အခန်း (၇၉၂)
Vol. 57 Ch. 792
ဤနေရာတွင်ရှိနေသော လူများသည် တိုက်ပွဲစင်မြင့်တွင် ရှုံးနိမ့်လာသော ဤလောက၏ အသန်မာဆုံးကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံဆင့်သည် ပါရမီ၏အဆုံးသတ်သို့ ရောက်နေသည်။ သူတို့က ဆက်လက်တိုးတက်ချင်လျှင် အလွန်ခက်ခဲပြီး အခွင့်အရေးတစ်ခုကို လိုအပ်သည်။
အလွန်ကြီးမားသောအခွင့်အရေး ဖြစ်ရမည်။
ယနေ့တွင် သူတော်စင်တစ်ပါးသည် ဟန်မူယဲ့၏ဓားချက်ကို လေ့လာပြီး ဉာဏ်အလင်းရသွားခဲ့သည်။ လူတိုင်းသည် ထိုအခွင့်အရေးမျိုးကို လိုချင်ကြသည်။
လူအများအပြားသည် မသိစိတ်အလျောက် ဟန်မူယဲ့ကို အာရုံစိုက်ထားပြီး ဉာဏ်အလင်းရရန် မျှော်လင့်နေကြသည်။
ထို့အပြင် သူတို့က အာရုံစိုက်ထားသောအခါတွင် ဟန်မူယဲ့နှင့် တခြားစိန်ခေါ်သူများ၏ ကွာခြားချက်ကို မြင်လိုက်ရသည်။
ဟန်မူယဲ့က ဓားတစ်လက်ကိုသုံး၍ တိုက်ပွဲစင်မြင့်များကို ကျော်ဖြတ်ခဲ့သည်။
တိုက်ပွဲစင်မြင့်များတွင် သူ၏ဓားချက်သည် ပိုမိုလျင်မြန်လာခဲ့သည်။
သူ၏ ဓားချက်တိုင်းသည် ရုပ်သေးရုပ်ကို အရင်ထိုးဖောက်သွားကြသည်။
ထိုအပြုအမူသည် စွန့်စားရာကျသော်လည်း ထိန်းချုပ်နိုင်စွမ်း အလွန်ကောင်းမွန်ခြင်းကို ဖော်ပြနေသည်။
ဆံပင်တစ်ထောက်စာကွာခြားမှုသည် မကျော်ဖြတ်နိုင်သောအကွာအဝေး ဖြစ်သွားလိမ့်မည်။
“ဘုန်း”
တာအိုဆန္ဒသည် အစိမ်းပုပ်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်၏ကိုယ်ပေါ်တွင် စုစည်းလာခဲ့သည်။
ဥက္ကာခဲပေါ်တွင် လူတိုင်းက ခေါင်းလှည့်ကြည့်လိုက်ကြသည်။
လူအိုကြီး၏ မှုန်မှိုင်းနေခဲ့သော မျက်လုံးများသည် ယခုအချိန်တွင် ကြည်လင်ပြီး တောက်ပနေသည်။
“ငါက နှစ်ပေါင်း ၃.၈၀၀ကျင့်ကြံပြီး သူတော်စင်တစ်ပါး ဖြစ်လာခဲ့တယ်။ အခုဆိုရင် ငါက သူတော်စင်အဆင့်မှာ ရှိနေတာ နှစ်ပေါင်း ၁၃၉,၀၀၀ ဖြစ်သွားပြီ”
သူတော်စင်အဆင့်တွင် နှစ်ပေါင်းတစ်သိန်းကျော်ရှိနေခဲ့သော မဟာကျင့်ကြံသူကြီးတစ်ဦး ဖြစ်သည်။
ထိုကျွမ်းကျင်သူမျိုးသည် ဝှက်ဖဲအများအပြားကို ပိုင်ဆိုင်ထားလိမ့်မည်။
“ငါက သူတော်စင်တစ်ပါးဖြစ်လာပြီး ဂိုဏ်းကို ထိန်းချုပ်ထားတဲ့အချိန်မှာ ကျင့်ကြံခြင်းတိုးတက်မှုက နှေးကွေးလာခဲ့တယ်။ ငါက အဆင့်မတက်နိုင်ဘဲ နှစ်သောင်းချီကြာအောင် ရှိနေခဲ့တယ်”
တာအိုတန်ခိုးရှင်က တောက်ပနေသောမျက်လုံးများဖြင့် စင်မြင့်ပေါ်တွင်လှုပ်ရှားနေသော ဟန်မူယဲ့ကို ကြည့်သည်။
“သူတော်စင်တွေအားလုံးက အတူတူပဲလို့ ငါထင်ခဲ့တယ်။ ဒါပေမဲ့ ငါမှားသွားတယ်”
တာအိုတန်ခိုးရှင်က ရုပ်သေးရုပ်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော ဟန်မူယဲ့၏ဓားချက်နှင့် ဟန်မူယဲ့၏ခန္ဓာကိုယ်နှင့် တစ်လက်မအကွာတွင် ရပ်တန့်သွားသော ရုပ်သေးရုပ်၏ဓားချက်ကို ကြည့်လိုက်ပြီး ညင်သာစွာပြုံးသည်။ သူ့ခန္ဓာကိုယ်တွင် စုစည်းနေသော တာအိုဆန္ဒသည် တိုက်ခိုက်လိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“လောကရဲ့နံပတ်ကိုး၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က တိုက်ခိုက်မှုတိုင်းမှာ အသက်စွန့်ထားတယ်”
“သေဆုံးခြင်းမှာ ရှင်သန်ခြင်းက အစစ်အမှန်ကျင့်ကြံခြင်းပဲ”
သေဆုံးခြင်းတွင် ရှင်သန်ခြင်း ....
တိုက်ပွဲစင်မြင့်ပေါ်တွင် ဟန်မူယဲ့က တိုက်ခိုက်လိုက်သောအခါ နောက်ဆုတ်ရန် စဉ်းစားမထားခဲ့ပေ။
တာအိုတန်ခိုးရှင်၏စကားကို ကြားရသောအခါတွင် လူတိုင်းက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ကြသည်။ ဟန်မူယဲ့သည် တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်လာသောအချိန်မှစ၍ လျင်မြန်ရက်စက်ပြီး တိကျသောဓားချက်များဖြင့် ကိုယ်ကိုယ်တိုင်နှင့် ရုပ်သေးရုပ်များကို လွတ်မြောက်ခွင့်မပေးခဲ့ပေ။
အကယ်၍ ရုပ်သေးရုပ်က ပျက်စီးမသွားခဲ့လျှင် သူက ဒဏ်ရာရသွားလိမ့်မည်။
တိုက်ပွဲစင်မြင့်တွင် ဖြစ်သောကြောင့် သူက အသက်အန္တရာယ်မရှိသော်လည်း ရှုံးနိမ့်သွားပြီး အပြင်ဘက်သို့ လွင့်ထွက်လာလိမ့်မည်။
သူ၏ အဆင့်အတန်းအရ တိုက်ပွဲစင်မြင့်တွင် ရှုံးနိမ့်သွားလျှင် ဂုဏ်သတင်းပျက်စီးပြီး ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မည်။
အကောင်းမွန်ဆုံးရွေးချယ်မှုသည် အားကောင်းသောတိုက်ခိုက်မှုကို အသုံးပြု၍ တိုက်ပွဲစင်မြင့်ကို ကျော်ဖြတ်ခြင်းဖြစ်သည်။
သို့သော် ဟန်မူယဲ့က အန္တရာယ်များပြီး လုံခြုံမှုမရှိသောလမ်းကို ရွေးခဲ့သည်။
သူက သူ့ကိုယ်သူ အန္တရာယ်ဖြစ်အောင် စွန့်စားနေသည်။
သေဆုံးခြင်းနှင့် ရင်ဆိုင်မှသာ လူတစ်ယောက်သည် ပြန်လည်မွေးဖွားနိုင်လိမ့်မည်။
သူ၏ဓားသည် ဓားတစ်လက်သာဖြစ်သော်လည်း အသက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။
ထိုဓားသည် တခြားလူများ တိုက်ရိုက်ရင်မဆိုင်နိုင်သော ထက်မြိမှု၊ ကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေသည်။
ထိုဓားချက်သည် ပြန်လည်မရုတ်သိမ်းနိုင်သော ဓားတာအို၏ ပြတ်သားမှုကို ပိုင်ဆိုင်ထားသည်။
“အဲဒီလိုဓားကျင့်ကြံသူတစ်ယောက်နဲ့ ရန်သူဖြစ်လာမယ်ဆိုရင် တကယ်ကြောက်ဖို့ကောင်းနေမှာပဲ ....”
လူတစ်ယောက်က တီးတိုးပြောသည်။
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူတိုင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်မိကြသည်။
နောက်ဆုတ်ရန် စဉ်းစားမထားသော လူတစ်ယောက်နှင့် ရန်သူဖြစ်သွားလျှင် သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရလိမ့်မည်။
ဤနေရာတွင်ရှိနေသော ကျွမ်းကျင်သူများသည် အဆင့်အတန်းမြင့်မားစွာ နေထိုင်ခဲ့ပြီး တခြားလူများ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းနှင့် အသားကျနေကြသည်။
ယခုအချိန်တွင် တခြားလူများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ရလျှင် အသားကျရန် အလွန်ခက်ခဲနေလိမ့်မည်။
ဟန်မူယဲ့သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်ပြီး လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသည်။ သူက အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ရက်စက်နေသနည်း။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ငါထင်ထားတာထက် ပိုပြီးတာဝန်ယူထားတာပဲ”
အလင်းရောင်များသည် လူတစ်ယောက်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
အဆုံးသတ်သို့ တွန်းပို့မခံရလျှင် မည်သူက ထိုသို့ အစွမ်းကုန်ထုတ်သုံးရန် ဆန္ဒရှိမည်နည်း။
“ဘုန်း”
ဟန်မူယဲ့က ဓားဖြင့်ထိုးသွင်းပြီး ရုပ်သေးရုပ်ကို ဖျက်ဆီးလိုက်သည်။
သူက ဖျတ်ခနဲလှုပ်ရှားပြီး ရှေ့တွင်ရှိနေသောလူကို ကျော်ဖြတ်၍ စင်မြင့် ၁၄၀သို့ ရောက်သွားသည်။
သူက တိုက်ပွဲစင်မြင့်ပေါ်တွင် အကောင်းဆုံးကြိုးစားလိမ့်မည်။
တစ်နာရီအကြာတွင် ဟန်မူယဲ့က နတ်ဘုရားဘုရင်ယုကျန်းကို ကျော်ဖြတ်ခဲ့သည်။
သူက စတုတ္ထမြောက်ကျွမ်းကျင်သူ ဖြစ်လာသည်။
နှစ်နာရီအကြာတွင် ဟန်မူယဲ့က ရှေ့တွင်ရှိနေသော နတ်ဘုရားဘုရင်ယုကျစ်ကို ကျော်ဖြတ်ခဲ့သည်။ သူ့ရှေ့တွင် တိုက်ပွဲစင်မြင့် ငါးရာသို့ ရောက်နေသော ကျားဝူနှင့် တိုက်ပွဲစင်မြင့် ၃၂၁တွင် ရှိနေသော တာအိုဘိုးဘေးချီယုတို့သာ ကျန်တော့သည်။
ဟန်မူယဲ့က တိုက်ပွဲစင်မြင့် ၂၉၃တွင် ရှိနေသည်။
ထိုအချိန်တွင် တာအိုဘိုးဘေးချီယုသည် အစိမ်းရောင်အလင်းဖြင့်တောက်ပနေသော ဓားရှည်ကို ကိုင်ဆောင်ထားသည်။ ဓားအလင်း လှုပ်ရှားသွားသောအချိန်တွင် မီးခိုးရောင် လေဟာနယ်အက်ကွဲကြောင်းများကို ဖြစ်လာစေသည်။
ရုပ်သေးရုပ်၏ဓားသည်လည်း လေဟာနယ်ကို ဖျက်ဆီးနိုင်သည်။ ရုပ်သေးရုပ်က တာအိုဘိုးဘေးချီယု၏ဓားချက်ကို ခုခံလိုက်သောအချိန်တိုင်းတွင် တစ်ကိုယ်လုံးတုန်ခါသွားလိမ့်မည်။
ဓားချက်ဆယ်ချက်အပြီးတွင် ရုပ်သေးရုပ်က ရပ်တန့်နေပြီး ပြိုကွဲသွားသည်။
တာအိုဘိုးဘေးချီယုက ဓားကိုင်ထားပြီး နောက်သို့ လှည့်ကြည့်သည်။
ချီစွမ်းအင်အလင်းသည် သူ့မျက်လုံးထဲတွင် တောက်ပနေသည်။
စင်မြင့်အနည်းငယ်အကွာတွင် ဟန်မူယဲ့၏ဓားသည် အလွန်လျင်မြန်စွာ လှုပ်ရှားနေသည်။ ရုပ်သေးရုပ်က ဓားဖြင့် မတိုက်ခိုက်နိုင်ခင် သူ့ဓားသည် ရုပ်သေးရုပ်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
ယခင်အတိုင်းပင်ဖြစ်သည်။
လွန်ခဲ့သောတစ်နာရီခန့်တွင် တာအိုဘိုးဘေးချီယုက ဟန်မူယဲ့၏လှုပ်ရှားမှုကို လှည့်ကြည့်ခဲ့သည်။
သူ၏ ဓားချက်များသည် လျင်မြန်ပြီး ရက်စက်သည်။
ထိုဓားချက်သည် ဓားသမားတစ်ယောက်၏ ရက်စက်မှုကို အဆုံးစွန်အထိ ထုတ်ပြနေသည်။
တာအိုဘိုးဘေးချီယုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခြေတစ်လှမ်းရှေ့တိုး၍ တိုက်ပွဲစင်မြင့်အသစ်ကို ကူးပြောင်းသွားသည်။
“ဝီ”
သူ့နောက်တွင် ရုပ်သေးရုပ်သည် ဓားတစ်လက်နှင့်အတူ ရုတ်တရက်ပေါ်လာသည်။
တာအိုဘိုးဘေးချီယုက တစ်ဖက်သို့လှည့်ပြီး ဓားမြောက်သည်။
“ခလွမ် ....”
ဓားနှစ်လက် ထိတွေ့သွားသောအခါတွင် တာအိုဘိုးဘေးချီယုက နောက်သို့ အနည်းငယ်ဆုတ်ပေးလိုက်ရသည်။ ရုပ်သေးရုပ်သည် ပေငါးဆယ်အကွာသို့ ရောက်သွားပြီး ခြေဖျားထောက်လျက် ပြေးဝင်လာပြန်သည်။
ဓားအလင်းသည် လျင်မြန်စွာလှုပ်ရှားနေသည်။
သုံးကြိမ်ရင်ဆိုင်ပြီးသောအခါတွင် တာအိုဘိုးဘေးချီယုက ဖိနှိပ်ခံလိုက်ရပြီး ခုခံနေရုံသာ တတ်နိုင်တော့သည်။
“ဟမ့်”
သူက အေးစက်စွာနှာမှုတ်လိုက်ပြီး ရှစ်ထပ်ဓားစံအိမ်ကို ဆင့်ခေါ်သည်။
“တာအိုဘိုးဘေးချီယုက ဓားစံအိမ်ကို ထုတ်သုံးလိုက်ပြီ”
“သူက အလေးအနက်ထားနေပြီပဲ”
“ဓားတာအိုရဲ့ နံပတ်တစ်ကျွမ်းကျင်သူက စိုးရိမ်နေရပြီ”
ဥက္ကာခဲပေါ်တွင်ရှိနေသော ကျင့်ကြံသူများက ဓားစံအိမ်၏အလင်းရောင်ဖြင့် တောက်ပနေသော တာအိုဘိုးဘေးချီယုကို လှမ်းကြည့်လိုက်ကြသည်။
ဟန်မူယဲ့က အလွန်လျင်မြန်ပြီး ပြိုင်ဘက်ကင်းသောဓားစွမ်းရည်ကို ပြသလျက် တာအိုဘိုးဘေးချီယု၏ အဆင့်အတန်းကို ခြိမ်းခြောက်နေသည်။
တာအိုဘိုးဘေးချီယုက ဓားတာအို၏ နံပတ်တစ်ကျွမ်းကျင်သူဟူသော ဂုဏ်ပုဒ်ကို မည်မျှ ထိန်းသိမ်းထားနိုင်မည်နည်း။
“ဘုန်း”
ဓားစံအိမ်တွင်ရှိသော ဓားများသည် ရေစီးသဖွယ် ထွက်ပေါ်လာပြီး ရုပ်သေးရုပ်ကို ဖျက်ဆီးပစ်လိုက်သည်။
တာအိုဘိုးဘေးချီယုက တိုက်ပွဲစင်မြင့်မှ ချက်ချင်းထွက်လာပြီး နောက်ထပ်စင်မြင့်ပေါ်သို့ ရောက်သွားသည်။ ဓားစံအိမ်သည် သူ့နောက်တွင် လွင့်မျောနေပြီး ဓားအလင်းသည် ဖြစ်ပေါ်လာသော ရုပ်သေးရုပ်ကို တိုက်ရိုက်ဖျက်ဆီးခဲ့သည်။
သူက တိုက်ပွဲစင်မြင့် ၁၂ခုကို ဆက်တိုက်ကျော်ဖြတ်ပြီး ၃၃၅ခုမြောက် စင်မြင့်ပေါ်သို့ ရောက်လာသည်။ တာအိုဘိုးဘေးချီယုက တိုက်ပွဲစင်မြင့်တွင် ရှိနေသော်လည်း ရုပ်သေးရုပ်သည် ပေါ်မလာခဲ့ပေ။
“ရွှပ် ....”
ဓားတစ်လက်သည် တာအိုဘိုးဘေးချီယုကို တိုက်ခိုက်လိုက်သည်။
တည်နေရာစွမ်းအား ....
ထိုရုပ်သေးရုပ်သည် နတ်ဘုရားဘုရင်များသာ နားလည်နိုင်သော တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသည်။
ထိုစင်မြင့်သည် တာအိုဘိုးဘေးချီယုကို နတ်ဘုရားဘုရင်အဆင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်လိုက်သည်။
“ခလွမ် ....”
တာအိုဘိုးဘေးချီယုသည် ဓားချက်ကို တားဆီးလိုက်သည်။ ဓားစံအိမ်၏ ဓားအလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရုပ်သေးရုပ်ကို ဖျက်ဆီးခဲ့သည်။
တာအိုဘိုးဘေးချီယုသည် ဓားစံအိမ်၏အကူအညီဖြင့် ပြိုင်ဘက်ကင်းနေသည်။ သူက ၃၆၀မြောက် တိုက်ပွဲစင်မြင့်သို့ ရောက်လာသောအခါတွင် အလွန်လျင်မြန်သော ရုပ်သေးရုပ်နှင့် ရင်ဆိုင်လိုက်ရသည်။
ထိုတိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး အဆုံးတွင် ရုပ်သေးရုပ်သည် တာအိုဘိုးဘေးချီယု၏ ဓားချက်ကြောင့် ပျက်စီးသွားခဲ့သည်။
တာအိုဘိုးဘေးချီယုသည် အသက်ရှူသွင်းလိုက်ပြီး ခေါင်းမော့ကြည့်သောအခါတွင် တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။
သူနှင့် ဟန်မူယဲ့၏ အကွာအဝေးသည် စင်မြင့်သုံးခုသာ ရှိတော့သည်။
ဟန်မူယဲ့က ၃၅၆ခုမြောက် တိုက်ပွဲစင်မြင့်တွင် ရှိနေသည်။
သူတို့ကို ဝင်္ကပါဖြင့် ခွဲခြားထားပြီး မတူညီသောဦးတည်ချက်များနှင့် အလွန်ဝေးကွာနေသော်လည်း ဓားချက်ထုတ်နေသော ဟန်မူယဲ့က တာအိုဘိုးဘေးချီယု၏အကြည့်ကို ခံစားမိပုံပေါ်သည်။
ဟန်မူယဲ့၏ဓားအလင်းသည် ခဏတာ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူက တာအိုဘိုးဘေးချီယုကို ခေါင်းညိတ်ပြပြီ ပျောက်ကွယ်သွားသည်။
တိုက်ပွဲစင်မြင့်အသစ်တွင် ....
“ရွှပ် ....”
ဟန်မူယဲ့က ဓားဖြင့် ရေပြင်ညီအတိုင်း ခုတ်ချလိုက်ပြီး အသစ်ပေါ်လာသော ရုပ်သေးရုပ်ကို နှစ်ပိုင်းပြတ်သွားစေသည်။
သူက ခြေတစ်လှမ်းဖြင့် နောက်ထပ်တိုက်ပွဲစင်မြင့်သို့ တက်လှမ်းသွားသည်။ သူ၏ ဓားချက်သည် ဘယ်ဘက်တွင် လှုပ်ရှားသွားသည်။
“ဘုန်း”
ရုပ်သေးရုပ်သည် ပျက်စီးသွားခဲ့သည်။
နောက်ထပ်ခြေတစ်လှမ်းနှင့် ညာဘက်တွင်လှုပ်ရှားသွားသော ဓားချက်သည် လမ်းပိတ်ထားသောရုပ်သေးရုပ်၏ ဓားချက်ကို တားဆီးလိုက်ပြီး ခန္ဓာကိုယ်ကို ဖျက်ဆီးသည်။
တိုက်ပွဲစင်မြင့် ၃၆၀ ....
ဟန်မူယဲ့သည် တာအိုဘိုးဘေးချီယုနှင့်အတူ ၃၆၀ခုမြောက် တိုက်ပွဲစင်မြင့်တွင် ရှိနေသည်။
သူတို့က အလွန်ဝေးကွာသော်လည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရှိနေပြီး အလွန်အရေးကြီးသောအချိန်ကို ဖော်ညွှန်းနေသည်။
ထိုအရာသည် လောက၏ ထိပ်တန်းအဆင့်ဓားသမားနှစ်ဦး၏ ယှဉ်ပြိုင်မှု ဖြစ်သည်။
ဓားသမားနှစ်ယောက်လုံးသည် လောက၏ နံပတ်တစ်ဓားကျွမ်းကျင်သူဟူသော ဂုဏ်ပုဒ်ကို ရရှိပြီး လောကကို လွှမ်းမိုးရန် ကြိုးစားနိုင်သည်။
ဟန်မူယဲ့က တာအိုဘိုးဘေးချီယုကို ကျော်ဖြတ်နိုင်လျှင် လောက၏ နံပတ်နှစ်ဖြစ်လာပြီး အဆုံးမဲ့နတ်ဘုရားဘုရင်အောက် တစ်ဆင့်သာနိမ့်လိမ့်မည်။ သူ၏ ဓားစွမ်းရည်သည် လောကတွင် အကောင်းဆုံးအဖြစ် အသိအမှတ်ပြုခံရမည်။