← Chapters

အခန်း (၇၉၅)

Vol. 57 Ch. 795

အခန်း (၇၉၅)

Vol. 57 Ch. 795

ဓားစံအိမ်သည် ညင်သာစွာလည်ပတ်နေပြီး အဆုံးမရှိသော ဓားအလင်းသည် ဟန်မူယဲ့ကို ကာကွယ်ထားသည်။

ကိုးထပ်ဓားစံအိမ်သည် အထက်ဘုံမှ ဓားစံအိမ်ဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာတစ်ပါး ဖြစ်ပြီး ဓားစံအိမ်ဂိုဏ်းကို ကိုယ်စားပြုသည်။

မဟာပုဂ္ဂိုလ်ကြီးများ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွား‌သောအချိန်တွင် ဓားစံအိမ်ဂိုဏ်းသည် ကိုးထပ်ဓားစံအိမ်ကို မပိုင်ဆိုင်တော့ပေ။ ရှစ်ထပ်ဓားစံအိမ်နှင့် တာအိုဘိုးဘေးချီယုတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

ရှစ်ထပ်ဓားစံအိမ်နှင့် ကိုးထပ်ဓားစံအိမ်သည် အဆင့်တစ်ခုသာ ကွာခြားသော်လည်း မတူညီပေ။

ရှစ်ထပ်ဓားစံအိမ်ဆယ်ခုသည် ကိုးထပ်ဓားစံအိမ်တစ်ခုနှင့် မယှဉ်နိုင်ပေ။

ဓားစံအိမ်၏ အဆင့်အတန်း၊ ကျင့်ကြံခြင်း၏ နားလည်နိုင်စွမ်းနှင့် ခွန်အားတိုးပွားမှုတွင် ကွာခြားသည်။

“ကိုးထပ်ဓားစံအိမ်။ မထူးဆန်းတော့ပါဘူး။ မထူးဆန်းတော့ဘူး ....”

တာအိုဘိုးဘေးချီယုက တိုက်ပွဲစင်မြင့်တွင် တောက်ပနေသော ကိုးထပ်ဓားစံအိမ်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာရယ်သည်။

ဟန်မူယဲ့က ဓားစံအိမ်နှင့် ဆက်ဆံရေးရှိသည်ဟု ပြောခဲ့သော်လည်း ဓားစံအိမ်သို့ တပည့်တစ်ယောက်အနေဖြင့် မဝင်ရောက်ချင်သည့်အတွက် မထူးဆန်းတော့ပေ။

သူက ခုနစ်ထပ်ဓားစံအိမ်ကို ဓားစည်းဝေးပွဲ၏ ဆုလာဘ်အဖြစ် ထုတ်ပေးခဲ့သည့်အတွက် တွေးနေရန် မလိုတော့ပေ။

သူက ဓားစံအိမ်၏တပည့်များကို ဂရုစိုက်ပေးခဲ့သည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။

ကိုးထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားသောလူသည် ဓားစံအိမ်ဂိုဏ်းကို ထိန်းချုပ်နိုင်သည်။

ဟန်မူယဲ့က လောက၏ တစ်ခုတည်းသော ကိုးထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားသည့်အတွက် ဓားစံအိမ်ဂိုဏ်းနှင့် ဆက်ဆံရေးဖြတ်တောက်ရန် မဖြစ်နိုင်တော့ပေ။

“ကိုးထပ်ဓားစံအိမ်။ ဒါက ကျွန်တော်တို့စောင့်နေတဲ့လူလား”

တာအိုဘိုးဘေးချီယု၏နောက်တွင် ဓားစံအိမ်၏ အကြီးအကဲတစ်ယောက်က ညင်သာစွာပြောသည်။

ဘေးတွင်ရှိသော လူများက ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။

ဥက္ကာခဲပေါ်တွင် လူတိုင်းက ပေဆယ်သန်းကျယ်ဝန်းသော တိုက်ပွဲစင်မြင့်ကို စောင့်ကြည့်နေကြသည်။

“ဓားတစ်သောင်းကို ထိန်းချုပ်ထားတဲ့ လူတစ်ယောက်လား”

လူတစ်ယောက်က တီးတိုးပြောသည်။

“ဒါက ဓားတစ်‌သောင်းနဲ့ ဓားနည်းစနစ်တစ်သောင်းပဲ”

လူတစ်ယောက်က လှုပ်ရှားနေသောဓားများကို ကြည့်လိုက်ပြီး ညင်သာစွာရေရွတ်သည်။

ဓားတစ်သောင်းနှင့် ဓားနည်းစနစ်တစ်သောင်း ....

‘လောကမှာ ဓားနည်းစနစ်တစ်‌သောင်းကို နားလည်ပြီး ဓားတစ်သောင်းကို အသုံးပြုနိုင်တဲ့ ကျင့်ကြံသူမျိုး ရှိနေသေးတာလား’

“ခလွမ် ....”

ဓားများသည် ထိတွေ့သွားကြသည်။

ဓားရှည်တစ်လက်သည် ပုံရိပ်ယောင်၏လက်ထဲတွင်ရှိသော ဓားနှင့် ထိတွေ့သွားခဲ့သည်။

ဓားနှစ်လက်၏ ဓားနည်းစနစ်များသည် အလွန်ဆင်တူနေသည်။

တိုက်ပွဲစင်မြင့်တွင် ဟန်မူယဲ့သည် တင်ပျဉ်ခွေလျက် ထိုင်နေသည်။

သူက သုံးနှစ်ကြာအောင် ထိုင်နေခဲ့သည်။

ထိုသုံးနှစ်တွင် အဆက်မပြတ်တောက်ပပြီး ခမ်းနားနေသော ဟန်မူယဲ့၏ ဓားအလင်းများကို လူတိုင်းက စောင့်ကြည့်ခဲ့ကြသည်။

ပုံရိပ်ယောင်များသည် ဓားအလင်းများကြောင့် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။

သူက တူညီသောဓားနည်းစနစ်ကို အသုံးပြု၍ ကိုယ်ပိုင်ပုံရိပ်များကို အနိုင်ယူခဲ့သည်။

သူ့ကိုယ်သူ တိုက်ခိုက်ခဲ့သည်။

သူ့ကိုယ်သူ အနိုင်ယူခဲ့သည်။

ပုံရိပ်ကို ဖျက်ဆီးလိုက်သော ဓားအလင်းတိုင်းသည် ဟန်မူယဲ့၏ အရှိန်အဟုန်ကို ပိုမိုပြင်းထန်လာစေသည်။

ဓားအလင်းတိုင်းသည် လမ်းစဉ်တစ်ခု၊ နည်းစနစ်တစ်ခုကို ဖော်ညွှန်းသည်။

စောင့်ကြည့်နေသော ကျင့်ကြံသူများက ဓားအလင်းတစ်ခုကို နားလည်နိုင်လျှင် အမွေအနှစ်တစ်ခုကို ရလိမ့်မည်။

ဓမ္မစင်မြင့်၏တိုက်ပွဲသည် လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့သည်။

သူတို့အားလုံးသည် သုံးနှစ်ကြာသည်အထိ သေချာစောင့်ကြည့်နေခဲ့ကြသည်။

သုံးနှစ်အကြာတွင် ဟန်မူယဲ့၏ ဓားအလင်းသည် အလွန်တောက်ပပြီး ခမ်းနားလာသောကြောင့် တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်တော့ပေ။

သူ့ရှေ့တွင် ပုံရိပ်ယောင်သုံးခုသာ ကျန်ရစ်ခဲ့သည်။

ထိုပုံရိပ်သုံးခုသည် အလွန်အားကောင်းပြီး ပေတစ်သိန်းရှည်လျားသော ဓားများကို ထိန်းချုပ်ထားကြသည်။ သူတို့၏ ဓားချက်တိုင်းသည် လေဟာနယ်ကို အက်ကွဲသွားစေပြီး ဓားအလင်းသည် တိုက်ပွဲစင်မြင့်၏ အကာအကွယ်ဝင်္ကပါကို ချိုးဖောက်ချင်နေပုံပေါ်သည်။

ထိုပုံရိပ်သုံးခု၏ ခွန်အားသည် လူတိုင်း၏စိတ်ကူးများထက် ကျော်လွန်နေသည်။

သူတို့က လက်တစ်ဖက်ကို မြှောက်လိုက်ရုံဖြင့် ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။

ကံဆိုးစွာဖြင့် ထိုဓားတာအိုသည် လူတိုင်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

ဓားတာအို၏ နံပတ်တစ်ကျွမ်းကျင်သူဖြစ်ခဲ့သော တာအိုဘိုးဘေးချီယုက မျက်လုံးမှိတ်ထားရုံသာ တတ်နိုင်ခဲ့သည်။

သူက ဆက်မကြည့်ရဲတော့ပေ။

ထိုဓားချက်များကို ဆက်ကြည့်နေလျှင် သူ၏ တာအိုနှလုံးသားသည် ထိခိုက်သွားလိမ့်မည်။

ကျားဝူက တောက်ပနေသော မျက်လုံးများဖြင့် ဥက္ကာခဲတစ်ခုပေါ်တွင် ရှိနေသည်။ သူ့အတွေးကို မည်သူမှ မသိနိုင်ကြပေ။

ဟွမ်ခြောက်က တီးတိုးရေရွတ်နေပြီး လက်ချောင်းများကို ဒူးပေါ်တွင် ခေါက်နေသည်။

“ခလွမ် ....”

ဓားနှစ်လက်သည် ထိတွေ့သွားခဲ့သည်။

ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဓားသည် ပျက်စီးသွားခဲ့သည်။

ဓားပျက်စီးသွားသောအချိန်တွင် ဓားစံအိမ်သည် တုန်ခါနေပြီး မရေမတွက်နိုင်သော ဓားအလင်းများသည် ကြယ်ကြွေသကဲ့သို့ ဆင်းသက်လာကြသည်။

ဓားအလင်းသည် ကောင်းကင်ကို လွှမ်းခြုံထားပြီး မြစ်တစ်စင်းအဖြစ် စုစည်းသွားသည်။

ချောက်နက်၏အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။

ဟန်မူယဲ့က ထိုဓားချက်မျိုးကို မသုံးခဲ့ပေ။

ထိုဓားချက်ကို ပုံရိပ်ယောင်သုံးခုသာမက သောင်းချီနေသော ပုံရိပ်ယောင်များကပင် တားဆီးနိုင်မည်မဟုတ်ကြပေ။

ထိုဓားချက်အပြီးတွင် ဟန်မူယဲ့သည် ဓမ္မစင်မြင့်ကို ချိုးဖောက်နိုင်လိမ့်မည်။

“ဘုန်း”

ပုံရိပ်သုံးခုသည် ဓားများကိုလှုပ်ရှားလိုက်ပြီး အစွမ်းကုန်ခုခံနေကြသည်။ သို့သော် အသက်ရှူကြိမ်တစ်ရာအကြာတွင် ဓားအလင်းသည် သူတို့ကို ဖြတ်သန်းသွားခဲ့သည်။

ပုံရိပ်သုံးခုသည် ပျောက်ကွယ်သွားပြီး ဓားအလင်းသည် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

ကိုးထပ်ဓားစံအိမ်သည် ပေတစ်သိန်းမြင့်မားလာသည်။ ဟန်မူယဲ့က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး ရှေ့တွင်ရှိသော အာကာသကို ကြည့်သည်။

“ဘုန်း”

ဓားအလင်းစီးကြောင်းသည် အလင်းလွှာအတားအဆီးကို ဖြတ်သန်းပြီး သစ်သားနစ်မြုပ်ချောက်နက်တွင် နဂါးတစ်ကောင်ကဲ့သို့ သောင်းကျန်းနေသည်။

ဓားအလင်းသည် ကြယ်အလင်းသဖွယ် ပြန့်ကျဲသွားသည်။

အာကာသသည် ဓားအလင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး သစ်သားနစ်မြုပ်ချောက်နက်သည် စတင်ပြိုလဲသွားသည်။ မရမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများသည် နေရာအနှံ့သို့ လွင့်ထွက်လာကြသည်။

ပေဆယ်သန်းကြီးမားသော တိုက်ပွဲစင်မြင့်သည် ဖြည်းဖြည်းချင်း အပေါ်သို့တက်လာသည်။

စင်မြင့်သည် ရွှေအလင်းစီးကြောင်းများကို ထုတ်ပေးနေသည်။

အစိမ်းရောင်အင်မော်တယ်စွမ်းအင်များသည် ဟန်မူယဲ့ကို လွှမ်းခြုံလိုက်ပြီး ကိုးထပ်ဓားစံအိမ်နှင့် ထိတွေ့သွားကြသည်။

သူက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားသည့်အလား အင်မော်တယ်ချီစွမ်းအင်သည် သူ့ကို ရစ်ပတ်ထားသည်။

ဟန်မူယဲ့၏မျက်လုံးများက အေးစက်စွာ တောက်ပနေကြသည်။

ဓမ္မစင်မြင့်၏ အင်မော်တယ်ချီစွမ်းအင်သည် ကျင့်ကြံသူများကို အင်မော်တယ်ချီအား စောစီးစွာခံစားနိုင်ရန် ဆောင်ရွက်ပေးသည်။

သူက အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ဝင်ရောက်ပြီး အင်မော်တယ်အသွင်ပြောင်းရေကန်တွင် ရှိနေသောအခါ အင်မော်တယ်ချီနှင့် ပိုမိုလျင်မြန်စွာ အသားကျလာလိမ့်မည်။

ဓမ္မစင်မြင့်ကို အမှန်တကယ်ကျော်ဖြတ်နိုင်သော ကျွမ်းကျင်သူများသည် အင်မော်တယ်စွမ်းအင်၏ ကောင်းချီးပေးမှုကို ကြိုတင်ရရှိကြလိမ့်မည်။ ထို့ကြောင့် သူတို့က အင်မော်တယ်အသွင်ပြောင်းရေကန်ကို ကျော်ဖြတ်ရန် ပြဿနာရှိမည်မဟုတ်ပေ။

နောက်ပိုင်းတွင် ကျင့်ကြံသူများသည် ခွန်အားသက်သက်ဖြင့်သာ တိုက်ပွဲစင်မြင့်များကို ကျော်ဖြတ်ပြီး အင်မော်တယ်ချီ၏ ကောင်းချီးပေးခြင်းကို မရတော့ပေ။ ထို့ကြောင့် အများအပြားသည် အင်မော်တယ်အသွင်ပြောင်းရေကန်တွင် သေဆုံးသွားကြသည်။

“ဘုန်း”

ဓားအလင်းများဖြင့် လွှမ်းခြုံထားသော မိုင်ဆယ်သန်းကျယ်ဝန်းသည့် တိုက်ပွဲစင်မြင့်သည် ထပ်မံပြိုကွဲသွားပြီး သောင်းချီသော တိုက်ပွဲစင်မြင့်ငယ်များအဖြစ် ပြောင်းလဲသွားပြန်သည်။

ဟန်မူယဲ့က ချီစွမ်းအင်အလင်းနှင့် အင်မော်တယ်အငွေ့အသက်ကို ထုတ်လွှတ်နေပြီး ရှေ့သို့တစ်လှမ်းတိုး၍ ဥက္ကာခဲပေါ်တွင် ခြေချသည်။

သူ့ခေါင်းထက်တွင် ရွှေရောင်အလင်းစက်ကွင်းသည် လှုပ်ရှားနေခဲ့သည်။

ထိုအလင်းစက်ကွင်းသည် စင်မြင့်၏ အကာအကွယ်ဝင်္ကပါနှင့် အရင်းအမြစ်တူညီသည်။

“ဓားသခင်”

တာအိုဘိုးဘေးချီယုက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

သူက ဟန်မူယဲ့၏နောက်တွင်ရှိသော ဖြည်းဖြည်းချင်းလည်ပတ်နေသည့် ကိုးထပ်ဓားစံအိမ်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

ဓားစံအိမ်၏ တခြားအကြီးအကဲများကလည်း ရှေ့တက်လာပြီး ဦးညွတ်လိုက်ကြသည်။

“အခွင့်အရေးရရင် ဓားစံအိမ်ကို လာခဲ့မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ကိုးထပ်ဓားစံအိမ်ကို ပျောက်ကွယ်သွားစေသည်။

သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ နေရာအနှံ့သို့ ဦးညွတ်လိုက်ပြီး ဥက္ကာခဲပေါ်မှ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

သူက ဓမ္မစင်မြင့်ကို ထိန်းချုပ်ပြီး ကျင့်ကြံခြင်းလောကတွင် ပြန်ပေါ်လာအောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် ဤနေရာတွင် ဆက်နေရန် မလိုတော့ပေ။

လောက၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ထွက်သွားသောဟန်မူယဲ့ကို ကြည့်နေကြသည်။

ဟန်မူယဲ့သည် ပြိုင်ဘက်ကင်းသောပါရမီဖြင့် လူတိုင်းကို ကျော်ဖြတ်ပြီး ဤလောက၏ နံပတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

နံပတ်တစ်ပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်သည် တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားမပြုနိုင်သော်လည်း ပါရမီနှင့် နားလည်နိုင်စွမ်းကို အပြည့်အဝ ဖော်ညွှန်းနေသည်။ သူက သေဆုံးမသွားခဲ့လျှင် ဤလောကကို ဖိနှိပ်နိုင်သော မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာလိမ့်မည်။

“တကယ်လို့ သူက နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ပတ်ဝန်းကျင်တွင်ရှိသော လူများကို ကြည့်လိုက်သည်။

သူတို့က မသိပေ။

ထိုအချိန်တွင် လူအများအပြားသည် တိတ်ဆိတ်သွားကြသည်။

မယိုင်လဲနိုင်သော စိတ်ဓာတ်နှင့် ပြိုင်ဘက်ကင်းတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော မဟာကျင့်ကြံသူ ဟန်မူယဲ့၏ နောက်ကွယ်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၊ ဆေးတောင်ကြားနှင့် ဓားစံအိမ်တို့ ရှိနေကြသည်။

အကယ်၍ သူက နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ချင်လျှင် တားဆီးနိုင်မည့်လူ မရှိပေ။

လူတိုင်းက တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါတွင် အဆုံးမဲ့နတ်ဘုရားဘုရင်ကို မတွေ့ရတော့ပေ။

“ဟားဟား၊ ဓမ္မစင်မြင့်မှာ ဒီလိုမျိုး ကြုံတွေ့ခဲ့ရတဲ့အတွက် ငါ့ရဲ့ ကျင့်ကြံခြင်းက အလကားမဖြစ်တော့ဘူး”

အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်က ရယ်မောလိုက်ပြီး တိုက်ပွဲစင်မြင့်များဆီသို့ ပျံသန်းသွားသည်။

တခြားကျင့်ကြံသူများကလည်း ပြုံးလိုက်ပြီး တိုက်ပွဲစင်မြင့်ဆီသို့ ပြေးဝင်သွားကြသည်။

သူတို့က ဆယ်နှစ်ကြာအောင် ကျင့်ကြံပြီး သုံးနှစ်ကြာသည်အထိ လေ့လာခဲ့သောကြောင့် အကျိုးအမြတ်များ ရခဲ့ကြသည်။

ထိုအကျိုးအမြတ်သည် သူတို့၏ ကျင့်ကြံဆင့်ကို ချိုးဖျက်၍ အဆင့်တက်သွားစေနိုင်သည်။

ထိုအခွင့်အရေးမျိုးကို အနည်းငယ်ပင် မဖြုန်းတီးသင့်ပေ။

“ဘုန်း”

ဓားအလင်းနှင့် မန္တန်အလင်းများသည် သစ်သားနစ်မြုပ်ချောက်နက်တွင် ပြန်ပေါ်လာကြပြန်သည်။

ထိုအချိန်၌ အာကာသထဲတွင် ကျားဝူသည် တည်ငြိမ်သောမျက်နှာထားဖြင့် ဟန်မူယဲ့၏ဘေးတွင် ရှိနေသည်။

“ငါက အဆုံးမဲ့ပင်လယ်ကို ပြန်ရောက်သွားပြီး အနန္တကမ္ဘာဝင်္ကပါအတွက် လိုအပ်တဲ့စွမ်းအင်ကို စုဆောင်းပေးမယ်”

ကျားဝူ၏မျက်လုံးများသည် အနက်ရောင်အလင်းဖြင့် တောက်ပနေကြသည်။

“အင်မော်တယ်ကမ္ဘာကို သွားနိုင်ဖို့အတွက် ဘယ်လောက်ကြာမလဲ”

ဟန်မူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် သဘောတူညီချက်လုပ်ထားသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်သည် ဟန်မူယဲ့ကို ကူညီပြီး အနန္တကမ္ဘာဝင်္ကပါကို ပြုပြင်ပေးရမည်။ ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ သွားနိုင်မည့် ဝင်္ကပါကို တည်ဆောက်ထားရမည်။

ထိုအရာသည် နှစ်ဖက်လုံးအတွက် အကျိုးရှိသည်။

ဓမ္မစင်မြင့်ကို ရှာဖွေခြင်းသည် ဓားတာအိုစည်းဝေးပွဲအတွက် အာမခံချက်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်။

တစ်ချိန်တည်းတွင် ဟန်မူယဲ့က နတ်ဘုရားခုံရုံး၏ အမွေအနှစ်ကို ဆက်ခံထားသည်ဟု လူတိုင်းက နားလည်သွားကြလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့က သက်သေပြထားသောကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က အနန္တကမ္ဘာဝင်္ကပါကို ပြုပြင်ရန်အတွက် အရင်းအမြစ်များကို ထုတ်ပေးရတော့မည်။

“အကြီးအကဲ၊ စိတ်မပူပါနဲ့။ အနန္တကမ္ဘာဝင်္ကပါကို အသက်သွင်းနိုင်ရင် အင်မော်တယ်ကမ္ဘာကို လမ်းဖောက်ပေးနိုင်ပါတယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ကျားဝူက ခေါင်းညိတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။

All Chapters