္ကာခဲတစ်ခုပေါ်တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဘူးသီးခြောက်တစ်လုံးကို ခါးတွင်ချိတ်ဆွဲထားသည့် တာအိုတန်ခိုးရှင်တစ်ဦးက ညင်သာစွာပြောလိုက်သည်။
“အမတ်ချုပ်ကြီးဟန်က လောကရဲ့ နံပတ်ကိုးကျွမ်းကျင်သူဆိုတာထက် ကျော်လွန်နေတဲ့ပုံပဲ။ သူက ခြေလှမ်းတစ်ရာနဲ့ တိုက်ပွဲစင်မြင့်တစ်ရာကို ကျော်ဖြတ်နိုင်ခဲ့တယ်”
လူတစ်ယောက်က တောက်ပနေသောမျက်လုံးများဖြင့် တီးတိုးရေရွတ်သည်။
တိုက်ပွဲစင်မြင့်ပေါ်တွင် အဆုံးမဲ့နတ်ဘုရားဘုရင်မှလွဲ၍ ကျန်လူများအားလုံးသည် အခက်ကြုံနေရသည်။
စင်မြင့်တစ်ရာကို ကျော်ဖြတ်သွားသော ဟန်မူယဲ့၏ အမြန်နှုန်းက အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။
“တခြားကျင့်ကြံသူတွေက ရုပ်သေးရုပ်ရဲ့နည်းစနစ်တွေကို သုံးသပ်နေကြတယ်။ မဟုတ်ရင် သူတို့က နှေးကွေးနေမှာမဟုတ်ဘူး”
အထက်ဘုံ၏ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
သူက တိုက်ပွဲစင်မြင့် ၁၃၀ကျော်နေသော တာအိုတန်ခိုးရှင်ကို ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။
နတ်ဘုရားဘုရင်အဆင့် ကျွမ်းကျင်သူများသည် စင်မြင့် ၁၅၀ကျော်သို့ ရောက်နေကြသည်။
ဟန်မူယဲ့က သူတို့ကို အမီလိုက်ရန်အတွက် အချိန်မည်မျှယူရမည်နည်း။
“စင်မြင့်တစ်ရာရဲ့နောက်ပိုင်းမှာ ရုပ်သေးရုပ်တွေက ကွဲပြားသွားတယ်။ သူတို့က စိန်ခေါ်သူတွေရဲ့ နည်းစနစ်တွေကို ....”
လူအိုကြီးက စကားကို အဆုံးမသတ်နိုင်ဘဲ ရပ်တန့်လိုက်ရသည်။
ဟန်မူယဲ့က စင်မြင့်တစ်ရာကို ကျော်ဖြတ်ရန် မည်သို့ လုပ်ဆောင်မည်နည်း။
လူတိုင်းက ဟန်မူယဲ့၏ ခြေတစ်လှမ်းကို ကြည့်လိုက်ကြသည်။
“ဘုန်း”
ဓားရှည်သည် ဟန်မူယဲ့၏ခေါင်းပေါ်တွင် တိုက်ရိုက်ပေါ်လာသည်။
၁၀၁ခုမြောက်စင်မြင့်တွင် ရုပ်သေးရုပ်က အပြည့်အဝမဖြစ်ပေါ်သေးသော်လည်း ဓားရှည်သည် ဆင်းသက်လာပြီဖြစ်သည်။
ထိုဓားချက်သည် ဟန်မူယဲ့၏ဓားချက်နှင့် အတိအကျတူညီနေသည်။
ထိုဓားနည်းစနစ်သည် အလွန်လေးနက်သည်။
‘ဟန်မူယဲ့က အဲဒီဓားချက်ကို ဘယ်လိုရင်ဆိုင်မှာလဲ’
အထက်ဘုံ၏ ကျင့်ကြံသူများနှင့် တခြားနယ်မြေမှ ကျင့်ကြံသူများသည် ဟန်မူယဲ့ကို စိုက်ကြည့်နေကြသည်။
ဟန်မူယဲ့က စင်မြင့်ပေါ်သို့ ခြေချလိုက်သောအချိန်တွင် ဓားချက်သည် ကြိုတင်ပြေးထွက်သွားသည်။
ထိုဓားသည် ရုပ်သေးရုပ်၏ဓားထက် ပိုမိုလျင်မြန်ပြီး အန္တရာယ်များသည်။
ဓားသွားသည် ရုပ်သေးရုပ်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
“ဘန်း”
ရုပ်သေးရုပ်သည် ပေါက်ကွဲသွားပြီး တိမ်တိုက်နှင့်မြူခိုးများအဖြစ် ပျောက်ကွယ်ခဲ့သည်။
ပိုမိုလျင်မြန်သောလူသည် ပိုမိုသန်မာသည်။
ထိုသို့ ရိုးရှင်းသည်။
“အမတ်ချုပ်ကြီးဟန်က ဓားချက်မှာ အားကုန်သုံးမထားဘူးပဲ”
မျက်နှာဖြူဖျော့နေသော တာအိုတန်ခိုးရှင်တစ်ယောက်က လက်ထဲတွင်ရှိသော ဓားရှည်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
သူက တောက်ပသောမျက်လုံးများဖြင့် ဓားရိုးကို ဆုပ်ကိုင်သည်။
“ရွှပ် ....”
သူက ဓားကိုဆွဲထုတ်ပြီး ခုတ်ချလိုက်သည်။
“မဟုတ်ဘူး။ ဒီဓားချက်က အရမ်းနှေးလွန်းတယ်။ အမတ်ချုပ်ကြီးဟန်ရဲ့ ဓားချက်က ဒီထောင့်ကနေ ခုတ်လိုက်တာမဟုတ်ဘူး ....”
သူက ၁၀၂ခုမြောက်စင်မြင့်ပေါ်သို့ ရောက်သွားသော ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
ဟန်မူယဲ့က စင်မြင့်ပေါ်တွင် ခြေချလိုက်ပြီး တူညီသောဓားချက်ဖြင့် ထိုးသွင်းလိုက်ပြန်သည်။
“အဲဒီလိုမျိုး၊ အဲဒီလိုမျိုးပဲ ....”
ဓားကျင့်ကြံသူက ဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ဓားဆန္ဒသည် စုစည်းလာခဲ့သည်။ သူက အာရုံစိုက်ထားပြီး ဓားဖြင့် ထိုးသွင်းသည်။
“ဘုန်း”
တိုက်ပွဲစင်မြင့်ပေါ်တွင် ရုပ်သေးရုပ်၏ဓားချက်က ဟန်မူယဲ့ဆီသို့မရောက်ခင် ရုပ်သေးရုပ်သည် ပျက်စီးသွားခဲ့သည်။ ဟန်မူယဲ့၏ဓားချက်က ရုပ်သေးရုပ်ကို ထိုးဖောက်သွားခဲ့သည်။
“ရွှပ် ....”
တိုက်ပွဲစင်မြင့်၏အပြင်ဘက်တွင် ဓားကျင့်ကြံသူက ဓားကိုဆွဲထုတ်ပြီး ဓားချက်ကို အသက်သွင်းသည်။ ဓာအးလင်းသည် ကျယ်ပြန့်သောအာကာသထဲတွင် တောက်ပသောဓားအလင်းတစ်ခုကို ချန်ထားခဲ့သည်။
ဥက္ကာခဲပေါ်တွင်ရှိနေသော လူတိုင်းက အပြုံးတစ်ခုနှင့်အတူ ဓားကိုင်ထားသော ဓားကျင့်ကြံသူကို လှည့်ကြည့်လိုက်ကြသည်။
“ဒီလိုမျိုးပဲ။ ဒီလိုမျိုးပဲ”
ဓားကျင့်ကြံသူက ပြုံးလိုက်ပြီး ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်းသည်။ သူက မျက်လုံးမှိတ်ထားပြီး သူ့ခန္ဓာကိုယ်တွင်ရှိသော ဓားဆန္ဒသည် ပိုမိုသန်မာလာသည်။
‘သူက ဒီလိုပဲ နားလည်သွားတာလား’
လူအများအပြားသည် အားကျနေကြသည်။